Chapters

 

💊 Chapter 1

ခေါင်းမာတာကို ရောဂါတစ်ခုလို့ သတ်မှတ်လို့ရလား

 

 

“ကျောက်ကပ်အားနည်းနေတယ်၊ ကျောက်ကပ်ချီချို့တဲ့နေတယ်...”

 

အနှီစကားရှစ်လုံးက သူ့ရှေ့ရှိပုဂ္ဂိုလ်ထံမှ ထွက်လာချိန်တွင် ပိုင်မူနင်တစ်ယောက် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲ၍နေပေပြီ။ သူ့မျက်ခုံးတို့က ခပ်တင်းတင်းတွန့်ကုပ်သွားခဲ့ပြီး သူ့ဒေါသကို ဖုံးကွယ်ရန်အလို့ငှာ နှုတ်ခမ်းကို ဖိကိုက်လိုက်ရလေသည်။

 

[T/N - “肾精亏虚,肾气不足”တရုတ်လိုဆို ၈လုံးပဲရှိပါတယ်]

 

သူက စိတ်ခံစားလွယ်သူဖြစ်ကာ အခြားလူများ သူ့ကိုပုတ်ခတ်ပြောဆိုလာသည်ကို သည်းမခံနိုင်ပေ။

 

ထိုသူမှာ ရုပ်ရည်ချောမောခံ့ညားပြီး ကျောက်စိမ်းပမာ နူးညံ့သိမ်မွေ့ပုံရသော်လည်း အဘယ်ကြောင့် ဤမျှ အေးစက်လှသည့်စကားမျိုးကို ပြောရသလဲ မသိပေ။

 

အတိုချုံးပြောရလျှင် ထိုရှစ်လုံးသော စကားတို့၏ အဓိပ္ပာယ်မှာ ကျောက်ကပ်အားနည်းခြင်းပင်။

အဲဒါက ငါ့မှာ စွမ်းဆောင်ရည်မရှိဘူးလို့ ဆိုလိုတာမလား…

 

[T/N - ကျောက်ကပ်မကောင်းတာက မျိုးပွားနိုင်စွမ်းအားနည်းတာ ဒါမှမဟုတ်၊ ဟိုအပိုင်းမှာစွမ်းဆောင်ရည်မရှိတာ၊ မြန်တာမျိုးပါ ]

 

ငါက ဘာလို့ စွမ်းဆောင်နိုင်စွမ်းမရှိရမှာလဲ....

 

ပိုင်မူနင်မှာ မတရားခံလိုက်ရသလို ခံစားသွားရသည်။

 

ငါက လုံးဝကို အဆင်ပြေပါတယ်နော်...

 

အသက်၂၀အရွယ်မှာ သူ့အတွက် အကောင်းဆုံးအရွယ်ပင်ဖြစ်ချေ၏။ အရိုးများက သန်မာကာ အားအင်တို့ကလည်း ပြည့်ဝနေသည်ပင်။ သူ့အနေဖြင့် မည်သည့်အကြောင်းကြောင့်မှ ခန္ဓာကိုယ်အားနည်းမနေနိုင်ပေ။

 

ပြီးခဲ့သည့် ပညာသင်နှစ်၌ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို စစ်ဆေးရာတွင် သူက မီတာ ၁၀၀၀ကို လေးမိနစ်အတွင်း ပြေးနိုင်ခဲ့ပြီး၊ ဘားကို ၁၂ ကြိမ် ဆွဲနိုင်ခဲ့ကာ အဆုတ်ခံနိုင်စွမ်းရည်ကလည်း ၃၃၀၀အထိ ရှိခဲ့၏။ အနှီကိန်းဂဏန်းများက သူ့ကျန်းမာရေးနှင့် ခွန်အားကို သက်သေပြရန် လုံလောက်သည်။

 

'အားနည်းချို့တဲ့ခြင်း'ဟူသော စကားလုံးက သူ့နှင့်မသက်ဆိုင်ပေ။

 

ပိုင်မူနင်မှာ ဤတရုတ်တိုင်းရင်းဆေးဆရာဝန်ထံမှ ရောဂါရှာဖွေတွေ့ရှိချက်ကို လုံးဝသဘောမတူနိုင်ချေ။ သူက ရောဂါစစ်တမ်းမှားယွင်းနေခြင်းက ၁၀၀% သေချာသည်ဟုသာ ခိုင်ခိုင်မာမာ ယုံကြည်လိုက်သည်။

 

ငါ့မှာ အားနည်းချို့တဲ့နေစရာအကြောင်း လုံးဝမရှိဘူး...

 

သူက အကြည့်တို့အား အောက်ပို့လိုက်ရာ သူ့ရှေ့ရှိ နာမည်ကတ်ပြားအပေါ် အာရုံရောက်သွားလေသည်။ 'ဝမ်ကျင်း' ဟူသော အမည်နာမနောက်တွင် 'ဒေါက်တာ' ဟူသည့် စကားလုံးကို တွဲလျက်ရေးထားသည်ကို တွေ့လိုက်ရ၏။

 

သူက ခေါင်းပြန်မော့လိုက်ရာ အေးစက်ပြီး ပြတ်သားနေသည့် မျက်လုံးတစ်စုံနှင့် ဆုံလိုက်ရလေသည်။ ပိုင်မူနင်က ပြုံးနေဆဲဖြစ်ပြီး ညင်သာစွာ ပြောလိုက်လေ၏။

 

"ဒေါက်တာဝမ် တစ်ခုခု မှားနေတာများလား ကျွန်တော်က အမြဲအရမ်းကျန်းမာပါတယ် ကျောက်ကပ်အားနည်းတယ်ဆိုတာ မဖြစ်နိုင်ဘူး..."

 

သူက နောက်ဆုံးစကားငါးလုံးကို အလေးအနက်ထားကာ ဖိပြောလိုက်လေ၏။ အဆုံးတွင် ကောလိပ်ကျောင်းသားများသည်လည်း မျက်နှာရချင်ကြသည်သာ။

 

ထို့အပြင် သူက ကျန်းမာသန်စွမ်းရုံမျှမက လှေကားငါးထစ်ကို တစ်ကြိမ်တည်းဖြင့် ချွေးတစ်စက်ပင်မကျရစေဘဲ ကျော်တက်နိုင်သည်။

 

အဆိုးဆုံးအခြေအနေရောက်လာလျှင် သူ့အနေဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ push-ups များပင် လုပ်နိုင်သည်။ သူ၏ခွန်အားကို သက်သေပြရန် V502 ကိုသုံးရန်ပင် မလိုအပ်ပေ။

 

ဝမ်ကျင်းက ထိုကဲ့သို့သော မေးခွန်းထုတ်ခြင်းမျိုးကို ဂရုမစိုက်ဘဲ သူ့ကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

“လက်ပြောင်းလိုက်”

 

သူ့အသံမှာ နိမ့်ပြီး သံလိုက်ဓာတ်ပါဝင်ကာ ကြွယ်ဝ၏။ ဆွဲဆောင်မှုရှိသော လူယုတ်မာအမျိုးသားတစ်ဦး၏ အသံမျိုးဖြစ်သည်။ သို့သော် သူ့စကားအဆုံးတွင်မူ  တစ်ခုခုကို တမင်သတိပေးပြောဆိုနေသည့်အလား မှင်သက်သွားစေနိုင်သည့် ခပ်တိုးတိုးအသံတစ်သံ ပါဝင်နေခဲ့သည်။

 

ပိုင်မူနင်က သူ၏ဘယ်ဘက်လက်ကောက်ဝတ်ကို ဆက်လက်၍ နာခံမှုရှိစွာ ဆန့်ပေးလိုက်သည်။

 

အနည်းငယ်အေးစက်စက်နိုင်သော လက်ချောင်းထိပ်လေးများက သူ့အရေပြားပေါ်သို့ သိသိသာသာခံစားနိုင်သည့်အားဖြင့် ဖိချလိုက်သည်။ ပိုင်မူနင်၏အကြည့်က ဝမ်ကျင်း၏လက်သုံးချောင်းပေါ်သို့ ကျရောက်သွားသည်။ ဖိအားပိုများလာသည်နှင့်အမျှ သူ့မျက်လုံးများက အပေါ်သို့ ဖြည်းညှင်းစွာတက်သွားပြီး နောက်ဆုံးတွင် ဝမ်ကျင်း၏မျက်နှာထက်၌ ရပ်တန့်သွားသည်။

 

ဝမ်ကျင်းက maskတပ်မထားရာ သူ၏ချောမောသည့် မျက်နှာတစ်ခုလုံးကို အပြည့်အဝမြင်ရသည်။ သူ၏မျက်ခုံးများက ထူထဲပြီး သပ်ရပ်သည့်သဏ္ဌာန်ရှိရာ ဂရုတစိုက်ပြုပြင်ထားသည့်အလားပင်။

 

ဖီးနစ်မျက်လုံးတစ်စုံက အထူးသဖြင့် မျက်စိပသာဒဖြစ်စေသည်။ ထိုမျက်လုံးများတွင် ကျက်သရေရှိပြီးတော်ဝင်ဆန်သည့် ရှေးခေတ်အရှေ့တိုင်းအလှတရားမှာ အရိပ်ထင်၍နေသည်။ ယင်းတို့က သူရဲကောင်းဆန်မှုနှင့် နူးညံ့သိမ်မွေ့မှုတို့ကို သဘာဝကျကျ ရောစပ်ထားလျက် သန့်စင်သိမ်မွေ့သော ရုပ်သွင်ကို ထုတ်ဖော်ပြသ၍နေသည်။

 

ပိုင်မူနင်မှာ သူကလေးဘဝက ကြည့်ဖူးသော တီဗီရှိုးများကို ရုတ်တရက် သတိရသွားသည်။ ကြီးမြတ်လှသည့် သိုင်းပညာရှင်တိုင်းတွင် ဤကဲ့သို့သော မျက်လုံးမျိုး အမြဲရှိသည်။

 

ကွာခြားသည်က ဝမ်ကျင်း၏အကြည့်တွင် ထိုသူရဲကောင်းများကဲ့သို့ နူးညံ့မှုတို့မပါဝင်ခြင်းပင်။ ယင်းအစား သူ့တွင် ချဥ်းကပ်ရခက်သည့် အရိပ်အယောင်တစ်ခုရှိနေပြီး နူးညံ့သိမ်မွေ့မှုနှင့် လျစ်လျူရှုမှုကြား ဂရုတစိုက်ဟန်ချက်ညီမှုတစ်ခုကို ဆောင်ထားသည်။ သူ့မျက်လုံးများရှိ နွေးထွေးမှုမှာ ဟန်ဆောင်ထားသည့် အလွှာပါးတစ်ခုသာဖြစ်ပြီး ယင်းအောက်မှ အေးစက်မှုကို မနည်းဖုံးအုပ်ထားရသည်။

 

ပိုင်မူနင်၏စိတ်ထဲတွင် အချက်ပေးသံများ မြည်လာသည်။ ပြုံးနေသောကျားတစ်ကောင်ကို ရန်စမသင့်ပေ။ ဤကဲ့သို့သောလူစားမျိုးက ပါးနပ်ပြီး ဉာဏ်ရည်ထက်မြက်ကာ ကျိန်းသေပေါက် ပရိယာယ်ကြွယ်ဝသည်။ အကြွင်းမဲ့ အန္တရာယ်ရှိသော ဝမ်းတွင်းမည်း ခွေးတစ်ကောင်ပင်။ သူ သတိထားပြီး လှုပ်ရှားရမည်။

 

သူ့အတွေးများကို ထိန်းချုပ်လိုက်ပြီး ပိုင်မူနင်က ပိုမိုနီးကပ်စွာကြည့်လိုက်ရာ ဝမ်ကျင်း၏မျက်ခုံးများကြားတွင် တစ်စုံတစ်ခု ပျောက်ဆုံးနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

 

မှဲ့လေးက ဘယ်မှာလဲ... ဓာတ်ပုံထဲမှာ မှဲ့သေးသေးလေးတစ်ခု ရှိနေတာရှင်းလင်းနေတာပဲကို...

 

တစ်ဖက်ရှိ ဝမ်ကျင်းကမူ တွေးတောနေပုံရပြီး တိတ်ဆိတ်စွာပင် ရှိနေခဲ့သည်။

 

တိတ်ဆိတ်နေသည့် တရုတ်ရိုးရာဆရာဝန်တစ်ဦးက အထူးသဖြင့် စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသည့် အမူအရာကို ပြုလုပ်ထားသည့်အခါ ပို၍ပင် ကြောက်စရာကောင်းသည်။ ထိုသူမှာ အသက်အန္တရာယ်ရှိသည့် ရောဂါစမ်းသပ်ချက်ကို ပြောပြလာတော့မည့်အလား လျှာတောက်ကာ စုတ်သပ်လိုက်သည်။

 

အဲဒါက ရောဂါကျွမ်းနေတာတော့ မဖြစ်ရဘူး... ဒီလိုသာဆို ကျောက်ကပ်အားနည်းတာထက် အများကြီး ပိုဆိုးသွားလိမ့်မယ်…

 

ပိုင်မူနင်၏ ယခင်ကထားရှိခဲ့သည့် မောက်မာမှုလွှမ်းသောသံသယစိတ်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝမ်ကျင်းကို ကြည့်နေခဲ့ပြီး သူ၏မျက်နှာအမူအရာ အပြောင်းအလဲကို အနည်းငယ်လေးပင် မလွဲချော်ရဲပေ။

 

ဝမ်ကျင်းက လုံလောက်စွာ စနောက်ပြီးနောက် နောက်ဆုံးတွင် စကားပြောလာသည်။

“ညဘက်တွေ အိပ်ရေးပျက်တတ်လား”

 

သူ ကြောက်လန့်သွားသည်။

 

ပိုင်မူနင်က သက်ပြင်းချပြီး တွေးကြည့်လိုက်သည်။ သူ နေ့တိုင်း ရှစ်နာရီပြည့်အောင် အိပ်စက်ပေသည်။

 

ဒါဆို အိပ်ရေးပျက်တယ်လို့ ခေါ်မရတော့ဘူးလေ...

 

“အိပ်ရေးမပျက်ပါဘူး”

 

“လေ့ကျင့်ခန်းကရော”

 

ငါ့အိပ်ရာကနေ ရေချိုးခန်းအထိ အကွာအဝေးလောက်ဆို လေ့ကျင့်ခန်းလုပ်တာပဲမလား...

 

ငါ လှုပ်ရှားသွားလာနေသရွေ့ လေ့ကျင့်ခန်းအဖြစ် သတ်မှတ်လို့ ရတာပဲ...

