🧜‍♂️Chapter 1
: ငါးနှစ်ကြာ ငါးဖမ်းပြီးနောက် ပြန်ရောက်လာပြီ


နက်ရှိုင်းသောပင်လယ်ထဲတွင် ငွေရောင်ငါးသိုင်းဖြူတစ်အုပ်မှာ အနက်ရောင်အရိပ်မည်းကြီးတစ်ခုထံမှ အလိုက်ခံနေရသည်။

အရိပ်မည်းကြီးသည် ရေထဲတွင်မျောလွင့်နေသော ဆံနွယ်များနှင့်အတူ ငါးအမြီးပါသော လူခန္ဓာကိုယ်တစ်ခုဖြစ်သည်။ 

သူ၏မှင်အနက်ရောင်ငါးအမြီးကို ဝေ့ရမ်းလိုက်ချိန်တိုင်း ကိုက်ရန်အနားတိုးလာသော ငါးတစ်ကောင်မှာ လွင့်ပြန်ထွက်သွားလေ၏။ ရှည်လျားဖြူဖွေးသောအရိုးလှံသည် ခုခံမှုကိုထိုးဖောက်သွားပြီး ငါး၏ကိုယ်ထည်ကို အတိအကျထိုးဖောက်ဝင်ရောက်သွားကာ ပင်လယ်ရေပြင်အား ‌နီဆွေးသွားစေသည်။ ချွန်မြသောအမြှေးပါလက်များမှ အရိုးလှံအားတရွတ်တိုက်ဆွဲလျက် မှင်အနက်ရောင်အမြီးကို တစ်ချက်ခါယမ်းပြီး နေရာမှ လျင်မြန်စွာပြေးထွက်သွားလေသည်။ ၎င်း၏အနောက်တွင် ငွေရောင်ငါးများမှာ အရူးအမူးလိုက်နေခဲ့သည်။

“ ဗွမ်းးးးး…”

လူငယ်တစ်ဦး ပင်လယ်ထဲမှထွက်ပေါ်လာပြီး သူ၏စိုစွတ်နေသောဆံနွယ်များမှာ နှင်းဖြူရောင်နောက်ကျောတွင် ကပ်နေခဲ့သည်။ထိုသူက ဖမ်းယူလာသောငါးကို ကျောက်တန်းပေါ်သို့ပစ်တင်လိုက်ကာ လက်ထောက်၍ ပင်လယ်‌ပြင်မှ ကမ်းပေါ်သို့ လှမ်းတက်လိုက်သည်။ သူ့အား လိုက်မီလာသော ငွေရောင်ငါးများသည်လည်း ရေထဲမှဆန္ဒမရှိစွာဖြင့် ခုန်ထွက်လာပြီး အဆိုပါလူငယ်လေး၏ မှင်အနက်ရောင်အမြီးအား သူတို့၏ချွန်ထက်သောသွားများဖြင့် ကိုက်ချလိုက်လေသည်။

လူငယ်လေးသည် အရိုးလှံကို‌ ဝှေ့ယမ်းလိုက်ပြီး သူအားလိုက်ကိုက်နေသည့် ငွေရောင်ငါးသိုင်းဖြူများကို ပင်လယ်ပြင်ထဲသို့ ရိုက်ချလိုက်သည်။ အကြိမ်ရေများစွာကြာပြီးနောက် အဆုံးတွင် ငွေရောင်ငါးသိုင်းဖြူများသည် ရေထဲမှအလွယ်တကူထွက်မလာရဲတော့ဘဲ ကျောက်တန်းအနားတွင်သာ မကျေမနပ်ဖြင့်ဝိုင်းပတ်နေကြလေသည်။

လူငယ်လေးသည် ကျွမ်းကျင်စွာဖြင့် ငါးကိုကောက်ယူကာ ဗိုက်ဖောက်၊ အကြေးခွံခွာ၍ အနီရောင်တောက်တောက် ငါးအသားများကိုထုတ်ဖော်လိုက်ပြီးနောက် လင်းကျို့ ယနေ့၏နေ့လယ်စာကို စတင်လိုက်သည်။

သူ၏ကမ္ဘာသို့ရောက်လာသည်မှာ ၁၈၂၅ရက်ကြာခဲ့ပြီး ငါးနှစ်တင်းတင်းပြည့်ခဲ့လေပြီ။

ကားမတော်တဆမှုကြောင့် ဤပင်လယ်ရေများပြည့်နှက်နေသောကမ္ဘာသို့ လင်းကျို့ရောက်လာခဲ့ပြီး ကျွန်းငယ်လေးတစ်ခုပေါ်သို့ ပြုတ်ကျလာခဲ့သည်။ ဤကျွန်းပေါ်တွင် အစာနှင့်ရေမရှိသည့်အပြင် လာကယ်မည်ကိုလည်း ထိုင်မစောင့်နိုင်သောကြောင့် တောတွင်းလူရိုင်းတစ်ယောက်ဘဝကိုစတင်ခဲ့ကာ တစ်ရက်ပြီးတစ်ရက် ပင်လယ်စာများဆင်းဖမ်းခြင်း၊ သစ်သီးအရိုင်းများကောက်ယူခြင်းတို့ဖြင့် ရှင်သန်ခဲ့သည်။

ကျွန်းအား ပင်လယ်ကြီးမှ ဝိုင်းရံထားပြီး ရေချိုမရှိရာ လင်းကျို့ တောတွင်းရှင်သန်နေထိုင်၍ ရေချိုကိုပြောင်းလဲလိုလျှင်ပင် သူမတတ်နိုင်ပေ။ ဤနေရာတွင် မည်သည့်အရာမှမရှိဘဲ လူသားတည်ရှိမှုတွေကိုခြေရာလက်ရာကိုပင် မမြင်ရပေ။ ကျောက်ခေတ်ဦးကာလပြန်ရောက်သွားသကဲ့သို့ ရှင်းလင်းနေ၏။

တစ်ပတ်ကြာပြီးနောက် လင်းကျို့ ရေငတ်သေတော့မည်ဟု ခံစားလိုက်ရသောကြောင့် ယိုင်တိယိုင်တိုင်ဖြင့် ပင်လယ်ထဲသို့ခုန်ဆင်းကာ ပင်လယ်ရေတလုတ်ကို သောက်ချလိုက်သည်။ အဆုံး၌ သူအသိအနည်းငယ်ပြန်ရလာခဲ့သည်။ ပင်လယ်ရေသောက်ခြင်းသည် သူအားနေမကောင်းဖြစ်စေပြီး ပို၍ပို၍ ရေငတ်လာကာ၊ အားနည်းလာစေမည်ဟု ထင်မိခဲ့သော်လည်း မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ပေ။ သူ အသက်ပြန်ဝင်လာပြီး ပင်လယ်စာများဆက်ဖမ်းရန် အားပြန်ရှိလာသည်။

ဤနည်းအားဖြင့် လအနည်းငယ်ကုန်လွန်သွားခဲ့လေသည်။ မိုးသည်းထန်သောညတစ်ညတွင် ပင်လယ်ရေတက်လာကာ ကျွန်းမှာနစ်မြုပ်သွားခဲ့သည်။ လင်းကျို့ ရေနစ်သေတော့မည်ဟု တွေးထားခဲ့သော်လည်း ပင်လယ်ထဲတွင် အချိန်အတန်ကြာရုန်းကန်ပြီးသည့်တိုင် ပင်လယ်ရေသည် သူ့အား မနစ်မြုပ်သွားစေခဲ့ချေ။ သူ၏ခြေထောက်များမှာ ပျောက်ဆုံးသွားပြီး ငါးအမြီးတစ်ခုပေါက်လာခဲ့သည်။ လက်ဖဝါးသည်လည်း အမြှေးပါလက်များအဖြစ် ပြောင်းလဲသွားပြီး သူ၏နားရွက်မှာ ပါးဟက်ဖြစ်သွားကာ ပင်လယ်ထဲတွင် လွတ်လွတ်လပ်လပ်အသက်ရှူလာနိုင်သည်။

ထို့နောက် လင်းကျို့ ငါးနှစ်ကြာ ငါးဖမ်းခြင်းဖြင့် အသက်ရှင်နေထိုင်ခဲ့လေသည်။

သူ၏လက်ထဲမှ အရသာရှိသောငါးကို စားသောက်ပြီးစီးပြီးနောက် ရုတ်တရက်ဆိုသလို လင်းကျို့ စက်ရုပ်သံတစ်ခုကိုကြားလိုက်ရသည်။

[ အသိဉာဏ်ရှိသော သက်ရှိကို ရှာတွေ့ပါပြီ ၊ သက်ရှိ၏အရင်းအမြစ်ကို ရှာဖွေနေသည်… အခြေခံယဉ်ကျေးမှုအဆင့် - ကမ္ဘာမြေ ]

[ ကမ္ဘာမြေ၏ယဉ်ကျေးမှုကို မှတ်တမ်းတင်နေသည်၊ အသိဉာဏ်ရှိသောသက်ရှိ၏ မိခင်ဘာသာစကားကို ဘာသာပြန်နေသည် ]

[ ကမ္ဘာမြေ၏ယဉ်ကျေးမှုကို ဒေတာဘေစ့်အတွင်း အောင်မြင်စွာထည့်သွင်းပြီးပါပြီ၊ ဘာသာစကားပြောင်းလဲခြင်း အောင်မြင်သည် ]

[ မျိုးနွယ် : ရေသူ ၊ သွေးမျိုးဆက် : သွေးနှော ]

[ အောင်မြင်မှု : ကြမ်းတမ်းသောမိစ္ဆာငါး အကောင်တစ်သောင်းအား အမဲလိုက်နိုင်ခဲ့သောကြောင့် မိစ္ဆာမုဆိုးသခင်ဆုတံဆိပ်ကို ရရှိသွားပါပြီ၊ ပင်ဘယ်ဘုရင်လှံချွန်ကို ချီးမြှင့်ခံရသည် ]

[ သတ်မှတ်ချက်ပြည့်မီသည်၊ မိစ္ဆာမုဆိုးစနစ်ကို စတင်နေပါပြီ ]

[ မိစ္ဆာမုဆိုးစနစ်ကို အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ ]

လင်းကျို့၏လက်ထဲမှငါးအရိုးမှာ မြေပြင်ပေါ်သို့ ပလွတ်ခနဲ ပြုတ်ကျသွားရသည်။

လူသားတစ်ယောက်၏အသံကို မကြားခဲ့ရသည်မှာ အချိန်အလွန်ကြာပြီဖြစ်သောကြောင့် စက်ရုပ်သံတစ်ခုဖြစ်နေလျှင်ပင် စိတ်လှုပ်ရှားလွန်းပြီး ငိုချလုမတတ်ဖြစ်သွားသည်။

လင်းကျို့အရှေ့မှမြင်ကွင်းမှာ ရုတ်တရက်ပြောင်းလဲသွားပြီး သူ၏အရှေ့တွင် သုံးဖက်မြင်ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

[ လက်ခံသူထားခဲ့သော ငါးအရိုးများကို တွေ့ရှိရသည် ]

[ မိစ္ဆာအမည် : ငွေရောင်ငါးသိုင်းဖြူ ]

[ အလေ့အထ : အုပ်စုဖွဲ့နေခြင်း ]

[ ထူးခြားချက် : အရသာရှိသောငါး ]

[ အန္တရာယ်ရှိမှုအဆင့် : ကြယ်တစ်ပွင့် ]

[ အကျိုးကျေးဇူးများ : (၁) ရိုးတွင်းခြင်ဆီမှာ အမြင်အာရုံကို တိုးတက်စေသည်၊ (၂) အသားမှာ ခန္ဓာကိုယ်ကို သန်မာလာစေသည် ]

[ ငါးအရိုးများကို ပြန်လည်အသုံးပြုမည်လား ]

လင်းကျို့ : “.....”

မြေပြင်ပေါ်တွင်ကျနေသော ငါးအရိုးများကိုကြည့်၍ လင်းကျို့ ငြိမ်သက်သွားခဲ့သည်။

လွန်ခဲ့သောငါးနှစ်အတွင်း လင်းကျို့ ငါးများစွာစားခဲ့ဖူးပြီး ဤငါးအမျိုးအစားကို သူအနှစ်သက်ဆုံးဖြစ်သည်။ အကြောင်းအရင်းမှာမူ ရိုးရှင်းလှ၏ : ငါးမှာ အနေတော်အရွယ်အစားရှိပြီး ငါးအသား၏အရောင်သည် သူရင်းနှီးကျွမ်းဝင်သော ဆယ်လမွန်ငါးအသားနှင့်တူသော်လည်း ဆယ်လမွန်ငါးအသားထက် ပို၍အနီရောင်တောက်သည်။ အရသာမှာ အလွန်ကောင်းမွန်ကာ စားရာတွင် မည်သည့်စိတ်ပိုင်းဆိုင်ရာမနှစ်မြို့မှုမှ မရှိခဲ့ပေ။

ငါးနှစ်ကြာ ငါးစားခဲ့သည့်တိုင် ထိုငါး၏အမည်ကိုပင်မသိခဲ့ဘဲ ရိုးတွင်းခြင်ဆီများကိုလည်း လွှင့်ပစ်ခဲ့မိသည်။

လင်းကျို့ “ လုပ်မယ်…” ဟူ၍ ဖြေရန်ကြိုးစားလိုက်သည်။

စကားပြောနိုင်စွမ်းကို ပျောက်ကွယ်လုနီးပါးဖြစ်သည်အထိ သူ အချိန်အတန်ကြာ စကားမပြောမိခဲ့ချေ။

[ ငွေရောင်ငါးသိုင်းဖြူငါးရိုးကို အောင်မြင်စွာ သိမ်းဆည်းပြီးပါပြီ၊ ဆုလာဘ်အဖြစ် မှော်အမှတ်တစ်မှတ် ချီးမြှင့်ခံရသည် ]

မြေပြင်ပေါ်ရှိငါးအရိုးများပျောက်ကွယ်သွားပြီး ငွေရောင်ငါးသိုင်းဖြူငါး၏ ပုံရိပ်ယောင်မှာလည်း ပျောက်သွားကာ အချက်အလက်ဇယားအသစ်တစ်ခု ပေါ်ပေါက်လာသည်။ အောက်ပိုင်းညာဘက်ထောင့်မှ မှော်အမှတ်များသည် ၀ မှ ၁ အဖြစ် ပြောင်းလဲသွားကာ၊ အောင်မြင်မှုကဏ္ဍတွင် မိစ္ဆာမုဆိုးကျွမ်းကျင်သူ ဆုတံဆိပ်နှင့် လက်နက်ကဏ္ဍတွင် လှံချွန်ပုံစံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လင်းကျို့ လက်ကိုဆန့်၍ လှံချွန်ပုံကိုနှိပ်လိုက်ချိန် အလွန်ရင်းနှီးနေပုံရသော လှပသည့်ငွေရောင်လှံတစ်ခုမှာ သူ၏လက်ထဲရောက်လာခဲ့သည်။

လင်းကျို့ : “.....”

ဤသည်မှာ အရောင်မတူသည်မှလွဲ၍ အစစ်အမှန်ပင်လယ်စောင့်နတ်မင်း၏ ငါးဖမ်းလှံတစ်ခုဖြစ်နေလေသည်။ လင်းကျို့ စနစ်မှ ပင်လယ်ဘုရင်၏လှံကို အမှန်တကယ်ပင် ယူခဲ့သည်လားဟူ၍ သံသယဝင်နေမိသည်။ လှံရှည်သည် အတော်အတန်လေးလံနေပြီး ကိုင်ထားရသည်မှာ အလွန်ကောင်းမွန်လှ၏။ အစစ်နှင့်တူပြီး အတုအယောင်ဖြစ်ပုံမရချေ။ ထို့အပြင် ဆုအဖြစ်ရလာသောအရာဟူသည်ကား ပုံစံတူတစ်ခု မဖြစ်နိုင်ပေ။

[ မိစ္ဆာအမဲလိုက်မစ်ရှင် : ငွေရောင်ငါးသိုင်းဖြူ × áá€ ]

[ မှတ်ချက် : တစ်မီတာအောက်မှ ငွေရောင်ငါးသိုင်းဖြူများသည် ငါးကောင်းမဟုတ်ပါ ]

[ မစ်ရှင်အချိန်ကန့်သတ်ချက် : ဆယ်ရက် ]

[ မစ်ရှင်ဆုလာဘ် : မှော်အမှတ်ဆယ်မှတ် ]

[ ရှုံးနိမ့်ဒဏ်ကြေး : မှော်အမှတ်ဆယ်မှတ်နှုတ်ပြီး ဂိတ်တံခါးကို ရက်တစ်ရာအပိတ်ခံရမည် ]

လင်းကျို့ နှလုံးတချက်ထခုန်သွားရသည် “ ကမ္ဘာကူးတံခါး… အဲ့ဒါကဘာလဲ…”

[ ကမ္ဘာနှစ်ခုအကြား ကူးသန်းသွားလာလို့ရတဲ့ ဂိတ်တံခါးပါ ]

လင်းကျို့ မျက်လုံးမှိတ်ကာ ခုန်ပေါက်နေသောနှလုံးခုန်သံကို ဖိနှိပ်လိုက်ရသည်။

 “ ဒါဆိုရင် ငါပြန်သွားလို့ရတယ်လို့ ပြောချင်တာလား…”

ပြန်သွားနိုင်မည့် နည်းလမ်းပေါင်းများစွာကို မရေမတွက်နိုင်အောင် သူတွေးထားဖူးခဲ့သော်လည်း တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။ သက်တမ်းကုန်သည်အထိ ပင်လယ်ထဲတွင် တစ်ဦးတည်းသေရတော့မည်ဟု လင်းကျို့ တွေးမိခဲ့သော်လည်း မမျှော်လင့်စွာဖြင့် အခြေအနေများသည် အကောင်းဖက်သို့ ကူးပြောင်းသွားသည်။ သူ အမှန်တကယ်ပင် ပြန်သွားနိုင်တော့မည်။

[ ဂိတ်တံခါး တစ်ကြိမ်ဖွင့်တိုင်း မှော်အမှတ်ငါးမှတ်ကုန်ကျပါမည်။ ကျေးဇူးပြု၍ သင်၏မှော်အမှတ်များကို ရယူနိုင်ရန် အကောင်းဆုံးကြိုးစားပါ ]

လင်းကျို့ ရူးမတတ်ပျော်နေမိသည်။ ငွေရောင်ငါးသိုင်းဖြူဆယ်ကောင်ပဲမဟုတ်လား။ ငါးအရိုးတွေကနေလုပ်ထားတဲ့လှံနဲ့တောင် သူ ငွေရောင်ငါးသိုင်းတွေကို အမဲလိုက်နိုင်ခဲ့သေးတာ… အခုဆိုရင် ပင်လယ်နတ်ဘုရားလှံပါလက်ထဲရောက်နေပြီဟာကို ရှုံးစရာအကြောင်း ဘယ်လိုလုပ်ရှိမှာလဲ။

လင်းကျို့ သူ၏အမြီးကြီးကိုခါယမ်း၍ ကျောက်ဆောင်အစွန်းနားသို့ တိုးသွားလိုက်သည်။ အမြီးကို ပင်လယ်ထဲသို့ချလိုက်သည်နှင့် ထွက်ခွာမသွားသေးသော ငွေရောင်ငါးသိုင်းဖြူများသည် ချက်ချင်းပြန်ရောက်လာကြလေရာ လင်းကျို့ သတ်ဖြတ်ခြင်းလှံကို ပင့်လိုက်သည်။

ငွေရောင်ငါးသိုင်းဖြူဆယ်ကောင်လုံး ကမ်းပေါ်သို့ ပစ်တင်ခံလိုက်ရပြီး ငါးသိုင်းအုပ်မှာ ရူးသွပ်သွားသောကြောင့် လင်းကျို့ ကျောက်ဆောင်ပေါ်သို့ ကပျာကယာတက်လိုက်ရသည်။ သူ့အားကိုက်ရန် ငွေရောင်ငါးသိုင်းများ ခုန်တက်လာကြသော်လည်း လင်းကျို့ သူတို့ကို ပင်လယ်ထဲသို့ ပြန်ရိုက်ချလိုက်ပြီး သူ၏အမြီးအား အကိုက်မခံရစေရန် ရှောင်ရှားလိုက်သည်။

[ တာဝန်ပြီးဆုံးပါပြီ။ မှော်အမှတ်ဆယ်မှတ်ပေးအပ်သည် ]

[ ဂုဏ်ယူပါတယ် လက်ခံသူ၊ သင်သည် ရတနာသေတ္တာဆုလာဘ်ကို ရရှိခဲ့ပြီး သစ်သားရတနာသေတ္တာကို ရသွားပါပြီ ]

လှံဖြင့်အထိုးခံထားရသော ငွေရောင်ငါးသိုင်းဖြူဆယ်ကောင်သည် ကျောက်ဆောင်ပေါ်တွင် ရူးသွပ်စွာ ခုန်ပေါက်နေကြသော်လည်း ပျောက်ကွယ်မသွားခဲ့ပေ။

လင်းကျို့ ကြောင်သွားရသည် “ စနစ်က ငါးတွေကို မလိုချင်ဘူးလား…”

[ ဖမ်းမိထားတဲ့သားကောင်တွေက လက်ခံသူနဲ့ပဲ သက်ဆိုင်တာပါ ]

[ ပင်လယ်မိစ္ဆာတွေမှာ သူတို့ရဲ့သဘာဝရန်သူမရှိတာ အလွန်ကြာပြီဖြစ်‌တာကြောင့် သူတို့ရဲ့အရေအတွက်က အဆမတန်များပြားနေပါတယ်။ သူတို့ရဲ့မျိုးစိတ်မျှခြေကို ထိန်းသိမ်းနိုင်ဖို့အတွက် လက်ခံသူလိုမျိုး စစ်သည်တော်တွေကို အရေးတကြီးလိုအပ်နေခဲ့တာပါ ]

[ အရာအားလုံးမှာ စိတ်ဝိညာဉ်ရှိပါတယ်။ ပင်လယ်မိစ္ဆာတွေရဲ့ကံကြမ္မာက သူတို့ရဲ့သဘာဝရန်သူတွေအတွက် အစာဖြစ်လာဖို့ပါ။ လက်ခံသူအနေနဲ့ သူတို့ကိုအမဲလိုက်နိုင်ပေမယ့် ဖြုန်းတီးပစ်လို့မရပါဘူး ]

လင်းကျို့ : “......”

