🐰🐰🐰🐰 Chapter 41

 

 

"ဒါက ပျော်စရာကောင်းသားပဲ..."

ယုန်ဝတုတ်ကြီးက မီးနဂါးလေးကို ထပ်ပြီးပုတ်ကြည့်လိုက်၏။

 

ယခုတစ်ကြိမ်တွင်မူ မီးနဂါးလေးက ဝေးရာသို့ ကူးခတ်မသွားတော့သဖြင့် ယုန်လက်ဖဝါးလေးက နဂါးလေး၏ ပုံရိပ်ရောင်ကိုယ်ထည်ကို ဖောက်ထွက်သွားလေသည်။ ယုန်ဝတုတ်လေးက မီးနဂါးလေးကို ထိလိုက်ချိန်တွင် အားနည်းသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ခံစားလိုက်ရလေသည်။

 

ယုန်ဝတုတ်လေးက ယခင်ကကဲ့သို့ ဖျတ်လတ်မနေသော နဂါးလေးကို ကြည့်ပြီးနောက် မော့ရှုလင်ကို ကြည့်လိုက်ချိန်တွင် မော့ရှုလင်၏ အားနာသကဲ့သို့ ဖြစ်နေသော မျက်နှာထားကို မြင်လိုက်ရလေသည်။ ဤသည်က အဆင့်နိမ့်မန္တန်တစ်ခုဖြစ်ပြီး အဆင့်မြင့်မန္တန်များကဲ့သို့ ကိုယ်ပိုင်အသိစိတ်မရှိဘဲ အသုံးပြုသူ၏ နတ်ဘုရားအာရုံဖြင့်သာ ထိန်းချုပ်ရလေသည်။

 

သို့ရာတွင် သူက ပျော်စရာကောင်းသည်ဟု ပြောလိုက်သည်နှင့်တစ်ပြိုင်နက် နဂါးလေးက မပုန်းတော့ပေ။ အကြောင်းမူကား သူ့တပည့်လေးက သူ့မျက်နှာကို ဖြတ်မရိုက်ချင်သောကြောင့် ဖြစ်လေသည်။

 

ယုန်ဝတုတ် “..............”

 

ယုန်ဝတုတ်လေးမှာ အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

 

မော့ရှုလင်က ဤရယ်စရာကောင်းသော မြင်ကွင်းကို ကြည့်ကာ မီးနဂါးလေးကို ပြန်လည်ထိန်းချုပ်လိုက်၏။ တစ်စုံတစ်ယောက်ကသာ ဤမြင်ကွင်းကို မြင်လျှင် မည်သူက ဆရာ၊ မည်သူက တပည့်ဖြစ်သည်ကို ဝေခွဲမရဖြစ်သွားနိုင်သည်ဟု တွေးနေမိလေသည်။

 

ယုန်လက်ဖဝါးလေးများက သေးငယ်ပြီး အသားများအပြည့်ဖြစ်နေကာ အလွန်နူးညံ့သဖြင့် ကိုင်တွယ်ရသည်မှာ အလွန်သက်တောင့်သက်သာရှိလေသည်။

 

မော့ရှုလင်က အရိုးမရှိသော ယုန်လက်ဖဝါးလေးကို ဖျစ်ညှစ်နေကာ တစ်ကိုယ်လုံးတွင် ပျော်ရွှင်မှုများက လွှမ်းခြုံလာလေသည်။

 

သူက ယုန်လက်ဖဝါးလေးများကို ဂရုတစိုက် ဆေးကြောပေးပြီးနောက် ယုန်ကြီး၏ ခါးပေါ်မှ မှင်များကိုလည်း ပွတ်သပ်ဆေးကြောပေးလိုက်လေသည်။

 

ချောမွေ့နူးညံ့သော အမွေးများကို ထိလိုက်ရသဖြင့် မော့ရှုလင်မှာ အလွန်ပျော်ရွှင်နေကာ အရည်ပျော်ကျလုနီးပါး ခံစားနေရလေသည်။

 

အားစိုက်စရာမလိုဘဲ ကိုယ်လုံးလေးကို ခပ်ဖွဖွ ဖိလိုက်ရုံဖြင့် သူ့လက်ချောင်းများက ယုန်မွေးများကြားသို့ နစ်ဝင်သွားကာ အရိုးမရှိသကဲ့သို့ အိစက်နေသောအသားများကို ထိတွေ့နေရလေသည်။

 

ယုန်ဝတုတ်လေးက ရေစည်ပိုင်းထဲတွင် မထိုင်ချင်ကြောင်း မငြင်းခဲ့လျှင် မော့ရှုလင်က အခွင့်ကောင်းယူပြီး ယုန်လေး၏ နားရွက်မှ အမြီးထိ ပွတ်သပ်ပေးချင်နေလေ၏။

 

နှမြောစရာပဲ...