 

“လေ့ကျင့်ခန်းလုပ်တယ်”

 

ဝမ်ကျင်းက ခေတ္တရပ်လိုက်ပြီးနောက် သူ၏လက်ချောင်းများကို ပြန်ရုပ်ကာ ကုလားထိုင်ကို မှီလိုက်ပြီး ပိုင်မူနင်အား ကူကယ်ရာမဲ့စွာပင် အပြုံးတစ်ပွင့် လှစ်ဟပြလိုက်သည်။

 

ဝမ်ကျင်း၏အပြုံးက သူ့အာရုံကို ဖမ်းစားနိုင်သွားရာ ပိုင်မူနင်မှာ မေးလိုက်မိလေသည်။

 “ဒေါက်တာဝမ်၊ ကျွန်တော် ဘာဖြစ်တာလဲ ရောဂါတစ်ခုခု ရှိနေတာလား”

 

ပိုင်မူနင်မှာ ကျောက်ကပ်အားနည်းခြင်းဟူသည့် ပြဿနာတစ်ခုလုံးကို အလိုအလျောက်လျစ်လျူရှုလိုက်သည်။ သူ့အနေဖြင့် ထိုအရာကို လက်ခံရန် လုံးဝ ငြင်းဆန်သည်။ အခြားဖြေရှင်းချက်တစ်ခုခု ရှိကိုရှိရမည်။ အမျိုးသားတစ်ဦးအနေဖြင့် မစွမ်းဆောင်နိုင်သူ မဖြစ်နိုင်ပေ။ ၎င်းက သူ၏နောက်ဆုံး မာနပင်ဖြစ်ချေ၏။

 

ဝမ်ကျင်းက တစ်ရှူးတစ်ရွက်ကို ဆွဲယူကာ သူ၏လက်ချောင်းများကို ဂရုတစိုက်သုတ်လိုက်ပြီးနောက် အကောင်းအဆိုးမပါသည့်လေသံဖြင့် ပြောလိုက်သည်။

“ခေါင်းမာတာကို ရောဂါတစ်ခုလို့ သတ်မှတ်လို့ရလား”

 

သူက သူ့ကိုမျက်ခုံးတစ်ဖက်ပင့်လျက် ကြည့်လာပြီး မျက်လုံးများထဲတွင် နွေးထွေးမှုအပြည့်ရှိသော်လည်း သူ့စကားလုံးများကမူ လုံးဝနူးညံ့သိမ်မွေ့ခြင်းမရှိပေ။

 

ပိုင်မူနင်တစ်ယောက် တောင့်ခဲသွားသည်။

ဒါက ငါ့ကို မလေးမစား ပြောနေတာလား…

 

တစ်ရှူးကို သုံးပြီးနောက် ဝမ်ကျင်းက အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ဝမ်းနည်းပါတယ် ခေါင်းမာတာအတွက် ကုသဆေးမရှိဘူး…တခြားဆေးခန်းတစ်ခုကို သွားကြည့်ရင်ကောင်းမယ်ထင်ပါတယ်”

 

ပိုင်မူနင်: “...?”

 

ဒီလူက တကယ့်ကို အဆိပ်ပြင်းတာပဲ... ဟုတ်တယ်မလား...

 

ပိုင်မူနင်က ဒေါသထွက်ကာ ထပြီး ထွက်သွားသည်။ သို့သော် သူ၏လက် တံခါးလက်ကိုင်ကို ထိလိုက်သည့်အခိုက်အတန့်တွင် သတိပြန်ဝင်လာ၏။

 

ထွက်သွားလို့ ဘာအကျိုးရှိမှာလဲ... ဒေါသထွက်လို့များ ဘာက ကောင်းသွားမှာမလို့လဲ...

 

သူက တကယ်ကြီး ရောဂါရှာဖွေရန် ရောက်လာခြင်းမဟုတ်ပေ။ သူသာ ယခုအချိန်၌ ထွက်ခွာသွားပါက သူ၏ပစ်မှတ်နှင့် နီးစပ်ရန်အခွင့်အရေးကို ဆုံးရှုံးသွားရပေလိမ့်မည်။

 

ပိုင်မူနင်မှာ အငယ်အနှောင်းနှိမ်နင်းရေး အတိုင်ပင်ခံတစ်ဦးဖြစ်ပြီး အလုပ်ရှင်များ၏ ဆက်ဆံရေးပြဿနာများကို ဖြေရှင်းပေးသူပင်။

 

သူ အသက်ငယ်သည်ကိုသာ မကြည့်လျှင် ဤလုပ်ငန်း၌ သူကျင်လည်ခဲ့သည်မှာ နှစ်နှစ်ကျော်ကြာပြီဖြစ်ကာ အတွေ့အကြုံရှိသူဟု ဆိုနိုင်သည်။

 

ပြီးခဲ့သည့်အပတ်က သူ အကြီးစားအော်ဒါတစ်ခုကို လက်ခံခဲ့သည်။ အလုပ်အပ်သူက ချမ်းသာပြီး ရက်ရောသူဖြစ်ကာ တောင်းဆိုချက်မှာ တစ်ခုတည်းရှိ၏။ ထိုအမျိုးသားကို မြှူဆွယ်ပြီး အခြားတစ်ဦးနှင့် ချစ်ကျွမ်းဝင်သွားအောင်လုပ်ကာ သူ၏ချစ်သူဖြင့်ဝေးဝေးနေစေလိုခြင်းပင်။ ပိုင်မူနင်က ပုံမှန်အားဖြင့် ဆွဲဆောင်ဖြားယောင်းမှုနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများ ပါဝင်တတ်သည့် အလုပ်များကို ငြင်းပယ်လေ့ရှိသော်လည်း အလုပ်ရှင်က အလွန်များပြားသော ပမာဏကို ကမ်းလှမ်းခဲ့သည်။ ယင်းကိုငြင်းပယ်ခြင်းက တကယ့်ကိုကျေးဇူးမသိတတ်သူပမာ ခံစားရလိမ့်မည်။

 

ထို့အပြင် သူက အိမ်ဝယ်နိုင်ရန်အတွက် အမြဲလိုလို ပိုက်ဆံစုချင်ခဲ့သည်။ ဤအလုပ်ဖြင့် သူ၏ပန်းတိုင်သို့ တစ်လှမ်းပိုမိုနီးကပ်လာနိုင်၏။

 

ပြဿနာမှာ သူက အချက်အလက်များကို ဦးစွာ အတည်မပြုဘဲ မည်သည့်အမှုကိစ္စကိုမျှ လက်မခံခြင်းပင်ဖြစ်သည်။ ဤလောကတွင် ကိစ္စရပ်များကို ရှုပ်ထွေးအောင်လုပ်သူ မနည်းမနောရှိတတ်သည်။ တစ်စုံတစ်ဦးကသာ အမှန်တရားကို လိမ်ညာနေပါက သူ ကျရှုံးရနိုင်သည်။ ထို့ကြောင့် အလုပ်ကို လက်မခံမီ သူက စုံစမ်းစစ်ဆေးပြီး အခြေအနေမှန်ကန်ခြင်းရှိမရှိ အတည်ပြုရန်နှင့် လုပ်ငန်းတာဝန် မည်မျှခက်ခဲသည်ကို အကဲဖြတ်ရန် လိုအပ်သည်။

 

ထို့ပြင် သူ့ကို စစ်ဆေးခဲ့သော စန်းဝမ်ခန်းမရှိ အတိုင်ပင်ခံဆရာဝန်တစ်ဦးဖြစ်သူ တရုတ်တိုင်းရင်းဆေးဆရာဝန် ဝမ်ကျင်းက သူ၏ပစ်မှတ်ပင်ဖြစ်ချေ၏။

 

အလုပ်ရှင်မှာ ပစ်မှတ်အကြောင်းကို သေချာမသိဘဲ အဓိကအချက်နှစ်ချက်သာ ပေးထားသည်။ ဓာတ်ပုံတစ်ပုံနှင့် အလုပ်အကိုင်တစ်ခုသာ။ ထိုအရာများကို အသုံးပြု၍ ပိုင်မူနင်အနေဖြင့် ပစ်မှတ်ကို ခြေရာခံနိုင်ခဲ့သည်။ အနှီသူ၏ အထောက်အထားကို အတည်ပြုနိုင်ခဲ့ပြီး အခြေအနေကို အကဲဖြတ်ရန်အတွက် ထိုသူ့ကို ချဉ်းကပ်ခဲ့သည်။

 

ဘယ်သူကများ ဒီလူက အရမ်းအဆိပ်ပြင်းတဲ့သူဖြစ်နေလိမ့်မယ်လို့ ထင်ထားမှာလဲ...

 

သူ၏နူးညံ့ပြီး ဣန္ဒြေရှိသောအပြုအမူနှင့် လုံးဝမကိုက်ညီသလို သူမကြာခဏ ပြုံးပြလေ့ရှိသော နွေးထွေးပြီး နူးညံ့သိမ်မွေ့သော အပြုံးနှင့်လည်း ကိုက်ညီမနေပေ။

 

ထိုသူက အပေါ်ယံတွင် ယဉ်ကျေးပြီး ကြင်နာတတ်ပုံပေါက်သော်လည်း တကယ်တမ်းတွင်  လုံးဝကို ဝမ်းတွင်းမည်းနေသူဖြစ်၏။ ဆိုရလျှင် ပိုင်မူနင်က သူ၏ ဆေးပညာကျွမ်းကျင်မှုကို မေးခွန်းထုတ်ခဲ့ခြင်းမဟုတ်ဘဲ ဝမ်ကျင်းကသာလျှင် ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ခြင်းဖြစ်၏။ ဆုံးရှုံးမှုသေးသေးလေးကိုပင် ခံနိုင်ရည်ရှိသူ မဟုတ်ကြောင်း သိသာနေသည်။

 

ပိုင်မူနင် သူ့ကိုယ်သူ သတိပေးလိုက်သည်။ ဤအရာအားလုံးက ပိုက်ဆံအတွက်ပင်။ သူ့အနေဖြင့် ၎င်းကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ရမည်။

 

တံခါးအနီးတွင် ရပ်နေရင်း သူက စိတ်ကိုပြန်လည်တည်ငြိမ်စေရန်အတွက် အသက်ပြင်းပြင်းအနည်းငယ်ရှူလိုက်သည်။ ထို့နောက် သူ၏နေရာသို့ ပြန်သွားပြီး ဝမ်ကျင်းအား တိတ်ဆိတ်စွာ စူးစိုက်ကြည့်လိုက်သည်။

 

သူ စကားမပြောလိုက်ပေ။ သူက စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲအား ပါဝင်လိုက်၏။

 

ဝမ်ကျင်းက သူ ပြန်လာမည်ကို မျှော်လင့်ထားသည့်အလား တည်ငြိမ်စွာပင် မျက်လွှာပင့်လျက် ပြောလာသည်။

“အခု ကိုယ့်ကို ယုံပြီလား”

 

“…?”

 

“...?”

 

သေချာပေါက်ကို တမင်တကာလုပ်နေခြင်းပင်။

 

ပိုင်မူနင်မှာ ရင်ခံသွားသလို ခံစားရပြီး ၎င်းကိုလက်ခံရန်ဆန္ဒမရှိသော်လည်း ဝမ်ကျင်းနှင့် နီးစပ်ရန်လိုအပ်သည့်အတွက် သူ၏သိက္ခာလေးကို မျိုချကာ စွမ်းဆောင်ရည်ညံ့ကြောင်းအား ခေါင်းညိတ်ဝန်ခံလိုက်ရတော့သည်။

 

မခံမရပ်နိုင်အောင်ပင် အောင့်သက်သက်ဖြင့်။ ဓားတစ်ချောင်းဖြင့် သူ့ရင်ဘတ်ထဲသို့ ထိုးသွင်းခံလိုက်ရသလိုပင်။ သူ့တွင် ထိုဓားကို ဆွဲထုတ်ပိုင်ခွင့်လည်းမရှိပေ။

 

သူ၏ရင်ထဲတွင် တင်းကြပ်နေသလို ခံစားရသည်။

 

ဒီစနိုက်ကြော်ကောင်က ကိုင်တွယ်ရမလွယ်ပါလားဟ အား…

 

ဝမ်ကျင်းက သူ၏နှုတ်ခမ်းများကို အနည်းငယ်ကွေးညွတ်လျက်ပြုံးလိုက်ပြီး ဖောင်တိန်တစ်ချောင်းကို ကောက်ယူကာ ဆေးစာတစ်စောင်ကို စတင်ရေးလိုက်သည်။ မှင်မှာ အနက်ရောင်ဖြစ်ပြီး သူ၏လက်ရေးသည် ရဲရင့်ဟန်ရှိကာ အားကောင်းသည်။ အခြားဆရာဝန်များ၏ လုံးဝမဖတ်နိုင်သော လက်ရေးများနှင့်မတူဘဲ ရှင်းလင်းပြီး ဖတ်၍ရသည်။

 

သူက ရေးနေရင်း အကြံဉာဏ်အချို့ ပေးရန်ကိုလည်း မမေ့ခဲ့ပေ။

“ဒီကာလအတွင်းမှာ ပေါ့ပါးတဲ့[အငံမကဲတဲ့]အစားအစာတွေ စားရမယ် အစပ်တွေ အဆီအဆိမ့်တွေ မစားရဘူး ညဉ့်နက်တဲ့အထိ မနေဘဲ လေ့ကျင့်ခန်းလုံလုံလောက်လောက် လုပ်ရမယ်”

 

“မင်းအသက်အရွယ်က ပြန်ကောင်းဖို့လွယ်တယ်”

 

ပိုင်မူနင်က ဒေါသထွက်နေသည့်ပုံစံဖြင့် မော့ကြည့်လိုက်သည်။ သူက ‘ခင်ဗျား တကယ်ပဲ ကျွန်တော့်ရောဂါကို မှားရှာတာမျိုး မဖြစ်နိုင်ဘူးလား’ ဟုသာ ငြင်းခုံလိုက်ချင်တော့သည်။

 

ငယ်ရွယ်နုနယ်၊ လက်လက်ထနိုင်တဲ့အရွယ်မှာ ဘယ်လိုလုပ်ပြီး ကျောက်ကပ်အားနည်းနိုင်မှာလဲလဲ...

 

သို့သော်လည်း သူ၏စာရေးနေသည်ကိုသာ အာရုံစိုက်နေခဲ့သော ဝမ်ကျင်းက နဖူးထက်တွင် မျက်လုံးရှိနေသည့်အလား ပြောလိုက်လေ၏။

 “ခေါင်းမမာနဲ့ မင်းရဲ့ခန္ဓာကိုယ်က တကယ်ကို အားနည်းနေတာ”

 

နောက်ဆုံးစကားကို အဆုံးသတ်လိုက်ပြီးနောက် သူက ပိုင်မူနင်အား ဆေးစာကိုပေးလိုက်ကာ ထပ်လောင်းပြောလိုက်သည်။

“ည ၁၀ နာရီနောက်ပိုင်း ဘာလုပ်လုပ် အိပ်ရေးပျက်တယ်လို့ သတ်မှတ်တယ် မင်း တစ်နေ့ရှစ်နာရီပြည့်အောင် အိပ်ရင်တောင် အိပ်ရေးပျက်တယ်လို့ပဲ သတ်မှတ်တယ်”

 

“ပြီးတော့ အိပ်ရာကနေ အိမ်သာအထိ အကွာအဝေးလောက်ကို လေ့ကျင့်ခန်းလို့ မသတ်မှတ်ဘူး”

 

ပိုင်မူနင်တစ်ယောက် လုံးဝကြောင်အသွားလေသည်။

 

ဒီလူ ငါ့ဗိုက်ထဲက သန်ကောင်များလား... ငါ တွေးနေတာတွေကို ဘယ်လိုလုပ် အတိအကျသိနေရတာလဲ...

 

 

💊💊💊💊 Chapter 2

 

 

ပိုဆိုးသည်မှာ ဝမ်ကျင်းပြောသမျှအားလုံးက သူ မကြာခဏလုပ်နေကျဖြစ်ပြီး ကျိုးကြောင်းဆီလျော်သည်ဟု တွေးခဲ့သောအရာများပင်။ ထိုသူက ဤအရာအားလုံးကို သူ့သွေးခုန်နှုန်းကို စမ်းသပ်ရုံမျှဖြင့် တကယ်ကို တွက်ချက်နိုင်ခဲ့ပေသည်။

 

ပိုင်မူနင်တွင် လုံးဝသဘောတူယုံကြည်လိုက်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ တရုတ်တိုင်းရင်းဆရာဝန်တစ်ဦးရှေ့တွင် လျှို့ဝှက်ချက်များဟူ၍ မရှိသည်မှာ အမှန်ပင်။

 

သူ ထိတ်လန့်အံ့အားသင့်နေဆဲအခိုက်အတန့်မှာပင် ဝမ်ကျင်းက အလေးအနက်လေသံဖြင့် ထပ်မံပြောလာသည်။

“လူငယ်လေး မင်းရဲ့လက်ကိုပဲ အမြဲတမ်းအားမကိုးနဲ့တော့ ချစ်သူရည်းစားလေး ထားပါဦး”

 

ပိုင်မူနင်: “...?”