အကယ်၍ စနစ်မှပေးအပ်လာသော မိစ္ဆာအမဲလိုက်မစ်ရှင်များသည် ပင်လယ်မိစ္ဆာများအား ဖမ်းဆီးရန်သာ ဖြစ်နေခဲ့လျှင် အချည်းနှီးမဖြစ်စေရန်အလို့ငှာ သူတို့ကို စားပစ်ရမည်ဖြစ်သောကြောင့် သူ့အနေနှင့် တာဝန်ပြီးဆုံးရန် အချိန်မည်မျှကြာနိုင်ပါမည်နည်း။ အကယ်၍ ပင်လယ်မိစ္ဆာအမျိုးအစားတစ်ခုတည်းကိုသာ စားနေရပါက လင်းကျို့ အလွယ်တကူငြီးငွေ့သွားနိုင်သည်။

ပုံရိပ်ယောင်သုံးဖက်မြင်ပုံရိပ်ထပ်မံပေါ်လာပြီး ပစ္စည်းသိုလှောင်ခန်းထဲတွင် သစ်သားရတနာသေတ္တာပုံစံတစ်ခု ထွက်ပေါ်လာသောကြောင့် လင်းကျို့ အမှတ်မထင်နှိပ်လိုက်မိသည်။

[ ဂုဏ်ယူပါတယ် လက်ခံသူ၊ တစ်ကုဗမီတာရှိတဲ့ငါးကန်ကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ ]

လင်းကျို့ : “ ??? ” 

သူ၏အကြည့်မှာ မြေပြင်ပေါ်ရှိ ငွေရောင်ငါးသိုင်းဖြူဆယ်ကောင်ပေါ်သို့ ကျရောက်သွားလေသည်။

လင်းကျို့ ငါးကန်ကိုနှိပ်လိုက်ရာ  á€•á€„á€şá€œá€šá€şá€›á€ąá€Ąá€•á€źá€Šá€şá€ˇá€”á€žá€„á€şá€ˇ တစ်ကုဗမီတာရှိသော ပုံရိပ်ယောင်ငါးကန်တစ်ခု ထွက်ပေါ်လာပြီး သူ ငွေရောင်ငါးသိုင်းဖြူများအား လှံဖြင့်ထိုး၍ ကန်ထဲသို့ပစ်ထည့်လိုက်သည်။ ငါးကန်မှာ ငါးများအပြည့်နှင့် အလွန်ပြည့်ကျပ်နေပြီး ငွေရောင်ငါးသိုင်းဖြူများသည် ကန်ကိုကြမ်းတမ်းစွာ ရိုက်ခတ်နေကြသော်လည်း ကန်လေးမှာ တုပ်တုပ်မျှမလှုပ်ဘဲ အလွန်ခိုင်ခံ့လှ၏။

မိစ္ဆာပင်လယ်အတွင်းမှ ပင်လယ်နေသတ္တဝါများသည် အလွန်ပင်ကြမ်းတမ်းလှသည်။ သူ့အား လိုက်ကိုက်နေသောငါးကြီးတစ်ကောင်မှာ ခေါင်းကို ကျောက်ဆောင်ဖြင့်အထုခံရသည့်တိုင် မည်သည့်ဒဏ်ရာမှမရဘဲ ဆက်လက်ခုန်တက်လာနိုင်သေးသည်ကို လင်းကျို့ မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ဖူးသည်။

လင်းကျို့ လှံကို ပုံစံကွက်ထဲတွင် သိမ်းဆည်းလိုက်ပြီး ပြန်သွားရန်မစောင့်နိုင်တော့ပေ။

[ သတိပေးချက် : လက်ခံသူသည် မိစ္ဆာပင်လယ်၏သက်ရှိဖြစ်သောကြောင့် ရှင်သန်နေထိုင်ရန် မိစ္ဆာသားရဲများမှစွမ်းအင်ကို လိုအပ်ပါသည်။ အကယ်၍ မှော်တန်ဖိုးသည် သုညအောက်သို့ ကျဆင်းသွားပါက စနစ်မှာ အလိုအလျောက်ပိတ်သွားပြီး ကမ္ဘာကူးဂိတ်တံခါးကို မဖွင့်နိုင်သောကြောင့် လက်ခံသူအနေဖြင့် မိစ္ဆာပင်လယ်သို့ မပြန်နိုင်တော့ပါ။ မှော်စွမ်းအင်အားဖြည့်မှုမရှိပါက လက်ခံသူသည် ပို၍ပို၍အားနည်းလာမည်ဖြစ်ပြီး တဖြည်းဖြည်းသေဆုံးသွားပါလိမ့်မယ်။ ကျေးဇူးပြု၍ မှော်တန်ဖိုးများကို သတိဖြင့်သုံးစွဲပါ ]

[ ဂိတ်တံခါးကို ဖွင့်ပါမည်လား ]

လင်းကျို့ ခေတ္တခဏစောင့်ဆိုင်းရန် စနစ်ကိုပြောလိုက်ပြီးနောက် ပင်လယ်ထဲသို့ ပြန်ခုန်ချလိုက်သည်။ ကျောက်ဆောင်အောက်တွင် မှော်ဂုံးအနည်းငယ်ကို ရှာတွေ့ခဲ့ပြီး အရသာအပြောင်းအလဲဖြစ်ရန်အတွက် ၎င်းတို့ကို ငါးကန်ထဲသို့ ထိုးသိပ်ထည့်လိုက်သည်။ တစ်ကုဗမီတာငါးကန်သည် အလွန်သေးငယ်လှပြီး မိစ္ဆာပင်လယ်သားရဲများမှာ ကြီးမားလွန်းသဖြင့် သေးငယ်သောသားရဲများကို ရှာရန်ခက်ခဲလှ၏။

ငါးအမြီးမှ လူသားခြေထောက်များအဖြစ် ပြောင်းလဲရသောဖြစ်စဉ်သည် အရိုးနှင့်အရွတ်များအား ခွဲထုတ်ရသကဲ့သို့ပင်။ လင်းကျို့ ဤသည်ကို တစ်ကြိမ်ခံစားခဲ့ဖူးပြီး နာကျင်မှုကြောင့် သူ့အား သတ်မိလုတတ်ပင်ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ပြန်သွားနိုင်ရန်အတွက် ယခုတစ်ကြိမ်တွင်မူ သူတုံ့ဆိုင်းမနေတော့ပေ။

[ ကျေးဇူးပြု၍ ဂိတ်တံခါးဖွင့်မည့်နေရာကို ရွေးချယ်ပေးပါ ]

လင်းကျို့ ကျောက်ဆောင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ မှင်နက်ရောင်အမြီးကြီးမှာ နှင်းဖြူရောင်ခြေထောက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ မှင်နက်ရောင်အမြီးမှာမူ ၎င်း၏ဘေးတွင် ကျုံ့သွားခဲ့ပြီး သူ၏တောက်ပမှုကို ဆုံးရှုံးလိုက်ရလေသည်။

လင်းကျို့ နာကျင်မှုကြောင့် မျက်နှာပင်ဖြူဖျော့နေရသည် “ အိမ်ပြန်မယ်…”

သူသည် ယခုအချိန်၌ အဝတ်ဗလာကျင်းနေပြီဖြစ်ရာ အိမ်မှလွဲ၍ မည်သည့်နေရာကိုမှမသွားနိုင်ချေ။

[ ဂိတ်တံခါးကို ဖွင့်လိုက်ပါပြီ။ မှော်အမှတ်ငါးမှတ် အနုတ်ခံရသည် ]

ပြင်းထန်သောစုပ်ယူမှုအားတစ်ခုသည် လင်းကျို့အား မိစ္ဆာပင်လယ်ပြင်မှ သယ်ဆောင်သွားပြီး ပြန်ပေါ်လာချိန်တွင် မြို့တော်အေရှိ သူ၏အိမ်တွင်းသို့ ပြန်ရောက်နေပြီဖြစ်သည်။

လင်းကျို့ ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး ထပ်မံ၍မတ်တတ်ပြန်ရပ်ရန် အချိန်အတော်ကြာယူလိုက်ရသည်။ သူ၏ကိုယ်ပိုင်ခြေထောက်များဖြင့် လမ်းမလျှောက်ခဲ့သည်မှာ ကြာမြင့်လေပြီဖြစ်ရာ လင်းကျို့ အနည်းငယ်မရင်းနှီးသည်ဟု ခံစားလိုက်ရသည်။

သူ ရေချိုးခန်းဆီသို့ တဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပြီး ရေချိုးချင်နေသော်လည်း အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။ ရေပန်းကိုဖွင့်ချလိုက်ကာ လက်ချောင်းထိပ်များကို ရေထဲတွင် ဂရုတစိုက်နှစ်ကြည့်လိုက်သော်လည်း မည်သည်ပြောင်းလဲမှုမှဖြစ်မသွားခဲ့ချေ။ လက်တစ်ချောင်းလုံးကို ရဲရင့်စွာ နှစ်ကြည့်လိုက်သည့်တိုင် ပြောင်းလဲမှုမရှိနေဆဲပင်ဖြစ်သည်။

ထိုအချိန်မှသာ လင်းကျို့ ယုံကြည်မှုရှိရှိဖြင့် ရေချိုးနိုင်ခဲ့သည်။ အိမ်တွင်ရေပူရှိသောကြောင့် သက်သောင့်သက်သာရှိသည့် ရေနွေးဖြင့်ရေချိုးလိုက်ပြီး ရေသူထီးအဖြစ် မပြောင်းလဲသွားခြင်းမှာ သူ့အား အလွန်စိတ်အေးသွားစေသည်။ ဆံပင်ကိုအခြောက်ခံလိုက်ပြီး အဝတ်လဲခန်းသို့သွား၍ ယခင်ဝတ်ဖူးသည့်အဝတ်တစ်စုံကို ရှာဝတ်လိုက်လေသည်။

ထွက်မသွားခင် ယခင်အချိန်အတိုင်းပင်၊ အရပ်ရှည်လာခြင်းမရှိဘဲ အသားအရေမှာမူ ပို၍နူးညံ့နေခဲ့သည်။ အသားအရောင်မှာ ထူးထူးခြားခြားဖြူဖွေးနေပြီး သူ့အား အလွန်ငယ်ရွယ်ပုံပေါက်သွားစေသည်။ လွန်ခဲ့သောသုံးနှစ် ပွဲဦးထွက်ချိန်မှစ၍ သူ၏စုငွေအားလုံးကို ဤအိမ်တွင်သာသုံးစွဲခဲ့သည်။ အိမ်သည်အလွန်ကြီးမားခြင်းမရှိဘဲ အိမ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခုနှင့် ရေချိုးခန်းတစ်ခန်းပါဝင်သည်။ အိမ်ဖွဲ့စည်းပုံနှင့် အလင်းရောင်ရရှိမှုမှာမူ အလွန်ပင်ကောင်းမွန်လှကာ လင်းကျို့ ထိုအချက်အပေါ်အလွန်နှစ်သက်လေသည်။

ငယ်ရွယ်စဉ်အချိန်ကတည်းက လင်းကျို့ ကိုယ်ပိုင်အိမ်တစ်လုံးရှိရန် အမြဲတမ်းတောင့်တမိခဲ့သည်။ ကိုယ်ပိုင်အိမ်ရှိမှသာ မိသားစုဘဝရှိသည်ဟု သူယုံကြည်ခဲ့သောကြောင့် စုဆောင်းထားသောငွေအားလုံးကိုသုံး၍ ဤအိမ်ကိုဝယ်ယူခဲ့ခြင်းဖြစ်သည်။ အိမ်ပြင်ဆင်ပြီးနောက် နေထိုင်ခဲ့သည်မှာ နှစ်လပင်မပြည့်သေးသည့်အချိန်၌ လင်းကျို့ ကားမတော်တဆမှုဖြစ်ခဲ့ရသည်။

တစ်နေ့နေ့တစ်ချိန်ချိန်တွင် မြို့တော်အေမှ အိမ်တစ်လုံးဝယ်နိုင်လိမ့်မည်ဟု တစ်ခါမှမတွေးမိခဲ့သောကြောင့် သူ အလွန်ကျေနပ်အားရနေခဲ့သည်။

သူ၏ဆံပင်ရှည်များအား သာမန်ကာလျှံကာချည်နှောင်လိုက်ပြီး ဦးထုပ်ဆောင်း၊နှာခေါင်းစီးတပ်ကာ ငွေသားနှင့်သော့အပိုယူ၍ အိမ်မှထွက်လာလိုက်သည်။

သူ၏စာရွက်စာတမ်းအားလုံးကို မိစ္ဆာပင်လယ်ထဲတွင် ဆုံးရှုံးလိုက်ရပြီဖြစ်ရာ မှတ်ပုံတင်အသစ်ယူရန် ရဲစခန်းသို့သွားလိုက်ပြီး ဘဏ်ကတ်ပျောက်ဆုံးကြောင်း သတင်းပို့လိုက်ပြီးနောက် ဖုန်းတစ်လုံးဝယ်လိုက်သည်။

နယ်‌မြေရဲစခန်းစီသို့ တက္ကစီတစ်စီးငှားသွားလိုက်ပြီး အခြေအနေကိုရှင်းပြကာ မှတ်ပုံတင်အသစ်လျှောက်လိုက်သည်။ ဓာတ်ပုံရိုက်နေသည့်အချိန်မှသာ လင်းကျို့ကို ရဲများမှတ်မိသွားကြသည်။

ထိုအခါမှသာ သူပျောက်ဆုံးနေသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း လင်းကျို့ သိလိုက်ရလေသည်။ သူ၏အေးဂျင့်သည် သူ့ကိုရှာမတွေ့သောကြောင့် ရဲစခန်းတွင် ပျောက်ဆုံး‌ကြောင်းသတင်းပို့လိုက်သည်။ ရဲများ စုံစမ်းရှာဖွေနေသည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း မည်သည့်သက်သေကိုမှ မရခဲ့ချေ။ သူ မည်သည့်နေရာတွင်ရှိသည် သို့မဟုတ် သေသည် ရှင်သည်ကို မည်သူမှမသိခဲ့ကြဘဲ မမျှော်လင့်စွာဖြင့် လင်းကျို့ မှတ်ပုံတင်အသစ်လျှောက်ရန် ရဲစခန်းသို့ ရောက်လာခဲ့လေသည်။


🐙🦀🦐

🧜‍♂️Chapter 2
လျော်ကြေးအကြီးကြီး

မေးမြန်းစုံစမ်းရန်အတွက် လင်းကျို့ ပြစ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ခေါ်သွားခံရသည်။ သူအနည်းငယ်နားမလည်နိုင်ဖြစ်နေသော်လည်း စကားများများပြောလေအမှားပါလေ ဟူသော သဘောတရားအတိုင်း တက်နိုင်သမျှ စကားနည်းနည်းသာပြောရန် ကြိုးစားလိုက်သည်။

သူသည် အိမ်အပြန်လမ်းတွင် တက္ကစီစီးခဲ့ပြီး ကားမတော်တဆမှုဖြစ်ခဲ့ကာ မိစ္ဆာပင်လယ်ပြင်သို့ တိုက်ရိုက်အပို့ခံခဲ့ရသည်။ ထိုအချိန်တွင် အတိအကျဖြစ်ပျက်ခဲ့သော အခြေအနေကို သူမသိနေခဲ့ဘဲ ကားထဲမှ သက်ရှိထင်ရှားရှိနေသူတစ်ဦး ရုတ်တရက်ထူးဆန်းစွာပျောက်ဆုံးသွားခြင်းမှာ ကားသမားအား ခြောက်လှန့်မိသည်လားဟု လင်းကျို့ တွေးနေမိသည်။

သူသည် ရဲများရှာတွေ့ထားသော အချက်အလက်များနှင့်မကိုက်ညီသည့် အလိမ်အညာများကို မလုပ်ချင်သောကြောင့် မေးခွန်းထုတ်ခံရချိန်၌ တိတ်တဆိတ်သာနေခဲ့သည်။

လင်းကျို့၏ပုံပန်းသွင်ပြင်မှာမူ အလွန်ထင်းထွက်နေခဲ့သည်။ ကော့ညွတ်နေသောမျက်တောင်ရှည်များဖြင့် မတ်မတ်ထိုင်နေပြီး ကောင်းမွန်စွာပြုမူတတ်သော မူလတန်းကျောင်းသားကောင်းတစ်ယောက်သည် အဆူခံရမည်အား စောင့်ဆိုင်းနေသကဲ့သို့ဖြစ်နေသည်။

မှုခင်းရဲသည်လည်း လင်းကျို့ လုံလုံခြုံခြုံပြန်ရောက်နိုင်မည်ဟု မထင်ထားခဲ့ပေ။ သူသည်အနုပညာရှင်တစ်ဦးဖြစ်ပြီး ပျောက်ဆုံးမသွားခင်အချိန်၌ အွန်လိုင်းပေါ်တွင် ဝေဖန်တိုက်ခိုက်မှုများကို ခံခဲ့ရသူဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ သူအသက်ရှင်နိုင်ရန်အခွင့်အလမ်းနည်းပါးသည်ဟု ရဲများယူဆထားကြသည်။ အနုပညာရှင်များအနေဖြင့် ပြန်ပေးဆွဲခံရခြင်းမှာ မထူးဆန်းသော်လည်း အများအားဖြင့် ငွေညှစ်ရန် သို့မဟုတ် ကလဲ့စားချေရန်အတွက်သာဖြစ်သည်။ အကယ်၍ ငွေအတွက်ကြောင့်ဟု ပြောရန်မှာလည်း လင်းကျို့၏ဆွေမျိုးအနည်းစုနှင့် မိတ်ဆွေများထဲတွင် မည်သူကမှ ငွေညှစ်သည့်ဖုန်းမျိုး လက်ခံရဖူးခြင်းမရှိချေ။

လင်းကျို့၏ လူမှုဆက်ဆံရေးမှာလည်း အလွန်ပင်ရိုးရှင်းလှသည်။ သူ၏အဖွဲ့ဝင်များနှင့် အေးဂျင့်မှတပါး အခြားအလွန်ရင်းနှီးကျွမ်းဝင်သူမရှိချေ။ စိတ်သဘောထားနူးညံ့သူဖြစ်သောကြောင့် အခြားသူများနှင့် အခြေအတင်ဖြစ်ဖူးခြင်းမရှိလေရာ လက်စားအချေခံရခြင်းမျိုးမှာလည်း မဖြစ်နိုင်ပေ။ အကယ်၍ လူစိမ်းတစ်ဦးမှ ပြစ်မှုကျူးလွန်သည်ဟု ဆိုရမည်ဆိုလျှင်လည်း ဤမျှအချိန်ကြာပြီးနောက်တွင် အသက်ရှင်နိုင်မည့်ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။

လင်းကျို့ ပြင်ပဖိအားများကိုမခံနိုင်ခြင်းကြောင့် မိမိကိုယ်ကိုအဆုံးသတ်လိုက်သည်ဟူသော ယူဆချက်ကိုလည်း ရဲများ ဖယ်ထုတ်ထားခဲ့ခြင်းမရှိပေ။

မည်သည့်ယူဆချက်ပင်ဖြစ်နေပါစေ သက်သေကျန်ရမည်ဖြစ်ပြီး ရဲများ အလိုအပ်ဆုံးအရာမှာ သက်သေသာဖြစ်၏။ ခေတ်မီလူမှုအဖွဲ့အစည်းတွင် မည်သည့်သက်သေမှမကျန်ဘဲ လူတစ်ယောက်ပျောက်ဆုံးသွားပြီး တစ်နှစ်ကြာပြီးနောက် လုံလုံခြုံခြုံပြန်ပေါ်လာနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ဤကဲ့သို့သောအရာမျိုးသည် စိတ်ကူးယဥ်သိပ္ပံဇာတ်ကားများထဲတွင်သာတည်ရှိပြီး ယခုအချိန်၌ ရဲများစီတွင် ဖြစ်ပျက်နေပြီဖြစ်သည်။

စုံထောက်များအနေဖြင့် လင်းကျို့ထံတွင် မည်သည့်အချက်အလက်ကိုမှ မရနိုင်သောကြောင့် လူတိုင်းစိတ်ပူနေသဖြင့် မိသားစုနှင့်မိတ်ဆွေများအား လုံခြုံကြောင်းအသိပေးရန် ပြောလာပြီး လေးနက်သောအကြံအချို့ပေးလိုက်သည်။

လင်းကျို့ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူ့ထံတွင် မိသားစုဝင်ရှိသည်ကို သူ မည်သို့မသိခဲ့ရသည်နည်း။