 

ဤယုန်ဝတုတ်လေးက မဟာယနအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူဖြစ်နေခြင်းမှာ နှမြောစရာပင် ဖြစ်သည်။ မဟုတ်လျှင် သူက အသာစီးရနိုင်၏။

 

သို့ရာတွင် သူက ကျင့်ကြံဆင့်နိမ့်သဖြင့် မည်မျှပင် စိတ်လိုက်မာန်ပါ လုပ်ချင်ကာမူ မလုပ်ရဲပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူကသာ ယုန်ဝတုတ်လေး ပညာပေးသည်ကို ခံရနိုင်ချေရှိပြီး သူ့အား သံသယဝင်သွားပါက နောင်တွင် အမှားကို ပြင်ဆင်ရန် အခွင့်အရေး ရမည်မဟုတ်တော့ပေ။

 

သူ စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းချင်း နည်းလမ်းရှာရမည်ဖြစ်၏။

 

ယုန်ဝတုတ်လေးကလည်း တုံးအသူ မဟုတ်သဖြင့် ရေစည်ပိုင်းထဲတွင် ဝင်မထိုင်ပေ။

 

အမွေးအမျှင်ရှိသော သတ္တဝါများက ရေစိုသွားလျှင် ရုပ်အဆိုးဆုံးဖြစ်၏။ သူသာ ရေထဲသို့ ဝင်လိုက်လျှင် သူ့ကိုယ်ပေါ်ရှိ အမွေးများက ကပ်သွားပြီး ထိုရုပ်ဆိုးသောပုံစံကို မြင်လျှင် တပည့်ဖြစ်သူက ဆရာတစ်ယောက်အပေါ်ထားသည့် ရိုသေမှုမျိုး ရှိမည်မဟုတ်တော့ပေ။

 

လက်ဖဝါးကို သန့်စင်ပေးပြီးနောက် မော့ရှုလင်က မီးနဂါးလေးကို နတ်ဘုရားအာရုံဖြင့် ထိန်းချုပ်ကာ လက်ကိုင်ပဝါဖြင့် ယုန်လက်ဖဝါးပေါ်ရှိ ရေများကို ခြောက်သွေ့အောင် သုတ်ပေးလိုက်လေသည်။

 

ထိုအချိန်တွင် မော့ရှုလင်က ယုန်ဗိုက်ပေါ်၌ ခြင်ကိုက်ဖုလေး ရှိနေသေးသည်ကို တွေ့လိုက်ရလေသည်။ ယုန်လေး၏ မတ်တတ်ရပ်နေသည့် ပုံစံနှင့် လှဲသည့်ပုံစံက ကွာခြားသဖြင့် အတိအကျ မပြောနိုင်ပေ။

 

ဤမျှကြာသည့်အထိ ခြင်ကိုက်ဖုက ပျောက်မသွားသည်မှာ ထူးဆန်းနေလေသည်။

 

ဒါမှမဟုတ် ဒါက ကျင့်ကြံတဲ့ နည်းလမ်းတစ်ခုခုလား... အရင်တိုက်ပွဲတုန်းက ရခဲ့တဲ့ အမာရွတ်လား... တကယ်လို့ ဒဏ်ရာဆိုရင် ရန်သူက လက်နက်နဲ့ အပေါက်ဘယ်နှစ်ပေါက်တောင် လုပ်ခဲ့တာလဲ...

 

မော့ရှုလင်က တိုက်ခိုက်ရေးသားရဲများအကြောင်းကို များစွာမသိပေ။

 

ယခင်ဘဝ၌ မိစ္ဆာတစ်ယောက် ဖြစ်မလာမီက မော့ရှုလင်မှာ စားဝတ်နေရေးပင် ခက်ခဲသည့် အခြေအနေများ ရှိနေခဲ့သဖြင့် တိုက်ခိုက်ရေးသားရဲများကို ဝယ်ရန်ငွေမရှိဘဲ အစေခံသာ လုပ်နိုင်လေသည်။ မိစ္ဆာဖြစ်လာပြီးနောက် သူ၏ကျင့်ကြံနှုန်းက ကောင်းကင်မျောက်ကဲ့သို့ မြန်ဆန်လာလေ၏။ သူစိုးရိမ်ရသည့် တစ်ခုတည်းသောအရာမှာ သူ၏ကျင့်ကြံနှုန်းက အလွန်မြန်ဆန်နေသဖြင့် သူ၏အဆင့်နိမ့် တိုက်ခိုက်ရေးသားရဲများက ဝန်ထုတ်ဝန်ပိုး ဖြစ်လာခြင်းဖြစ်သည်။