 

သူ၏ခေါင်းမှာ ချက်ချင်းငုံ့ကျသွားပြီး မျက်နှာပျက်လောက်အောင် ရှက်ရွံ့သွားရသည်။ သူ့အနေဖြင့် တရုတ်တိုင်းရင်းဆေးဆရာဝန်၏ အရည်အချင်းကို သံသယမဝင်ခဲ့သင့်ပေ။ ယခုမူ သူ့ကိုယ်ပိုင်လုပ်ရပ်များ၏ အကျိုးဆက်ဖြစ်သည့် စွမ်းဆောင်ရည်မရှိခြင်းကို ခံစားနေရပေပြီ။

 

အရေးကြီးဆုံးအချက်မှာ ဝမ်ကျင်းပြောသည်မှာ အတိအကျ မှန်ကန်နေခြင်းပင်။

 

ဝမ်ကျင်းတွင် ပိုပြီးပြောစရာရှိပုံပေါက်နေသော်လည်း ပိုင်မူနင်က သနားစဖွယ်ပုံလေးဖြင့် ချက်ချင်းပင် အရှုံးပေးလိုက်သည်။

 

 “ဒေါက်တာဝမ် ကျွန်တော်မှားတာပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကုန်ပုံမချွတ်ချပါနဲ့တော့[အကုန်မဖော်ထုတ်ပါနဲ့တော့] အနည်းဆုံး ဘောင်းဘီတစ်ထည်လောက်တော့ ချန်ပေးပါဦး”

 

ဝမ်ကျင်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ တစ်စက္ကန့်ခန့် ရပ်နားပြီးနောက် ပြောလိုက်သည်။

“ကိုယ်က မင်း အခု သွားဆေးယူလို့ရပြီလို့ ပြောမလို့”

 

ပိုင်မူနင်: “...?”

 

ငါက ကြိုတွေးပြီး ကြောက်နေခဲ့မိတာပဲကိုး...

 

–

 

လုံးဝကို အရှုံးပေးလိုက်ရပြီးနောက် ပိုင်မူနင်မှာ တိုင်ပင်ဆွေးနွေးခန်းမှ ထွက်လာကာ ဝမ်ကျင်းရေးပေးထားသည့် ဆေးစာကို ယူ၍ ငွေရှင်းကောင်တာသို့ ဦးတည်သွားလိုက်သည်။

 

ဝမ်ကျင်းက တစ်ပတ်တာအတွက် သောက်သုံးနိုင်သည့် ဆေးခုနစ်ထုပ်ကို ညွှန်ကြားပေးခဲ့သည်။ သူ့အနေဖြင့် ဆေးရုံတွင် အပိုအခကြေးငွေပေးကာဖြင့် ဆေးဖော်ခိုင်းနိုင်သလို သူ့ကိုယ်သူ အိမ်သို့သယ်ကာ ပြင်ဆင်၍လည်းရသည်။

 

ဆေးထုပ်ကို အိတ်ထဲတွင် အလုံပိတ်ထားခြင်းဖြစ်သောကြောင့် အပူပေးပြီး သောက်ရုံမျှသာဖြစ်ရာ အဆင်ပြေ၏။

 

[T/N - တိုင်းရင်းဆေးရည်ပါ အဲဒါက ရေနွေးပူခွက်ထဲ ဆေးအိတ်လေး ၅မိနစ်လောက်စိမ်ထားပြီးဖောက်သောက်ရုံပဲ]

 

ငွေတောင်းခံလွှာကို တစ်ချက်ကြည့်လိုက်ရာ စုစုပေါင်း  ယွမ်၂၀၀ကျော်သာရှိကြောင်း ပိုင်မူနင်သိလိုက်ရသည်။ သူ စိတ်ထဲမှ တွေးလိုက်သည်မှာ ဝမ်ကျင်းက ပါးစပ်ဆိုးကာ အဆိပ်ပြင်းသည့်စကားတို့ကိုသာ ဆိုတတ်သော်လည်း သူ၏စိတ်နှလုံးကမူ မည်းနက်မနေဟူ၍။ ဤစျေးနှုန်းက တကယ်ကို သင့်လျော်ပေသည်။

 

သူက အမြဲတမ်း အလွန်ဆင်းရဲခဲ့ပြီး ငွေကိုဂရုတစိုက်သုံးစွဲသည့် အကျင့်ရှိခဲ့သည်။ ဆေးရုံများအပေါ် သူ၏ခံစားချက်ကို စကားလုံးတစ်လုံးတည်းဖြင့် ခြုံပြောရလျှင်ဆိုပါက 'ဈေးကြီးခြင်း' ပင်။ ရိုးရိုးအအေးမိခြင်းကို ကုသလျှင်ပင် ယွမ်တစ်ထောင်ခန့် ကုန်ကျရသည်ဟု သူအမြဲလိုလိုခံစားခဲ့ရသည်။

 

သို့သော် ယခုမူ သူက ဤတရုတ်ရိုးရာဆေးခန်းတွင် ကျောက်ကပ်အားနည်းခြင်းအတွက် ယွမ် ၂၀၀ ကျော်ဖြင့် ကုသမှုခံယူနေရသည်။ ယခုဆိုလျှင် သူ့အနေဖြင့် ဆရာဝန်ပြရန် တတ်နိုင်သွားသည့်အတွက် ရုတ်တရက် ပျော်ရွှင်မှုကို ခံစားလိုက်ရလေ၏။

 

သူ၏ဆေးများကို ရောစပ်ပေးနေစဉ် ပိုင်မူနင်က ဝမ်ကျင်းနှင့်သူ့ကြား အပြန်အလှန်ဆက်ဆံမှုကို စတင်သုံးသပ်နေမိသည်။ ဝမ်ကျင်းက နူးညံ့ပြီး ကြင်နာတတ်သူပမာ ခံစားချက်ကို ပေးသော်လည်း စိတ်အတွင်းပိုင်းတွင်မူ အနှီသူက လုံးဝနူးညံ့ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုသူမှာ အတော်လေး အေးစက်ပြီး လျစ်လျူရှုတတ်သူဖြစ်ချေ၏။

 

ဒီလိုမျိုးစရိုက်နဲ့လူက တစ်ယောက်ယောက်နဲ့ ခံစားချက်အရ ပတ်သက်မိပြီး လုံးဝလက်မလွှတ်နိုင်လောက်တာမျိုးအထိ ဖြစ်နိုင်ပါ့မလား… သူက တကယ်ကို သူများလူရဲ့ အငယ်အနှောင်းကောင်လေး ဖြစ်နိုင်ပါ့မလား…

 

သူကမူ ဝမ်ကျင်းမှာ သူနှင့် လမ်းခွဲမည်ဟုဆိုလာပါက 'ကောင်းပြီ' ဟုသာ ပြောပြီး ဒုတိယအကြိမ်တွေးမနေဘဲ မေ့ပျောက်ပစ်လိုက်မည့်လူမျိုးဟု ခံစားရသည်။

 

ပိုင်မူနင်၏ခေါင်းပေါ်တွင် အမေးသင်္ကေတကြီးတစ်ခု ထွက်ပေါ်လာပြီး သူ လူမှားနေပြီများလားဟူ၍ သံသယဝင်လာရသည်။

 

အဲလိုဆိုရင် ဓာတ်ပုံနဲ့ အလုပ်အကိုင်ကိုကျ ဘယ်လိုဖြေရှင်းရမှာလဲ…

 

ပိုင်မူနင် ငွေရှင်းကောင်တာဘက်သို့ လှမ်းကြည့်လိုက်ရာ ဖော်ရွေပုံပေါက်သည့် အမျိုးသမီးငယ်တစ်ဦးက ငွေပေးချေမှုများကို ကိုင်တွယ်နေသည်။ ထို့ကြောင့် ပိုင်မူနင်က အချက်အလက်များကိုမေးမြန်းနိုင်ရန် ထိုနေရာသို့သွားလိုက်လေသည်။

 

“ရှောင်ကျယ်ကျဲလည်း ဒီဂိမ်းကို ဆော့တာလား ဘယ် server မှာလဲ”

 

ပိုင်မူနင်က သူမ၏အလုပ်ကွန်ပြူတာပေါ်တွင် ဂိမ်းနှင့်ပတ်သက်သည့် ပစ္စည်းအချို့ကို သတိပြုမိသွားသည်၊၊ ထို့ကြောင့် သူက ရင်းနှီးနိုင်ရန် ထိုအရာဖြင့် စကားစရန် အသုံးပြုလိုက်ခြင်းပေ။

 

အမျိုးသမီးငယ်လေးက သူ့ကို ပြုံးပြလာသည်။

“မင်းလည်း ကြိုက်တာလား ငါက အရှေ့ခရိုင်အမှတ်သုံးမှာ”

 

ဂိမ်းအကြောင်း ခဏတာ စကားပြောပြီးနောက် ပိုင်မူနင်က သူမကို WeChat တွင် သူငယ်ချင်းအဖြစ် ထည့်လိုက်ပြီး တစ်ချိန်ချိန်တွင် သူမနှင့်အတူ duo queue[နှစ်ယောက်တွဲ] ဆော့ရန်ပင် စီစဉ်ခဲ့သည်။

 

ထို့နောက် သူက အခွင့်အရေးယူ၍ မေးလိုက်လေသည်။

 “ကျယ်ကျဲ ဒေါက်တာက တစ်ဦးတည်းသောသားလား”

 

“ဒီကလေး မင်းက စိတ်ဝင်စားစရာကောင်းအောင် မေးတတ်တာပဲ လူအများစုက ဒေါက်တာဝမ်မှာ ရည်းစားရှိလားဆိုတာကိုပဲ သိချင်ကြတာ မင်းကတော့ ထူးခြားချက်”

အမျိုးသမီးငယ်က သူမ၏ဖုန်းကို ချလိုက်ပြီး ပိုင်မူနင်အား အသေးစိတ်စစ်ဆေးကြည့်ရှုကာ ပြောလိုက်သည်။

“လာပါ ပြောပါဦး မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”

 

ပိုင်မူနင်အနေဖြင့် ဝမ်ကျင်းတွင် ရုပ်ချင်းဆင်သောညီအစ်ကိုရှိနိုင်ခြေ ရှိမရှိကို ပယ်ချရန်အတွက်သာ ထိုမေးခွန်းကို မေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့အနေဖြင့် ထိုမေးခွန်းက အနည်းငယ် ရုတ်တရက်ဆန်ကြောင်း ဝန်ခံရမည်ပင်။ ယခု သူ ထိုအခြေအနေကို ဖြေရှင်းရန်အတွက် အကြောင်းပြချက်တစ်ခုခုကို ရှာဖွေရပေမည်။

 

ပိုင်မူနင်က သူ့ခေါင်းကိုကုတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်က ဒေါက်တာဝမ်နဲ့ မတွေ့ခင်က အပြင်မှာ တစ်ခါလောက် ဆုံဖူးတယ်ထင်တယ် ဒါပေမဲ့ အခု ဒေါက်တာဝမ်နဲ့  ခံစားချက်မတူဘူး အဲဒါကြောင့် ကျွန်တော်က လူများမှားနေတာလားလို့ တကယ်တမ်း ကျွန်တော်ဆုံခဲ့တာက ဒေါက်တာဝမ်ရဲ့ ညီများလားဆိုပြီး တွေးမိသွားတာ”

 

“ဒေါက်တာဝမ်မှာ ညီ-မရှိပါဘူး ညီမလေးတစ်ယောက်ပဲ ရှိတယ် ငါတို့အားလုံး သူ့ကို တွေ့ဖူးကြတယ်လေ သူက ထူးထူးခြားခြား အရမ်းချစ်စရာကောင်းတဲ့ကောင်မလေးပဲ”

 

ပိုင်မူနင်က “ဪ” ဟုသာဆိုလိုက်ပြီး ကျေးဇူးတင်စကားပြောကာ သူ၏ဆေးကို စောင့်ဆိုင်းခန်းထဲတွင် ထိုင်စောင့်ရန် ထွက်သွားလိုက်သည်။

 

ယခုမူ သူ့အနေဖြင့် ရုပ်ချင်းဆင်သည့် ညီအစ်ကိုရှိခြင်းကြောင့် လူမှားယွင်းမှုဖြစ်နိုင်ခြေကို ဖယ်ထုတ်နိုင်ပြီဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ရာက သူ့အတွက် အဆင်မပြေဖြစ်နေဆဲပင်။

 

မကြာမီမှာပင် အဖြူရောင်ကုတ်အင်္ကျီများဝတ်ထားသည့် လူနှစ်ဦး လမ်းလျှောက်သွားသည်ကို သူ တွေ့လိုက်ရသည်။ ထိုသူတို့ထဲမှ တစ်ဦးမှာ ဝမ်ကျင်းပင်ဖြစ်သည်။

 

သူ့ဘေးက အမျိုးသားက ပိုင်မူနင်နှင့် အသက်တူတူနီးပါးရှိပြီး အရပ်အနည်းငယ်ပုကာ ပို၍အားမာန်ပြင်းသည်။ သူက ဝမ်ကျင်း၏လက်မောင်းကို ဆွဲကာပြောလိုက်သည်။

“မြန်မြန်ပြောစမ်းပါဦး မင်းနဲ့ အဲဒီ့ရည်းစားကောင်လေးနဲ့က ဘယ်လိုလဲ”

 

ယောက်ျားတွေကိုကြိုက်တယ်... လိင်စိတ်ခံယူချက် အတည်ပြု...

 

ဝမ်ကျင်း၏အသံမှာ အလွန်တိုးသောကြောင့် ပိုင်မူနင်က သူပြောသည်တို့ကို နားမထောင်နိုင်ခဲ့ပေ။ သို့သော် သူ့သူငယ်ချင်း၏မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် အံ့အားသင့်စရာ တစ်စုံတစ်ရာပင် ဖြစ်ရပေမည်။

 

ထိုအမျိုးသားက အံ့သြစွာဖြင့် သူ၏ပါးစပ်ကို ပိတ်လိုက်သည်။

“အဲဒါဆို မင်းက တတိယလူဖြစ်နေတာလား”

 

“ပြီးတော့ မင်းက သူ့နဲ့ဆက်တွဲနေတုန်းပဲလား ညီအစ်ကိုရေ မင်းကို အချစ်နဲ့ပတ်သက်ရင် ဒီလောက် ရူးလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး”

 

ထိုနှစ်ဦး လမ်းလျှောက်သွားသည်နှင့်အမျှ သူတို့၏စကားသံများမှ ပိုင်မူနင်၏အကြားအာရုံမှ တိုးဖျော့ကာ သွားသည်။

 

သို့သော် ယခုမူ တစ်ချက်မှာ သေချာသွားပြီဖြစ်သည်။ ဤအလုပ်ကို လက်ခံရတော့မည်။ ဝမ်ကျင်းက အခြားသူတစ်ဦး၏ ဆက်ဆံရေးတွင် တတိယလူဖြစ်နေသည်။

 

စောင့်ဆိုင်းခန်းထဲတွင် ထိုင်နေရင်း ပိုင်မူနင်က သူ၏ဖုန်းကို ထုတ်ယူကာ သူ၏အလုပ်ရှင်ထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။

 

[ပိုင်မူနင်- မစ္စကျိုး မင်္ဂလာပါ...ကျွန်တော် အလုပ်လက်ခံပါ့မယ်...]