မေးမြန်းကြည့်ပြီးနောက်တွင် သူပျောက်ဆုံးကြောင်းကြားရပြီးနောက် သေသည် ရှင်သည်ကို ရဲစခန်းသို့လာမေးသူမှာ အဖိုးလင်း၏သား လင်းဟိုင်ဖြစ်နေကြောင်း လင်းကျို့သိလိုက်ရသည်။ ထိုအချိန်တွင် ရဲများမှ စုံစမ်းနေဆဲဖြစ်ကြောင်းသာ ပြန်ဖြေပေးခဲ့ပြီး လင်းဟိုင်သည်လည်း ရက်အနည်းငယ်ခန့် အခြေအနေကိုမေးမြန်းရန် လာသွားပြီးနောက်တွင် ရုတ်တရက်ဆိုသလို လာမေးခြင်းကို ရပ်တန့်လိုက်သည်။

ရဲများအနေဖြင့် လင်းဟိုင်မှာ အလွန်သံသယဖြစ်ဖွယ်ကောင်းသည်ဟု တွေးမိခဲ့ကြပြီး စုံစမ်းစစ်ဆေးလိုက်ရာ မည်သည့်အတွက်ကြောင့် အလုပ်လာရှုပ်နေကြောင်းကိုသာ သိလိုက်ကြရသည်။ လင်းကျို့ ရှင်ခြင်းသေခြင်းအပေါ် လင်းဟိုင် အလွန်အလောတကြီးသိလိုခြင်းမှာ လင်းကျို့၏အမွေများအား ဆက်ခံလိုခြင်းကြောင့်သာဖြစ်သည်။ လင်းဟိုင်သည် ရဲစခန်းသို့သွားခဲ့ပြီး ကုမ္ပဏီတွင်လျော်ကြေးသွားတောင်းကာ ရှေ့နေတစ်ဦးနှင့်ပင် ဆွေးနွေးတိုင်ပင်ခဲ့သည်။ ရလဒ်အနေဖြင့် လင်းကျို့ အမှန်တကယ်ကွယ်လွန်ခဲ့လျှင်ပင် လင်းဟိုင် လင်းကျို့၏အမွေများကို မရနိုင်ကြောင်း ပြောကြားခံလိုက်ရသည်။ ထို့ထက်ပိုသည်ကား လင်းကျို့၏သေဆုံးခြင်းကို အတည်မပြုနိုင်သေးဘဲ ပျောက်ဆုံးနေရုံသာဖြစ်ရာ လင်းကျို့၏ပိုင်ဆိုင်မှုများကို မထိနိုင်ပေ။ ဤသို့ဖြင့် လင်းဟိုင် အိမ်သို့သာ ပြန်သွားလိုက်ရသည်။

မှုခင်းရဲမှ လင်းကျို့၏အေးဂျင့်ကိုဆက်သွယ်ပြီး  á€œá€Źá€á€ąá€Ťá€şá€›á€”á€şá€•á€źá€ąá€Źá€œá€­á€Żá€€á€şá€žá€ąá€Źá€şá€œá€Šá€şá€¸ ချိုးအာသည် သူမ အလုပ်များနေသောကြောင့်မလာနိုင်သဖြင့် လင်းကျို့အား မိမိဘာသာကုမ္ပဏီသို့လာရန် ပြန်ပြောလာလေသည်။

ပြစ်မှုစုံစမ်းစစ်ဆေးရေးဋ္ဌာနမှထွက်လာပြီးနောက် လင်းကျို့ ခရီးဆက်လိုက်ပြီး ယခင်နံပါတ်ကိုမသုံးဘဲ ကတ်အသစ်လျှောက်လိုက်သည်။

သူ၏အလုပ်များ ပြီးစီးသွားပြီးနောက် အိမ်သို့သာ တန်းတန်းမတ်မတ်ပြန်သွားလိုက်လေသည်။

ရောက်ရှိလာတော့မည့် မုန်တိုင်းများအား မည်ကဲ့သို့ရင်ဆိုင်ရမည်ကိုမူ လင်းကျို့ မစဉ်းစားရသေးပေ။

လင်းကျို့ အိမ်ပြန်ရောက်သည်နှင့် အိပ်မက်အဖွဲ့ဟူသောအမည်ကို ဖုန်းထဲတွင်ရှာဖွေလိုက်သည်။

၎င်းနှင့်ပတ်သက်သော သတင်းများစွာကျလာပြီးနောက် လင်းကျို့ လိုက်လံဖတ်ရှုလိုက်ကာ မည်သို့မျှမတတ်နိုင်သော်လည်း တိတ်ဆိတ်သွားရသည်။

အရာအားလုံးပြီးဆုံးသွားလေပြီ။ သူပျောက်ဆုံးပြီးနောက်တစ်လအကြာတွင် အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီး နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲပင်မရှိခဲ့ဘဲ ဝေဖန်မှုများအကြား အဖွဲ့ဖျက်သိမ်းမှုကို တိတ်တဆိတ်သာထုတ်ပြန်ခဲ့သည်။

သေချာပေါက်ပင် အဆဲဆိုခံရသူမှာ လင်းကျို့တစ်ဦးတည်းသာဖြစ်သည်။ ပရိသတ်များသည် အဖွဲ့ခေါင်းဆောင်သွမ့်ချန်ကျိုး၏ ဝေ့ပေါ်သို့သွားရောက်နှစ်သိမ့်ပေးခဲ့ကြပြီး ဤကဲ့သို့စုတ်ပြတ်နေသောအဖွဲ့ကြီးမှ ထွက်လာနိုင်ပြီးနောက် ပို၍ကောင်းမွန်သောတိုးတက်မှု ရှိလာမည်ဖြစ်ကြောင်းနှင့် ပိုကောင်းသောအလုပ်များ ထပ်မံလုပ်လာနိုင်မည့်အပေါ် မျှော်လင့်မိကြောင်း ပြောကာအားပေးခဲ့ကြသည်။

နှစ်သိမ်မှုနှင့်အားပေးမှုများအကြား အဖွဲ့ဖျက်သိမ်းပြီးနောက် တစ်လအကြာမှာပင် သွမ့်ချန်ကျိုး သူ၏ပထမဦးဆုံး တစ်ကိုယ်တော်သီချင်းဖြစ်သော အိပ်မက်မက်နေသူကို ထုတ်ဝေခဲ့သည်။ သီချင်းစာသားအားလုံးမှာ ညီအစ်ကိုများ၏ နေ့စဉ်ဘဝအမှတ်တရများဖြစ်ပြီး စစ်မှန်သောခံစားချက်များ၊ အဖွဲ့ဖျက်သိမ်းရခြင်းအပေါ် နှမြောတသဖြစ်မှုနှင့် မတက်သာသည့်အခြေအနေများကို ဖော်ပြထားသည်။

သီချင်းထုတ်ဝေလိုက်သည်နှင့် နားထောင်ရပြီးနောက် မရေမတွက်နိုင်သော ပရိသတ်များစွာမှာ ငိုကြွေးခဲ့ကြသည်။ ဒေါသထွက်နေသော ပရိသတ်များမှာမူ လင်းကျို့၏ဝေ့ပေါ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာပြီး ထပ်မံ၍ သူ့အားဆွဲခေါ်ဝေဖန်နေကြကာ အဖွဲ့အားဖျက်ဆီးခဲ့သော ဤအပြစ်သားအပေါ် အိပ်မက်ပရိသတ်များသည် ဘယ်သောအခါမှ ခွင့်လွှတ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။

ထိုသို့သောရလဒ်မျိုးအပေါ် လင်းကျို့ မျှော်လင့်ထားပြီးသားဖြစ်၏။ သူ သွမ့်ချန်ကျိုးအား နှောင့်ယှက်နေသည်ဟူသောဓာတ်ပုံများ ဖော်ထုတ်ခံရပြီးနောက် အဖွဲ့ဖျက်သိမ်းမှုအတွက် သူသည်သာအပြစ်တင်ခံရမည်ဖြစ်ကြောင်း သိနေခဲ့သည်။

ဝေဖန်မှုများအကြားမှ လင်းကျို့ အချက်အလက်အချို့ကို စုဆောင်းမိခဲ့သည်။ ကားမတော်တဆမှုဖြစ်အပြီး ဒဏ်ရာရသတိလစ်နေသော တက္ကစီယာဉ်မောင်းကို လစ်လျူရှုကာ ပျောက်ကွယ်သွားခြင်းကြောင့် လူအချို့မှ သူ့အား တစ်ကိုယ်ကောင်းဆန်ပြီး သွေးအေးသူဟု ခေါ်ဆိုနေကြသည်။

၎င်းနှင့်ဆက်စပ်နေသောသတင်းများအား ဆက်လက်ရှာဖွေလိုက်ရာ တက္ကစီယာဉ်မောင်းသည် အမှန်တကယ်ပင် လမ်းလွှဲမှမောင်းခဲ့ပြီး မတော်တဆမှုဖြစ်ခဲ့သောနေရာမှာ လမ်းပြင်နေသည့်နေရာဖြစ်ကြောင်း သိလိုက်ရသည်။ တက္ကစီမှာ မျက်နှာချင်းဆိုင်မှလာသည့်ကားနှင့်တိုက်မိသွားခဲ့ပြီး ယာဉ်မောင်းသည်လည်း ခေါင်းထိသွားကာ နေရာမှာပင်သတိလစ်သွားခဲ့သည်။ ကားအတွင်းရှိကင်မရာ ပျက်ဆီးနေပြီး လမ်းပေါ်တွင်လည်း အခြားကင်မရာများမရှိခဲ့ဘဲ တက္ကစီနောက်ခုံတွင်မူ မည်သည့်ဒဏ်ရာရထားသော အချက်အလက်မှ မရှိ‌ခဲ့ပေ။ သို့သော်လည်း လင်းကျို့မှာ ပျောက်ကွယ်သွားသည်ဖြစ်ရာ သူ့ဘာသာထွက်သွားခြင်းမှလွဲ၍ အခြားဖြစ်နိုင်ခြေမရှိခဲ့ချေ။

လင်းကျို့ သူနှင့်ပတ်သက်သော မကောင်းသည့်အချက်အလက်များကို ထပ်မံစုဆောင်းမိခဲ့သည်။ သူသည် တစ်ကိုယ်ကောင်းဆန်ကာ သွေးအေးပြီး လူမဆန်သူတစ်ဦးဖြစ်၏။ ထိုကဲ့သို့ ဆိုးရွားသူတစ်ဦးအနေဖြင့် လူဟူ၍ပင်ခေါ်ဆို၍မရပါချေ။ ကိုယ်ကျင့်တရားပျက်စီးနေသော အနုပညာရှင်တစ်ဦးသည် လူ့အဖွဲ့အစည်းအပေါ် အလွန်အနုတ်သဘောဆောင်သော သက်ရောက်မှုမျိုးရှိစေနိုင်မည်ဖြစ်ရာ သူ့အား ပိတ်ပင်ထားသင့်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး အပြည့်အဝမှောင်မိုက်နေပြီး လင်းကျို့ အမှောင်ထဲတွင် အချိန်မည်မျှကြာကြာထိုင်မိသည်ကိုပင် မသိနေခဲ့ချေ။ ဖုန်းကိုင်ထားသော သူ၏လက်ချောင်းထိပ်များပင်လျှင် အနည်းငယ်ထုံကျင်နေပေပြီ။ ရှာဖွေသည့်နေရာသို့ အချိန်အတန်ကြာစိုက်ကြည့်နေခဲ့ပြီး စကားလုံးနှစ်လုံးကို တဖြည်းဖြည်းချင်းရိုက်ထည့်လိုက်သော်လည်း မရှာခဲ့ဘဲ လျင်မြန်စွာဖျက်ပစ်လိုက်သည်။ထို့နောက် ထပ်မံရိုက်လိုက်ပြီး ဤသည်မှာ အဖန်ဖန်တလဲလဲ ဖြစ်ပျက်နေခဲ့သည်။ အကြိမ်ပေါင်းမည်မျှရိုက်မိခဲ့သည်ကို သူ မသိသော်လည်း ထိုစကားလုံးနှစ်လုံးကို ကြည့်နေသရွေ့ လင်းကျို့ သတ္တိအပြည့်ရှိနေသလိုခံစားရသည်။

ပြန်ရောက်လာပြီးနောက် ပထမဦးဆုံးညတွင် လင်းကျို့ ဆိုဖာပေါ်၌ တစ်ညလုံးအိပ်ပျော်သွားလေသည်။

ဤကမ္ဘာတွင် လုံခြုံစိတ်ချရသည်။ သူ့အနေနှင့် အိပ်ပျော်နေစဉ် အစားခံရမည်ကို စိတ်ပူနေရန်မလိုဘဲ မာကျောစိုစွတ်သော‌ ကျောက်ဆောင်များပေါ်တွင်လည်း အိပ်ရန်မလိုတော့ပေ။ သူ၏ခန္ဓာကိုယ်အောက်တွင် နူးညံ့မှုတစ်ခုရှိနေခြင်းကြောင့် သူ နေထွက်လာသည့်တိုင် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ခဲ့သည်။

ယနေ့တွင် ကုမ္ပဏီသို့သွား၍ ပြဿနာများကိုဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

မသွားခင်အချိန်၌ လင်းကျို့ ရင်းနှီးနေသောနံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်လေသည်။

ဖုန်းသည် နှစ်ကြိမ်ခန့် မြည်သွားပြီးနောက် တစ်ဖက်လူမှ ပြန်ဖြေလာသည်။

 “ ဟယ်လို ဘယ်သူပါလဲ…”

“ အစ်မချိုးအာ ကျွန်တော်ပါ… အစ်မ ကုမ္ပဏီမှာရှိလား…”

လင်းကျို့၏အသံကိုကြားရသောအခါ ချိုးအာ၏အသံနေအသံထားမှာ အေးစက်သွားခဲ့သည်။

 “ ငါ ကုမ္ပဏီမှာမဟုတ်ဘူး… ပြီးတော့ အခုချိန်မှာ မင်းရဲ့ကိစ္စတွေက ငါ့လက်အောက်မှာလည်း မဟုတ်တော့ဘူး … ကုမ္ပဏီကိုသွားပြီး လူကြီးမင်းကျန်းနဲ့ပဲ စာချုပ်ဖောက်ဖျက်တဲ့လျော်ကြေးအကြောင်းကို သွားပြောလိုက်ပါ….”

လင်းကျို့ စကားပြန်မပြောနိုင်ခင်မှာပင် ဖုန်းကျသွားလေသည်။

…..

အိပ်ရေးပျက်ထားသောကြောင့် အမှီပြန်အိပ်နေရသည့် သွမ့်ချန်ကျိုးမှ မျက်လုံးပွင့်လာကာ မေးလာသည်။

 “ အစ်မ ဘယ်သူခေါ်တာလဲ…”

ချိုးအာ သူ့ထံသို့ ဘေးတစောင်းကြည့်လိုက်သည်။

 “ ဘယ်သူလဲဆိုတာ ဂရုစိုက်မနေစမ်းပါနဲ့… သွားသာပြန်အိပ်လိုက်စမ်းပါ… မင်းရဲ့မျက်ကွင်းညိုနေတာတွေနဲ့ အသားအရည်အရောင်ကိုကြည့်ဦး… မနေ့ညတုန်းက ငါမင်းကိုစောစောအိပ်ဖို့ပြောထားတယ်လေ…. အဲ့ဒါတောင် ညဘယ်နှနာရီအထိ မအိပ်ဘဲနေနေတာလဲ…”

သွမ့်ချန်ကျိုး ရယ်ပြလိုက်သည် ။

“ ရုတ်တရက်ကြီး စိတ်ကူးအသစ်တွေပေါ်လာလို့ပါ အစ်မရယ်… ညလေးနည်းနည်းပဲနက်သွားတာပါ… အစ်မ ဖုန်းခေါ်တဲ့သူကဘယ်သူလဲလို့…”

ချိုးအာ သူ့ထံကြည့်လာသော်လည်း သူမမည်သည့်အရာအား တွေးနေသည်ကိုမူ မသိနိုင်ပေ။

 “ လင်းကျို့လေ… သူပြန်ရောက်လာပြီ…”

သွမ့်ချန်ကျိုး၏ မျက်နှာပေါ်ရှိအပြုံးမှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

 “ စာချုပ်ဖောက်ဖျက်ကြေးအတွက် သူဘယ်လောက်တောင်လျော်ရမှာလဲ…”

“ လူကြီးမင်းကျိူးနဲ့ သူဘယ်လိုစကားပြောမလဲဆိုတဲ့အပေါ် မူတည်မှာပေါ့… သူသာစကားနားထောင်ရင်တော့ အများကြီးပေးရလောက်မှာမဟုတ်ပါဘူး…”

အနုပညာအသိုင်းအဝိုင်းအတွင်းမှ လူများသည် နာခံမှုရှိခြင်းဟူသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်းသိနေသောကြောင့် စောင်အောက်တွင် သွမ့်ချန်ကျိုး လက်သီးဆုပ်မိသွားသည်။ 

သူ၏မျက်နှာပေါ်တွင်မူ မဖော်ပြခဲ့ချေ။

 “ သူကမာနကြီးတယ်လေ… သူသာမကျေနပ်ရင် ပျောက်ကွယ်သွားလိမ့်မယ်… စကားကိုနားထောင်မှာတဲ့လား…”

ချိုးအာ နှာခေါင်းရှုံ့လိုက်သည်။

 “ စာချုပ်ဆိုတာကို အလကားပြထားတယ်ထင်လို့လား… စာချုပ်ဖောက်ဖျက်ကြေးအတွက် ဒီလောက်ကြီးတဲ့လျော်ကြေးနဲ့ဆိုရင် ရွေးချယ်ပိုင်ခွင့်က သူ့လက်ထဲမှာရှိမနေဘူးလေ….”

လင်းကျို့သည် အလွန်ငယ်ရွယ်နေဆဲဖြစ်ရာ ကိစ္စများအပေါ် နောက်ဆက်တွဲရလဒ်ကိုမစဉ်းစားဘဲ လုပ်လေ့ရှိသည်။ ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်း မည်သူ့ထံတွင်မှ သူ့ကဲ့သို့သောသတ္တိမျိုး မရှိခဲ့ပေ။ တစ်နှစ်ကြာသည်အထိ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲပျောက်ဆုံးသွားခဲ့သည်။ အကယ်၍ သူသည် အမည်မသိကြယ်ပွင့်တစ်ဦးဖြစ်မည်ဆိုလျှင် မည်သည့်ထုတ်ပြန်ချက်မှမရှိသည့်တိုင် အဆင်ပြေမည်ဖြစ်သည်။ အိပ်မက်အဖွဲ့သည် အလွန်ကျော်ကြားခြင်းမရှိသော်လည်း သူတို့တွင် နာမည်ကြီးသီချင်းများရှိပြီး လူထုအရှေ့တွင် မကြာခဏပေါ်လာတတ်ရာ ပရိသတ်များအနေဖြင့် သူတို့ကိုမေ့လျော့သွားမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့မည်သို့ပင်သီချင်းဆိုနေပါစေ ရုပ်ရည်သွင်ပြင်မှာ အလွန်ချောမောလှသည်ဖြစ်ရာ မိခင်ပရိသတ်နှင့် ချစ်သူကောင်မလေးပရိသတ်များစွာလည်း ရှိသည်။

လင်းကျို့ ပျောက်ဆုံးသွားသည်နှစ်အတွင်း အဖွဲ့မှ ထုတ်ပြန်ချက်အချို့ကြေညာခဲ့ပြီး ဖျော်ဖြေမှုအားလုံး ဖျက်သိမ်းခံခဲ့ရသောကြောင့် ကုမ္ပဏီအတွက် စီးပွားရေးနဲ့လူမှုရေးဆိုင်ရာဆုံးရှုံးမှုအားလုံးကို လင်းကျို့မှပေးလျော်ရမည်ဖြစ်သည်။ စာချုပ်ဖောက်ဖျက်ကြေးအတွက် ပေးဆောင်ရမည့်လျော်ကြေးမှာ မည်မျှပင်ကြီးနိုင်ပါမည်နည်း။ ချိုးအာ စဉ်းစားကြည့်ရုံနှင့်ပင် ဦးရေပြားများထုံကျင်လာရသည်။

ထိုမျှများပြားသောငွေကို လင်းကျို့ မရှာနိုင်သည်မှာသေချာနေသောကြောင့် သူ၏တစ်ခုတည်းသောအဆုံးသတ်သည် ကုမ္ပဏီအတွက် ငွေရှာပေးရမည့်ပစ္စည်းတစ်ခု ဖြစ်လာခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လင်းကျို့ ကိုင်တွယ်နည်းကိုသိနေပြီး နှိမ့်ချကာ အခြားသူများကို ကျေနပ်စေနိုင်သရွေ့ သူ့အတွက် နာမည်ပြန်ကြီးလာရန်မှာ မဖြစ်နိုင်သောအရာမဟုတ်ပေ။ သူ၏အသံနှင့်ရုပ်ရည်မှာလည်း အလွန်ကောင်းမွန်လှသည်။ ထိုသို့မဟုတ်လျှင်တော့ ကြီးမားလှစွာသောအကြွေးသည် သူ့အား အပြည့်အဝနင်းချေလာပေလိမ့်မည်။

ချိုးအာ သွမ့်ချန်ကျိုးထံ လှမ်းကြည့်လိုက်သည်။

 “ အဲဒီအဖြစ်အပျက်ရဲ့ကျော်ကြားမှုကနေ အခွင့်ကောင်းယူပြီး မင်းရဲ့ပုံရိပ်ကိုတည်ဆောက်နိုင်ခဲ့တာပဲ… အိပ်မက်မက်သူရဲ့ကျော်ကြားမှုကလည်း ဘယ်တုန်းကမှ လျော့ကျသွားတာမရှိဘူး… အခုဆိုရင် အိပ်မက်အဖွဲ့ရဲ့အမာခံပရိသတ်အများစုကလည်း မင်းရဲ့သစ္စာရှိတဲ့ပရိသတ်တွေဖြစ်နေပြီးပြီ… လင်းကျို့နဲ့ဝေးဝေးနေဖို့ မမေ့ရဘူးနော်… လင်ချမ်၊ ဟော်ဝေတို့နဲ့ သူငယ်ချင်းလုပ်ပြီး မင်းရဲ့ သူငယ်ချင်းသံယောဇဉ်နဲ့သစ္စာရှိမှုကို တန်ဖိုးထားတဲ့ ညီအကိုကောင်းပုံရိပ်ကို တည်ထောင်ထားရမယ်…”

သွမ့်ချန်ကျိုး မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။

 “ သိပါပြီဗျာ…”

ထိုသို့ပြောလိုက်သော်လည်း သူတွေးနေသည့်အရာကိုမူ သွမ့်ချန်ကျိုးကိုယ်တိုင်သာ သိနေလေသည်။

…..