 

(E translator ပြောထားတာတော့ ကောင်းကင်မျောက်က မီးရှူးမီးပန်းတို့ ဗြောက်အိုးတို့လိုမျိုးပါတဲ့)

 

နောက်ပိုင်းတွင် လက်စားချေနိုင်ခဲ့သော်လည်း လောကကြီးက အဓိပ္ပာယ်မဲ့လာလေသည်။ အသက်ရှင်နေသော်လည်း အသက်ရှင်နေသည်ဟု မခံစားရဘဲ တိုက်ခိုက်ရေးသားရဲများနှင့်လည်း စာချုပ်မချုပ်ဆိုချင်ပေ။

 

အမွေးညှပ်ပေးပြီးနောက် သပ်ရပ်သွားသည့် ယုန်လက်ဖဝါးတစ်စုံကြောင့် ယုန်ဝတုတ်လေး၏ မျက်ဝန်းများမှာ တောက်ပသွားလေသည်။

 

သူ့တပည့်လေးက ဤမျှကျွမ်းကျင်မည်ဟု မထင်ထားခဲ့ပေ။ အနာဂတ်တွင် အမွေးညှပ်ရန်အတွက် အပြင်ထွက်ပြီး လူရှာရန် မလိုတော့ပေ။

 

မော့ရှုလင်က ယုန်မွေးများထည့်ထားသော အိတ်ကိုချည်နှောင်ကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ အပြင်ဘက်တွင် စိတ်ဝိညာဉ်ကျောက်တုံးများ အပုံလိုက်ရှိသော်လည်း ခြင်တစ်ကောင်၏အသားက မည်မျှပင် သေးငယ်စေကာမူ အသားပင်ဖြစ်၏။ ထို့အပြင် ဤအရာများက ပိုင်ယွီမင်၏ အမွေးများဖြစ်သဖြင့် သူ၏ကိုယ်ပိုင်စုငွေအဖြစ် မှတ်ယူထားလေသည်။

 

အပြစ်ပေးခံထားရသော ယုန်ဝတုတ်ကြီးက အလုပ်လုပ်ရန် စတင်ရတော့မည်ဖြစ်သည်။

 

သူက ချောင်းဟန့်ကာ ပြောလိုက်သည်။

"ဒါဆို ငါ အရင်လေ့လာလိုက်ဦးမယ်... စိတ်ဝိညာဉ်ကျောက်တုံးတွေ သိမ်းပြီးသွားရင် ငါ့ကိစ္စကို ငါကိုယ်တိုင်စီစဉ်လိုက်မယ်..."

 

ထို့နောက် ယုန်ဝတုတ်ကြီးက လေပေါ်သို့ခုန်ကာ စိတ်ဝိညာဉ်ကျောက်တုံးအပုံကြီးကို လှည့်ကြည့်လိုက်ချိန်တွင် ယခင်ကကဲ့သို့ စိတ်လှုပ်ရှားမှုများ မရှိတော့ပေ။ သို့ရာတွင် ဤစိတ်ဝိညာဉ်ကျောက်တုံးများကို ကြည့်ပြီး နောက်ဆုံးတွင် သူ ငွေရှာနိုင်သည်ဟူသော ခံစားချက်ကို ရလိုက်သဖြင့် စိတ်ကျေနပ်မှုရကာ ငွေပိုရှာရန် တွန်းအားဖြစ်စေလေသည်။

 

သူက တပည့်လေးကို ကျွေးမွေးစောင့်ရှောက်ရဦးမည် ဖြစ်၏။

 

"ငါတို့ အခွင့်အရေးတစ်ခုရှာပြီးတော့ အိမ်ဆောက်ဖို့အတွက် ချောင်ကုန်းခန်းမဆောင်ကို သွားကြမယ်..."

 

ယုန်ဝတုတ်လေးက တစ်ခဏခန့် တွေးတောပြီးနောက် ပြောလိုက်၏။

“ချောင်ကုန်းခန်းမဆောင်မှာ နှစ်သစ်ကူးပိတ်ရက်ရှိမရှိတော့ ငါလည်းမသိဘူး...”