 

×××××

 

ပိုင်မူနင်က အသေးစား ပြဿနာလေးဖြစ်သည့် မှဲ့ကို အလိုအလျောက်လျစ်လျူရှုလိုက်သည်။ နောက်ဆုံး၌ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အမာရွတ်မကျန်ဘဲ မှဲ့ဖယ်ရှားရန်မှာ လွယ်ကူပြီး အံ့သြစရာမဟုတ်တော့ပေ။

 

အဓိကအချက်မှာ ကျန်အရာအားလုံးက တိုက်ဆိုင်နေခြင်းပင်။ သို့ဖြစ်ရာ သူ့အနေဖြင့် အခက်အခဲမရှိဘဲ ယုံကြည်မှုရှိရှိ လှုပ်ရှားနိုင်ချေပြီ။

 

အလုပ်ရှင်က ပစ်မှတ်မှာ ငယ်ရွယ်ပြီး တက်ကြွမှုအပြည့်ရှိသည့် အမျိုးသားများကို နှစ်သက်ကြောင်းပြောခဲ့သည်။ ထိုသို့မဟုတ်လျှင် အလုပ်အပ်ရန် သူ့ကို ရှာခဲ့မည်မဟုတ်ပေ။ သူက စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူဟု ထင်ခဲ့၏။

 

တက်ကြွမှုအပြည့်ရှိခြင်းက သူ၏အားသာချက်ဖြစ်သော်လည်း သူ့တွင် ပြဿနာတစ်ခုက ရှိနေသေးသည်။ သူ့ခမျာ မကြာသေးမီကမှ ကျောက်ကပ်အားနည်းခြင်းဟူသော ရောဂါကို ရှာဖွေတွေ့ရှိထားသည်။ ဤသို့ဖြစ်နေလျက်ဖြင့် သူ့တွင် အင်အားအပြည့်ရှိကြောင်း မည်သို့သက်သေပြရမည်မသိပေ။

 

ယင်းက သေချာပေါက် စဉ်းစားရမည့် မေးခွန်းတစ်ခုပင်။

 

—

 

စနေနေ့ဖြစ်သည့်အတွက် ပုံမှန်ထက် လူနာပိုများနေသည်။ စန်းဝမ်ခန်းမမှာ လူအများ အဝင်အထွက်များပြားကာ အလုပ်များနေသဖြင့် ဆေးရရန် အချိန်ယူလိုက်ရသည်။

 

တရုတ်ဆေးဝါးများကို အနှစ်ထုတ်သည့်ဆေးပြုတ်အိုးထဲသို့ ထည့်လိုက်သည်နှင့် မကြာမီပင်

ရေနွေးငွေ့များက ထူထဲထဲတစ်လှည့် ခပ်ပါးပါးတစ်လှည့်များ ထွက်လာပြီး ဆေးနံ့များက လေထဲတွင် ပျံ့နှံ့၍သွားသည်။ ၎င်းက သူ့နှာခေါင်းပေါက်များမှတစ်ဆင့် ဝင်ရောက်လာရာ မနှစ်မြို့ဖွယ်မရှိသော်လည်း ခါးသက်သည့်ရနံ့ဖျော့ဖျော့က စိတ်မသက်မသာဖြစ်စေသည်။

 

ပိုင်မူနင်မှာ ကော်ဖီကိုပင် ခါးသည်ဟု ယူဆထားသူဖြစ်လေရာ ဤဆေးဖက်ဝင်ဆေးရည်ကို မည်သို့သောက်ရမည်ကို မသိပေ။

သကြားနဲ့နို့ ထည့်လို့များ ရနိုင်မလား…

 

ယင်းကို သူ စိုးရိမ်နေစဉ်မှာပင် သူ့အလုပ်ရှင်တစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။ အလုပ်အပ်သူမှာ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းနေဆဲဖြစ်သည့် အိမ်ရှင်မဖြစ်သည်။

 

သူမနှင့် ခင်ပွန်းဖြစ်သူတို့က တက္ကသိုလ်တွင် တွေ့ဆုံခဲ့ကြပြီး ချစ်သူသက်တမ်းမှာ လေးနှစ်ရှိကာ ဘွဲ့ရပြီးသည်နှင့် လက်ထပ်ခဲ့ကြသည်။ မယိမ်းယိုင်သော အချစ်နှင့် ကံကြမ္မာ၏ ပြယုဂ်ဖြစ်သည့် "ကျောင်းဝတ်စုံမှ မင်္ဂလာဝတ်စုံသို့" ဟူသည့် ရေပန်းစားသော စကားစုတစ်ခု ရှိခဲ့သည်။ သို့သော်လည်း အချစ်ဆိုသည်က နေ့စဉ်ဘဝ၏ သာမန်ကိစ္စများနှင့် ရောထွေးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ ထိခိုက်လွယ်လာသည်။ တစ်ချိန်က မယိမ်းယိုင်ခဲ့သောအချစ်နှင့် ခိုင်မာသည့် စိတ်ဆုံးဖြတ်ချက်တို့က ဟာသတစ်ခုသက်သက်အဖြစ် တိတ်တဆိတ်ပြောင်းလဲသွားခဲ့သည်။

 

မကြာသေးမီကပင် သူမ၏ခင်ပွန်းသည် ဖောက်ပြန်နေကြောင်း သူမ သိခဲ့ရသည်။ သူမက ငိုယိုခြင်းမပြုခဲ့သလို မိသားစုအတွင်း အရှုပ်အထွေးတစ်ခုခုကိုလည်း မဖြစ်ပွားစေခဲ့ဘဲ သူတို့၏အိမ်ထောင်ရေးကိုသာ အလေးအနက်ထားပြီး ကြည့်ရှုစောင့်ရှောက်ခဲ့သည်။

 

အလေးအနက်စဉ်းစားပြီးနောက် သူမက အနှီအငယ်အနှောင်းအား စုံစမ်းရန်နှင့် ကွာရှင်းမှုတွင် အကောင်းဆုံးရလဒ်ရရှိရန်အတွက် ခင်ပွန်းဖြစ်သူ၏ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းပေးရန် ပိုင်မူနင်ကို လာရှာခဲ့သည်။ အစပိုင်းတွင် အလုပ်အပ်သူက အိမ်ထောင်ရေးကို ပြန်လည်ထိန်းသိမ်းလိုသဖြင့် အငယ်အနှောင်းတားဆီးရေးဝန်ဆောင်မှုကိုသာ ရွေးချယ်ခဲ့သည်။ သို့သော် ပြန်စဉ်းစားပြီးနောက် သူမက 'တခြားသူ သုံးပြီးသားအမှိုက်ကို ဘာလို့ သိမ်းထားရမလဲ…ရွံစရာကောင်းတယ်မလား'  စသဖြင့် တွေးမိသွားခဲ့ချေ၏။ ထို့ကြောင့်ပင် သူမက စိတ်ပြောင်းသွားပြန်သည်။

 

ဤကိစ္စက လက်ရှိတွင် ပြီးပြတ်သွားပြီးဖြစ်၍ ပိုင်မူနင်မှာ အလုပ်ရှင်က အဘယ်ကြောင့် ထပ်မံဆက်သွယ်လာရသည်ကို မသေချာပေ။

 

“လီကျဲ ဘာဖြစ်လို့လဲ..”

 

လီလီက ပြောသည်။

"ရှောင်နင် မင်းက လူတွေကို ကျိန်ဆဲရတဲ့အလုပ်ကိုရော လက်ခံလား... လာမယ့်ကြာသပတေးနေ့ကျရင် ငါ ကွာရှင်းဖို့ အရပ်ဘက်ရေးရာဌာနကိုသွားမလို့... ငါ့အတွက် စကားပြောပေးမဲ့သူတစ်ယောက်လိုတယ်"

 

ထိုလူယုတ်မာအား ဖယ်ထုတ်ပြီးချိန်မှစ၍ လီလီက အားမာန်အပြည့်ရှိနေသည်။ သူမ၏လေသံတွင်ပင် ပျော်ရွှင်မှုအရိပ်အယောင်များ ပါဝင်နေသည်။

 

ပိုင်မူနင်၏ ဝန်ဆောင်မှုအမျိုးမျိုးမှာ နယ်ပယ်ကျယ်ပြန့်လှသည်။ သူက အခြားသူများအတွက် ပြောရေးဆိုခွင့်ရှိသူ[ကျိန်ဆဲသူ] လုပ်ပေးခြင်း၊ ဘလိုင်းဒိတ်ကိုယ်စား သွားပေးခြင်း၊ ငတုံးအယုတ်တမာများနှင့် ပတ်သက်ရခြင်း၊ အငယ်အနှောင်းစနိုက်ကြော်တို့အား စုံစမ်းထောက်လှမ်းရခြင်း စသည်ဖြင့် မည်သည့်အရာကိုမဆို လက်ခံလုပ်ဆောင်ပေးသည်။

 

ဆိုရလျှင် ပိုက်ဆံရနိုင်သရွေ့ သူက မည်သည့်အရာကိုမဆို လက်ခံလုပ်ဆောင်သည်။

 

“လီကျဲ ကျွန်တော်လက်ခံတယ်… တောင်းဆိုချင်တဲ့ အချက်တွေရှိလား”

 

တစ်စုံတစ်ဦးကို ဆဲဆိုရခြင်းကလည်း အလုပ်ရှင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည့် အတတ်ပညာတစ်ခုပင်ဖြစ်ပြီး ဖြစ်ကတတ်ဆန်းလုပ်ရုံဖြင့် မလုံလောက်ပေ။ ပိုင်မူနင်က သူ၏ချဉ်းကပ်ပုံကို သုံးမျိုးခန့် ခွဲခြားထားသည်။ ပထမအမျိုးအစားမှာ ရိုင်းစိုင်းစွာဆဲဆိုခြင်းဖြစ်ပြီး ပစ်မှတ်၏ မိဘများ၊ မောင်နှမများ နှင့် ဘိုးဘွားများ အထိ ဆက်တိုက်ဆိုသလို နှုတ်ဆက်[ဆဲဆို]ခြင်းပင်ဖြစ်သည်။ ပို၍ ရိုင်းပြလေ ကောင်းလေပင်။ ဤနည်းလမ်းက အသက်ကိုသေချာထိန်းချုပ်ရှူရန်နှင့် ချောမွေ့စွာ စီးဆင်းဖို့ရာလိုအပ်ပြီး အခြားတစ်ဖက်သားကို လွတ်လမ်းမရှိအောင်ပြုလုပ်ခြင်းပင်။

 

ဒုတိယအမျိုးအစားကမူ ယဉ်ကျေးစွာဆဲဆိုခြင်းဖြစ်ပြီး ဘိုးဘွားများကိုမူ နှုတ်မဆက်[မဆဲဆို]ခြင်းပင်။ ယင်းအစား ၎င်းကမူ ချက်ကျလက်ကျဖြင့်အထောက်အထားများကို ကိုးကားလျက် ပစ်မှတ်ကို အကြောင်းပြချက်ခိုင်လုံစွာ ဆဲဆိုခြင်းပင်။ ဤနည်းလမ်း၏သော့ချက်ကမူ ယုတ္တိကျခြင်းနှင့် စဥ်ဆက်မပြတ်ဆဲဆိုခြင်းပင်ဖြစ်ပြီး တစ်ဖက်လူကို အလွန်တုန်လှုပ်သွားစေလိမ့်မည်။

 

တတိယအမျိုးအစားမှာ အဆင့်မြင့် ဆဲဆိုခြင်းဖြစ်ပြီး သိမ်မွေ့သောလမ်းကြောင်းကို လိုက်သည်။ ၎င်းကမူ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးများကို ရှောင်ကြဉ်ပြီး ယင်းအစား ထိုလူ နားမလည်နိုင်သည့် ရှုပ်ထွေးသော စကားစုများသုံးကာ ကျိန်ဆဲခြင်းဖြစ်သည်။ ယင်းစကားစုများကြောင့် တစ်ဖက်လူများမှာ သူတို့အား ရမ်းကားဆဲဆိုကျိန်ဆဲနေခြင်း ရှိမရှိကို သေချာမသိနိုင်ပါဘဲ ရှုပ်ထွေးသွားစေပြီး လုံးဝပြန်လှန်ပြောဆိုနိုင်စွမ်း မရှိတော့ပေ။

 

“အဲ့ဒီနေ့ကျရင် ငါ့ယောက်ျားဟောင်းကို အရပ်ဘက်ရေးရာဌာနမှာ စိတ်ဆင်းရဲဒုက္ခရောက်ပြီး နာကျင်ခံစားရစေချင်တယ် သူ ပြန်ပြီးတောင် ငြင်းလို့မရနိုင်လောက်အောင် အင်အားမရှိ ဖြစ်နေစေချင်တယ်”

 

ပိုင်မူနင် နားလည်လိုက်သည်။ အလုပ်ရှင်မှာ အဆင့်မြင့် ကျိန်ဆဲမှုကို လိုအပ်နေသည်။

“နားလည်ပါပြီ လီကျဲ ကျွန်တော့်ဘက်က အေးဆေးပဲ”

 

အချိန်ကို အတည်ပြုပြီးနောက် ပိုင်မူနင်က ဖုန်းပြောဆိုမှုကို အဆုံးသတ်လိုက်သည်။

 

သူ့ဖုန်းကို ချလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ကျင်းက ဖုန်းပြောရင်း တန်းလန်း သူ၏တိုင်ပင်ဆွေးနွေးခန်းမှ ထွက်လာ၏။

 

၎င်းမှာ အရေးကြီးသော ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ပုံရသည်။ ပိုင်မူနင်က အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမကြားရသော်လည်း ဝမ်ကျင်း၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိသည်။ အတိအကျဆိုရလျှင် သူက ဖုန်းချချင်နေပုံရသည်။

 

ဝမ်ကျင်းက အလျင်စလိုပင် အမြန်လှမ်းထွက်သွားရာ ပိုင်မူနင်က သူပြောလိုက်သည့်စကားအချို့ကို ခပ်တိုးတိုး ကြားလိုက်ရလေ၏။

“မင်းရဲ့ရည်းစားနဲ့ ဘယ်တော့ လမ်းခွဲမှာလဲ”

 

“ငါစိတ်ရှည်တာက အကန့်အသတ်ရှိတယ် ငါ့ကို လာရှာရအောင် ဖိအားမပေးနဲ့”

 

ဝမ်ကျင်းမှာ တကယ်ပင် အချစ်ရူးတစ်ယောက်ဖြစ်ပုံရသည်။ သူက အေးစက်ပြီး သီးသန့်ဆန်ပုံရကာ နူးညံ့သိမ်မွေ့ဟန်ဆောင်နေသော်လည်း မထင်မှတ်ထားစွာဖြင့် ဆက်ဆံရေးနှင့်ပတ်သက်လာသောအခါတွင် လုံးဝဆင်ခြင်တုံတရားမရှိပေ။

 

ပိုင်မူနင် သူ့ဖုန်းကို ကြည့်လိုက်သည်။ သူ့အနေဖြင့် ဝမ်ကျင်း၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရယူရန်လိုအပ်သည်။ မဟုတ်ပါက သူ့ဘက်က လွယ်လွယ်ကူကူ ဆက်သွယ်နိုင်မည်မဟုတ်ပေ။

 

စန်းဝမ်ခန်းမတွင် ဆက်သွယ်ရန်အချက်အလက်များ ရှိသည်မှာ မှန်သော်လည်း ယင်းတို့က ဝမ်ကျင်းနှင့် တိုက်ရိုက်ချိတ်ဆက်ပေးနိုင်မည်မဟုတ်သည့် ဖောက်သည်ဝန်ဆောင်မှုလိုင်းများသာဖြစ်သည်။ ၎င်းတို့မှာ သူ့အတွက် အသုံးမဝင်ပေ။

 

ထို့အပြင် သူ့အနေဖြင့် ဆေးရုံသို့ ဆက်တိုက်လာကာ စစ်ဆေးမှုလုပ်နေနိုင်မည်မဟုတ်ပေ။ ၎င်းက သူ၏ပိုက်ဆံအိတ်လေးအတွက် အဆင်မပြေပေ။ အကောင်းဆုံးချဉ်းကပ်ပုံမှာ ဝမ်ကျင်း၏ ဆက်သွယ်ရမည့်အချက်အလက်များကို ရယူလျက် စတင်စကားပြောကာ လက်ဦးမှုယူပြီး ဖြားယောင်းခြင်းပင်။

 

သူ၏စိတ်ကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းနောက်သို့ အားတက်သရောပြေးလိုက်သွား၏။ ဝမ်ကျင်းက သူ၏နောက်တွင် ရုတ်တရက်ပေါ်လာသော အမြီးလေးကို သတိပြုမိပြီး မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်သည်။

 

ပိုင်မူနင်က သူ၏သတိပေးသလိုအကြည့်ကို ဖမ်းမိလိုက်ပြီး နှုတ်ခမ်းလှုပ်ရုံမျှဆိုလိုက်ချေ၏။

"ဒေါက်တာဝမ် ကျွန်တော် ခင်ဗျားနဲ့ စကားပြောဖို့လိုတယ်..."