🐙🦀🦐

🧜‍♂️Chapter 3
ငွေရောင်တောက်တောက် ငါးသိုင်းဖြူများ

လင်းကျို့ ကုမ္ပဏီစီသို့ တက္ကစီစီးလာလိုက်ပြီး ကုမ္ပဏီမရောက်ခင် တစ်လမ်းအလိုတွင်ဆင်းလိုက်သည်။

အနက်ရောင်ဆံပင်ရှည်များကို သာမန်ကာလျှံကာ စည်းနှောင်ထားပြီး ဦးထုပ်ဆောင်း၍ နှာခေါင်းစည်းတပ်ထားသည်။ လူရှုပ်နေသောရင်ပြင်တွင် မတ်တတ်ရပ်ကာ မြို့တော်အေမှ သီချင်းနတ်ဘုရားစစ်ရှု၏ဖျော်ဖြေပွဲကို ပြန်လည်ပြသနေသော LED မျက်နှာပြင်ပေါ်သို့ ကြည့်နေမိသည်။ ပရိသတ်အားလုံးလိုက်ဆိုနေကြပြီး မြင်ကွင်းမှာ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းလှသည်။ ကင်မရာဖြတ်သန်းလာချိန်၌ ပရိသတ်မြောက်များစွာသည် မျက်နှာပေါ်တွင်မျက်ရည်များစီးကျနေကြကာ အော်ဟစ်ဆူညံနေပြီး လေထုမှာ အလွန်ပူလောင်နေခဲ့သည်။

စစ်ရှုသည် အသက်သုံးဆယ်ပင်မပြည့်သေးသော်လည်း ဂီတအသိုင်းအဝိုင်းအတွင်း ဒဏ္ဍာရီတစ်ခုဖြစ်လာပြီး ဆုပေါင်းမြောက်မြားစွာကို ဆွတ်ခူးနိုင်ခဲ့သည်။ သူရေးသားထားသောသီချင်းများသည် ပရိသတ်များထံမှ နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးခံရပြီး နေရာအနှံ့သီဆိုနေကြသည်။ လွန်ခဲ့သောဆယ်နှစ်မှသီချင်းများပင်လျှင် ယခုအထိ အလွန်ကျော်ကြားနေဆဲဖြစ်သည်။

နတ်ဘုရားရေးသားထားသော သီချင်းတိုင်း ဂန္တဝင်တစ်ခုပင်ဖြစ်၏။

ထိုသူ၏ဖျော်ဖြေပွဲအတွက် လက်မှတ်များမှာ ရရန်ခက်လှသည်။ လွန်ခဲ့သောနှစ်များအတွင်း လက်မှတ်ဝယ်ရန် လင်းကျို့ ညလုံးပေါက်နေရပြီး တစ်စက္ကန့်မျှနောက်ကျပင်လျှင် လက်မှတ်တစောင်ရနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ယခုနှစ်အတွက်မှာမူ လက်ကျန်လက်မှတ်မရှိတော့သောကြောင့် ၎င်းနှင့်ပတ်သက်၍ စိုးရိမ်နေရန်မလိုတော့ပါ။

လင်းကျို့ ရင်ပြင်တွင်ရပ်လျက် စစ်ရှု၏ဖျော်ဖြေပွဲ ပြန်လည်ပြသခြင်း မပြီးဆုံးခင်အထိထွက်မသွားခဲ့ချေ။

ရင်ပြင်တွင် အစအဆုံးကြည့်ရှုနေသူမှာ သူတစ်ဦးတည်းသာမဟုတ်ဘဲ ငယ်ရွယ်သောမိန်းမပျိုလေးနှစ်ဦးသည်လည်း သူတို့၏အိုင်ဒေါအကြောင်းကို တက်ကြွစွာပြောဆိုနေကြသည်။

“ မာစတာစစ်ကတော့ ငါ့ကိုငိုအောင်လုပ်နေတာပဲ… ငါလည်း တကယ့်ကို ပွဲသွားကြည့်ချင်တယ်လေနော်… ဝူးဝူးဝူးးးးး…”

“ နောက်လာမယ့်ပွဲက မြို့တော်ဘီမှာတဲ့ဟယ်… ကံဆိုးစွာနဲ့ ငါလက်မှတ်မရလိုက်ဘူး… ပွဲလုပ်တဲ့အရေအတွက်ကလည်း တဖြည်းဖြည်းပိုပိုနည်းလာတာ… လက်မှတ်ရဖို့အတွက်က မျှော်လင့်ချက်မရှိဘူးလေ…”

လင်းကျို့သည်လည်း ပွဲသွားကြည့်ချင်မိသည်။ သို့သော် သူ့ထံတွင် လက်မှတ်မရှိနေခဲ့ပေ။

အကယ်၍ အခြေအနေများသာခွင့်ပြုမည်ဆိုလျှင် စစ်ရှု၏ဖျော်ဖြေပွဲတိုင်းကို သွားကြည့်မည်ဖြစ်သော်လည်း ယခုနှစ်တွင်မူ သူမလုပ်နိုင်ခဲ့ချေ။

လင်းကျို့ ကုမ္ပဏီတွင်းသို့ဝင်လာချိန်၌ ဧည့်ကြိုစားပွဲသို့ရောက်သည်အထိ လူတိုင်းမှာ သူ့ကိုအံ့သြတကြီးဝိုင်းကြည့်နေကြသည်။

လူကြီးမင်းကျန်း၏ရုံးခန်းဆီသို့သာ တန်းတန်းမတ်မတ်သွားလိုက်ပြီး ယခုလေးတင်မှ စစ်ရှု၏ဖျော်ဖြေပွဲကို ကြည့်လာခဲ့သောကြောင့် သူ့ထံတွင် ယုံကြည်မှုအပြည့်ရှိနေကာ မည်သို့သောရလဒ်မျိုးမဆို လက်ခံနိုင်မည်ဖြစ်သည်။

လင်းကျို့ တံခါးခေါက်လိုက်ချိန်၌ လူကြီးမင်းကျန်းသည် ရုံးခန်းထဲတွင် ရှိနေပုံပေါ်သည်။

လူကြီးမင်းကျန်းသည် အနည်းငယ်အဝလွန်နေသော  á€žá€€á€şá€œá€á€şá€•ိုင်းဥရွယ် ထိပ်ပြောင်ပြောင်အမျိုးသားတစ်ဦးဖြစ်၏။

လင်းကျို့ အခန်းတွင်းဝင်လာစဉ် ဦးထုပ်နှင့်နှာခေါင်းစည်းကိုချွတ်လိုက်ရာ လူကြီးမင်းကျန်း သူ့ကိုတွေ့လိုက်ချိန်တွင် သူ၏ပုံပန်းသွင်ပြင်ကြောင့် မိန်းမောသွားရသည်။

လူကြီးမင်းကျန်း လင်းကျို့အား စတွေ့ခဲ့သည့်အချိန်မှစ၍ ထိုကလေးမှာ အလွန်ကြည့်ကောင်းကြောင်း တွေးမိခဲ့သည်။

သူ၏အရှေ့မှာ လင်းကျို့သည် ယခင်တစ်ခေါက်တွေ့ချိန်ကထက်ပင် ပို၍သက်ရောက်မှုရှိနေခဲ့သည်။ သူ၏အသွင်အပြင်သည် အထူးတလည် မျက်စိကျဖွယ်ရာဖြစ်နေကာ တစ်ကြိမ်တွေ့ရုံဖြင့် အကြည့်လွှဲရန်ခက်ခဲလှပြီး မျက်နှာတစ်ခုနှင့်ပင် မြောက်များလှစွာသောပရိသတ်များကို ဆွဲဆောင်နိုင်မည်မှာ ပြောနေရန်ပင်မလိုတော့ပေ။

လင်းကျို့ စိတ်ရင်းဖြင့်တောင်းပန်လိုက်သည်။ တစ်နှစ်ကြာသည်အထိ ရုတ်တရက်ပျောက်ဆုံးသွားသည်မှာ အမှန်တကယ်ပင် သူ့အပြစ်ဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်ပါစေ ဤတာဝန်ယူမှုအပေါ် ရှောင်လွှဲမရပါချေ။

လူကြီးမင်းကျန်း လင်းကျို့အား ထိုင်ရန် အခါခါပြောလိုက်ရသည်။ သူ၏စိတ်ထဲတွင် လင်းကျို့အတွက် ယခင်ရှိနေသောအစီအစဉ်အားလုံးကို ပြောင်းပြန်လှန်လိုက်ပြီဖြစ်သည်။ ဤသို့သောရုပ်ရည်အသွင်အပြင်နှင့်ဆိုလျှင် အလှပန်းအိုးအဖြစ်သုံးမည်ဆိုလျှင်ပင် အဖိုးဖြတ်မရသည့်အလှပန်းအိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

လင်းကျို့ လူကြီးမင်းကျန်း၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။

လူကြီးမင်းကျန်း၏အကြည့်များမှာ လင်းကျို့ထံတွင်သာ ကော်ကဲ့သို့ကပ်နေပြီး စကားပြောနေစဉ်အချိန်၌ မယဉ်ကျေးခဲ့ဘဲ လွန်ခဲ့သောနှစ်အတွင်း လင်းကျို့ကြောင့်ဖြစ်ခဲ့ရသော ကုမ္ပဏီ၏ဆုံးရှုံးမှုများနှင့် အကျိုးသက်ရောက်မှုများအပေါ် ချဲ့ကားပြောဆိုနေသည်။ အတွင်းပိုင်းဇာတ်ကြောင်းကိုသာမသိလျှင် လင်းကျို့သည် ကြယ်ပွင့်ဖန်တီးခြင်း၏ အဓိကမဏ္ဍိုင်ဖြစ်ပြီး  á€Ąá€€á€šá€şáá€žá€Ź သူ့ထံတွင်ပြဿနာများဖြစ်လာလျှင် ကြယ်ပွင့်ဖန်တီးခြင်း၏ရှင်သန်နေထိုင်မှုအပေါ်သို့ တိုက်ရိုက်သက်ရောက်နိုင်မည်ဟု ထင်မိကြပေလိမ့်မည်။ အမှန်စင်စစ်အားဖြင့် လင်းကျို့သည် အဖွဲ့ငယ်လေးတစ်ခုမှ အဖွဲ့ဝင်တစ်ဦးသာဖြစ်ကာ အလွန်ကျော်ကြားမှုမရှိသောကြောင့် ကြီးစွာသောသက်ရောက်မှုလည်း မဖြစ်နိုင်ပါချေ။

လင်းကျို့ တစ်ခွန်းမှပြန်မပြောဘဲ နာနာခံခံဖြင့် နားထောင်နေလိုက်သည်။

လူကြီးမင်းကျန်း ရေတစ်ငုံသောက်ကာ နှစ်စက္ကန့်ခန့်အကြည့်လွှဲသွားပြီးနောက် ပြန်ကြည့်လာပြန်သည်။

“ မင်းက ကုမ္ပဏီအတွက် စီးပွားရေးအရကော ဂုဏ်သတင်းအရကော အတော်လေးကိုဆုံးရှုံးစေခဲ့တာ… မင်းရဲ့အပြုအမူတွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတာဖြစ်လို့ ကုမ္ပဏီအနေနဲ့ အရေးယူပိုင်ခွင့်ရှိတယ်… ဒီမှာ လွန်ခဲ့တဲ့နှစ်အတွင်း စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးပေးရမယ့် အသေးစိတ်အချက်အလက်တွေပဲ… တစ်ချက်လောက်ကြည့်လိုက်ပါဦး…”

လူကြီးမင်းကျန်းမှ စာရွက်အထပ်လိုက်ကိုယူ၍ လင်းကျို့ထံပေးလာသည်။

လင်းကျို့ မတ်တတ်ရပ်၍ စာရွက်များကို လှမ်းယူလိုက်သည်။

လူကြီးမင်းကျန်းတစ်ယောက် လင်းကျို့၏ပုခုံးပေါ်သို့ လက်တင်၍ ပြောလာလေသည်။

 “ တစ်ချက်ထိုင်ပြီးတော့ အေးအေးဆေးဆေးကြည့်လိုက်ပါဦး… အဲ့ဒါမှ မေးချင်တာရှိရင် ဆွေးနွေးလို့ရမှာပေါ့…”

လင်းကျို့ ပြန်ထိုင်ချလိုက်သော်လည်း လူကြီးမင်းကျန်းသည် လက်ပြန်မရုတ်သွားသောကြောင့် ထိုသူ့ထံ မော့ကြည့်လိုက်သည်။

သူ၏အကြည့်ကြောင့် လူကြီးမင်းကျန်း ညှို့ယူခံလုမတတ်ပင်ဖြစ်သွားရာကာ လင်းကျို့၏ပုခုံးကိုအသာအယာညှစ်လိုက်ပြီးနောက် အပြုံးတစ်ပွင့်နှင့်အတူ လက်ပြန်ရုတ်၍ ပြောလာသည်။

“ မလောပါနဲ့ အချိန်ယူပြီး ဖတ်ပါ…”

အထိခံလိုက်ရသောပုခုံးကိုကြည့်ကာ လင်းကျို့ နှုတ်ခမ်းများတွန့်ချိုးသွားပြီး သူ၏လက်ထဲရှိအချက်အလက်များကို ငုံ့ကြည့်လိုက်သည်။

အနောက်တွင်ရပ်နေသည့် လူကြီးမင်းကျန်းမှာမူ လင်းကျို့၏သွယ်လျသောလည်ပင်းကိုကြည့်၍ အာပင်ခြောက်လာလေသည်။

လူကြီးမင်းကျန်း သူ့ထံကြည့်နေသည်ကို လင်းကျို့ ခံစားမိသော်လည်း စာရွက်များအား တစ်ရွက်ချင်းမလှန်လိုက်ချေ။ ထိုသို့လုပ်လျှင်ပင် သူနားမလည်နိုင်သောကြောင့် လျော်ကြေးမည်မျှပေးဆောင်ရမည်ကိုကြည့်ရန် စာရွက်အဆုံးသို့လှန်လိုက်သည်။

စုစုပေါင်းပေးဆောင်ရမည့် လျော်ကြေးငွေပမာဏကို မြင်လိုက်ရသောအခါ လင်းကျို့၏နှုတ်ခမ်းများ ပို၍ပင်တင်းတင်းစေ့သွားခဲ့သည်။

လင်းကျို့၏ပေါ့ပေါ့ပါးပါးစည်းနှောင်ထားသော အနက်ရောင်ဆံပင်များကိုကြည့်၍ လူကြီးမင်းကျန်း လက်ဆန့်ကာ ထိကြည့်လိုက်မိသည်

 “ ဘယ်အချိန်တုန်းက ဆံပင်ဒီလောက်ရှည်လာတာလဲ… ကြည့်ကောင်းသားပဲ…”

လင်းကျို့ ထရပ်လိုက်ပြီး လူကြီးမင်းကျန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ လူကြီးမင်းကျန်းက ကျွန်တော်တစ်နှစ်အတွင်း ဒီလောက်ရှာပေးနိုင်မယ်လို့ ထင်နေတာလား…”

လူကြီးမင်းကျန်း ပြုံးလျက် ပြောလာသည်။

 “ ဒါတွေအားလုံးက ဥပဒေရေးရာဌာနကနေ တရားဝင်တွက်ချက်ထားတဲ့ အသေးစိတ်အချက်အလက်တွေပဲလေ… မင်းရဲ့အနုပညာကြေးက ဒီလောက်မများဘူးဆိုပေမယ့် မင်းပျောက်သွားတဲ့အချိန်အတွင်း ချုပ်ထားတဲ့စာချုပ်မှန်သမျှကို လျော်ကြေးပေးလိုက်ရတယ်လေ…. ကုမ္ပဏီအနေနဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် အများကြီးပေးဆောင်လိုက်ရတာ… ဂုဏ်သိက္ခာပိုင်းဆိုင်ရာမှာလည်း သက်ရောက်မှုကြီးကြီးရှိသွားခဲ့တာပေါ့…”

“ အခုဆိုရင် ကြယ်ပွင့်ဖန်တီးခြင်းအစီအစဉ်က အနုပညာရှင်တွေအတွက် စာချုပ်ချုပ်တော့မယ်ဆိုတိုင်း စီစဉ်သူတွေက အမြဲမေးနေကြတာ… ဒီလူကကော တာဝန်ယူမှုရှိရဲ့လား… ဘာမှမပြောဘဲပျောက်သွားဦးမှာလား ဆိုပြီးတော့လေ… ကြည့်ပါလား ဒါတွေအားလုံးက မင်း‌ယူလာခဲ့တဲ့ ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေကြီးပဲ…”

သူ၏မျက်လုံးများသည် လင်းကျို့၏ကြွေထည်ကဲ့သို့အသားပေါ်သို့ ကျရောက်သွားပြီး လူကြီးမင်းကျန်း စကားလမ်းကြောင်းပြောင်းလိုက်သည်။

 “ သေချာတာပေါ့ မင်းအနေနဲ့ လျော်ကြေးကို တစ်ခါထဲအပြီးပေးဖို့မလိုပါဘူး… မင်းသာ ကုမ္ပဏီကစီစဉ်ပေးတာကို နာနာခံခံရှိနေသရွေ့ ဖြည်းဖြည်းချင်းပြန်ပေးလို့ရမယ်လို့ ငါအာမခံပေးနိုင်တယ်… မင်းရဲ့အခြေအနေအရ ဒီလောက်ပိုက်ဆံကိုရှာနိုင်ဖို့က မခက်ပါဘူးကွာ…”

လူကြီးမင်းကျန်း အနားသို့ထပ်တိုး၍ ပြောလိုက်သည်။

 “ အပိတ်ခံထားရတာကိုဖျက်ဖို့ ဒါမှမဟုတ် ထပ်ပြီးနာမည်ကြီးလာဖို့ကိုတောင် ဖြစ်နိုင်သေးတယ်… မင်းသာဆန္ဒရှိသရွေ့ ပြန်ပြီးနာမည်ကြီးလာအောင် ငါကူညီပေးနိုင်တယ်…”

လင်းကျို့ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ၏အဖြူအမည်းမျက်လုံးများမှာ ခံစားချက်ကင်းမဲ့နေခဲ့သည်။

 “ မလိုတော့ပါဘူး… လျော်ကြေးပေးဖို့ကို ကျွန်တော်နည်းလမ်းရှာလိုက်ပါ့မယ်…”

လူကြီးမင်းကျန်း၏မျက်နှာပေါ်ရှိအပြုံးမှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

လင်းကျို့ လူကြီးမင်းကျန်းကို ဖြတ်လျှောက်လာလိုက်ပြီး ဦးထုပ်နှင့်နှာခေါင်းစည်းကို ကောက်ယူ၍ ထွက်ခွာရန်ပြင်လိုက်လေသည်။

လူကြီးမင်းကျန်း နှာခေါင်းရှုံ့လိုက်သည်။

 “ မင်းကဘာလုပ်နိုင်မှာမလို့လဲ… မင်းရဲ့အပြုအမူတွေကတင် စာချုပ်ကို ပြင်းပြင်းထန်ထန်ဖောက်ဖျက်ပြီးနေပြီလေ … ကုမ္မဏီကလည်း မင်းကို ပိတ်ပင်လိုက်ဖို့ ဆုံးဖြတ်ထားပြီးသား… မင်းသာ သီချင်းမဆိုနိုင်ရင် ဝင်ငွေရှိမှာမဟုတ်ဘူး… သန်းရှစ်ဆယ်ကျော်ကို ဘယ်လိုလုပ်ပြီး ပြန်ပေးနိုင်မှာလဲ…”

“ မင်းရဲ့ကုမ္ပဏီနဲ့စာချုပ်ထဲမှာ ၁၁နှစ်ကျော်တောင် ကျန်သေးတယ်နော်… ၁၁နှစ်လုံးအပိတ်ခံရတယ်ဆိုတာ ဘာကိုဆိုလိုလဲ မင်းသိလို့လား… ဖျော်ဖြေရေးနယ်ပယ်ထဲကနေ မင်းထာဝရအပိတ်ခံလိုက်ရပြီလို့ ဆိုလိုနေတာကွ … မင်းအတွက် ဒီနယ်ပယ်ထဲမှာ နေရာရှိတော့မှာမဟုတ်ဘူးနော်… မင်းကငယ်ငယ်လေးရှိသေးတာကို ဒီလောက်များတဲ့အကြွေးကြီးနဲ့ တကယ်ပဲအပိတ်ခံချင်နေတာလား….”