 

အိမ်တစ်လုံးဆောက်ရန်က လူများစွာ၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သော်လည်း တပည့်အများစုက အိမ်ပြန်သွားကြသဖြင့် ချောင်ကုန်းခန်းမဆောင်က ကျန်သည့်လူများကို အနားပေး၊မပေးကို သူသိချင်လေသည်။ လူအများက တာဝန်လက်ခံလေ့ရှိသော တာဝန်ပေးခန်းမဆောင်တွင်မူ နှစ်သစ်ကူးကာလတွင်လည်း တာဝန်များကို ပုံမှန်ကဲ့သို့ လုပ်ဆောင်နိုင်သည်ကို သူသိထားလေသည်။

 

"ရှစ်စွမ်း အဲ့ဒီအတွက် စိတ်မပူပါနဲ့..."

မော့ရှုလင်က စိတ်ဝိညာဉ်ကျောက်တုံးများကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလျက် ပြောလိုက်၏။

"နှစ်လပိုင်းကုန်လို့ နှစ်သစ်ကူးအားလပ်ရက်ပြီးရင် လူတိုင်းပြန်လာကြလိမ့်မယ်... ကျွန်တော် ဈေးတန်းထဲကို တစ်ချက်လောက် သွားကြည့်ချင်သေးတယ်... အဆင်ပြေတဲ့ ကုန်ကြမ်းတွေ ရှာတွေ့နိုင်မလားလို့..."

 

လေလံပွဲများကို များစွာအားမကိုးနိုင်သော်လည်း ဈေးတန်းထဲတွင် စိတ်ဝင်စားဖွယ်ကောင်းသော ပစ္စည်းများကို ရှာတွေ့နိုင်လေသည်။

 

“ဟုတ်သားပဲ... ကုန်ကြမ်းတွေ...”

 

ယခုအချိန်တွင် ယုန်ဝတုတ်ကြီး၌ ငွေများစွာရှိသဖြင့် အိမ်ကောင်းကောင်းတစ်လုံးဆောက်ရန် ကြံရွယ်ထားလေသည်။

 

သူ့ထံတွင် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရှိသည်ကို သိပြီးနောက် ယုန်ဝတုတ်ကြီးက သူ၏ဆုံးဖြတ်ချက်ကို ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။

"ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို နှစ်ယောက်အတူတူ အညီအမျှ ခွဲယူကြတာပေါ့... ရှောင်ရှုရှု... မင်းလိုချင်တဲ့ ကုန်ကြမ်းတွေကို ကိုယ်တိုင်ရှာပြီး ရွှေ့ပြောင်းလို့ရတဲ့ မှော်လက်နက်အိမ်တစ်ခု လုပ်လို့ရတာပေါ့..."

 

တစ်နေ့နေ့တွင် သူ့တပည့်လေးက ယွဲ့ရွှယ်တောင်ထိပ်မှ ထွက်သွားပြီး ဂိုဏ်းမှလည်းထွက်သွားကာ ကျင့်ကြံရေးလောကမှပင် ထွက်သွားမည်ဖြစ်သည်။ သူ မိစ္ဆာနယ်မြေ၌ လှည့်လည်သွားလာချိန်တွင် အနည်းဆုံး အေးအေးဆေးဆေး အိပ်စက်အနားယူနိုင်မည့် နေရာတစ်ခု ရှိနေသင့်လေသည်။

 

မော့ရှုလင်မှာ သူ့ရှစ်စွမ်းက ဤကဲ့သို့ ပြောလာမည်ဟု မထင်ထားသဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရေတွက်နေခြင်းကိုပင် ရပ်လိုက်မိ၏။

 

ပိုင်ယွီမင်ကို သူ၏နားလည်မှုအရ စိတ်ဝိညာဉ်ကျောက်တုံးများအား အညီအမျှခွဲဝေခြင်းမှာ မထူးဆန်းသော်လည်း နောက်ဆုံးစကားကြောင့် သူအံ့သြသွားလေသည်။ ပိုင်ယွီမင်က ရွှေ့ပြောင်းနိုင်သော မှော်လက်နက်အိမ်တစ်ခုလုပ်ရန် ပြောခြင်းမှာ အခြားသူများအတွက် နားလည်ရလွယ်ကူသော်လည်း မော့ရှုလင်အတွက်မူ ထူးခြားနေလေသည်။

 

ပိုင်ယွီမင်က ကြယ်တာရာများကို ဖတ်ရှုနိုင်သည်ဟု ပြောထားပြီး မော့ရှုလင်ကလည်း ပိုင်ယွီမင်ပေးခဲ့သော လူ(၃၅)ယောက် စာရင်းကို အမှတ်ရကာ အထင်ကြီးနေဆဲ ဖြစ်လေသည်။

 

ပိုင်ယွီမင် တစ်ခုခုကို မြင်လိုက်လို့လား…

 

ပိုင်ယွီမင်က မိစ္ဆာတွေကို နှိမ်နင်းခဲ့တဲ့ ယွဲ့ဒယ်အကြီးအကဲတစ်ယောက်ပဲ...