 

ဝမ်ကျင်းက နောက်ကလိုက်လာသူကို ဂရုမစိုက်ဘဲ စန်းဝမ်ခန်းမအပြင်သို့ တန်းတန်းမတ်မတ်ထွက်သွားကာ ဆက်လက်၍ဖုန်းပြောနေသည်။

 

ယဉ်ကျေးမှုအရ ပိုင်မူနင်က သူ့နောက်သို့မလိုက်တော့ဘဲ အဝင်ဝတွင် ရပ်စောင့်နေခဲ့သည်။

 

မှန်တံခါးမှတစ်ဆင့် ဝမ်ကျင်း၏ ဖုန်းကိုဆုပ်ကိုင်ထားသော လက်ဖဝါးပေါ်ရှိ ထင်ရှားသောသွေးပြန်ကြောများကို သူသတိထားမိသည်။ စကားပြောဆိုမှုက သာယာချမ်းမြေ့ပုံရမနေပေ။ ဆိုရလျှင် ၎င်းသည် သူ၏သွေးပေါင်ချိန်ကို မြင့်တက်[သွေးတိုး]စေပုံပင်။

 

ယခုအချိန်တွင် ကျင်းနန်၌ ဆောင်းရာသီသို့ ရောက်နေပြီဖြစ်ပြီး ယမန်နေ့ကပင် နှင်းကျခဲ့သေးသည်။ သို့တိုင် ဝမ်ကျင်းကမူ ပါးလွှာသော အဖြူရောင်ကုတ်အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး အေးကြောင်း ခံစားရသည့် လက္ခဏာပင် မပြပေ။

 

မျှော်လင့်ထားတဲ့အတိုင်း အရပ်ရှည်ပြီး သန်မာတဲ့ယောက်ျားတွေက အအေးဒဏ်ခံနိုင်ကြတာပဲ အား...

 

-----

 

စာရေးသူ၏မှတ်ချက်

 

ဝမ်ကျင်းရဲ့ ရည်းစားကောင်လေးအခြေအနေက အထင်လွဲမှုတစ်ခုပါ…

 

 

💊💊💊💊Chapter 3

ဟေ့လူ ခင်ဗျားတော့ ကျွန်တော့်ရဲ့ ပြိုင်ဆိုင်လိုစိတ်ကို အောင်အောင်မြင်မြင် နှိုးဆွလိုက်နိုင်ပြီပဲ

 

 

မကြာမီမှာပင် ဝမ်ကျင်းတစ်ယောက် ဖုန်းပြောဆိုမှုကို အဆုံးသတ်ပြီး ပြန်ဝင်လာသည်။ သူက သူ့အမူအရာများကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သည်။ သူ့မျက်နှာတွင် နွေးထွေးပြီး နူးညံ့သော အပြုံးတစ်ခုကို ဆောင်ထားပြီး ပိုင်မူနင် လိုအပ်သည်ကို မေးလိုက်သည်။

 

ပိုင်မူနင်မှာ ဝမ်ကျင်း သူ၏ စိတ်ခံစားချက်များကို အားမထုတ်ရပါဘဲ လွယ်ကူစွာ ထိန်းချုပ်နိုင်စွမ်းရှိသည်ကို တိတ်တဆိတ်အံ့အားသင့်သွားရသည်။

 

သူက မော့ကြည့်လိုက်သည်နှင့်  ဝမ်ကျင်းမှာ သူ့ထက်အများကြီး အရပ်ပိုရှည်နေကြောင်း သတိပြုမိသွားချေသည်။ မထိန်းချုပ်နိုင်ဘဲ သူက အရပ်ညီမျှသွားစေရန်အတွက် ခြေဖျားထောက်လိုက်သည်။

 

ခြေဖျားထောက်လိုက်ပါသော်ငြား သူ့အနေဖြင့် ဝမ်ကျင်း၏မျက်လုံးမျှအထိသာ ခက်ခက်ခဲခဲမီသွား၏။ သူက ၁.၈ မီတာပြည့်ရန် တစ်စင်တီမီတာသာ လိုသော်လည်း ထို ၁.၈ မီတာကျော်သော အရပ်မှာ အားကျစရာကောင်းလှသည်။

 

ဝမ်ကျင်းက မေးခွန်းထုတ်သလို မျက်ခုံးပင့်လာချေ၏။ 'ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ကို ပေးတာပိုကောင်းလိမ့်မယ်'ဟု ဆိုနေသည့်အလားပင်။

 

ပိုင်မူနင်က အဆင်မပြေဖြစ်မှုကို ဖြေလျှော့ရန်အတွက် လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။

“ဒေါက်တာဝမ် ကျွန်တော် ခင်ဗျားကို ဆက်သွယ်နိုင်တဲ့ အချက်အလက်လေးများ ရနိုင်မလားဟင်”

 

“ရပါတယ်”

ဝမ်ကျင်းက သူ၏အဖြူရောင်ကုတ်အင်္ကျီအိတ်ကပ်ထဲမှ လုပ်ငန်းကဒ်တစ်ခုကို ထုတ်ယူကာ ပိုင်မူနင်အား ပေးလိုက်သည်။

 

၎င်းမှာ ဖောက်သည်ဝန်ဆောင်မှုဖုန်းနံပါတ်ဖြစ်သည်။ ပိုင်မူနင်က ထိုအရာကို မလိုချင်ပေ။

 

“အဲဒါမဟုတ်ဘဲ ခင်ဗျားရဲ့ကိုယ်ပိုင်နံပါတ်ကို ပေးနိုင်မလား”

ပိုင်မူနင်က သူ၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး ရှက်ရွံ့ဟန်ဆောင်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ကျွန်တော် ဧည့်ကြိုကို ဆက်သွယ်ရမှာ ရှက်လို့ ကျွန်တော့်မှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတချို့ရှိနေတာကို ခင်ဗျားလည်းသိပါတယ် ဒါကြောင့် ခင်ဗျားနဲ့ တိုက်ရိုက်ဆက်သွယ်တာက ပိုအဆင်ပြေမယ်ထင်လို့...”

 

ပိုင်မူနင်မှာ ဝမ်ကျင်း၏ဖုန်းနံပါတ်အတွက် အစွမ်းကုန်ကြိုးစားနေခဲ့သည်။ သူက မျက်နှာပျက်မည်ကိုပင် ဂရုမစိုက်ဘဲ သူ့တွင် စွမ်းဆောင်နိုင်စွမ်းချို့တဲ့နေပါကြောင်းအား လုံးဝကိုဝန်ခံလိုက်လေ၏။

 

သူက ခံစားချက်မဲ့နေသည့် ဝမ်ကျင်းအပေါ်တွင် အကြည်တို့အား ပို့ထားခဲ့ရာ ထိုသူ ဘာတွေးနေသည်ကို မပြောနိုင်ပေ။

 

ပိုင်မူနင်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“မရဘူးလားဟင်”

 

မရပါက သူ့အနေဖြင့် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။

 

ဝမ်ကျင်းက သူ၏လက်ကို သူ့ထံ ဆန့်တန်းလာလျက်  ပြောလိုက်သည်။

“ဖုန်း”

 

ပိုင်မူနင်တစ်ယောက် အလွန်ပျော်ရွှင်သွားသည်။

ဝမ်ကျင်းရဲ့ဖုန်းနံပါတ်ကို ဒီလောက် လွယ်လွယ်ရတယ်လား…

 

သူ့စခရင်ထက်ရှိ ဝမ်ကျင်း၏နံပါတ်ကို ကြည့်ကာဖြင့်  ပျော်ရွှင်စွာ ပြုံးလိုက်သည်။

 

လူအချို့က ချဉ်းကပ်ရန် ခက်ခဲပုံပေါ်နိုင်သော်လည်း တကယ်တမ်းတွင် သူတို့ကို ဆွဲဆောင်ရန် အတော်လေး လွယ်ကူသည်။

 

ငတုံးလေးက သူ၏လှုပ်ရှားမှုကို ပြီးပြည့်စုံစွာ လုပ်ဆောင်ခဲ့သည်။

 

—

 

ဆေးအိတ်ကို သယ်ဆောင်ရင်း ပိုင်မူနင်တစ်ယောက် သူ၏အဆောင်သို့ ပြန်လာခဲ့သည်။

 

စနေနေ့ဖြစ်သောကြောင့် လူတိုင်း အိမ်ပြန်ကြသည်။ သို့မဟုတ်လျှင်လည်း ချစ်သူရည်းစားများနှင့် အပြင်ထွက်တတ်ကြသည်။ သူတစ်ယောက်တည်းကသာ အဆောင်၌ ကျန်ခဲ့သူဖြစ်သည်။

 

ယခုမှာ ညစာစားချိန်ဖြစ်သော်လည်း ပိုင်မူနင်က စားသောက်ဆိုင်သို့ သွားမစားပေ။ ထိုအစား သူက အဆောင်တွင် ခေါက်ဆွဲခြောက်စားသည်။ ခေါက်ဆွဲကို ပြင်ဆင်ပြီးနောက်  တရုတ်ဆေးထုပ်ကို အပူပေးရန်အတွက် ရေနွေးနွေးဖြင့် ပြည့်နေသော ပန်းကန်ထဲသို့ ထည့်လိုက်သည်။

 

သူ ဝယ်ပြီးသားဖြစ်သောကြောင့် မသောက်လျှင် အလဟဿဖြစ်သွားလိမ့်မည်။ မည်မျှပင် ခါးသည်ဖြစ်စေ သူ ခံနိုင်ရည်ရှိရပေမည်။

 

အဆောင်တံခါးက အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရသည်။ သူ၏အခန်းဖော် လီအန်းချီက အိမ်မှ အထုပ်များစွာကို သယ်ဆောင်ကာ ပြန်လာခဲ့သည်။

 

“မင်း အိမ်ပြန်တယ်လို့ ထင်ခဲ့တာ ဘာလို့ဒီလောက်စောစော ပြန်လာတာလဲ”

 

လီအန်းချီမှာ ကျင်းနန်ဒေသခံတစ်ဦးဖြစ်ပြီး သူ့အိမ်က ကျောင်းပရဝုဏ်မှ လမ်းလျှောက်လျှင် ဆယ်မိနစ်သာကြာသည်။ ပိုင်မူနင်သည်လည်း အကြိမ်အနည်းငယ်မျှ သွားရောက်လည်ပတ်ခဲ့ဖူးသည်။ သူ၏မိသားစုက ချမ်းသာပြီး မိဘနှစ်ပါးစလုံး ဘဏ်တွင် အလုပ်လုပ်ကြသည်။

 

သူ့အထုပ်များကို ချထားပြီးနောက် လီအန်းချီက လျှောက်လာကာ ပိုင်မူနင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

“မူနင် ဘာလို့ ခေါက်ဆွဲခြောက်စားနေပြန်တာလဲ အဲဒါက ကျန်းမာရေးနဲ့မညီဘူးလေ”

 

ယခုမှ အပြင်ဘက်က ဝင်လာသောကြောင့် သူက အေးစက်စက်လေ၏အအေးဓာတ်ကို ဆောင်ယူလာဆဲပင်။

 

“ခေါက်ဆွဲခြောက်က ငါ့ရဲ့ကလေးလေးနော် သူက ငါ့ဗိုက်ကို ပြည့်စေတယ်လေ ကြည့်ဦး အသားတွေ ဟင်းသီးဟင်းရွက်တွေလည်းပါတယ် ကစီဓာတ်တွေလည်း ပါတယ် အာဟာရမဖြစ်ဘူးလို့ပြောရဲတဲ့သူရှိရင် ငါ ဆဲပေးလိုက်တော့မယ်”

ပိုင်မူနင်မှာ သူ၏အချစ်ဆုံး ခေါက်ဆွဲခြောက်များကို ပြင်းပြင်းထန်ထန် ကာကွယ်လိုက်ပြီး မည်သူ့ကိုမဆို နားလည်မှုမလွဲခိုင်းနိုင်ပေ။

 

လီအန်းချီ သက်ပြင်းချလိုက်သည်။

“ငါ အိမ်ကနေ အမဲသားပေါင်းနဲ့ ဟင်းသီးဟင်းရွက်တွေယူလာတယ် ငါ့အမေ လုပ်ပေးတာ… ဒါပေမဲ့ မင်းမှာ အသားရှိပြီးသားဆိုတော့ ထားလိုက်ပါတော့ ငါ့ဘာသာပဲ စားလိုက်တော့မယ်”

 

မျက်နှာပြောင်းလဲရာတွင် ကျွမ်းကျင်သူဖြစ်သည့် ပိုင်မူနင်မှာလည်း ဝမ်ကျင်းထက် သိပ်မဆိုးလှပေ။

“အတန်းဖော်အန်းအန်း ငါ မင်းနဲ့အတူ ချိုမြိန်ခြင်းရော နာကျင်ခြင်းကိုပါ မျှဝေဖို့ ဆန္ဒရှိပါတယ်”

 

ညစာစားပြီးနောက် လီအန်းချီမှ ဘွဲ့ယူခြင်းနှင့်ပတ်သက်၍ ပြောလာသည်။ သူတို့က နောက်နှစ်တွင် ဘွဲ့ရကြတော့မည်ဖြစ်ပြီး အလုပ်သင်နှင့် အလုပ်များကို စတင်ရှာဖွေရမည့်အချိန်ပင်။

 

သူတို့၏ကျောင်းမှာ အသက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုသာဖြစ်ပြီး သင်တန်းကာလ နှစ်နှစ်ခွဲနှင့် ခြောက်လအလုပ်သင်ကာလ ပါဝင်သည်။ လာမည့် ဇူလိုင်လတွင် သူတို့ ဘွဲ့ရကြတော့မည်။

 

ပိုင်မူနင်က အလုပ်ရှာခြင်းနှင့်ပတ်သက်၍ အထွေအထူးမတွေးရသေးပေ။ သူက ရေချိုငါးမွေးမြူရေးကို အထူးပြုလေ့လာခဲ့ပြီး ၎င်းမှာ အသင့်အတင့်သာရှိသော နယ်ပယ်တစ်ခုဖြစ်ကာ မြို့ထဲတွင် အလုပ်အကိုင် အလားအလာ နည်းပါးသည်။ သူ့အနေဖြင့် ရေထွက်ပစ္စည်းသုတေသနဌာနသို့ မဝင်နိုင်သောကြောင့် သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ နယ်ပယ်ပြောင်းရန်သာ။

 

လီအန်းချီသည်လည်း အခြေအနေက အတူတူပင်။အထူးပြုဘာသာရပ်မှာတူညီပြီး အလုပ်ရှာရခက်ခဲမှုခြင်းကလည်း တူညီသည်။ သို့သော် ပိုင်မူနင်နှင့်မတူသည်က လီအန်းချီအနေဖြင့် အလုပ်ရှာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုပေ။

 

သူ၏ကုလားထိုင်တွင် ပျော့ခွေကျသွားရင်း လီအန်းချီက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။

“ငါ့အမေက ငါ့ကို ဘဏ်တစ်ခုမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးထားတယ် ဒါပေမဲ့ ငါမှမလုပ်ချင်တာ ငါ တခြားမြို့မှာ သွားအလုပ်လုပ်ချင်တယ်”

 

ဤအရာကိုကြားလိုက်ရသည်နှင့် ပိုင်မူနင်က ချက်ချင်းပင် အကြံပေးလိုက်သည်။

“သခင်လေးရေ ဒီအကြောင်းကို သေချာစဉ်းစားပါဦး အလုပ်ဈေးကွက်က အခုဆိုရင် အဆင်မပြေဘူး... မင်း ဘယ်နေရာမှာ ရုန်းကန်ဖို့ စီစဉ်ထားတာလဲ...”