လူကြီးမင်းကျန်းမှ တဖြည်းဖြည်းချင်းအကြံပေးလာပြန်သည်။

 “ မင်းကပျိုးပင်ကောင်းလေးပါ… မင်းသာဆန္ဒရှိနေသရွေ့ ပိတ်ပင်ထားတာကိုဖယ်ပြီး နာမည်ကြီးလာအောင် ငါလုပ်ပေးလို့ရတယ်… ငယ်သေးတာပဲဟာ ကိုယ့်အနာဂတ်ကိုယ် မဖျက်ဆီးချင်စမ်းပါနဲ့… ပြန်သွားပြီး သေချာစဉ်းစားလိုက်ဦး… အဖြေရရင် ဘယ်အချိန်မဆို ငါ့စီပြန်လာလို့ရတယ်…”

လင်းကျို့ : “ မလိုတော့ပါဘူး… ကျွန်တော်ဆန္ဒမရှိဘူး…”

လင်းကျို့ လျှောက်လာစဉ် လူကြီးမင်းကျန်း၏ဒေါသတကြီးအသံမှာ အခန်းတွင်းမှ ဟိန်းထွက်လာသည်။

 “ ဒါဆိုလည်း တစ်သက်လုံးအပိတ်ခံရဖို့ကိုပဲ မျှော်လင့်ထားလိုက်တော့… မင်းသာ ဒီပိုက်ဆံကိုတစ်လအတွင်းပြန်မဆပ်နိုင်ရင် ငါမင်းကိုထောင်ထဲပို့ပစ်မယ်…”

လင်းကျို့ တံခါးဖွင့်ကာ ထွက်လာလိုက်ပြီး သူ၏အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်သည်။ အမှိုက်ပုံးတစ်ပုံးကိုတွေ့လိုက်ရသောအခါ အပေါ်ထပ်အင်္ကျီကို ထိုးထည့်လိုက်ပြီး သူ၏အဖြူရောင်ရှပ်အင်္ကျီနှင့် ထွက်လာလိုက်သည်။ လင်းကျို့ ခေါင်းမော့လိုက်ချိန်၌ ဓာတ်လှေကားတွင် သူ့အားစောင့်ဆိုင်းနေသူနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

လင်းကျို့ : “......”

ထိုနေရာတွင် လင်ချမ် မည်မျှကြာကြာရပ်နေခဲ့ကြောင်း လင်းကျို့မသိပေ။ သူ အင်္ကျီအား လွှင့်ပစ်လိုက်သည်ကို မြင်သွားနိုင်သည်။

လင်ချမ် ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်ပြီး လင်းကျို့အတွင်းသို့ဝင်လိုက်ချိန်တွင် လင်ချမ်သည်လည်း လိုက်ဝင်လာသည်။

လူကြီးမင်းကျန်း မည်သို့သောသူမျိုးဖြစ်သည်ကို လင်ချမ်သိနေသောကြောင့် တစ်ခွန်းမှမမေးလိုက်ပေ။ ထိုသူနှင့်ပတ်သက်လာလျှင် အကြောင်းအရာအနည်းငယ်ကို သူ ကုမ္ပဏီထဲတွင် ကြားနိုင်သည်။

မည်သူမျှစကားမပြောကြဘဲ အထပ်များပြောင်းလဲသွားသည်ကိုသာ ကြည့်နေကြသည်။

ဓာတ်လှေကားမှ ငါးထပ်သို့ရောက်ရှိလာချိန်၌ လင်ချမ် ထပြောလာသည်။

 “ ဦးထုပ်နဲ့နှာခေါင်းစည်းကို ပြန်တပ်လိုက်ဦး…”

အချိန်အနည်းငယ်အတွင်း လင်းကျို့ပြန်ရောက်လာသောသတင်းမှာ ကုမ္ပဏီအတွင်းပျံ့နှံ့သွားပြီး သူမည်သို့ဆက်ဆံခံရမည့်အကြောင်းကို လူတိုင်းပြောနေကြသည်။

ဧည့်ကြိုစားပွဲမှမိန်းကလေးသည် ပါးစပ်ဖွာသူတစ်ဦးပင်။ ကုမ္ပဏီစကားဝိုင်းထဲတွင် သူမ “ လင်းကျို့ရဲ့ မှင်တက်လောက်စရာ ချောမောမှုကြောင့် ငါလွှမ်းမိုးခံလိုက်ရတယ်…” ဟူ၍ အော်ဟစ်လာပြီးနောက်တွင် စကားများမှာ လူတစ်ဦးမှဆယ်ဦး၊ ဆယ်ဦးမှတစ်ရာအထိ ပျံ့နှံ့သွားပြီး စန္ဒရားခန်းအတွင်း ပုန်းအောင်းနေသော လင်ချမ်ပင်လျှင် လင်းကျို့ ကုမ္ပဏီသို့ရောက်လာကြောင်း သိသွားခဲ့သည်။

ဓာတ်လှေကားသည် ပထမထပ်တွင်ရပ်တန့်သွားပြီး လင်းကျို့ ဆင်းရန်ပြင်လိုက်စဉ် လင်ချမ်မှ သူ့အား တားမြစ်လာသည်။

 “ ကားပါကင်ကိုပဲ တိုက်ရိုက်သွားကြရအောင်… ငါမင်းကိုလိုက်ပို့ပေးမယ်…”

လင်းကျို့ ပြန်မကြည့်လိုက်ချေ “ ဟင့်အင်း တက္ကစီပဲငှားသွားလိုက်ပါ့မယ်…”

လင်ချမ် : “ မင်းပြန်ရောက်လာတဲ့သတင်းတွေက ပျံ့နေလောက်ပြီ… မုန်းတီးနေတဲ့သူတွေကို ဂရုစိုက်ရမယ်လေ…”

လင်းကျို့ : “....”

သူ လင်ချမ်အနောက်မှ မြေအောက်ကားပါကင်သို့ လိုက်သွားလိုက်ပြီး ထိုသူ၏ကားထဲဝင်လိုက်သည်။

“ တောင်းပန်ပါတယ်…” 

လင်းကျို့ ထိုသူကိုတောင်းပန်ရန် အကြွေးတင်နေခဲ့သည်။

လင်ချမ် ရယ်မောလာသည်။

 “ တောင်းပန်ဖို့မလိုပါဘူးကွာ… မင့်အပြစ်မှမဟုတ်တာကို…”

သူ ယမန်နေ့ညတွင် ရှာတွေ့ထားသောသတင်းများအရ အဖွဲ့ဖျက်သိမ်းလိုက်ပြီးနောက် သက်ရောက်မှုမရှိဘဲ အခြေအနေအပေါ် အခွင့်ကောင်းယူနိုင်ခဲ့သူမှာ သွမ့်ချန်ကျိုးတစ်ဦးတည်းသာဖြစ်၏။

လွန်ခဲ့သောနှစ်အတွင်း လင်ချမ် တစ်နှစ်လုံးနည်းပါး အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ဟော်ဝေမှာမူ ချို့တဲ့သောအထူးပြုလုပ်ချက်၊ ဆိုးရွားသောဇာတ်ကြောင်းနှင့် အရှက်ရဖွယ်သရုပ်ဆောင်ချက်များပါသော ခပ်ညံ့ညံ့စိတ်ကူးယဉ်အွန်လိုင်းဇာတ်လမ်းတွဲတွင် နေရာချပေးခြင်းခံရသည်။ ဟော်ဝေမှလွဲ၍ ဇာတ်ကားတွင်းရှိ အမျိုးသားနှင့်အမျိုးသမီးသရုပ်ဆောင်အားလုံးမှာ လူသစ်များသာဖြစ်ကာ ဟော်ဝေ၏ကျော်ကြားမှုကို အပြည့်အဝအသုံးချနေကြသည်။

“ အားဝေက အေးဂျင့်ပြောင်းလိုက်တယ်လေ… သူ့အခုအေးဂျင့်မှာက လူသစ်တွေအများကြီးရှိနေတာဆိုတော့ အရင်းအမြစ်အကန့်အသတ်ရှိနေတာနဲ့ သိပ်ပြီးကောင်းကောင်းမရဘူးပေါ့ကွာ….”

လင်းကျို့ တိတ်တဆိတ်နားထောင်နေရာမှ ထမေးလိုက်သည်။

 “ မင်းကကော ဘယ်လိုလဲ… ဘာအစီအစဉ်ရှိလဲ…”

လင်ချမ် ပြုံးပြလာသည်။

“ အခုချိန်မှာ အကြီးဆုံးပြဿနာရှိနေတာဆိုလို့ မင်းပဲလေ… တကယ်လို့ လိုတာရှိရင် ငါ့ကိုပြောသာပြောချည်…”

လင်းကျို့ ပြတင်းပေါက်အပြင်မှ ယာဉ်ကြောပိတ်ဆို့နေမှုကိုကြည့်၍ ပြောလိုက်သည်။

 “ ကျေးဇူးပါ… ငါ့ဘာသာပဲ နည်းလမ်းရှာလိုက်ပါ့မယ်…”

သူ့ကို အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် ချွမ့်ရှင်းမှသတိပြုခံရပြီး ကုမ္ပဏီအတွက် တစ်ဆယ့်ငါးနှစ်ကြာ အလုပ်လုပ်ပေးရန် စာချုပ်ချုပ်ခဲ့သည်။

ထိုအချိန်တွင် သူ့အားမွေးစားထားသောအဘိုးမှာ ကွယ်လွန်သွားခဲ့ပြီး အိမ်ကိုလည်း အဘိုး၏သားဖြစ်သူမှယူသွားခဲ့သည်။ လင်းကျို့ အိမ်မရှိတော့သဖြင့် ကျောင်းမှာလွဲ၍ သွားရန်နေရာမရှိတော့ချေ။ စားဝတ်နေရေးအတွက်လည်း ပိုက်ဆံမရှိသောကြောင့် ကျောင်းမှာပေးသည့် ပညာသင်ကြေးအပေါ်တွင်သာမှီခိုခဲ့ရကာ အားလပ်ချိန်အနည်းငယ်ရှိတိုင်း သူ့ကိုယ်သူထောက်ပံ့ရန်အတွက် ဘားတွင်သီချင်းသွားဆိုခဲ့ရသည်။ ထိုကဲ့သို့သောအခြေအနေအောက်တွင် ချွမ့်ရှင်းမှ သူ့အားရှာတွေ့ခဲ့ပြီး စာချုပ်ချုပ်လာစေရန် လေ့ကျင့်ရေးကာလအတွင်း လစာနှင့်အဆောင်ပေးမည်ဟု ကမ်းလှမ်းလာသောကြောင့် လင်းကျို့ တုံ့ဆိုင်းမှုမရှိလက်မှတ်ထိုးခဲ့သည်။

ထိုအချိန်တွင် သူ၏အတွေးများမှာရိုးရှင်းခဲ့ကာ စားရန်အစာနှင့် ဖတ်ရန်စာအုပ်များရှိသရွေ့ သူကျေနပ်မည်ဖြစ်သည်။

ဖျော်ဖြေရေးနယ်ပယ်သည် သူနှင့်မသင့်တော်ကြောင်း နောက်ပိုင်းရှာတွေ့သွားခဲ့သော်လည်း လင်းကျို့ အံကြိတ်၍ ကြိုးစားတောင့်ခံရဆဲပင်။ ထိုစာချုပ်သည် သူ့အားကျွန်ပြုထားသဖြင့် မည်မျှပင်ခက်ခဲပါစေ အံတင်းတင်းကြိတ်၍ စာချုပ်သက်တမ်းကုန်သည်အထိ သည်းခံနေရမည်။

ယခုအချိန်တွင်မူ သူသည်းမခံချင်တော့ပေ။ လွတ်လပ်မှုကိုဆုံးရှုံးရပြီးနောက် သူပိုင်ဆိုင်သည့်တစ်ခုတည်းသောအရာ သူ၏ခန္ဓာကိုယ်ကို ရောင်းမစားချင်ဘဲ ဤကဲ့သို့ ညစ်ပတ်သည့်နွံအိုင်အတွင်းကျဆင်းရမည့်အစား မိစ္ဆာပင်လယ်သို့ပြန်သွား၍ ထိုနေရာတွင်သာ တစ်ကိုယ်တည်းသေဆုံးမည်ဖြစ်သည်။

ပိတ်ပင်ခံရခြင်းမှာ အမှန်စင်စစ်အားဖြင့် သူ့အတွက်ကောင်းသောအရာဟုဆိုနိုင်ပေမည်။

လင်ချမ် လင်းကျို့အား သူနေထိုင်ရာရပ်ကွက်ဂိတ်တံခါးဝသို့ ပို့ပေးပြီးနောက်ထွက်ခွာသွားခဲ့သည်။

…..

လင်းကျို့ မနက်စာမစားခဲ့ရချေ။ အချိန်မှာလည်း မွန်းတည့်လုနီးပါးဖြစ်ရာ သူအလွန်ဆာလောင်နေသည်။

စနစ်အား ငါးကန်ထုတ်ခိုင်းလိုက်ပြီး ကြမ်းတမ်းသောငွေရောင်ငါးသိုင်းဖြူကြီးနှင့် အသည်းအသန်တိုက်ခိုက်ပြီးနောက်မှာသာ အဆုံးတွင် လိုချင်သောငါးအသားကိုရရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် လင်းကျို့ ငါး၏ရိုးတွင်းခြင်ဆီကိုပါ စားသောက်လိုက်ပြီး ငါးခေါင်းနှင့်အရိုးများကို စနစ်တွင်ပြန်လည်အသုံးချလိုက်ရာ မှော်အမှတ်တစ်မှတ်ရရှိခဲ့သည်။

“ စနစ် မင်းပိုက်ဆံကောဖန်တီးပေးလို့ရလား…”

[ လက်ခံသူ ကျွန်တော်ကလူသားဖြစ်လာနိုင်လား ]

လင်းကျို့ : “.....”

ယခုအချိန်၌ သူ၏စိတ်ထဲတွင် ပိုက်ဆံများဖြင့်သာ ပြည့်နှက်နေပြီး အရသာရှိသောငွေရောင်ငါးအသားသည်ပင် အနံ့မကောင်းတော့ဘဲ စားချင်စိတ်ပျောက်ဆုံးသွားရသည်။

တစ်မီတာရှည်လျားသော ငွေရောင်ငါးကြီးကို လင်းကျို့ တစ်ဦးတည်းစားမကုန်နိုင်သဖြင့် အသားအားလုံးကိုလှီးထုတ်လိုက်ပြီး ဘူးထဲသို့ထည့်လိုက်သည်။ ထို့နောက် ပလတ်စတစ်ဖြင့် သေသေချာချာထုတ်ပိုးကာ နောက်တစ်နပ်စားရန်အတွက် ရေခဲသေတ္တာထဲသို့ထည့်လိုက်သည်။

ရေခဲသေတ္တာတံခါးကိုပိတ်ပြီးနောက် လင်းကျို့ ရုတ်တရက်ရပ်တန့်သွားကာ ပြန်လှည့်လာပြီး ရေခဲသေတ္တာကိုပြန်ဖွင့်၍ ယခုလေးတင်မှ ထည့်ထားပြီးသော ငါးဘူးကိုထုတ်ယူလိုက်သည်။ အနီရောင်တောက်တောက်ငါးအသားကိုကြည့်ကာ လင်းကျို့ အကြံတစ်ခုရသွားလေတော့သည်။


🐙🦀🦐

🧜‍♂️Chapter 4
 á€„ဍးသဏအက္ဏက မောက်မာပြီး အားကြီးလွန်းလှတယ်


သူ၏မိုဘိုင်းဖုန်းကိုသုံး၍ မြို့တော်အေရှိ အကောင်းဆုံးပင်လယ်စာစားသောက်ဆိုင်များကို ရှာဖွေလိုက်သည်။ ကြယ်ပွင့်အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်အများစုမှာ ဆိုင်ခွဲများစွာရှိပြီး စည်းကမ်းချက်လည်းများပြားသည်။ ကုန်ကြမ်းတင်ပို့သောနေရာကို အလွန်တင်းကြပ်ထားကာ ပင်လယ်စာ၏အရည်အသွေးနှင့် မူလဇစ်မြစ်အတွက် လိုအပ်ချက်မြင့်မားသည်။

ထိုသို့သောနေရာတွင် ပင်လယ်စာသွားစားကြသူများအတွက် အစားအသောက်ကိုအရသာခံရန်မှာ ဒုတိယဖြစ်ပြီး ၎င်းတို့၏လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်သည်သာ အဓိကရည်ရွယ်ချက်ဖြစ်သည်။

လင်းကျို့၏ငါးများသည် မူလဇစ်မြစ်နှင့်မျိုးနွယ်မသိရသော တရားမဝင်ငါးများဖြစ်ရာ ကြယ်ပွင့်အဆင့်စားသောက်ဆိုင်ကြီးများအနေဖြင့် မြည်းစမ်းကြည့်ရန် အန္တရာယ်ယူရဲမည်မဟုတ်ပေ။ မဝယ်လျှင်ပြဿနာမရှိသော်လည်း ငါးမျိုးစိတ်အသစ်အဖြစ်မှတ်ယူပြီး သုတေသနပြုရန်ပို့လိုက်ပါက ဒုက္ခများသွားပေလိမ့်မည်။

လင်းကျို့ လိုအပ်သည်မှာ အရသာကိုအဓိကထားသော အရည်အသွေးမြင့်စားသောက်ဆိုင်ကောင်း တစ်ခုသာဖြစ်၏။ သူ ပင်လယ်စာစားလာသည်မှာ အချိန်အတန်ကြာပြီဖြစ်ရာ မိစ္ဆာပင်လယ်မှ ပင်လယ်စာများ၏အရသာအပေါ် အလွန်ယုံကြည်မှုရှိသည်။

လင်းကျို့ အစားအသောက်ချစ်သူများအသိုင်းအဝိုင်းအတွင်း စတင်ရှာဖွေလိုက်သည်။ ထိုရပ်ဝန်းသည် မည်သည့်အခါကမှ စားသောက်ဆိုင်ကောင်းတစ်ခုကို လွတ်သွားခြင်းမရှိဘဲ အရွယ်အစား သို့မဟုတ် ကြယ်ပွင့်အဆင့်အပေါ်ကိုလည်း ဂရုစိုက်ခြင်းမရှိချေ။ အရသာကောင်းနေသရွေ့ အဆင်ပြေပြီဖြစ်သည်။ နှမ်းစေ့လောက်သာရှိမည့် ဆိုင်ဖြစ်နေလျှင်ပင် အရသာကောင်းမည်ဆိုပါက မဖြစ်မနေ ညွှန်းဆိုကြပေလိမ့်မည်။

ရှာဖွေမှုအချို့ပြုလုပ်ပြီးနောက် လင်းကျို့ ပိုင်ကောဝမ်ဟူခေါ်သည့် စားသောက်ဆိုင်တစ်ခုကို အောင်အောင်မြင်မြင်ရှာတွေ့သွားခဲ့သည်။

အဆင့်အတန်းရှိသော ပတ်ဝန်းကျင်အနေအထား၊ အရသာအပေါ်တွင်သာအသားပေးမှုနှင့် တစ်ဆိုင်တည်းသာရှိသော သီးသန့်ဆိုင်ဖြစ်နေခြင်းတို့ကြောင့် လင်းကျို့၏လိုအပ်ချက်အားလုံးနီးပါးကို ပြည့်မီခဲ့သည်။

အစားအသောက်ချစ်သူရပ်ဝန်းအတွင်း အတင်းအဖျင်းများကို အကဲခတ်ကြည့်မည်ဆိုလျှင် ပိုင်ကောဝမ်၏ပိုင်ရှင်မှာ ငွေကိုဂရုမစိုက်သော ဒုတိယမျိုးဆက်သူဌေးသားတစ်ဦးဖြစ်သည်။ ပိုင်ရှင်ကိုယ်တိုင်ကပင် စီနီယာအဆင့် အစားအသောက်ချစ်သူတစ်ဦးဖြစ်၏။ ဆိုင်ဖွင့်ရသည့်အဓိကအချက်မှာ မိမိကိုယ်တိုင်စားနိုင်ရန်အတွက်ဖြစ်ကာ ဒုတိယအချက်မှာမူ ငွေရှာနိုင်ရန်ဖြစ်သည်။ ဆိုင်တွင်းသို့ဝင်ရောက်ရမည့် ပါဝင်ပစ္စည်းများအနေဖြင့် လတ်ဆတ်ရန် အမြဲအာမခံထားပြီး ဟင်းပွဲတိုင်းကိုလည်း ပိုင်ရှင်ကိုယ်တိုင်စားကြည့်ပြီးနောက် သဘောကျမှသာ ရောင်းချခွင့်ပြုလေသည်။

ပိုင်ကောဝမ်သည် အစားအသောက်ချစ်သူများအကြားတွင် အလွန်နာမည်ကောင်းရထားပြီး ပိုင်ရှင်ကိုယ်တိုင်မှာလည်း အနည်းငယ်ထူးဆန်းသောကြောင့် လင်းကျို့ ထိုဆိုင်ကိုရွေးချယ်ရန်ဆုံးဖြတ်လိုက်သည်။

ရေခဲသေတ္တာအတွင်းမှ ရေခဲတုံးအချို့ကိုယူပြီး ရေခဲကြိတ်စက်ဖြင့် ကြိတ်ချေလိုက်ကာ ဘူးအသစ်ထဲသို့ထည့်လိုက်သည်။

ငွေရောင်ငါးအသားအချို့ကိုလည်း ထုတ်ယူလိုက်ပြီး ဓားနှင့်စဉ့်နှီတုံးကိုဆေး၍ ငါးအသားများကို အတုံးသေးလေးများအဖြစ် တညီတညာတည်းတုံးလိုက်သည်။ ၎င်းတို့ကို ကြိတ်ချေထားသောရေခဲများပေါ်သို့တင်လိုက်ပြီး သွားကြားထိုးတံစိုက်ကာ ပလတ်စတစ်ဖြင့်သေသေချာချာထုတ်ပိုး၍ အပူအအေးထိန်းညှိပေးနိုင်သောဘူးထဲသို့ ထည့်လိုက်သည်။