 

သူက မိစ္ဆာကျင့်ကြံသူတွေကို မုန်းတီးနေလောက်တယ်မလား....

 

မော့ရှုလင်မှာ ခြေလက်များ တောင့်တင်းသွားသည်အထိ စိုးရိမ်နေခဲ့သော်လည်း ယုန်ဝတုတ်ကြီး၏ နောက်ဆက်တွဲစကားကို ကြားချိန်တွင် စိတ်သက်သာရာရသွားပြီး မျက်နှာတွင် ကူကယ်ရာမဲ့နေသည့် အမူအရာများအပြည့် ဖြစ်လာလေသည်။

 

ယုန်ဝတုတ်ကြီးက ပြော၏။

"မင်းမှာ အိမ်ရှိတော့ မိန်းမယူတဲ့အခါ ပိုအဆင်ပြေတာပေါ့... ယွဲ့ရွှယ်တောင်ထိပ်က ရွှေ့ဖို့ခက်တယ်... အဲ့ဒါကြောင့် အနာဂတ်မှာ ငါလည်း တစ်ယောက်ယောက်ကိုတွေ့ရင် ထွက်သွားမှာပဲ... အိမ်ရှိတော့ မင်းသွားချင်တဲ့နေရာကို သွားဖို့ ပိုလွယ်တာပေါ့...”

 

“မင်းရဲ့ကလေးက အဝေးကြီးမှာရှိတဲ့ ဂိုဏ်းတစ်ခုခုကို ဝင်မယ်ဆိုရင်လည်း မိသားစုနဲ့ ခွဲခွာရတဲ့ ဒုက္ခကို ခံစားနေစရာ မလိုတော့ဘူး... အိမ်ကိုပါသယ်ပြီး ပြောင်းသွားရုံပဲ..."

 

သို့ရာတွင် ဤသည်က သူ၏စိတ်ကူးယဉ်မှုများသာ ဖြစ်လေသည်။

 

မော့ရှုလင်က ဖေးယွင်တောင်ကြားက ရန်ကြွေးကို ဘယ်လိုလုပ် မေ့ထားနိုင်မှာလဲ...

 

၎င်းက လူပေါင်းထောင်ချီ၏ အသက်များဖြစ်ရုံသာမက မော့ရှုလင်၏ ကမ္ဘာတစ်ခုလုံးလည်း ဖြစ်လေသည်။ အဆုံးတွင် ဤအိမ်က မော့ရှုလင် မိစ္ဆာနယ်မြေသို့ ရောက်ချိန်တွင် လုံခြုံစွာနေနိုင်မည့် နေရာတစ်ခု ဖြစ်လာမည်ဖြစ်၏။

 

"အဲ့ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့..."

မော့ရှုလင်၏ နှုတ်ခမ်းထောင့်များက တွန့်သွား၏။ ဤသည်မှာ ကလေးတစ်ယောက်ကဲ့သို့ ဟန်မဆောင်ဘဲ ပိုင်ယွီမင်ကို ပထမဆုံးအကြိမ် ငြင်းလိုက်ခြင်း ဖြစ်လေသည်။

 

ထိုစကားလုံးများက အေးစက်ပြီး ဂရုမစိုက်ဟန်ရှိကာ ဖျောက်ဖျက်မရနိုင်သော ဝမ်းနည်းပူဆွေးမှုများ ပါဝင်နေလေသည်။

 

ယုန်ဝတုတ်လေးမှာ မော့ရှုလင်က ဖေးယွင်တောင်ကြား၏ ရန်ကြွေးအတွက် ဂိုဏ်းကို လက်စားချေရန် တွေးနေသည်ဟုထင်ကာ သူ့ကို နှစ်သိမ့်ရန် ကြိုးစားသော်လည်း မော့ရှုလင်က သူ့အား အဝေးသို့ တွန်းလွှတ်လေသည်။

 

သူကလည်း အတင်းအကြပ် ဆက်မနေခဲ့ပေ။ ယခုတစ်ကြိမ်တွင် မော့ရှုလင်က မည်သည်ကိုမှ မပြောချင်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့် တိတ်တဆိတ်သာ နေချင်လေသည်။

 

ယုန်ဝတုတ်ကြီးက ဂူထဲသို့ ဝင်သွားပြီးနောက် မော့ရှုလင်က ဖြည်းဖြည်းချင်း စိတ်ကိုလျှော့ချကာ နှင်းပေါ်တွင် လှဲချလိုက်၏။