 

“နားထောင်နော် အတန်းဖော်လေးအန်းအန်း.. မင်းမိသားစုမှာ အဆက်အသွယ်တွေရှိရင် အဲဒါတွေကို အသုံးချလိုက်.. မိသားစုကို အားကိုးတာက အရည်အချင်းမရှိဘူးလို့ ပြောတဲ့သူတွေကို နားမထောင်နဲ့.. အဲဒါက စပျစ်သီးကို မစားနိုင်လို့ ချဥ်တယ်ပြောတဲ့စကားပဲ... မိသားစုကို အားကိုးတာ ဘာများမှားလို့လဲ... အနည်းဆုံးတော့ အားကိုးစရာတစ်ခုခု ရှိနေတယ်လေ... ငါ့ကိုကြည့်ဦး ငါ့မှာဆို ဘာမှမရှိဘူး...”

 

[T/N - မြေခွေးနဲ့စပျစ်သီးပုံပြင်မှာ အပင်ကတွဲလောင်းကျနေတဲ့စပျစ်သီးကို မြေခွေးကခုန်ခုန်ပြီးဟပ်ဖို့ ကြိုးစားပေမဲ့ မရဘူး။ အ့ကြောင့်လက်လျှော့လိုက်ပြီး စပျစ်သီးက ချဥ်ပါတယ်ကွာလို့ပြောပြီး ထွက်သွားတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတဲ့ စကားပုံနဲ့ခပ်ဆင်ဆင်ပါပဲ။]

 

“မင်းရဲ့အလုပ်နဲ့ ဘဝကို အရင်ဆုံးအခြေချအောင်လုပ်... ပြီးမှ တခြားအရာတွေကို စဉ်းစား... အိပ်မက်တွေနဲ့ လက်တွေ့ဘဝက အမြဲတမ်း တိုက်ဆိုင်နေတာမျိုးမဟုတ်ဘူး... လက်တွေ့ဘဝက အမြဲတမ်း အနိုင်ရတာပါ... လူတွေက အရင်ဆုံး စားသောက်နေထိုင်ဖို့လိုအပ်တယ်”

 

လီအန်းချီမှာ ငြင်းခုံချင်သော်လည်း ချုပ်တည်းလိုက်သည့်အလား သက်ပြင်းကို ပြင်းပြင်းရှူထုတ်လိုက်သည်။ ပိုင်မူနင်ပြောသည်က ကျိုးကြောင်းဆီလျော်ကြောင်းကို သူသိသော်လည်း သူ့တွင် သူ၏ကိုယ်ပိုင်အတွေးများ ရှိနေသည်။

 

“မင်းရဲ့အစီအစဉ်က ဘာလဲ...”

 

“တစ်လှမ်းချင်းစီ သွားရုံပဲ... ငါ မသိဘူး”

 

သူတို့၏ အထူးပြုဘာသာရပ်မျိုးဖြင့် ဘွဲ့ရများမှာ ကျောင်းမှထွက်သည်နှင့် အလုပ်လက်မဲ့များသာ ဖြစ်နေကြသောကြောင့် စိုးရိမ်စရာမရှိပေ။

 

ထို့အပြင် ပိုင်မူနင် ဤအထူးပြုဘာသာရပ်ကို ဦးစားပေးရွေးချယ်ခဲ့သည်က ကျူရှင်ခဈေးသက်သာသောကြောင့်ပင်။ ယခု ၎င်းနှင့်ပတ်သက်၍ စိတ်ဖိစီးနေရန် မလိုအပ်ပေ။

 

တရုတ်တိုင်းရင်းဆေးအိတ်တစ်လုံးနှင့် ရုန်းကန်နေရသည့် ပိုင်မူနင်ကို သတိပြုမိသွားသည့် လီအန်းချီက  မေးလိုက်သည်။

“မင်း ဘာလို့ ဆေးသောက်နေတာလဲ...နေမကောင်းဘူးလား”

 

“မဟုတ်ဘူး ငါ နေကောင်းပါတယ်... ငါ့ရဲ့ကျန်းမာရေးကို နည်းနည်းတိုးတက်အောင် လုပ်ချင်ရုံပဲ”

 

“မင်းက မင်းရဲ့ကျန်းမာရေးကို တိုးတက်အောင်လုပ်ဖို့ တကယ်ပဲ ပိုက်ဆံသုံးတဲ့လူလား”

လီအန်းချီမှ သူ့ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။

 “နင်အာရေ... ငါ အခု မင်းကို အဆင့်သစ်တစ်ခုတက်ပြီး လေးစားမိသွားပြီ”

 

လီအန်းချီ၏ အမြင်တွင် ပိုင်မူနင်မှာ အလွန်အမင်း ချွေတာတတ်သူတစ်ဦးဖြစ်ပြီး သူ့ကိုယ်သူ ကြမ်းတမ်းစွာ ဆက်ဆံကာ အစားအသောက်၊ အဝတ်အစား သို့မဟုတ် မလိုအပ်သောအရာများအတွက် မသုံးစွဲသည့်အပြင် ငွေကို အသည်းအသန်ရှာဖွေရန် ကြိုးစားနေသူပင်။ လီအန်းချီက ပိုင်မူနင်ကို သူ၏အဘွားထက်ပင် ချွေတာတတ်သည်ဟု ယူဆထားသည်။

 

ဆေးနှင့် သူ၏ကြားရှိစစ်ပွဲက ည ၈ နာရီအထိ ကြာမြင့်ခဲ့သည်။ သူက ၎င်းကို တစ်ဖြည်းဖြည်းချင်း အနည်းငယ်စီသောက်ရသည်။ သူ၏ပထမတစ်ငုံကို သောက်သည့်အခါ နှာခေါင်းကိုညှစ်ထားရသည်။ ထိုအခါ သူ၏လျှာပေါ်ရှိ အရသာခံအဖုများမှာ ခါးသက်မှုများဖြင့် ချက်ချင်းပင် ပြည့်နှက်သွားခဲ့ရလေသည်။ အကယ်၍ ဆေးကသာ ဈေးကြီးမနေခဲ့ပါက သူ့အနေဖြင့် ချက်ချင်းပင် ထွေးထုတ်မိပေလိမ့်မည်။ ပထမတစ်ငုံက ခါးသည်။ ဒုတိယတစ်ငုံက ခါးသည်ထက်ပို၍ ခါးသည်။ တတိယတစ်ငုံတွင် အန်ချမိတော့မတတ် ဖြစ်လာသည်။ သို့သော်လည်း သူက ၎င်းကို မျိုချရဦးမည်သာ။ နောက်ဆုံးတွင် ဆေးကို အဆုံးသတ်လိုက်ပြီး ပိုင်မူနင်တစ်ယောက် တရုတ်တိုင်းရင်းဆေးအိတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ကာ မက်ဆေ့ခ်ျတစ်ခု ပေးပို့ရန်အတွက် သူ၏ဖုန်းကို ကောက်ယူလိုက်သည်။

 

ဝမ်ကျင်း၏နံပါတ်မှာ WeChat နှင့် ချိတ်ဆက်ထားခြင်းမရှိသောကြောင့် သူ့အနေဖြင့် ၎င်းကို မရှာဖွေနိုင်ခဲ့ပေ။ သူ့အနေဖြင့် ထိုသူကို စာတိုပေးပို့ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

 

ကောင်းပြီ... ဖလစ်ရမဲ့အချိန်ပဲ ... ခင်ဗျားရဲ့ အေးစက်ပြီး အထီးကျန်နေတဲ့ နှလုံးသားကို နွေးထွေးလာစေဖို့အတွက် ဟာသဆန်ဆန်စကားလုံးတွေနဲ့ တိုက်ရိုက် ချဉ်းကပ်ကြည့်ရအောင်...

 

[ကျွန်တော့်အိပ်ရာရှေ့မှာ လရောင်က တောက်တောက်ပပ ဖြာကျနေတယ် မင်္ဂလာညခင်းပါ ကောကော]

 

ရေချိုးပြီး ပြန်လာပြီးနောက်တွင်လည်း ပြန်စာ မလာသေးပေ။ ပိုင်မူနင်က စုတ်သပ်လိုက်သည်။ ဝမ်ကျင်းက တကယ့်ကို အကွာအဝေးထား၍ သီးသန့်နေပြီး လျစ်လျူရှုတတ်သူပင်။

 

ဒီလိုမက်ဆေ့ခ်ျမျိုးကို  ဘယ်သူကများပျင်းနေလို့ အားအားယားယား ထိုင်ပို့နေလဲဆိုတာကို သူက နည်းနည်းလေးတောင် စပ်စုချင်စိတ် မရှိဘူးလား...

 

လီအန်းချီသည်လည်း ရေချိုးပြီးစီးသွားပြီး သူ့ခုတင်ပေါ်သို့ တက်ကာ ပိုင်မူနင်ကို သူတို့၏ဂိမ်းတွင် duo queue[အတူတွဲဆော့ခြင်း] ဆော့ရန် ခေါ်လိုက်သည်။

 

ပိုင်မူနင်က ငြင်းလိုက်သည်။ ၉ နာရီကျော်ပြီဖြစ်ပြီး သူ့အနေဖြင့် အိပ်ဖို့ရာ ပြင်ဆင်ရန်လိုအပ်သည်။

 

လီအန်းချီမှာ တုန်လှုပ်သွားရတော့သည်။

“ အခုမှညရောက်တာလေ မင်းက အိပ်တော့မှာလား”

 

ပိုင်မူနင်က သေချာစွာ လှဲအိပ်လိုက်လေသည်။

 “အင်း ဒေါက်တာက ၁၀ နာရီမတိုင်ခင် အိပ်ရမယ်လို့ ပြောတယ်... ညဉ့်နက်တဲ့အထိ နေတာက ကျန်းမာရေးအတွက် မကောင်းဘူး...”

 

လီအန်းချီ: “...?”

 

တစ်နေ့ကို ရှစ်နာရီပြည့်အောင်အိပ်ရင် ကျန်းမာရေးကောင်းတယ်လို့ ပြောခဲ့တာ ဘယ်သူများလဲ...

 

—

 

နောက်တစ်နေ့မနက်တွင်လည်း ဝမ်ကျင်းက စာမပြန်သေးပေ။ သို့သော် ပိုင်မူနင်က လက်မလျှော့ဘဲ ဆက်၍ စိတ်အနှောင့်အယှက်ဖြစ်ပေးနေခဲ့သည်။

 

[ကောကော လူတွေက ဘာ့ကြောင့် သူငယ်ချင်းလုပ်ကြတာလဲ သိလား... စကားပြောဖို့လေ... ဒါဆို ဘာလို့ ကျွန်တော့်ကို စာမပြန်တာလဲ...]

 

သုံးရက်မြောက်နေ့။

 

[လေအေးက တိုက်ခတ်နေတော့ ယီမြစ်က အေးစက်နေတယ်... ကောကော ကျွန်တော့်စာတွေကို ပြန်ဖြေပေးနိုင်မလားဟင်]

 

လေးရက်မြောက်နေ့။

 

[ကောကော ခင်ဗျားကိုပိုင်ဆိုင်ရဖို့ ကျွန်တော် ဘာလုပ်ရမလဲ]

 

ငါးရက်မြောက်နေ့တွင်မူ ပိုင်မူနင်၏ နောက်ဆုံးစိတ်ရှည်မှုလေးက ကုန်ဆုံးသွားပြီး ဝမ်ကျင်း၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ သူ၏ ကလူ၏မြူ၏လုပ်မှုကို လုံးဝလျစ်လျူရှုထားနိုင်သော အေးစက်ပြီး နှလုံးသားမဲ့သည့်လူမျိုးကို သူ ကိုယ်တိုင်တွေ့ရပေမည်။

 

ဖုန်းခေါ်ဆိုမှုက အမြန်ချိတ်ဆက်သွားသည်။ ပိုင်မူနင် တစ်ခုခုမပြောမီ ထူးဆန်းသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဖောက်သည်ဝန်ဆောင်မှုကိုယ်စားလှယ်တစ်ဦးနှင့် အတိအကျတူ၍နေ၏။

 

“ဟယ်လို... ကျင်းနန် အမျိုးသားကျန်းမာရေးဖုန်းလိုင်းကပါ...ကျွန်တော် ဘာများကူညီပေးရမလဲ...”

 

ပိုင်မူနင်: “...?”

 

ဖောက်သည်ဝန်ဆောင်မှုဖုန်းလိုင်းတွေမှာ ဘယ်အချိန်ကစပြီး ဂဏန်း ၁၁ လုံးပါတဲ့ ဖုန်းနံပါတ်တွေ ရှိလာတာလဲ…

 

ခဏတာ ထိတ်လန့်သွားပြီးနောက် ပိုင်မူနင်က အလျင်အမြန် ဖုန်းချလိုက်သည်။

 

ဟုတ်ပြီ ကောင်းကောင်းကစားလိုက်တာပဲ... ဟေ့လူရေ ခင်ဗျားတော့ ကျွန်တော့်ရဲ့ ပြိုင်ဆိုင်လိုစိတ်ကို အောင်အောင်မြင်မြင် နှိုးဆွလိုက်နိုင်ပြီပဲ...

 

[အူတက်သေပြီ😆]

 

.....