အိမ်တွင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ မရှိသောကြောင့် အလှမဆင်နိုင်သဖြင့် အသားများကို ထိုအတိုင်းသာထည့်လိုက်ရသည်။

လင်းကျို့အားမွေးစားခဲ့သောအဘိုးသည် ဟိုတယ်ကြီးတစ်ခုတွင် စားဖိုမှူးလုပ်ခဲ့ဖူးသည်။ အဘိုးဖြစ်သူနှင့်ကြီးပြင်းလာသော လင်းကျို့တစ်ယောက် သူ့ထံမှသင်ယူနိုင်ခဲ့သည်ဖြစ်ရာ ဟင်းချက်ကျွမ်းကျင်မှုအရ သာမန်လူများထက် ထူးကဲသာလွန်သည်ဟုဆိုနိုင်ပေမည်။

လင်းကျို့ အဝတ်အစားလဲ၍ အပူအအေးခံဘူးနှင့်အတူထွက်လာလိုက်သည်။

ပိုင်ကောဝမ်သို့ တက္ကစီစီး၍ထွက်လာချိန်၌ အချိန်မှာ နေ့လည်သုံးနာရီကျော်လွန်နေပြီဖြစ်သည်။ ထိုအချိန်၌ ဆိုင်ထဲတွင် စားသုံးသူများမရှိဘဲ စားပွဲထိုးမှ ညနေအတွက်ပြင်ဆင်နေရာ လင်းကျို့ အပူအအေးခံဘူးကိုယူ၍ ဝင်လာလိုက်သည်။

စားပွဲထိုးမှ သူ့အားသတိပြုမိသွားပြီး အနားသို့ရောက်လာခဲ့သည်။

 “ မင်္ဂလာပါခင်ဗျာ… အခုညစာစားချိန်မရောက်သေးတာမလို့ လူကြီးမင်းအနေနဲ့ ညနေ၅နာရီကျော်မှ ပြန်လာပေးပါနော်…”

လင်းကျို့ ဦးထုပ်နှင့်နှာခေါင်းစည်းတပ်ဆင်ထားပြီး သူ၏နက်‌မှောင်ရှည်လျားသောဆံပင်များမှာ အလွန်တရာသိသာထင်ရှားနေ၏။

 “ တဆိတ်လောက်ဗျ မင်းတို့ရဲ့သူဋ္ဌေးဆိုင်မှာရှိလားဆိုတာကို မေးချင်လို့ပါ…”

စားပွဲထိုးသည် လင်းကျို့၏မျက်နှာကိုမမြင်နိုင်သော်လည်း သူ၏အသံမှာကောင်းမွန်သည်ဟု တွေ့လိုက်မိသည်။

 “ သူဋ္ဌေးကပုံမှန်ဆိုရင်တော့ ညစာစားချိန်ကျော်မှလာတတ်တာပါ… တကယ်လို့အရေးကြီးတယ်ဆိုရင်တော့ ကျွန်တော်တို့ သူ့ကိုခေါ်ပေးလို့ရပါတယ်… အရေးမကြီးဘူးဆိုရင်တော့ ဆိုင်ထဲမှာပဲထိုင်စောင့်ပေးပါနော်…”

လင်းကျို့ ဤနေရာကိုရွေးချယ်ခဲ့ခြင်းမှာ သူ့အားလူများစွာမမြင်လိုသောကြောင့်ဖြစ်သည်။ မူလဇာစ်မြစ်မသိရသော ပင်လယ်စာများအား စားသုံးသူများအရှေ့တွင် ရောင်းချရန်မှာလည်းမသင့်လျော်လှပေ။

လင်းကျို့ ခဏကြာစဉ်းစား၍မေးလိုက်သည်။

 “ စားဖိုမှူးကြီးကောဒီမှာရှိလားမသိဘူး…”

ယခုအချိန်အရ စားဖိုမှူးကြီးမှာ ညစာအတွက်ပြင်ဆင်နေသင့်သည်။

စားပွဲထိုးတစ်ယောက် အနည်းငယ်နားမလည်နိုင်ဖြစ်သွားရသည်။

“ ကျေးဇူးပြုပြီး စားဖိုမှူးကြီးနဲ့ ဘယ်လိုကိစ္စများရှိလို့လဲမသိဘူး…”

“ ဒီလိုပါ ကျွန်တော်ဖမ်းမိလာတဲ့ပင်လယ်ငါးက အရသာအတော်လေးကောင်းတော့ မင်းတို့ရဲ့သူဌေးများ နည်းနည်းလိုချင်မလားလို့မေးချင်တာပါ… သူဌေးမရှိဘူးဆိုရင်တောင် စားဖိုမှူးကြီးရှိမယ်ဆိုရင် ပြဿနာမရှိပါဘူး… ကျွန်တော် ငါးအသားနည်းနည်းယူလာတာမလို့ အရင်ဦးဆုံး စားဖိုမှူးကြီးကို ပေးမြည်းခိုင်းလို့ရပါတယ်…”

လင်းကျို့ လက်ထဲမှ အပူအအေးခံဘူးကို မြှောက်ပြလိုက်သည်။

ဤမျှကြည့်ကောင်းပြီး ကြော့ရှင်းစွာဝတ်စားထားသူသည် ပင်လယ်ငါးဖမ်းသမားတစ်ဦးဖြစ်နေမည်ဟု စားပွဲထိုးထင်မထားမိခဲ့ပါချေ။ သူတို့အနေဖြင့် ထိုသို့သောစျေးသည်များအား နေ့တိုင်းမြင်တွေ့ခဲ့ဖူးပြီဖြစ်သည်။

ပုံမှန်အခြေအနေများအောက်တွင် ထိုသူများအနေဖြင့် ကြည့်ကောင်းသောရုပ်ရည်မရှိကြချေ။ သူတို့၏သူဌေးမှာ အတော်အတန်ဇီဇာကြောင်ပြီး အမည်မသိနေရာမှာလာသော ပင်လယ်စာမျိုးကို လက်ခံလိမ့်မည်မဟုတ်ပေ။

စားပွဲထိုး၏အသံမှာ ယဉ်ကျေးသမှုရှိသော်လည်း သူ၏စကားမှာမူ တည့်တိုးဆန်လှသည်။

 “ အခုကညစာစားချိန်ရောက်တော့မယ်လေ… စားဖိုမှူးကြီးကလည်း အလုပ်များနေတာဆိုတော့ တွေ့ဖို့အချိန်မရှိနိုင်လောက်ဘူးဗျ…”

ထိုစဉ် မှန်တံခါးပွင့်သွားပြီး ပေါ့ပေါ့ပါးပါးဝတ်စားထားသောလူငယ်တစ်ဦးမှ ကားသော့ကိုယမ်းလျက်ဝင်လာပြီး ဝင်လာလာခြင်းမှာပင် လှမ်းပြောလာသည်။

 “ လောင်ဖန်းရေ ကျွန်တော်မှာထားတဲ့ ပင်လယ်စာဗန်းက အဆင်သင့်ဖြစ်ပြီလားဗျို့…”

“ ဖြစ်ပြီ ဖြစ်ပြီ…”

စားဖိုမှူးဝတ်စုံဝတ်ထားသော သတ်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ဦးမှ လက်ထဲတွင် စတုရမ်းပုံဘူးတစ်ဘူးကိုကိုင်လျက်ထွက်လာပြီး ဘူးအား လူငယ်လေးထံ လက်နှစ်ဖက်ဖြင့်ပေးလိုက်သည်။

ကျန်းကော လှမ်းယူလိုက်ကာ တချက်ကြည့်လိုက်သည်။

“ တူနာငါးပြာတွေကော နည်းနည်းပြင်ထားသေးလား…”

ဖန့်ချမ်ခွင်း သူ၏ပြည့်ဖောင်းနေသောမျက်နှာဖြင့် ပြုံးပြလိုက်သည်။

 “ ဟုတ်ကဲ့ အကောင်ကြီးခပ်ဝဝတစ်ကောင်ပြင်ထားတာပါ…”

ကျန်းကော စကားပြန်မပြောဘဲ ဘူးကိုယူ၍ထွက်သွားရန် ပြင်လိုက်သည်။

လင်းကျို့နှင့်စားပွဲထိုးကို ဖြတ်လျှောက်သွားချိန်၌ ကျန်းကော လင်းကျို့၏မျက်နှာကိုမမြင်ရဘဲ သူ၏အနက်ရောင်ဆံပင်ရှည်များကိုသာ မြင်လိုက်ရသည်။

ကျန်းကော ရပ်တန့်သွားပြီး မေးလိုက်မိသည်။

 “ ဘာဖြစ်တာလဲ… ဒီမှာဘာလို့ရပ်နေကြတာလဲ…”

စားပွဲထိုးမှ ကပျာကယာခေါင်းညိတ်အရိုအသေပေးကာ သူဋ္ဌေးဟုခေါ်လာသည်။

 “ ဒီကလူကြီးမင်းက ပင်လယ်ငါးရောင်းချင်လို့တဲ့… အဲ့ဒါ ကျွန်တော် သူ့ကို ထွက်သွားပေးဖို့ပြောနေတာပါ…”

ကျန်းကော သာမန်ကာလျှံကာမေးလိုက်သည်။

 “ ဘယ်လိုပင်လယ်ငါးမျိုးလဲ…”

အနှီသူသည် ခြေတစ်လှမ်းလှမ်းလာပြီဖြစ်ရာ ပင်လယ်ငါးအပေါ် စိတ်ဝင်စားမှုရှိနေကြောင်း သိသာထင်ရှားသည်။

လင်းကျို့ ကမန်းကတန်းပြောလိုက်မိသည် “ အရသာရှိတဲ့ ငွေရောင်ငါးသိုင်းဖြူတွေပါ…”

ကျန်းကော ထပ်မံ၍ရပ်တန့်သွားလေသည်။ အစားအသောက်ချစ်သူတစ်ဦးအနေဖြင့် သူမခံစားနိုင်ဆုံးအရာမှာ “ အလွန်အရသာရှိတယ်…” ဟူသည့် စကားလုံးသုံးလုံးဖြစ်ပြီး ဒုတိယမခံစားနိုင်ဆုံးအရာမှာ အမည်တစ်ခါမှမကြားခဲ့ဖူးသော ငါးဖြစ်သည်။

“ ဘာငါးလဲ…” ကျန်းကော နားကြားမှားသည်ဟုပင်ထင်မိသွားသည်။ ထိုကဲ့သို့သောငါးမျိုးကို သူယခင်တစ်ခါမှမကြားခဲ့ဖူးချေ။

“ ငွေရောင်ငါးသိုင်းဖြူတွေပါ… ကျွန်တော် ပင်လယ်ထဲငါးမျှားနေတုန်း ဒီငါးကိုမတော်တဆရှာတွေ့ခဲ့တာလေ… သူ့အကြေးခွံတွေက ငွေရောင်နဲ့တော့တူတယ်… အင်တာနက်ပေါ်မှာလဲ ပုံစံတူငါးမျိုးကိုရှာမရတော့ ကိုယ့်ဘာသာပဲနာမည်ပေးလိုက်တာပါ… ငါးအသားက အရမ်းအရသာရှိတာ ခင်ဗျားမြည်းကြည့်လို့ရပါတယ်…”

ပြောပြောဆိုဆိုဖြင့် ယူဆောင်လာသောအပူအအေးခံဘူးကို လင်းကျို့ လျှင်မြန်စွာဖွင့်ပြလိုက်ပြီး အထဲမှငါးအသားဘူးကိုထုတ်ယူလိုက်သည်။ ထို့နောက် ပလတ်စတစ်အုပ်ထားသည်ကိုဖယ်လိုက်ပြီး ကြိုတင်ပြင်ဆင်လာသော သွားကြားထိုးတံကိုကမ်းပေးလိုက်ကာ ကျန်းကော မြည်းစမ်းကြည့်ရန် စောင့်ဆိုင်းနေလိုက်သည်။

တာရှည်ခံဘူးအတွင်းရှိ ရေခဲမှုန်များမှာ အရည်မပျော်သေးချေ။ နှင်းဖြူရောင်ရေခဲပြင်ပေါ်တွင် ငါးအသားအပိုင်းအချို့ကို သပ်ရပ်စွာစီရီထားကာ အနီရောင်တောက်တောက်မှာ အလွန်ဆွဲဆောင်မှုရှိနေလေသည်။ အသားထဲမှအဆီအကြောမှာလည်း ဆယ်လမွန်ငါးကဲ့သို့ အဖြူရောင်မဟုတ်ဘဲ ငွေရောင်ဖြစ်နေကာ အဆင့်အတန်းမြင့်မားသောခံစားချက်မျိုးကို ပေးစွမ်းနေ၏။

ကျန်းကော ထိုကဲ့သို့သော အရောင်တောက်တောက် ငါးအသားလွှာမျိုးကို တစ်ခါမှမြင်တွေ့ဖူးခြင်းမရှိပေ။

“ ဒါက… သန္ဓေပြောင်းဆယ်လမွန်ငါးလား…” ကျန်းကော မသေချာနေပေ။

မည်သို့ခေါ်မည်မှာ အရေးမပါလှချေ။ ကျန်းကော တစ်ကိုက်ကိုက်နိုင်သရွေ့ ထိုသူ၏အရသာခံဖုများအား ဖမ်းစားနိုင်မည်ဖြစ်ကြောင်း လင်းကျို့သေချာနေခဲ့သည်။

မည်သည့်အချိန်တွင် ရောက်လာမှန်းမသိရသော ဖန့်ချမ်ခွင်းမှ သူ၏ဝဖြိုးသောလက်ကြီးကို ဆန့်လာသည်။

 “ ကျူပ်ပဲအရင်စမ်းကြည့်လိုက်မယ်လေ… သူဋ္ဌေးအတွက် ကူမြည်းပေးပါရစေ…”

လင်းကျို့ သွားကြားထိုးတံတစ်ချောင်းပေးလိုက်ရာ ဖန့်ချမ်ခွင်း ငါးအသားအပိုင်းကို ကောက်ယူလိုက်ပြီး မျက်စိအရှေ့သို့ ယူကြည့်လိုက်ကာ “ မင်းရဲ့ဓားကိုင်စွမ်းရည်က ကောင်းသားပဲ… သပ်ရပ်သန့်‌ရှင်းနေကော…” ဟူ၍ ပြောလာပြီးနောက် ငါးကိုပါးစပ်ထည့်၍ တဖြည်းဖြည်းချင်းဝါးလိုက်သည်။

အသားသည်နူးညံ့နေပြီး အရသာရှိမှုမှာ လျှာဖျားတွင်ပင် ပေါက်ကွဲသွားကာ အလွန်အရသာရှိလွန်းသောကြောင့် ဖော်ပြရန်ခက်ခဲနေ၏။

ဖန့်ချမ်ခွင်း ကျေနပ်မှုကြောင့် မျက်လုံးများမှေးကျဉ်းသွားပြီး သူ၏လက်ကြီးဖြင့် မသိစိတ်မှနေ၍ ဒုတိယတစ်ဖတ်ကို ထပ်မံကောက်ယူလိုက်မိသည်။ ထိုအခါမှသာ တစ်စုံတစ်ရာလွဲမှားနေသည်ကို ကျန်းကော သတိပြုမိသွားပြီး ဖန့်ချမ်ခွင်း၏လက်ကို ပုတ်ထုတ်လိုက်ရသည်။

“ နည်းနည်းလောက်ပိုပြီး သတိလေးကပ်ပါဦးလား… သူဋ္ဌေးလုပ်တဲ့သူတောင် မမြည်းရသေးဘူးလေ…” 

ကျန်းကော သွားကြားထိုးတံကိုယူ၍ အသားတစ်ဖတ်ကောက်ကာ ပါးစပ်ထဲထည့်လိုက်သည်။

ဖန့်ချမ်ခွင်း သွားဖြဲပြလာသည်။

 “ အရသာမသိရသေးလို့ပါကွယ်… နောက်တစ်ဖတ်လောက်ပဲ ထပ်မြည်းကြည့်ပါ့မယ်… တစ်ဖတ်တည်းပါ…”

ဤတစ်ကြိမ်တွင်မူ စကားလုံးများပျောက်ဆုံးရသည်အထိ အရသာရှိမှုကြောင့် ရှော့ရသွားပြီး ကျန်းကော၏မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သူ၏လက်များမှာ ဦးနှောက်ထက်ပိုမိုမြန်ဆန်နေပြီး လင်းကျို့၏လက်ထဲရှိ ဟင်းဘူးကို လုယူသွားကာ အဆုံးတွင် ငါးအသားသုံးဖတ်ကိုသာ ကယ်တင်လိုက်နိုင်သည်။

ဖန့်ချမ်ခွင်းသည်လည်း အရှုံးမပေးခဲ့ဘဲ ထပ်မံမြည်းစမ်းနိုင်ရန် ကျန်းကောနောက်သို့ လိုက်နေခဲ့သည်။

ကျန်းကော မည်ကဲ့သို့သဘောတူနိုင်ပါမည်နည်း။ သူသည် ကုန်းပေါ်နှင့်ရေအောက်မှ အထူးအဆန်းမျိုးစုံကို မြည်းစမ်းခဲ့ဖူးသော်လည်း ဤမျှအရသာရှိသောအရာကိုမူ တစ်ခါမှမစားဖူးခဲ့ချေ။ ၎င်းသည် ဟင်းခတ်ပစ္စည်းများမပါဝင်နေလျှင်ပင် အရသာစစ်မှန်လှ၏။ အရာအားလုံးမှာ ပါဝင်ပစ္စည်းကိုယ်တိုင်၏ လတ်ဆတ်မှုကြောင့်သာ ဖြစ်လေသည်။

ကျန်းကော လက်ကျန်ငါးသုံးဖတ်ကို တတ်နိုင်သမျှမြန်မြန် ပါးစပ်ထဲသို့ ထိုးသိပ်ထည့်လိုက်ပြီး ရေခဲမှုန်သာကျန်သောဘူးကို စားဖိုမှူးဖန့်အား ပြန်ပေးလိုက်သည်။

စားဖိုမှူးဖန့်မှာမူ ရေခဲဘူးကြီးကိုကိုင်လျက် စိတ်ဆင်းရဲနေလေသည်။

ကျန်းကော ပါးစပ်အပြည့်ဖြစ်နေသော ငါးအသားများကို မြိုချလိုက်ပြီး အသက်ပြင်းပြင်းတချက်ရှိုက်လိုက်သည်။ အရသာရှိမှုမှ သူ့ခန္ဓာကိုယ်တွင်းရှိ ဆဲလ်အားလုံးကို နှိုးဆွပေးနိုင်သကဲ့သို့ တက်ကြွလာပြီး တစ်ကိုယ်လုံးလန်းဆန်းကာ သက်သောင့်သက်သာဖြစ်လာသည်ဟု ခံစားလိုက်ရသည်။

“ စားကောင်းတယ်… အရမ်းကိုအရသာရှိတာပဲဟ…” 

ကျန်းကော အလွန်စိတ်လှုပ်ရှားနေမိသည်။

 “ မင်းမှာ ငါးဘယ်လောက်ကျန်သေးလဲ… ငါအကုန်လုံးကိုလိုချင်တယ်…”

လင်းကျို့ စိတ်သက်သာရာရစွာ သက်ပြင်းတချက်ချလိုက်သည်။

 “ ဈေးအတွက်က…”

“ ဈေးကညှိနှိုင်းလို့ရတယ်… အရသာရှိတဲ့အရာတွေအတွက်ဆို ငါက လက်ဖွာပြီးသားပဲ… ဈေးသာပြောလိုက်စမ်းပါ…” 

ကျန်းကောမှာ အလွန်ရက်ရောသူဖြစ်သည်။

သို့ဖြစ်ရာ လင်းကျို့ ကမ်းလှမ်းလိုက်သည်။

 “ တစ်ကတ်တီကို သုံးသောင်းပါ…”

ကျန်းကော : “.....”

စားဖိုမှူးဖန့် : “.....”

လုံးလုံးလျားလျား လျစ်လျူရှုထားခံရသော စားပွဲထိုးလေး : “.....”

ကျန်းကော စကားပြန်မပြောဘဲ လက်ထဲကိုင်ထားသော ပါဆယ်ဘူးကို တိတ်တဆိတ်ဖွင့်၍ သီးသန့်ပြင်ထားသည့် တူနာငါးပြာအသားလွှာကိုထုတ်ကာ တူဖြင့်တစ်ဖတ်ကောက်ယူလိုက်သည်။ ထို့နောက် ပါးစပ်ထဲထည့်ကာ တိုးတိတ်စွာဝါးပြီးနောက် ဆုံးဖြတ်ချက်ချလိုက်လေသည်။

“ ဝယ်မယ် ငါးကဘယ်မှာလဲ ..” 