 

ဤသည်က မိသားစုကို လွမ်းဆွတ်နေသည်ဟု ပိုင်ယွီမင်ထင်နေသော်လည်း အမှန်တကယ်တွင် သူက ကလေးအကြောင်းကို တွေးနေခြင်း ဖြစ်၏။

 

မော့ရှုလင်က ယခုဘဝတွင် သားသမီးယူရန် စိတ်ကူးရှိလာမည် မဟုတ်ပေ။

 

မိစ္ဆာကျင့်ကြံသူများကို လူတိုင်းက ရွံရှာကြပြီး အမှန်တရားဂိုဏ်းရှိ လူများစွာက သူတို့အား သတ်ချင်ကြလေသည်။ သို့သော် မိစ္ဆာကျင့်ကြံသူများမှာ မကုန်ခမ်းနိုင်၊ မပျက်စီးနိုင်ဘဲ ရှိနေဆဲဖြစ်၏။

 

အကြောင်းမူကား မိစ္ဆာစွမ်းအင် ကူးစက်ခံရသော မိစ္ဆာကျင့်ကြံသူများ၏ သားစဉ်မြေးဆက်များကလည်း မိစ္ဆာကျင့်ကြံသူများ ဖြစ်လာကြသောကြောင့်ဖြစ်သည်။

 

သူ့ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်များကို မဖယ်ရှားနိုင်လျှင် မော့ရှုလင်က ကလေးယူမည်မဟုတ်ပေ။

 

မိစ္ဆာများကို သုတ်သင်ရန် အသက်ပေးခဲ့ကြသော ဖေးယွင်တောင်ကြားရှိ ဘိုးဘေးများအား သူကိုယ်တိုင်က မိစ္ဆာတစ်ယောက်ဖြစ်လာသည်ဟု မည်ကဲ့သို့ ရှင်းပြရမည်ကို မသိပေ။

 

မော့မျိုးနွယ်တွင် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းလာသော ပြင်းထန်သည့် ကျိန်ဆိုချက်တစ်ခု ရှိ၏။ ၎င်းမှာ မိစ္ဆာမျိုးနွယ်အတွက် အကျိုးပြုမည့်အစား မော့မျိုးနွယ်၏ မျိုးဆက်ကို အပြတ်ခံမည်ဟူ၍ဖြစ်သည်။

 

မိစ္ဆာစွမ်းအင် ကူးစက်ခံရသော လူများအားလုံးက ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်လမ်းကိုသာ ရွေးချယ်ခဲ့ကြလေသည်။

 

ဂိုဏ်းအပေါ်ထားရှိသော ဖေးယွင်တောင်ကြား၏ အမုန်းတရားကြောင့် မော့ရှုလင်က ကျိန်ဆိုချက်၏ ဒုတိယအပိုင်းကို ချိုးဖောက်ခဲ့ပြီး နောက်ပိုင်းတွင် လက်စားချေရန်အတွက် ကိစ္စများစွာကို ဖုံးကွယ်ထားသဖြင့် ကျင့်ကြံရေးလောကကို ပရမ်းပတာ ဖြစ်စေခဲ့လေသည်။ ထို့ကြောင့် သူက ကျိန်ဆိုချက်၏ ပထမအပိုင်းကို လုံးဝချိုးဖောက်မည် မဟုတ်ပေ။

 

သူ၏သားသမီးများက အမွေဆက်ခံသူအဖြစ်သာမက တာဝန်ယူမှုအဖြစ်လည်း ကိုယ်စားပြုလေ၏။

 

ကလေးများကို ပျိုးထောင်ခြင်းက အရင်းအမြစ်များစွာ လိုအပ်လေသည်။ နောင်လာနောက်သားများ ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် မော့ရှုလင်က ကျင့်ကြံရေးလောကကို သိမ်းပိုက်လိုသော မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

 

ဘေးကျပ်နံကျပ် အခြေအနေတွင် ရုန်းကန်နေမည့်အစား မော့ရှုလင်က ပြဿနာ၏ မြစ်ဖျားခံရာကို တိုက်ရိုက်ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့လေသည်။

 

မော့ရှုလင်က ယခင်ဘဝ၌ လက်စားချေပြီးနောက် ခံစားခဲ့ရသော အဓိပ္ပာယ်မဲ့မှုကို သတိရကာ ထိတ်လန့်သွားမိ၏။ သူက အလွန်ကြောက်ရွံ့သဖြင့် ယွဲ့ရွှယ်တောင်ထိပ်မှ ထွက်ခွာရန် အတွေးလုံးဝမရှိပေ။

 