 

စာရေးသူ၏ မှတ်ချက်

 

ပိုင်မူနင်: ယောက်ျားတစ်ယောက်ကို လိုက်ရတာ ခက်တယ်... အေးစက်ပြီး ဘာသိဘာသာပဲ နေတတ်တဲ့ယောက်ျားကို လိုက်ရတာက ပိုတောင်ခက်သေးတယ်……

 

 

💊💊💊💊 Chapter 4

ဒေါက်တာဝမ်... ခင်ဗျား ကျွန်တော့်ကို တာဝန်ယူရမယ်နော်

 

 

ကြာသပတေးနေ့တွင် ပိုင်မူနင်တစ်ယောက် စောစီးစွာ နိုးထလာ၏။ ယနေ့မှာ လီလီ၏နောက်ဆုံးသော ကွာရှင်းမှုကို သူမနှင့်အတူ လိုက်ပါပေးရမည်ဖြစ်ရာ နောက်ကျနေ၍မဖြစ်ပေ။

 

သူ၏နှိုးစက်ကို ပိတ်ချလိုက်ကာဖြင့် အိပ်ရာမှထလိုက်သည်။ ပိုင်မူနင်မှာ ခေါင်းကိုက်နေပြီး လုံးလုံးလျားလျားပင် အားအင်ကုန်ခမ်း၍နေသည်။

 

သူက ညဝတ်ကိုမလဲမီ တစ်ခဏမျှကြာအောင် ထိုင်နေလိုက်ရသည်။

 

လှေကားမှတစ်ဆင့် အိပ်ရာပေါ်မှဆင်းလိုက်ပြီးနောက် ရုတ်တရက် ခြေချော်သွားရကာ ကျယ်လောင်သည့်လဲကျသံနှင့်အတူ သူအေးစက်စက်ကျောက်ပြားအခင်းထက် လဲကျသွားရ၏။

 

သူ့ဖင်က ကြမ်းပြင်နှင့်ဦးစွာထိမိပြီး သူ့တစ်ကိုယ်လုံးက တံခါးနှင့်ပစ်ဆောင့်ကာ ကိုးရိုးကားယား လဲကျသွားခြင်းပင်။ နာကျင်စွာ ညည်းညူရင်း ပိုင်မူနင်က ထိုပုံအတိုင်း အတော်ကြာအောင် လှဲနေရလေသည်။

 

ဟောက်သံများ ဆူညံကာအိပ်နေသည့် လီအန်းချီမှာ ပိုင်မူနင်၏ ပြုတ်ကျသံကျယ်ကြီးကြောင့် နိုးသွားသည်။ သူက အိပ်ရာထက်ထထိုင်ကာ အလန့်တကြား မေးလာသည်။

"ဘာဖြစ်တာလဲ ငလျင်လှုပ်တာလား"

 

ပတ်ပတ်လည်လိုက်ကြည့်ကာ အိပ်ရာက လှုပ်ယမ်းမနေသည်ကို အတည်ပြုပြီးမှ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ထို့နောက် ကြမ်းပြင်ပေါ်တွင် အေးချမ်းစွာလဲလျောင်းနေသူကို မြင်သွားလေသည်။ ပိုင်မူနင်က တပ်သားတစ်ဦး၏ဟန်ပန်ဖြင့် လက်ကိုဝမ်းဗိုက်ထက်သေသေသပ်သပ်တင်ထားလျက် ရှိနေပြီး ငြိမ်းချမ်းစွာ အိပ်မောကျနေသည့်အတိုင်းပက်။

[T/N - ခါးညွတ်အရိုအသေပေးတဲ့ပုံမျိုးလဲကျနေတာထင်ပါတယ်]

 

ပိုင်မူနင်မှာ ပြန်ဖြေနိုင်ဖို့ရာ အချိန်ယူလိုက်ရလေသည်။

"အတန်းဖော်အန်းအန်း မင်း ဒီဆိုရိုးကို မကြားဖူးဘူးလား မင်းလဲကျတဲ့နေရာက ခဏလောက်တော့ လှဲနေသင့်တဲ့နေရာတဲ့"

 

"အွန်း ငါခုပဲ ကြားဖူးသွားပြီ"

လီအန်းချီက သူ့အိပ်ရာပေါ်မှဆင်းလာပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

"နင်အာ မင်းမထနိုင်ဘူးမလား"

 

နှစ်နှစ်တာ ညီအစ်ကိုဖြစ်ခဲ့ခြင်းကြောင့် သူက ပိုင်မူနင်၏အတွေးငယ်လေးအား ထွင်းဖောက်မြင်နေရသည်။

 

သေချာပေါက်ကို သူ ထနိုင်မနေဘူး…

 

ထိုလဲကျမှုကြောင့် အနှီအဖိုးအိုပေါက်စလေး၏ သက်တမ်း၂၀ခန့် ကုန်ကျသွားရသလိုပင်။

 

အခုတော့ ခေါင်းကိုက်ရုံတင်မကဘူး...ဖင်ကပါ နာသွားရပြီ... ဒီပြုတ်ကျတာကြီးက ငါ့ကိုသတ်နေတာပဲ…

 

လီအန်းချီ၏လက်ကိုအားပြုကိုင်ကာ သူထလိုက်ရန်ကြိုးပမ်းလိုက်သည်။ သူ မတ်တတ်ရပ်လိုက်သည်နှင့် ပိုင်မူနင်မှာ ပို၍ပင်မူးဝေသွားရ၏။

 

သူ့မျက်လုံးများက ပွင့်လျက်သားရှိနေ၍သာ မဟုတ်ပါမူ လီအန်းချီတစ်ယောက် သူ့အတွက်နှုတ်ဆက်ပို့ဆောင်ခြင်း အခမ်းအနားလုပ်ဖို့ရာ ပြင်ဆင်နေလောက်ပေပြီ။

 

"နင်အာ မင်းဘာလို့ မထသေးတာလဲ… မင်းဒီမှာ အိပ်ဖို့များ ကြံနေတာလား"

 

လီအန်းချီက သူ့လက်အားလွှတ်ကာ နဖူးထက်လက်တင်၍လာသည်။

"နင်အာ မင်းဖျားနေပြီ"

 

ယခုဆိုလျှင် ပိုင်မူနင်တစ်ယောက်မှာ ထိုင်ခုံထက်တွင် လေဖြတ်သူပမာ သက်တောင့်သက်သာမရှိစွာ ထိုင်နေရင်း လေတစ်ရှိုက်ကို ရှူသွင်းလိုက်ရ၏။ လီအန်းချီ၏စကားကြောင့် သူ့နဖူးသူလည်း ပြန်လည်ကာ စမ်းမိကာဖြင့်ပင်။

 

တကယ်ကို ပူနေခဲ့တာပဲ…

 

သို့ပေသိ ယင်းက ကိစ္စကြီးမဟုတ်ပေ။

 

ပိုင်မူနင်က မတုန်မလှုပ်ပင် ဆိုလိုက်သည်။

"အေးဆေးပါ သိပ်မပြင်းပါဘူး"

 

သူက လည်ချောင်းစိုသွားစေရန် ရေတစ်ငုံမျှသောက်လိုက်သည်။ ထို့နောက်ထရပ်ကာ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများအားယူလျက် ဆေးကြောပြီး အပြင်သွားဖို့ရာ ကြံလေသည်။

 

ပိုင်မူနင် ခေါင်းမာစွာဖြင့် အပြင်ထွက်ရန် ကြံစည်နေသည်ကိုကြည့်ကာ လီအန်းချီမှ သူ့လမ်းကိုပိတ်လိုက်သည်။

"မင်းဖျားနေပြီကို အပြင်သွားချင်သေးတာလား ကျောင်းဆေးခန်းကိုသွားကြစို့"

 

လီအန်းချီမှာ အနည်းငယ်ဒေါသထွက်၍နေပြီး ပိုင်မူနင်က သူ့ကိုယ်သူဂရုမစိုက်ဘဲ နေလွန်းသည်ဟု ခံစားရ၏။ ဖျားနေသည့်တိုင် သူ့ကိုယ်သူ တွန်းအားပေးနေသေးသည်။

 

"ငါဒီနေ့လုပ်စရာရှိတယ် ခဏနေဆို သွားမှရမယ် ငါပြန်လာရင်ဆေးခန်းသွားမှာပါ"

 

"မရဘူး ဘာလို့အပြင်သွားဖို့ကို ဒီလောက်အလျင်လိုနေရတာလဲ"

 

ပိုင်မူနင်က သူ၏ မျက်နှာသစ်ဇလုံနှင့်တစ်ကိုယ်ရေသန့်ရှင်းပစ္စည်းများအား ကိုင်ထားလျက် ပါးလေးအားဖောင်းလိုက်ကာဖြင့် စိတ်ဆုံးဖြတ်ချက်ချထားဟန်နှင့် လေမှုတ်ထုတ်လိုက်လေသည်။

 

"ငါလည်းမတတ်နိုင်ဘူး ငါ့ရဲ့လိုအပ်ချက်၅ခုအတွက် ငွေကြေးချို့တဲ့နေတာ ငါမနားရဲဘူး အန်းအန်း ငါ့ကိုမတားပါနဲ့ကွာ နော်... ငါအလုပ်ကြိုးစားရမယ် ငါအပြင်းအထန်လုပ်မှဖြစ်မှာ"

 

လီအန်းချီသိသည်။ ပိုင်မူနင်က ခက်ခက်ခဲခဲဖြတ်ကျော်နေခြင်းပင်။ သူက သူ၏ကိုယ်ပိုင်အသုံးစားရိတ်နှင့် ကျူရှင်ခများအတွက် အိမ်မှအထောက်အပံ့မယူဘဲ သူကိုယ်တိုင်ဝင်ငွေရှာနေ၏။

 

သို့တိုင် သူကအလွန်တရာပင် သူ့ကိုယ်သူ တွန်းအားပေးလွန်းသည်။

 

ကဖျက်ကယက်လုပ်နေသည့် လီအန်းချီက ပိုင်မူနင်ကို လွှတ်ပေးလိုက်ပြီး နှာမှုတ်လိုက်သည်။

"မင်းတော့ တစ်နေ့ကျရင် အဲ့ပိုက်ဆံကြောင့် သေမှာပဲ မသွားခင် ဆေးသောက်စမ်း"

 

ပြောပြောဆိုဆိုပင် သူက သူ့စားပွဲထံလျှောက်သွားကာ ပိုင်မူနင်အတွက် ဆေးများကို ထုတ်ယူလိုက်သည်။

 

ဆေးသောက်ပြီးနောက် ပိုင်မူနင် ပို၍နေကောင်းသွားသည်။ သူအပြင်ဘက်သို့ ခြေချလိုက်သည်နှင့် လေအေးတစ်သုတ်က သူ့အားဖြတ်ရိုက်သွားကာ သူ့မျက်နှာမှာ ပူနွေးမှုကို တစ်စွန်းတစ်စပင် မခံစားရတော့ပေ။

 

__

 

လီလီနှင့် မနက်၉နာရီတွင် ချိန်းဆိုထားခြင်းဖြစ်သည်။ ပိုင်မူနင်က တက္ကစီငှားဖို့ရာ တွန့်တိုနေပြီး အများသုံးရထားကိုသာ စီးလိုက်သည်။

 

တွေ့ဆုံကြမည့်နေရာမှာ အရပ်ဘက်ရေးရာဌာနအပြင်ဘက်၌ဖြစ်၏။ လီလီသည်လည်း ယခုမှရောက်လာခြင်းပင်ဖြစ်သည်။ သူတို့နှစ်ဦးသား ဝင်ပေါက်တွင် ဆုံတွေ့ကြ၏။

 

သူမ၏ယောက်ျားဟောင်းက မိနစ်အနည်းငယ်ခန့် နောက်ကျပြီးမှ ရောက်လာခဲ့သည်။ စကားတစ်ခွန်းလေးမျှပင် အပြန်အလှန်ခေါ်ပြောချင်းအလျဥ်းမရှိပါဘဲ နှစ်ဦးသားက အထဲဝင်ကာ နံပါတ်စဥ်ယူလျက် သူတို့၏နောက်ဆုံးကွာရှင်းမှုကို စောင့်နေကြသည်။

 

ယနေ့မှာ ကြာသပတေးနေ့ဖြစ်ပြီး မည်သို့သောအားလပ်ရက်မျိုးဖြစ်နေသည်မသိ၊  လက်ထပ်ရန်အတွက်ရော ကွာရှင်းမှုများအတွက်ပါ ရုံးတွင် လူပြည့်နေသည်။ သူတို့ မည်မျှကြာကြာ စောင့်ရမည်ကို မသိနိုင်ပေ။

 

တန်းစီစောင့်ဆိုင်းနေစဉ် ပိုင်မူနင်က ခင်ပွန်းဟောင်းထံ သေသေချာချာပင် လှောင်ပြောင်ပြောဆိုခဲ့၏။ ၎င်းမှာ လီလီ၏ အထူးတောင်းဆိုချက်ဖြစ်သည်။ သူမ၏ခင်ပွန်းဟောင်းအား ဤအိမ်ထောင်ရေးကို သက်တောင့်သက်သာနှင့် ထွက်ခွာခွင့်မပြုနိုင်ပေ၊၊ သူ လုံးဝကို နာကျင်ခံစားရမည်။

 

ပိုင်မူနင်မှာ စကားဖြင့်တိုက်ခိုက်ခြင်းနှင့်ပတ်သက်လာလျှင် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ ယောက်ျားဟောင်း၏ မျက်နှာမှာနီမြန်းလာပြီး ဒေါသကြောင့် လည်ပင်းကလည်း တင်းမာလာကာ စကားလုံးတစ်လုံးကိုပင် ပြန်လှန်မပြောနိုင်သည်ကို ကြည့်ကာ လီလီတစ်ယောက် အလွန်ကျေနပ်မှုကိုခံစားလိုက်ရသည်။

 

သူတို့၏နံပါတ်ကို နောက်ဆုံးတွင် ခေါ်လာသည်။ သူတို့နှစ်ဦးသားက ကွာရှင်းမှုစာရွက်စာတမ်းများကို ဖြည့်စွက်ရန် ဝင်သွားခဲ့သည်။ လိုအပ်သောပုံစံများကို ဖြည့်ပြီးနောက် ကွာရှင်းမှုကို အပြီးသတ်နိုင်ရန်အတွက် ညှိနှိုင်းကာလရက်၃၀ကို စောင့်ရန် လိုအပ်သည်။

 

ယောက်ျားဟောင်းဖြစ်သူက ဒေါသတကြီးဖြင့် ထွက်ခွာသွားသော်လည်း လီလီကမူ ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ သူမက ပိုင်မူနင်ကို ရက်ရက်ရောရောပင် အဖိုးအခပေးခဲ့ပြီး သူတို့၏နောက်ထပ် အစားထိုးစကားပြောဆိုပေးမည့် အချိန်ကိုပင် စီမံလိုက်သေးသည်။

 

လီလီက တက္ကစီဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ သူတို့၏စကားပြောဆိုမှုကို အဆုံးသတ်ပြီးနောက် သူမက အခြားတက္ကစီတစ်စီးကို ခေါ်ပြီး ထွက်ခွာသွားတော့သည်။

 

ပိုင်မူနင်မှာ ခြိုးခြံချွေတာတတ်သူဖြစ်ပြီး တက္ကစီစီးမည့်အကြောင်း စဉ်းစားမည်မဟုတ်ပေ။ သူက သူ၏တည်နေပြဆော့ဖ်ဝဲလ်ကို ဖွင့်ကာ သူ၏ဦးတည်ရာဖြစ်သည့် စန်းဝမ်ခန်းမကို ရှာဖွေလိုက်ရာ အကောင်းဆုံးအများသုံး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ရှာတွေ့သွားသည်။

 

ဝမ်ကျင်း၏စိတ်ကို အရယူရာ၌ သူ၏အစီအစဉ်မှာ တိုးတက်မှုမရှိခဲ့ပေ၊၊ သူ၏တည်ရှိမှုအား သတိထားမိလာစေရန် ပစ်မှတ်ရှေ့တွင် မကြာခဏ ထွက်ပေါ်ပေးရန်လိုအပ်သည်။

 

သူက ထပ်သွားရန် အကြောင်းပြချက်တစ်ခုကို ကြိုတွေးထားပြီးဖြစ်သည်။ သူ၏ ကျောက်ကပ်အားနည်းခြင်းအတွက် ဆေးဝါးများ ကုန်လုနီးပြီဖြစ်သောကြောင့် နောက်ဆက်တွဲ ပြသရန် လိုအပ်သည်ဟူ၍ပင်။

 

သို့သော်လည်း သူ မမျှော်လင့်ထားစွာဖြင့် အရပ်ဘက်ရေးရာဌာနတွင် ဝမ်ကျင်းနှင့် တွေ့ဆုံလိုက်ရသည်။ ပို၍အံ့အားသင့်စရာကောင်းသည်မှာ ဝမ်ကျင်းကလည်း မင်္ဂလာဆောင်မှတ်ပုံတင်ခြင်းအတွက် တန်းစီနေခြင်းပင်။

 

ပိုင်မူနင်က မျက်မှောင်ကြုတ်လိုက်ပြီး လှမ်းကြည့်လိုက်လျက် ဝမ်ကျင်းက မည်သူနှင့် လက်ထပ်မှာလဲဟု တွေးလိုက်မိချေ၏။

 

အကွာအဝေးက လှမ်းနေပါသော်ငြား ဝမ်ကျင်းက ခပ်မိုက်မိုက်ဝတ်စားထားသည့် မိန်းကလေးတစ်ဦး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။ သူ၏အမူအရာမှာ ခပ်ဆိုးဆိုးပုန်ကန်တတ်သည့်ကလေးကို ဆူပူနေသော မိဘတစ်ဦးကဲ့သို့ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။

 

ပိုင်မူနင်၏အကြည့်က ထိုမိန်းကလေးထံသို့ ရောက်ရှိသွားသည်။ သူမက သူ(ပိုင်မူနင်)နှင့် အသက်တူတူပင် ဖြစ်ပုံရပြီး အနွေးဓာတ်ရရန်ထက် ဖက်ရှင်ကို ဦးစားပေးသောပုံစံအား ဝတ်ဆင်ထားသည်။ စကတ်တို၊ ဒူးအထိရှည်သော ဘွတ်ဖိနပ်နှင့် သားရေဂျာကင်တို့ပင်။

 

ထို့အပြင် သူမ၏နှာခေါင်းနှင့် နှုတ်ခမ်းပေါ်ရှိ စိန်စက်လေးများက မျက်စိပသာဒဖြစ်စေသည်။

 

“စွန်းကျင်း မင်း တော်သင့်ပြီ ငါနဲ့အတူ ပြန်လိုက်ခဲ့...” 