ကျန်းကော အရသာခါးသည်ဟု ခံစားလိုက်ရသည်။ ယခင်ထိပ်တန်းအဆင့် အရသာရှိသော တူနာငါးပြာသည်ပင် ရုတ်တရက်အနံ့မကောင်းတော့သလိုပင်။

ထိပ်တန်းအဆင့်တူနာငါးပြာအတွက် တစ်ကတ်တီလျှင် ယွမ်နှစ်သောင်းဖြင့်ရောင်းချနိုင်သည်။ ဤငါးမှာမူ အလွန်အရသာရှိလှသောကြောင့် မည်သည့်အတွက် ယွမ်သုံးသောင်းနှင့်မရောင်းရမည်နည်း။

ကျန်းကောအတွက် ၎င်းမှာ အပြည့်အဝပင် ဖြစ်နိုင်ခြေရှိသည်။

“ ငါးတစ်ကောင်လုံးလိုချင်လား… ဒါမှမဟုတ် ငါးအသားပဲယူမလား … အသားပဲယူချင်တယ်ဆိုရင်လည်း ကျွန်တော် ခင်ဗျားကို မူရင်းဈေးအတိုင်းပေးလို့ရပါတယ်…”

ငါးတစ်ကောင်၏ခေါင်း၊ အရိုးနှင့် အတွင်းကလီစာများအား ဖယ်ထုတ်ပြီးနောက်တွင် အသားမှာ လေးဆယ်ရာခိုင်နှုန်းအောက်သို့ လျော့ကျသွားမည်ဖြစ်ရာ ငါးအသားကိုလည်း ဈေးအတူတူသာရောင်းမည်ဆိုလျှင် လင်းကျို့ အရှုံးပေါ်နေလေပြီ။

ထိုစားမရနိုင်သော အကြွင်းအကျန်များသည် အခြားသူများအတွက် အသုံးမဝင်နိုင်သော်လည်း လင်းကျို့အတွက်မှာမူ ၎င်းတို့ကို မှော်အမှတ်ဖြင့်လဲလှယ်နိုင်သည်။

“ တစ်ကောင်လုံးပဲယူမယ်… အရှင်ဆိုရင်တော့ ပိုကောင်းတာပေါ့… ဒီလောက်အရသာရှိတဲ့ငါးက ဘယ်လိုပုံစံမျိုးလဲဆိုတာကို ငါသေချာပေါက်မြင်ချင်တယ်လေ …” 

ကျန်းကော ပိုက်ဆံအတွက် ဂရုစိုက်မနေဘဲ ငါး၏ပုံပန်းသွင်ပြင်အပေါ်တွင်သာ သိချင်နေခဲ့သည်။

လင်းကျို့၏ ငွေရောင်ငါးသိုင်းဖြူ အစစ်အမှန်ပုံစံအား ကွယ်ဝှက်ထားလိုမှုမှာ ကျဆုံးသွားပြီဖြစ်ကာ စနစ်မှ မှော်အမှတ်အပိုများ ရှာနိုင်မည့်နည်းလမ်းသည်လည်း ပိတ်ဆို့ခံလိုက်ရလေပြီ။

ငွေရောင်ငါးသိုင်းဖြူ၏ အကြွင်းအကျန်များအား အခြားသူများထံ အမှန်တကယ်ပင်ရောင်းချနိုင်သော်လည်း ၎င်းတို့ကို ပြန်မယူလာနိုင်လျှင် သူမှော်အမှတ်များ ရှာနိုင်တော့မည်မဟုတ်ပေ။ မှော်အမှတ်ရရန်အတွက် တာဝန်များကိုသာမှီခိုနေခြင်းမှာလည်း အလွန်မလုံခြုံသောကြောင့် သူအနေဖြင့် အခြားသောနည်းလမ်းများကို စဉ်းစားရပေမည်။

“ ကျွန်တော် မနက်ဖြန်ကျ ပို့ပေးလိုက်ပါ့မယ်…”

“ မနက်ဖြန်အထိ မစောင့်နိုင်တော့ဘူး… အခုပဲလိုချင်တာ အခုချက်ချင်း…”

လင်းကျို့ တုံ့ဆိုင်းသွားရသည်။ သူသည် ပို၍ကြည့်ရအဆင်ပြေစေရန် ကန်တစ်ကန်ဝယ်၍ ငါးထည့်ထားချင်သော်လည်း အကယ်၍သာ ကျန်းကောမှ ငါးကို ယခုချက်ချင်းလိုချင်သည်ဆိုလျှင် အလွန်နောက်ကျသွားပေလိမ့်မည်။

ကျန်းကော စားပွဲပေါ်ရှိ ပါဆယ်ဘူးကိုပုတ်ကာ ပြောလာသည်။

 “ ဒီမှာတွေ့လား… ငါကအခုပဲ သူငယ်ချင်းကို စားစရာသွားပို့ပေးမလို့ လုပ်နေတာလေ… သူက နေမကောင်းဖြစ်နေလို့ ဘာမှမစားနိုင်ဘူးရယ် အာဟာရပျော်ရည်တွေနဲ့ပဲ အသက်ဆက်နေရရှာတာ… အရင်တုန်းက ပင်လယ်စာကြိုက်ဖူးတယ်ဆိုတော့ ငါလည်း တူနာငါးပြာနဲ့ပင်လယ်စာတစ်ပွဲပြင်ခဲ့တာပဲ… သူများတစ်ကိုက်လောက် ကိုက်လိုကိုက်ငြားပေါ့….”

“ အခု ငါတို့မှာ ဒီအထူးငါးရှိနေပြီဆိုမှတော့ ပင်လယ်စာသွားပို့ဖို့ ဘယ်လိုပါတော့မလဲ… သူ့ဆီငွေရောင်ငါးသိုင်းဖြူနည်းနည်းပို့ပေးပြီး သေချာပေါက်စားအောင်လုပ်ရမယ်… သူ့အသက်က သေမင်းခံတွင်းဝကိုရောက်နေပြီမလို့ကျေးဇူးပြုပြီး ကူညီပါနော်… တကယ်လို့ မင်းတစ်ယောက်ထဲသွားဖို့ အဆင်မပြေဘူးဆိုရင်လည်း ဝိုင်းကူပေးဖို့ လူလွှတ်ပေးပါ့မယ်…”

“ မဟုတ်တာ ကျွန်တော့်ဘာသာလုပ်နိုင်ပါတယ်…” 

လူနာတစ်ယောက်မှ ငွေရောင်ငါးသိုင်းဖြူကို စားနိုင်မစားနိုင်မသိသောကြောင့် လင်းကျို့ သံသယဝင်နေမိသည်။

လင်းကျို့၏သံသယများကို စနစ်မှ ဖမ်းယူနိုင်ခဲ့ပြီး သူ၏စိတ်ထဲတွင် အသံတစ်ခုပေါ်ထွက်လာသည်။

[ ငွေရောင်ငါးသိုင်းဖြူတွေမှာက အာဟာရတန်ဖိုးမြင့်မားပါတယ်။ ကျန်းမာသန်စွမ်းတဲ့သူတွေစားရင်လည်း ကောင်းတယ်ဆိုပေမယ့် လူနာတွေစားပေးရင်တော့ ပိုပြီးအကျိုးသက်ရောက်ရှိမှာပါ ]

လင်းကျို့ စိတ်သက်သာရာရသွားခဲ့သည်။

“ မင်းမှာကားရှိလား… ငါအဲ့ဒီကို လိုက်မောင်းပို့ပေးမယ်လေ…” 

ကျန်းကောမှာ အလွန်စိတ်လောနေပုံရသည်။

“ မနှောင့်ယှက်တော့ပါဘူး ကျွန်တော် ခဏနေပြန်လာခဲ့ပါ့မယ်…”

လင်းကျို့ လျင်မြန်စွာထွက်ခွာသွားပြီး တက္ကစီတစ်စီးငှား၍ ငါးဖမ်းပစ္စည်းအရောင်းဆိုင်သို့သွားကာ ငါးထည့်သည့်ပုံးအကြီးစားတစ်ခုနှင့် လက်ဆွဲပိုက်ကွန်တစ်ခုဝယ်လိုက်သည်။ အိမ်သို့ရောက်သည်နှင့် ငါးကို ငါးကန်အတွင်းမှလွှတ်လိုက်ပြီး ငွေရောင်ငါးသိုင်းဖြူတစ်ကောင်အား လက်ဆွဲပိုက်ကွန်နှင့်ဖမ်းရန် ကြိုးစားလိုက်သည်။

ပိုက်ကွန်ရေထဲသို့ဝင်ဝင်ခြင်းမှာပင် ငွေရောင်ငါးသိုင်းဖြူမှာ ကြမ်းတမ်းစွာခုန်ပေါက်နေပြီး ပိုက်ကွန်ကိုကိုက်၍ စတင်ဆုတ်ဖြဲလိုက်ကာ အသုံးမပြုရသေးသည့်ပိုက်ကွန်မှာ နေရာမှာပင်ပျက်ဆီးသွားလေတော့သည်။

လင်းကျို့ : “.....”


🐙🦀🦐

🧜‍♂️Chapter 5


ငါးထည့်သည့်ပုံးကိုကြည့်ကာ ငွေရောင်ငါးသိုင်းဖြူတစ်ကောင် ခုန်ပေါက်နေခြင်းအား လုံလုံလောက်လောက်တားနိုင်သည်အထိ တောင့်တင်းခိုင်မာနိုင်ရန်ကိုသာ မျှော်လင့်နေရသည်။

ငွေရောင်ငါးသိုင်းဖြူ၏လှုပ်ရှားနိုင်မှုကို လျော့ချရန်အတွက် မှော်ပင်လယ်ရေအစား ဘုံပိုင်ရေကိုသာ ငါးပုံးထဲသို့ထည့်လိုက်သည်။ အကြီးဆုံးငါးတကောင်ကို လှံရှည်ဖြင့်ယူ၍ ငါးပုံးထဲသို့ဖြစ်ထည့်လိုက်ရာ ပုံးမှာ အရှည်လုံလုံလောက်လောက်မရှိသဖြင့် ဆန့်ရုံမျှသာဖြစ်နေခဲ့သည်။

ငွေရောင်ငါးသိုင်းဖြူမှာ ပုံးထဲတွင် ရူးသွပ်နေသကဲ့သို့ခုန်ပေါက်နေပြီး လင်းကျို့ အင်အားများစွာဖြင့် ကြိုးစားထိန်းကိုင်ထားရသည်။

အပြင်ထွက်ချိန်တွင် တက္ကစီတစ်စီးခေါ်၍ ပိုင်ကောဝမ်သို့သွားလိုက်သည်။ ကျန်းကောကလည်း သူ့အား ဆိုင်တွင်သာစောင့်နေသေးသည်။

လင်းကျို့ထွက်သွားပြီးနောက်မှသာ မည်သည့်အရာဖြစ်ပျက်နေသည်ကို ကျန်းကောသဘောပေါက်သွားခဲ့သည်။ သူသည် ငါးဖမ်းသမား၏မျက်နှာကိုပင် မမြင်ခဲ့ရလေရာ သူတို့ထပ်မံတွေ့ဆုံလျှင်ပင် မမှတ်မိမည်မှာသေချာပင်ဖြစ်၏။ ကံကောင်းစွာ ခဏအကြာတွင် အတွင်း၌ရုန်းကန်နေသော ငါးကြီးတစ်ကောင်ပါသည့် ငါးပုံးအလေးကြီးကိုကိုင်လျက် လင်းကျို့ပြန်ရောက်လာခဲ့လေသည်။

“ အိုးးး တကယ်ကြီးအသက်ရှင်နေတာပဲ…”

 á€€á€ťá€”်းက္ဏ အရှေ့သို့တိုး၍ ဖွင့်ကြည့်ချင်နေသော်လည်း လင်းကျို့ သူ့ကိုခွင့်မပြုခဲ့ပေ။

“ ဒီငါးက အရမ်းကြမ်းတယ်… တစ်လမ်းလုံးကို ခက်ခက်ခဲခဲသယ်လာခဲ့ရတာ… ကျွန်တော်ပဲ မီးဖိုချောင်ထဲကိုယူသွားပေးလိုက်ပါမယ်…”

သူတို့အနေဖြင့် ပင်လယ်မိစ္ဆာများမည်မျှကြမ်းတမ်းသည်ကို မသိကြသောကြောင့် ဂရုစိုက်ခြင်းမှာ ပို၍ကောင်းမွန်ပင်လိမ့်မည်။

“ ကောင်းပါပြီ… မီးဖိုချောင်ကိုပဲပို့ပေးလိုက်ပါ…” ကျန်းကော အလွန်တရာစပ်စုချင်နေမိသည်။

မီးဖိုချောင်စီသို့သွားရာတွင် လင်းကျို့၏အနောက်မှ လူတစ်စုလိုက်ပါလာခဲ့သည်။ သို့သော်လည်း ငါးပုံးမှာ မီးဖိုချောင်သို့ပင်မရောက်လိုက်ဘဲ အပေါ်ဖက်ဇစ်သည် တွန်းဖွင့်ခံလိုက်ရကာ ငွေ‌ရောင်ငါးတစ်ကောင်မှာ ချော်ထွက်လာသည်။ ငါး၏အကြေးများမှာ ငွေရောင်သက်သက်ဖြစ်ပြီး အလွန်ဖြူသောကြောင့် အရောင်တလက်လက်တောက်ပနေသည်။

တစ်မီတာကျော်ရှည်လျားသော ငါးကြီးသည် ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီး ချွန်မြသည့်အဖြူရောင်သွားများကို ထုတ်ဖော်ပြသနေသည်။ ၎င်း၏ခန္ဓာကိုယ်ကို အသည်းအသန်လှုပ်ခါ၍ ကြမ်းပေါ်လျှောက်ပြေးနေကာ လူများကိုလိုက်ကိုက်နေသည်။ စိတ်ဝင်စားဖွယ်ရာမြင်ကွင်းကို ဝိုင်းကြည့်နေကြသော စားဖိုမှူးများနှင့်စားပွဲထိုးများ အလွန်ထိတ်လန့်သွားရသဖြင့် အော်ဟစ်လာကြသည်။

“ ဘယ်လိုငါးကြီးပါလိမ့်… အရမ်းဖြူတယ် … အရမ်းလည်းကြမ်းတာပဲ…”

“ ဒီငါးရဲ့သွားတွေက ဘာလို့ဒီလောက်တောင်ထက်နေရတာလည်း… ငါးကောဟုတ်သေးရဲ့လား…”

“ အားးးးးးးးးးး ငါ့နောက်မလိုက်နဲ့လေ…”

ရေမရှိသည့်ကြမ်းပြင်ပေါ်တွင်ပင် လူများအားလိုက်ကိုက်နိုင်သည့် ငါးမျိုးကို သူတို့တစ်ခါမှမတွေ့ဖူးခဲ့ပါ။ ထိုငါးသည် ဝိညာဉ်တစ်ကောင်ဖြစ်နေနိုင်မည်လား။

စားပွဲထိုးသည် ပုန်းအောင်းရန် အသည်းအသန်ကြိုးစားနေစဉ် စားဖိုမှူးမှာမူ ငါးဖမ်းရန် ယောက်မနှင့်ထမင်းခပ်ဇွန်းကိုယူကာ ပြေးထွက်လာသည်။ ငါးမှာ ပါးနပ်ပြီး ချောကျိနေသဖြင့် ဝိုင်းဖမ်းကြသည်ကိုအမျိုးမျိုးရှောင်တိမ်းနေပြီး သူ့ထံရောက်ရှိလာသော ယောက်မကိုပင်ကိုက်ပစ်လိုက်သေးသည်။ စားဖိုမှူးတစ်ယောက် ထိတ်လန့်တကြားအော်ဟစ်ကာ ယောက်မကိုပစ်ချ၍ ထွက်ပြေးသွားလေသည်။

မြင်ကွင်းတစ်ခုလုံးသည် အုတ်သော်သောင်းနင်းဖြစ်နေလေသည်။

ကျန်းကော ကြောင်အနေမိသည်။ ဤငါးသည် ကုန်းပေါ်တွင်ပင် အလွန်မောက်မာနေနိုင်ပြီး ထိုသို့သောမြင်ကွင်းမျိုးကို သူမြင်ဖူးကြားဖူးခြင်းမရှိပါချေ။

လင်းကျို့ မီးဖိုချောင်မှ ဓားတချောင်းကိုယူကာ ပြောလိုက်သည်။

 “ ဘော့စ် ကျွန်တော် တိုက်ရိုက်ပဲသတ်ပစ်လိုက်လဲ ရတယ်မလား…”

ကျန်းကော နဖူးပေါ်မှချွေးများကိုသုတ်၍ ပြန်ဖြေလာသည်။

 “ သတ် သတ်… မြန်မြန်လေးသတ်ပေးပါ…”

လင်းကျို့ အရှေ့သို့ခြေတစ်လှမ်းတက်လိုက်သောအခါ ငွေရောင်ငါးမှာ ၎င်း၏အမြီးကို ကြမ်းပေါ်တွင် တဖြတ်ဖြတ်ရိုက်ခတ်နေခဲ့သည်။ ဖြန်းခနဲအသံနှင့်အတူ ငါးတစ်ကောင်လုံး လင်းကျို့ဆီသို့ ကိုက်ရန်ခုန်ဝင်လာခဲ့လေသည်။

“ အားးးးးးးး…”

နေရာတွင် အော်သံတစ်ခုထွက်ပေါ်လာပြီးနောက် လင်းကျို့ ငါးခေါင်းကို ဓားဖြင့်ရိုက်ချလိုက်သည်။ ငွေရောင်ငါးမှာ မူးဝေသွားပင် အချိန်အတန်ကြာသည်အထိ မည်သည့်တုံ့ပြန်မှုမှမရှိတော့ဘဲ ကြမ်းပေါ်သို့လဲကျသွားလေသည်။

လင်းကျို့ ငါးကိုဖိထားပြီး နောက်ကျောဘက်မှနေ၍ ခုတ်ချလိုက်ချိန်မှသာ ငါးမှာ လုံးလုံးလျားလျားငြိမ်သက်သွားလေသည်။

ထို့နောက်တွင်မှ စားဖိုမှူးတစ်ယောက် ငါးကို မီးဖိုချောင်တွင်းသို့ ကမန်းကတမ်းသယ်သွားပြီး ချိန်ခွင်ပေါ်တင်၍ အလေးချိန်ချိန်လိုက်သည်။

ငါးတစ်ကောင်လုံးအတွက် အလေးချိန်မှာ ၁၈.၈ကီလိုရှိပြီး စျေးသင့်ရန်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ရန်အတွက် ကျန်းကော လင်းကျို့ထံ ၁.၂သန်းပေးလာသည်။ ငါးထပ်မိလျှင် သူ့ဆီသို့လာရောင်းရန်ကိုပင် ပြောလိုက်လေသည်။

ကျန်းကော လင်းကျို့အား အပြင်သို့ပို့ပေးပြီးနောက် အနောက်ပြန်လှည့်၍ ဖန့်ချမ်ခွင်းထံပြောလိုက်သည်။

 “ လောင်ဖန့်ရေ ဆေးရုံကိုယူသွားချင်လို့ ငါးအသားလွှာနည်းနည်းလောက် အရင်လုပ်ပေးပါဦး… ကျန်တာတွေကိုတော့ ခဲထားလိုက်ပါ…”

ဖန့်ချမ်ခွင်း ပြန်ဖြေလာပြီး မီးဖိုချောင်အကူများနှင့်အတူ စတင်အလုပ်လုပ်လိုက်သည်။

လင်းကျို့ ခဏကြာတုံ့ဆိုင်းနေခဲ့သော်လည်း အမှတ်ရနေဆဲဖြစ်သည်။

“ ငါးရဲ့ရိုးတွင်းခြင်ဆီကလည်း ပစ္စည်းကောင်းပဲနော်..”

စားဖိုမှူးဖန့် ပြုံးပြကာ ပြောလာသည် “ ပြောစရာမလိုပါဘူးကွာ… ဒီလောက်စျေးကြီးတဲ့ငါးအရိုးတွေသာ စားလို့ရတယ်ဆိုလို့ကတော့ ကျူပ်တို့စားကြမှာပေါ့…”

လင်းကျို့တို့နှစ်ဦး တံခါးစီသို့လျှောက်လာလိုက်ပြီး ကျန်းကောမှ ပြုံးလျက်ပြောလာသည်။

 “ အရောင်းအဝယ်ကတော့ပြီးပြီ… ဒါပေမဲ့ ငါအခုထိမင်းဘယ်လိုပုံလဲ ဒါမှမဟုတ် နာမည်ဘာလဲဆိုတာကို မသိရသေးဘူး… နောက်ကျရင်ဘယ်လိုဆက်သွယ်ရမလဲ…”

လင်းကျို့ နှာခေါင်းစည်းကိုချွတ်ပြလိုက်သည် “ ကျွန်တော့်နာမည်ကလင်းကျို့ပါ…”

ကျန်းကော သူ၏မျက်နှာကို စိုက်ကြည့်နေပြီး ထအော်လာသည်။

 “ မင်း နှာခေါင်းစည်းတပ်ထားတာ အံ့သြစရာမရှိပါဘူး… မင်းကအရမ်းကြည့်ကောင်းတာပဲ… အသားလေးက တအားဖြူပြီး နူးညံ့နေတာ… ကြယ်ပွင့်တစ်ပွင့်တော့မဟုတ်ပါဘူးနော်… ဟုတ်တယ်မလား…”

လင်းကျို့ : “.....”