ဝမ်ကျင်း၏အသံမှာ ခပ်နိမ့်နိမ့်ဖြစ်ကာ ပေါက်ကွဲလုနီးနီး ပြင်းထန်သည့်စိတ်ခံစားချက်တို့ကို ဖိနှိပ်ထားရသကဲ့သို့ပင်။

 

ပိုင်မူနင်က ဝမ်ကျင်းနှင့်ပတ်သက်၍ သူ၏ဆုံးဖြတ်ချက်မှာ အတော်လေးမှန်ကန်သည်ဟု ခံစားရသည်။ ဤလူက ပြုံးနေသောကျားတစ်ကောင်သာဖြစ်ပြီး အပေါ်ယံတွင် တည်ငြိမ်သော်လည်း ဒေါသထွက်သောအခါ ကြောက်စရာကောင်းသည်။

 

" ဘာအခွင့်အရေးနဲ့ ကျွန်မကိုလာထိန်းချုပ်နေတာလဲ ... ဒီနေ့ လက်ထပ်တော့ ဘာဖြစ်လဲ... ကျွန်မ ကောင်လေးနဲ့ လက်ထပ်မှာ... ကျွန်မ သူနဲ့ လမ်းခွဲမှာမဟုတ်ဘူး..."

 

သူမ၏မိသားစုက ဤချစ်သူကောင်လေးနှင့် အမြဲလိုလို သဘောမတူခဲ့ပေ။ အထူးသဖြင့် ဝမ်ကျင်းက သူမအား လမ်းခွဲဖို့ရာ ဖုန်းအဆက်မပြတ်ခေါ်လျက် ပြောခဲ့သည်။

 

"ကျွန်မနဲ့ ကျွန်မကောင်လေးက အချစ်စစ်နဲ့ ချစ်နေကြတာ"

 

ဝမ်ကျင်းက စွန်းကျင်းဘေးမှ ယောက်ျားလေးကို တစ်ချက်ကြည့်လိုက်သည်။ အန္တရာယ်ကို သိလိုက်သဖြင့် ထိုယောက်ျားလေးက ချက်ချင်းပင် တုန်ယင်နေသည့်အသံဖြင့် လက်ခါယမ်းလိုက်သည်။

“စွန်းကျင်း ငါ မင်းကို မလက်ထပ်တော့ဘူး... မင်း တခြားသူကို ရှာသင့်တယ်”

 

ပြောပြီးသောအခါ သူက နောက်ထပ်တစ်စက္ကန့်မျှထပ်နေပါက ဝမ်ကျင်း သူ့ကို ရိုက်သတ်မည်ကို ကြောက်ရွံ့သလို ထွက်ပြေးသွားသည်။

 

ပိုင်မူနင်က ဘေးမှ ဖြစ်ပျက်နေသမျှကို ကြည့်ကာ တွေးလိုက်မိသည်။

 

ဒေါက်တာဝမ် ခင်ဗျားက အရမ်းကြမ်းတယ်နော် အိုး... တွေ့လား ခင်ဗျားက လူတွေကို ခြောက်ပစ်လိုက်တာပဲ...

 

ဒါပေမဲ့ စွန်းကျင်းနဲ့ ဝမ်ကျင်းတို့ရဲ့ ဆက်ဆံရေးက ဘာလဲ... သူက ဘာလို့ တခြားလူတွေရဲ့ အိမ်ထောင်ရေးကို ဝင်စွက်ဖက်နေတာလဲ...

 

ထိုအခါမှ ပိုင်မူနင်မှာ ဧည့်ကြိုအမျိုးသမီး ပြောခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။

 

ဒေါက်တာဝမ်မှာ ညီအစ်ကိုမရှိပါဘူး... ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ပဲရှိတယ်...

 

ဖြစ်နိုင်တာ သူက ဝမ်ကျင်းရဲ့ ညီမလေးများလား... ဒါပေမဲ့ သူတို့က မောင်နှမတွေဆိုရင် ဘာလို့ မျိုးရိုးနာမည်က မတူရတာလဲ...

 

ပိုင်မူနင်မှာ ဖြစ်နိုင်ခြေတစ်ခုတည်းကိုသာ တွေးမိသွားသည်။ တစ်ယောက်က မိခင်၏မျိုးရိုးနာမည်ယူပြီး ကျန်တစ်ယောက်က ဖခင်၏မျိုးရိုးနာမည်ယူခြင်းပင်။

 

ထိုနှစ်ဦး ဆက်လက်ငြင်းခုံနေစဉ်တွင် အနီးနားရှိ ဝန်ထမ်းတစ်ဦးကလည်း ကြားဝင်ဖြေရှင်းရန် ကြိုးစားလာသည်။

“မိန်းကလေး မင်းအစ်ကိုနဲ့အတူ အိမ်အရင်ပြန်လိုက်ပါ... ဒီနေ့တော့ မိန်းကလေးရဲ့ တောင်းဆိုချက်ကို ဆောင်ရွက်ပေးနိုင်မှာမဟုတ်ပါဘူး...”

 

စွန်းကျင်းမှာ ပို၍ပင် ဒေါသထွက်လာသည်။ ကမ္ဘာတစ်ခုလုံးက သူမကို ဆန့်ကျင်နေသလို ခံစားရသည်။ အထူးသဖြင့် လျင်မြန်စွာ ထွက်ပြေးသွားသည့် သူမ၏ ရုပ်ရည်ချောမောသော်လည်း အသုံးမကျသော ချစ်သူကိုပင်။

" ဘာလို့ မှတ်ပုံတင်လို့မရတာလဲ... ရှင်တို့က ကျွန်မအပေါ် မတရားဘူး... ကျွန်မ တိုင်ကြားချင်တယ်"

 

ဝန်ထမ်းက သူမ၏စာရွက်စာတမ်းများကို ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။

“မင်း အသက်မပြည့်သေးဘူး ၂နှစ်လောက်ကြာမှ ပြန်လာခဲ့နော်”

 

နိုင်ငံ့လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများအရ အမျိုးသမီးများအနေဖြင့် အသက် ၂၀ ပြည့်မှသာ တရားဝင်လက်ထပ်နိုင်ကြသည်။ ထို့ကြောင့် ဝမ်ကျင်း၏ ညီမလေးမှာ အသက် ၁၈ နှစ်သာ ရှိသေးသည်။ သူမ အခုလို ဒေါသထွက်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။

 

စွန်းကျင်းက သူမ၏ စာရွက်စာတမ်းများကို ပြန်ယူရန် ခေါင်းမာစွာပင်ငြင်းဆန်နေခဲ့သည်။ သို့သော်လည်း ဝမ်ကျင်းက သူမအစား ယူလိုက်ပြီး ဝန်ထမ်းကို ကျေးဇူးတင်စကားဆိုကာ သူ၏ စကားနားမထောင်သည့် ညီမငယ်လေးကို ရုံးခန်းထဲမှ ဆွဲခေါ်သွားခဲ့သည်။

"ပြဿနာရှာတာ ရပ်ပြီး ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့..."

 

စွန်းကျင်းကမူ ဆက်လက်ရုန်းကန်နေခဲ့သည်။

“မပြန်ချင်ဘူး...ကျွန်မကို လွှတ်ထားပေး...”

 

ယနေ့တွင် ဝမ်ကျင်းက မိသားစုကိစ္စများနှင့် အလုပ်များနေသောကြောင့် ပိုင်မူနင်အနေဖြင့် ထိုသူကို ယခုချဉ်းကပ်ရန် အကောင်းဆုံးမဟုတ်ကြောင်း သိသည်။ ယင်းအစား သူက စန်းဝမ်ခန်းမတွင် ဝမ်ကျင်းကို ချောင်းမြောင်းရန် ကြံစည်ကာဖြင့် အမြန်ထွက်ခွာသွားသည်။

 

သို့သော်လည်း သူ တံခါးအပြင်သို့ ထွက်ပြီး လှေကားပေါ်မှ ဆင်းရန် စတင်လိုက်သည်နှင့် နောက်မှ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက်ပြေးထွက်လာကာ သူ့ကို တိုက်မိသွားသည်။

 

ရုတ်တရက် အတိုက်ခံရသဖြင့် ပိုင်မူနင်တစ်ယောက် ဟန်ချက်ပျက်ကာ ခြေချော်ပြီး လှေကားပေါ်မှ လိမ့်ကျသွားခဲ့သည်။ အေးစက်သော ကျောက်သားကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားရ၏။

 

ယင်းမှာ ယနေ့တွင် သူ နောက်ပြန်လဲကျသည့် ဒုတိယအကြိမ်ဖြစ်သည်။ သူ၏မြီးညှောင့်ရိုးက အစိတ်စိတ်အမွှာမွှာ ဖြစ်တော့မည်ဟု ခံစားရသည်။

 

သူ့ကိုတိုက်မိသူမှာ ဝမ်ကျင်း၏ ညီမငယ် စွန်းကျင်းမှတစ်ပါး အခြားသူမဟုတ်ပေ။ သူမက ကားတစ်စီးထဲသို့ ရုန်းကန်ဝင်ရောက်သွားရင်း သူ့ကို လှမ်းအော်လိုက်သည်။

 “ဆောရီးနော် ... တမင်လုပ်တာ မဟုတ်ပါဘူး... ကျွန်မကောဆီက လျော်ကြေးပေးတောင်းလိုက်ပါ”

 

စွန်းကျင်းက ထွက်ပြေးသွားပြီး ပိုင်မူနင်က ဤသို့တွေးလိုက်မိချေသည်။

သောက်ကျိုးနည်း ဘာတွေဖြစ်သွားတာလဲ...

 

"အဆင်ပြေရဲ့လား"

ဝမ်ကျင်း၏လက်က သူ့ထံသို့ ရောက်ရှိလာသည်။ ပိုင်မူနင်တစ်ယောက် ခဏတာမျှ ကြောင်အသွားသည်။

 

သူ သူ့ကိုယ်သူ တွေးလိုက်မိသည်။

ဒီနေ့က သိပ်တော့ မဆိုးပါဘူး... အနည်းဆုံးတော့ ဝမ်ကျင်းက ငါ့ကို စပြီးစကားပြောတာပဲ...

 

ပိုင်မူနင်က ‘အဆင်ပြေပါတယ်’ ဟု ပြောမိလုနီးနီးဖြစ်သွားရပြီး အနည်းငယ်မျှပင် ဂုဏ်ဆာလိုသွားသည်။

တွေ့လား... ကျွန်တော်က အရမ်းသန်မာတာနော်...ဒီလိုလဲကျတာတောင် အေးဆေးပဲ ...

 

သို့သော်လည်း “အဆင်ပြေပါတယ်” ဟူသော စကားလုံးများက သူ၏နှုတ်ခမ်းမှ မထွက်မီ သူက လျှာကို ကိုက်လိုက်သည့်အလား ရုတ်တရက် စကားကို ပြောင်းလဲလိုက်သည်။

“မ...မပြေဘူး... ကျွန်တော့် ဘယ်ခြေထောက် အဆစ်လွဲသွားပြီထင်တယ်...”

 

ဟန်ဆောင်မှုပီပြင်စေရန်အလို့ငှာ သူက သူ့ခြေထောက်ကိုပင် ပွတ်သပ်လိုက်ပြီး နာကျင်ဟန်ပြုလိုက်သေးသည်။

 

သူက အမှန်တွင် အဆင်ပြေသည်။ သို့တိုင် ၎င်းက ဝမ်ကျင်းနှင့် ပိုမိုနီးကပ်ရန်အတွက် ကြွေထည်ကိုရိုက်ခွဲထားခြင်းဖြစ်ကာ တစ်သက်တွင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးတစ်ခုဖြစ်သည်။ သူ့အနေဖြင့် ထိုသို့သောအခွင့်အရေးကို လက်လွှတ်မခံနိုင်လေရာ ခြေထောက်အဆစ်လွဲသွားသယောင် ဟန်ဆောင်ရမည်ဖြစ်သည်။

 

[T/N - ကြွေထည်ကိုရိုက်ခွဲခြင်း - တစ်စုံတစ်ဦးကြောင့် ထိခိုက်ဒဏ်ရာရဟန်ဆောင်ကာ လိမ်လည်၍ နစ်နာကြေးတောင်းခံခြင်း။]

 

သူက ထိခိုက်ဒဏ်ရာနှင့်ပတ်သက်၍ ဂရုတစိုက်စဉ်းစားရွေးချယ်ခဲ့ခြင်းပင်။ ခြေချင်းဝတ်အဆစ်လွဲခြင်းက လှုပ်ရှားရခက်ခဲခြင်းကို ဆိုလိုပြီး ၎င်းမှာ ကိုယ်ခန္ဓာချင်း ထိတွေ့ရမည်ဟု ဆိုလိုသည်။ ထို့အပြင် ယောက်ျားများက ကိုယ်ခန္ဓာချင်းနီးကပ်စွာ ထိတွေ့မှုကြောင့် အလွယ်တကူ စိတ်ပြောင်းလွယ်ကြသည်။

 

ဝမ်ကျင်း၏ ဆန့်တန်းထားသောလက်ကို ဖမ်းဆုပ်လိုက်ပြီး ပိုင်မူနင်က သူ၏အားကိုသုံးကာ ထရပ်လိုက်ပြီးနောက် သနားချင့်စဖွယ်ဟန်ဖြင့် ပြောလိုက်သည်။

“ဒေါက်တာဝမ်... ခင်ဗျား ကျွန်တော့်ကို တာဝန်ယူရမယ်နော်”

 

-----

 

စာရေးသူ၏ မှတ်ချက်

 

ပိုင်မူနင် ကျိန်ဆဲတာတွေကို စုထားပေမဲ့ မသုံးဖြစ်ခဲ့ဘူး “မင်းကိုယ်မင်း ကယ်လ်စီယမ်ကာဗွန်နိတ် (calcium carbonate) လို့ ထင်နေတာလား... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စိန်လို့ သဘောထားနေတာလား....တကယ်တော့ မင်းက အိုဇုန်း (ozone) ပဲ...မဟုတ်ဘူး... မင်းကို ဆာလဖာဒိုင်အောက်ဆိုက် (sulfur dioxide) လို့ပဲ ခေါ်ရမှာ အနံ့ကဆိုးပြီး အဆိပ်ကရှိသေး..."

 

Chapters
Search Novels