လူမသိခြင်းတွင်လည်း သူ၏ကိုယ်ပိုင်အားသာချက်များရှိသည်။ အနည်းဆုံးအနေဖြင့် သူဋ္ဌေးကျန်း သူ့ကိုသိနေပုံမရပေ။

သူတို့နှစ်ဦး ဆက်သွယ်ရန်အချက်အလက်များ ဖလှယ်လိုက်ကြပြီး လင်းကျို့ တက္ကစီစီးမည်ကိုသိနေသောကြောင့် ကျန်းကော ကားတစီးငှားကာ အရောက်ပို့ပေးလိုက်သည်။

……

ကျန်းကောတစ်ယောက် ငွေရောင်ငါးသိုင်းဖြူ ငါးအသားလွှာဘူးကြီးနှစ်ဘူးဖြင့် ဆေးရုံသို့ ပျော်ရွှင်စွာထွက်လာလိုက်သည်။

ဗီအိုင်ပီထဲသို့ဝင်လာခဲ့သော်လည်း တိုက်ရိုက်ဝင်မသွားလိုက်ပေ။ ထိုအစား နံရံကိုကျော်၍ အထဲသို့ချောင်းကြည့်လိုက်သည်။ အဆောင်ထဲတွင် အတွင်းရေးမှူးကျင်းတစ်ဦးတည်းရှိနေပြီး ကုတင်ပေါ်မှလူနှင့်စကားပြောနေကာ တခြားမည်သူမှမရှိသည်ကို မြင်လိုက်ရမှသာ ကျန်းကော မသိမသာဝင်သွားလိုက်သည်။

ဆေးရုံကုတင်ပေါ်ရှိလူငယ်လေးမှာ စာရွက်စာတမ်းတစ်ခုကို ဖတ်ရှုနေပြီး အလွန်တရာခန့်ညားသောရုပ်ရည်ရှိသည်။ အသား‌အရောင်ဖျော့တော့ပြီး ပိန်ပါးနေသည်တိုင် ထိုသူ၏ထင်ရှားသောရုပ်ရည်အပေါ် သက်ရောက်မှုမရှိသွားခဲ့ဘဲ အတွင်းရေးမှူးကျင်းပြောသည်ကို နားထောင်နေစဉ် အချက်အလက်များကိုဖတ်ရှုနေလေသည်။

အကယ်၍ လင်းကျို့သည်သာ နေရာတွင်ရှိမည်ဆိုလျှင် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်မည်မှာ အသေအချာပင်။ အနှီပုဂ္ဂိုလ်မှာ အသက်ငယ်ငယ်လေးနှင့် နတ်ဘုရားအဖြစ်သတ်မှတ်ခံရသော စစ်ရှုဖြစ်လေသည်။

စတိတ်စင်ပေါ်တွင် အလွန်ဝင်းလက်တောက်ပနေသော နတ်ဘုရားတစ်ဦးမှာ ယခုအချိန်၌ ရောဂါကြောင့် အားနည်းပြိုလဲနေလေသည်။

အတွင်းရေးမှူးကျင်း ကျန်းကောအား ခေါင်းညိတ်ပြလိုက်ပြီးနောက် စကားကိုဆက်လိုက်သည်။

 “ ဖျော်ဖြေပွဲကို ဖျက်သိမ်းသင့်နေပြီမလား… ဒီခန္ဓာကိုယ်နဲ့ဆိုရင် စင်ပေါ်မှာဖျော်ဖြေဖို့က မသင့်တော်တော့ဘူးလေ…”

စစ်ရှု၏အသံမှာ တည်ငြိမ်နေဆဲပင်။ “ စောင့်ကြည့်လိုက်ပါဦး… တကယ်လို့ ကျန်းမာရေးအခြေအနေက တိုးတက်လာတယ်ဆိုရင်တော့ စီစဉ်ထားတဲ့အတိုင်းပဲ ဆက်သွားကြတာပေါ့…”

ယခုနှစ်အတွက်အစီအစဉ်မှာ ဖျော်ဖြေပွဲခြောက်ခုကျင်းပရန်ဖြစ်ပြီး မြို့တော်အေသည် တတိယနေရာဖြစ်ကာ နောက်လာမည့်ပွဲမှာ မြို့တော်ဘီတွင်ဖြစ်သည်။

လွန်ခဲ့သောနှစ်နှစ်အတွင်း သူ၏ဖျော်ဖြေပွဲကျင်းပသည့်အရေအတွက်မှာ တစ်နှစ်ပြီးတစ်နှစ် လျော့ကျလာသည်ဖြစ်ရာ ပရိသတ်အများအပြားသည် လက်မှတ်မရခဲ့ကြချေ။ ပွဲကို ရုတ်တရက်ဖျက်သိမ်းလိုက်မယ်ဆိုလျှင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသော ပရိသတ်များအား စိတ်ပျက်သွားစေမည်မှာ အသေအချာပင်ဖြစ်ပြီး သူ၏မိခင်ဖြစ်သူသည်လည်း သံသယဝင်လာနိုင်သည်။

စစ်ကတော်သည် ကျန်းမာရေးမကောင်းသောကြောင့် သူမ လက်မခံနိုင်မည်စိုးသဖြင့် မိသားစုတစ်ခုလုံး စစ်ရှု၏ကျန်းမာရေးအခြေအနေကို လျှို့ဝှက်ထားခဲ့ကြသည်။

အတွင်းရေးမှူးကျင်းမှ ပြောလာခဲ့သည်။

 “ ဥက္ကဋ္ဌကြီးကလည်း ဖျော်ဖြေပွဲကိုဖျက်သိမ်းပြီး ကျန်းမာရေးကိုပဲ အာရုံစိုက်စေချင်နေတာပါ… ဂီတကိုချစ်တာသိပေမယ့် နေပြန်ကောင်းလာတဲ့အခါကျရင် ဆက်လုပ်လို့ရတာပဲဟာ… ကုမ္ပဏီအတွက်ကိုတော့ စိတ်ပူနေစရာမလိုပါဘူး… ဥက္ကဋ္ဌကြီးကမှာလိုက်ပါတယ် သူကျန်းကျန်းမာမာရှိနေပြီး နောက်နှစ်အနည်းငယ်အထိ ဆက်လုပ်နိုင်သေးတာမလို့ စိုးရိမ်နေစရာမလိုပါဘူးတဲ့…”

စစ်ရှု ဘောပင်ကိုချလိုက်သည်။ အမှန်စင်စစ်အားဖြင့် အဘိုးဖြစ်သူ၏ကျန်းမာရေးမှာလည်း အလွန်ပင်ဆိုးရွားနေပြီဖြစ်ကာ ထိုအချက်ကြောင့်ပင် စစ်ရှု ဖျော်ဖြေပွဲများကိုလျှော့ချ၍ အချိန်အများစုအား ကုမ္ပဏီတွင်စီမံခန့်ခွဲရင်ဖြင့်သာ အဘိုး၏ဝန်ထုပ်ဝန်ပိုးအချို့ကို ကူထမ်းပေးနေခြင်းဖြစ်သည်။

စစ်မိသားစုသည် နိုင်ငံရေးအသိုင်းအဝိုင်းမှဖြစ်ပြီး စုန့်မိသားစုမှာ စီးပွားရေးနယ်ပယ်မှဖြစ်သော်လည်း စစ်ရှုက ဂီတကိုသဘောကျသည့်အတွက် မိသားစုနှစ်ခုလုံးမှ သူ့အားဝိုင်းဝန်းပံ့ပိုးပေးကြသည်။

သူ၏ရုတ်တရက်မကျန်းမာမှုမှာ စစ်နှင့်စုန့်မိသားစုနှစ်ခုလုံးအတွက် ပြင်းထန်သောရိုက်ချက်တစ်ခု ဖြစ်သွားရသည်။ အဘိုးဖြစ်သူမှာ သတင်းကိုကြားသွားခဲ့ချိန်တွင် ဆေးရုံသို့ တမ်းတမ်းမတ်မတ်ရောက်သွားခဲ့သည်။ သူ၏အဘိုးအဘွားများသည် ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်သော်လည်း ထိုသတင်းကိုကြားသိလိုက်ရချိန်၌ အလွန်စိုးရိမ်နေကြပြီး ပြည်တွင်းနှင့်ပြည်ပမှ ကျွမ်းကျင်သူများကို နေ့စဉ်နေ့တိုင်းရှာဖွေနေကာ မြေးဖြစ်သူ၏ရောဂါကို ကုသနိုင်ရန်မျှော်လင့်နေကြသည်။

ဖခင်ဖြစ်သူမှာမူ အချိန်ရှိလျှင် ဆေးရုံသို့လာကြည့်တတ်သော်လည်း အိမ်ပြန်ရောက်သည်နှင့် မည်သည့်အရာမှမဖြစ်ပျက်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ ဇနီးဖြစ်သူအရှေ့တွင် မပြသခဲ့ချေ။

စစ်ရှု၏မိခင်ဖက်မှအဘိုးတွင် သမီးတစ်ယောက်တည်းမွေးထားပြီး တစ်ဦးတည်းသောမြေးမှာ စစ်ရှုဖြစ်ကာ မိသားစုပိုင်လုပ်ငန်းကြီးတစ်ခုလုံးအား စစ်ရှု လက်လွှဲယူရန်အပေါ်တွင်သာ မှီခိုနေကြရသည်။ စစ်ရှုက သီချင်းဆိုရသည်ကို နှစ်သက်သောကြောင့် အဘိုးဖြစ်သူမှ မည်သည့်အရာကိုမဆို သဘောကျသည်ကိုလုပ်နိုင်ကြောင်း ပြောခဲ့သည်။ သူ၏အဘိုး သက်ရှိထင်ရှားရှိနေသရွေ့ ကုမ္ပဏီအား စစ်ရှုအတွက် ထိန်းသိမ်းထားပေးမည်ဖြစ်၏။ ဤကဲ့သို့သောသတင်းဆိုးသည် ရုတ်တရက်ရောက်လာမည်ဟု မည်သူသိနိုင်ပါမည်နည်း။ ထိုအရာမှာ အဘိုးအား နေရာတွင်ပင်လဲကျသွားစေနိုင်ခဲ့သည်။

စစ်ရှု စာရွက်စာတမ်းများကို အတွင်းရေးမှူးကျင်းထံ ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။

 “ စဉ်းစားကြည့်လိုက်ပါဦးမယ်… အတွင်းရေးမှူးကျင်းလည်း ကျေးဇူးပြုပြီး အဘိုးကိုပဲစောင့်ရှောက်ပေးထားပါ…”

“ စိတ်ချပါ…”

အတွင်းရေးမှူးကျင်းမှ စာရွက်စာတမ်းများကိုယူ၍ ဦးစွာထွက်သွားခဲ့သည်။

ကျန်းကောတစ်ယောက် လက်ထဲမှပါဆယ်ဘူးကြီးနှစ်ဘူးကို မြှောက်ပြကာ ပြောလိုက်သည်။

 “ ကြည့်ပါဦး မင်းအတွက် ဘာစားစရာကောင်းကောင်းယူလာလဲလို့…”

“ ဘာကောင်းတဲ့အရာမလို့လဲ… ငါ့လည်းပေးကြည့်စမ်းပါဦး…” 

တည်တည်တံ့တံ့ဝတ်စားထားသော အမျိုးသားတစ်ဦး အပြင်ဘက်မှာဝင်ရောက်လာခဲ့သည်။

မျက်နှာပေါ်ရှိအပြုံးမှာ အေးခဲသွားပြီးနောက် ကျန်းကော ပါဆယ်ဘူးများကို အနောက်တွင်ကပျာကယာဖွက်လိုက်မိသည်။

 “ အစ်ကိုကြီး ဘယ်လိုဖြစ်လို့ ဒီကိုရုတ်တရက်ကြီးပေါက်ချလာရတာလဲ…”

ကျန်းချမ်၏မျက်နှာပေါ်တွင် အမူအရာဟူ၍မရှိနေပေ။

 “ ဘာကိုင်ထားတာလဲ …”

ကျန်းကော ခေါင်းယမ်းပြလိုက်မိသည် “ ဟင့်အင်း ဘာမှမဟုတ်ပါဘူး…”

ကျန်းချမ် လက်ကိုဆန့်ထုတ်လာသည်။

 “ ထုတ်လာခဲ့…”

ကျန်းကော အနောက်သို့ဆုတ်မိသွားလေသည်။

 “ တကယ်ပဲဘာမှမဟုတ်ဘူးလို့…”

ကျန်းချမ်၏မျက်နှာ မှောင်မိုက်သွား‌လေသည်။

 “ အားကော မင်းလည်းကလေးမဟုတ်တော့ဘူးနော်… တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်ရဲ့နောက်ဆက်တွဲအခြေအနေတွေကိုပါ သိသင့်နေပြီ… အခုအချိန်မှာ အားရှုက ဘာမှစားလို့မရဘူးဟ… ကျေးဇူးပြုပြီး ပြဿနာမရှာပါနဲ့တော့ကွာ…”

ကျန်းကော အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရသည်။

 “ ကျ ကျွန်တော် ဘာမှမလုပ်ထားဘူးလို့…”

ကျန်းချမ် အရှေ့သို့တိုးကာမေးလာသည်။

 “ မင်းလက်ထဲမှာဘာကိုင်ထားတာလဲ… ငါ့ကိုပြစမ်း…”

ကျန်းကော ထောင့်တစ်နေရာအထိဆုတ်သွားခဲ့ပြီး သူ၏အနောက်တွင် ပါဆယ်ဘူးကို တင်းကျပ်စွာဖွက်ထားလိုက်သည်။

 “ မရဘူးနော် … ကျွန်တော် ဒီဟာကိုခက်ခက်ခက်ခဲရလာရတာ…”

“ မင်းဘာတွေထပ်ပြီးပြဿနာရှာဦးမလို့လဲ… ဟိုရက်တွေတုန်းကလည်း မင်းယူလာတာတွေကို အားရှုစားမိလို့ အရေးပေါ်ခန်းကိုပို့လိုက်ရတယ်လေ… အခုထိဒုက္ခပေးနေတုန်းလား…” 

ကျန်းချမ် ကြိမ်းမောင်းလိုက်ပြီး ကျန်းကောလက်ထဲရှိဘူးကို ဆွဲလုရန် လက်ဆန့်လိုက်သည်။

“ တကယ်ပဲပစ္စည်းကောင်းပါဗျာ… ကျွန်တော် စျေးကြီးပေးပြီးတောင်ဝယ်လာရတာ…”

တစ်ဦးမှာလှမ်းယူနေပြီး တစ်ဦးမှာတိမ်းရှောင်နေ‌သဖြင့် ကျန်းကောလက်ထဲရှိအထုပ်သည် မြေပြင်ပေါ်သို့ ဘမ်းခနဲမြည်သံဖြင့် ပြုတ်ကျသွားရသည်။

တစ်လမ်းလုံးထိန်းထိန်းသိမ်းသိမ်းသယ်လာခဲ့ရသော အစားသောက်ကောင်းများ ကြမ်းပြင်ပေါ်ကျသွားသည်ကိုကြည့်ကာ စိုးရိမ်စိတ်၊ ကြောက်စိတ်နှင့်ဝမ်းနည်းသည့်စိတ်တို့ပေါင်း၍ ပေါက်ကွဲထွက်လာလေသည်။

“ ကျွန်တော်က ဒီအတိုင်း အားရှုကိုစားစေချင်ရုံလေးပဲ ဘာပြဿနာရှိလို့လဲ… သူဘယ်လောက်ပိန်နေပြီလဲဆိုတာကိုကြည့်လေ… အာဟာရပျော်ရည်တစ်ခုတည်းနဲ့ ရှင်သန်နိုင်မှာတဲ့လား… ဘာရောဂါလဲ ဘာကိုခေါင်းထဲမှာအကြိတ်ရှိနေတာလဲ… အကုန်အလိမ်အညာတွေချည်းပဲ… အားရှုက ဒီအတိုင်းမစားနိုင်ရုံလေးပဲလေ… သူစားနိုင်သွားတာနဲ့ အဆင်ပြေသွားမှာ… သူစားဖို့လိုတယ်ဗျ…”

ကျန်းကော၏မျက်လုံးများနီရဲနေပြီး အားရှုတွင် ထိုရောဂါဖြစ်သည်ကို မယုံကြည်ခဲ့ပေ။ ဟိုတလောတုန်းကတောင် ဘာပြဿနာမှမရှိဘဲ ဖျော်ဖြေပွဲလုပ်လိုက်သေးတာကို ရုတ်တရက်ကြီး နေမကောင်းထဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့…

စစ်ရှု ရက်ပေါင်းများစွာ အစားမစားနိုင်သောကြောင့် ကျန်းကော ပူပင်လာပြီး စစ်ရှုနှစ်သက်သည်ဟင်းပွဲများကို ဆိုင်တွင်သွားယူခဲ့သည်။ သို့သော်လည်း စစ်ရှု အလုတ်အနည်းငယ်စားမိသည်နှင့် ထိုးအန်လာပြီး အစာအိမ်သွေးကြောပေါက်သွားခဲ့ကာ အရေးပေါ်ကုသရန်အတွက် ဆေးရုံသို့ပြေးခဲ့ရသဖြင့် ကျန်းကော ထိုအချိန်တွင် အလွန်ကြောက်မိခဲ့သည်။

စစ်ရှု ပို၍ပို၍ ပိန်ပါးလာသည်ကိုကြည့်ကာ ကျန်းကော အလွန်ထိတ်လန့်နေပြီး အစားစားလာရန် တတ်နိုင်သမျှနည်းလမ်းများကို ကြိုးစားနေခဲ့သည်။ စစ်ရှုသာ စားနိုင်သရွေ့ သူပြန်ကောင်းလာပြီလိမ့်မည်။

စစ်ရှု ဆူညံသံကြောင့် စိတ်ရှုပ်လာသဖြင့် ပြောလိုက်ရသည်။

 “ ရန်မဖြစ်နေကြနဲ့တော့… အားကော မင်းဒီတခေါက်ဘာယူလာတာလဲ… ငါဗိုက်တအားဆာနေပြီ…”

သူ အလွန်ဆာလောင်နေသော်လည်း မည်သည့်အရာကိုမစားနိုင်ခဲ့ချေ။

ကျန်းကော မျက်ရည်သုတ်လိုက်ပြီး ကြမ်းပေါ်မှပါဆယ်ဘူးကို ပြန်ကောက်ကာ ကုတင်ဘေးမှစားပွဲပေါ်တင်၍ ဂရုတစိုက်ဖြင့် တချက်ဖွင့်ကြည့်လိုက်သည်။ ဘူးမှာ မူလအတိုင်းရှိပြီး မကွဲမအက်သေးသော်လည်း အတွင်းရှိပန်းကန်များ မှောက်ကျထားခြင်းကြောင့် အလွန်လှပနေခြင်းမရှိတော့ချေ။

ကျန်းကော ငါးအသားလွှာများယူလာသည်ကို ကျန်းချမ်မြင်တွေ့လိုက်ရသောအခါ စိတ်တိုရလွန်းသဖြင့် ခေါင်းပင်ကိုက်လာရသည်။ ငါးအသားလွှာဆိုသည်မှာ လူနာများကိုမဆိုထားနှင့် အချို့သောနေကောင်းကျန်းမာသူများပင်လျှင် စားသင့်သောအရာမျိုးမဟုတ်ပေ။

“ အားရှု မင်းသူနဲ့လိုက်ပြီးအရူးထမနေနဲ့… မင်းရဲ့အခြေအနေနဲ့ ငါးအသားလွှာစားလို့ ဘယ်လိုရမှာလဲ…” 

ကျန်းချမ်တစ်ယောက် စစ်ရှုစားပြီးနောက်ပြဿနာဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။

ကျန်းကော ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏နောက်ကျောကိုသုံး၍ အစ်ကိုဖြစ်သူအားပိတ်ဆို့လိုက်ကာ ဖောက်ထွင်းမြင်နေရသော ဘူးအဖုံးကိုဖွင့်လိုက်သည်။

 “ အားရှု မြန်မြန်စားကြည့်… ဒီဟာကပစ္စည်းကောင်းပဲ အရသာရှိတယ်…”

“ ဘယ်လိုငါးမျိုးလဲ ငါတော့ အရင်ကမြင်ဖူးတယ်လို့မထင်ဘူးနော်…” 

တောက်ပပြီးထူးခြားသောအရောင်အဆင်းကြောင့် စစ်ရှု ဆွဲဆောင်ခံလိုက်ရသည်။

“ အင်း ဟုတ်တယ်… ငါလည်းတစ်ခါမှမမြင်ဖူးသေးဘူး… ငွေရောင်ငါးသိုင်းဖြူလို့ခေါ်တာတော့ ကြားမိသားရယ်… အရမ်းအရသာရှိတာနော် မင်းစမ်းစားကြည့်သင့်တယ်…” 

ကျန်းကော တိုက်တွန်းလိုက်သည်။

ကျန်းချမ်မှာမူ စစ်ရှု၏တူများကို လုယူမတတ်ဖြစ်နေသော်လည်း ထိုမျှလတ်ဆတ်သော ငါးအသားကိုမြင်လိုက်ရချိန်၌ မှင်တက်သွားမိပြီးနောက် စတင်ဆူပူလိုက်သည်။

“ ကျန်းကော မင်းရူးနေလို့လား… တစ်ခါမှမမြင်ဘူးမစားဖူးဘဲနဲ့တောင် ဒီငါးကို အားရှုကိုကျွေးရဲသေးတယ်… ဒီလောက်အရောင်တွေတောက်နေတာ အဆိပ်ရှိနေရင်ကော ဘယ်လိုလုပ်မလဲ… တကယ်လို့ရှားပါးမျိုးစိတ်ဖြစ်နေရင်ကော… မင်းဦးနှောက်ကိုမသုံးတတ်ဘူးလား…”

ကျန်းကော အလွန်ဝမ်းနည်းသွားရသည်။

 “ ဒါကရှားပါးမျိုးစိတ်မဟုတ်ပါဘူး… ကျွန်တော် စစ်ကြည့်ပြီးပြီ… လိုက်လည်းမေးကြည့်ပြီးပြီဆိုပေမယ့် ဒါနဲ့တူတဲ့ငါးမျိုးကိုတော့ ရှာမတွေ့ခဲ့ဘူး… ဒါပေမဲ့လည်း အဆိပ်တော့ရှိမနေပါဘူးနော်… လောင်ဖန့်ရော ကျွန်တော်ရော စားကြည့်ပြီးသွားပြီ… အဆိပ်သာရှိရင် ကျွန်တော်တို့အရင်သေနေမှာပေါ့…”

“ အဆင်ပြေပါတယ်… ငါစမ်းကြည့်လိုက်ပါ့မယ်…”

 á€…စ်ရသု ငါးတစ်ဖတ်ကိုယူ၍ ပါးစပ်ထဲထည့်လိုက်လေသည်။


🐙🦀🦐

Search Novels