ယုန်ဝတုတ်လေးက သူ၏ ပျင်းရိရေးအကြံဉာဏ်များကို ပြောပြီးနောက် ပျင်းရိရေးအစီအစဉ်ထဲသို့ နစ်မြုပ်ရန် ဆုံးဖြတ်ကာ ဂူထဲရှိ တစ်ခုတည်းသော စားပွဲပေါ်၌ စာရွက်များကို ခင်းကျင်းလိုက်လေသည်။ သူ၏ယုန်မျက်နှာပေါ်တွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေ၏။

 

နေ့မှညသို့ ပြောင်းပြီး အဖြူရောင်အမွေးများက အနက်ရောင်အမွေးများသို့ ပြောင်းသည့်အထိ ယုန်ဝတုတ်လေးက စာရွက်များပေါ်တွင် အာရုံစိုက်ထားကာ ဂူထဲသို့ အကြိမ်ကြိမ် ဝင်ထွက်နေသော မော့ရှုလင်ကိုပင် တစ်ချက်မှ လှည့်မကြည့်ချေ။

 

ပိုင်ယွီမင်က အမှန်ပင် ပျင်းရိသူဖြစ်၏။

 

ယခု ပိုင်ယွီမင်၏ ကြိုးစားအားထုတ်မှုကလည်း နောင်တွင် ပိုပြီးပျင်းရိနိုင်ရန် ဖြစ်လေသည်။

 

သို့သော် အနာဂတ်၌ ပျင်းရိနိုင်ရန်အတွက် ပိုင်ယွီမင်က ဆင်ခြေမပေးဘဲ အစွမ်းကုန် ကြိုးစားရန် ဆန္ဒရှိလေသည်။ ဤသည်မှာ မော့ရှုလင်အနေဖြင့် ပိုင်ယွီမင်ကို လေးစားသည့်အချက်ဖြစ်သည်။

 

ပိုင်ယွီမင်က အိမ်အတွက် ငွေရှာရန် အဆောင်လက်ဖွဲ့များ ပြုလုပ်ရသည်ကို မနှစ်သက်သော်လည်း သူက အဆောင်လက်ဖွဲ့များကို ဂရုတစိုက်ပြုလုပ်ရန် ကြိုးစားနေဆဲ ဖြစ်လေသည်။ ပိုင်ယွီမင်က ပိုပြီး လွယ်ကူစွာ ရေးနိုင်ရန် မီးသွေးကို အသုံးပြုရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် သင့်လျော်သော မှင်များကို အသုံးပြုခြင်းက အဆောင်လက်ဖွဲ့၏စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သိရချိန်တွင် ပိုင်ယွီမင်က မူလအတိုင်းသာ ပြန်ရေးလိုက်လေသည်။

 

လက်တွေ့ လေ့ကျင့်မှု များလာသဖြင့် ပိုင်ယွီမင်က သာမန်စက္ကူပေါ်တွင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများကို ချန်ထားနိုင်ခဲ့လေသည်။

 

သို့ရာတွင် မကြာသေးမီက ယုန်ဝတုတ်လေးမှာ အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရလေသည်။ သူ၏ ယုန်လက်ဖဝါးရာကို စာရွက်ပေါ်၌ မည်မျှပင် ဖိနှိပ်စေကာမူ မြင်းဖြူမိစ္ဆာဘုရင်ကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားများကို သာမန်စာရွက်ပေါ်တွင် စုစည်းနိုင်ခြင်းမရှိပေ။

 

စိတ်ဝိညာဉ်စွမ်းအားများကို ထိန်းသိမ်းထားနိုင်သော အထူးစာရွက်များ ရှိသော်လည်း ကုန်ကြမ်းပစ္စည်း၏ ကန့်သတ်ချက်ကြောင့် ထိန်းသိမ်းနိုင်သော စွမ်းအားမှာ အလွန်နည်းပါးလေသည်။ ထို့အပြင် ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများက သိုင်းပညာကျင့်ကြံသူများ၏ လက်ထဲတွင်သာ ရှိနေပြီး မြောက်မြားစွာ ထုတ်လုပ်ရန် မလွယ်ကူပေ။

 

ယုန်ကလေးက ကုန်ကျစရိတ်များစွာ မသုံးဘဲ အမြတ်များစွာ ရလိုသဖြင့် ဤအချက်က သူ့အား စိတ်ဒုက္ခပေးနေလေသည်။

 

စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့တစ်ခုလျှင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၈၀ ဖြင့် ရောင်းချပြီး ကုန်ကြမ်းပစ္စည်းတန်ဖိုးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ နီးပါး ရှိလေသည်။  ပိုင်ယွီမင်၏ အောင်မြင်နှုန်းက အလွန်မြင့်မားသဖြင့် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိသာ အောင်မြင်နှုန်းရှိသူများက အမြတ်အနည်းငယ်သာ ရရှိကြလေသည်။

 

နှစ်သစ်ကူးစာသားများနှင့် နွေဦးပွဲတော်အတွက် စာသားများက သန်းနှင့်ချီပြီး အမြတ်ရကာ ကုန်ကြမ်းပစ္စည်းတန်ဖိုးက သုညနီးပါး ဖြစ်၏။

 

ထူးခြားသော နည်းပညာက ငွေကိုဖန်တီးနိုင်ကြောင်း သိသာလေသည်။

 

ယုန်ဝတုတ်လေးက ဤကိစ္စအတွက် သေရန်ပင် ဆန္ဒရှိ၏။

 

သို့ရာတွင် ယုန်ဝတုတ်လေးက မအောင်မြင်လျှင် မည်သို့လုပ်မည်ဟု မကြွေးကြော်ရသေးမီတွင် မော့ရှုလင်က စီးပွားရေးကိစ္စတစ်ခုဖြင့် သူ၏ လက်တွေ့စမ်းသပ်ချက်ကို နှောင့်ယှက်လိုက်လေသည်။

 

ပထမဆုံးပြောလိုက်သည့် စကားက သူ့အား စိုးရိမ်သွားစေ၏။

"ရှစ်စွမ်း... ယန်ချန်ချန်က ရှစ်စွမ်းဆီက စိတ်ဝိညာဉ်စွမ်းအားထည့်ထားတဲ့ စာရွက်တွေကို လိုချင်နေတယ်... ဟဲ့ရှန်းအဆင့် ဒါမှမဟုတ် တုန်းရွှီအဆင့်လောက် လုပ်ပေးနိုင်ရင် ဈေးနှုန်းက ညှိနှိုင်းလို့ရပါတယ်တဲ့..."

 

ယုန်ဝတုတ်လေးက တင်ပါးကိုမြှောက်ကာ သူ၏နောက်ခြေဖဝါးအား မှင်ရေထဲသို့နှစ်ရန် ကြိုးစားနေစဉ်တွင် မော့ရှုလင်၏ စကားက ဇာတ်လိုက်အုပ်စုနှင့် သက်ဆိုင်နေသည်ကို ကြားလိုက်ရသဖြင့် ထိတ်လန့်သွားပြီး ယုန်ခြေထောက်မှာ မှင်အိုးထဲသို့ ပြုတ်ကျသွားလေသည်။

 

မှင်များက လွင့်စင်လာပြီး အဖြူရောင်အမွေးများပေါ်တွင် အမဲစက်များက ချက်ချင်း စွန်းထင်းသွား၏။

 

မော့ရှုလင်မှာ ယုန်ကြီးကို ရေချိုးပေးရန် အခွင့်အရေးက ရောက်လာသဖြင့် ရှင်းမပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားလေသည်။

 

🐰🐰🐰🐰 Chapter 42

 

 

ယုန်ဝတုတ်လေးမှာ မူလက သူ့အပေါ်သို့ မှင်များစွန်းထင်းသွားသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း မော့ရှုလင်၏ မျက်လုံးများက တောက်ပနေသည်ကိုမြင်ချိန်တွင် ဒေါသမှ စိုးရိမ်စိတ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

 

မော့ရှုလင်က ဇာတ်လိုက်အုပ်စုနှင့် ပတ်သက်မိမည်ကို စိုးရိမ်နေသဖြင့် မှင်ပေနေသည်ကို ဂရုမစိုက်နိုင်တော့ဘဲ အမြန်ပြောလိုက်၏။

"မရဘူး... ဒီအလုပ်ကို ငါလက်မခံဘူး..."

 

ထိုသို့ပြောပြီးနောက် ယုန်ဝတုတ်လေးက မှင်ပေနေသော ယုန်ခြေထောက်များကို မ,ရန်ကြိုးစားလေသည်။

 

ယုန်မွေးများက ရေစုပ်ယူမှု အားကောင်း၏။ ယုန်ဝတုတ်လေးက သူ့နောက်ခြေထောက်ကို မ,လိုက်ချိန်တွင် မှင်များက တစ်စက်စက်ကျနေပြီး ယုန်ခြေထောက်လေးက အမှုမဲ့အမှတ်မဲ့ လှုပ်ရှားလိုက်သဖြင့် မှင်များက လွင့်စင်သွားလေသည်။

 

သို့ရာတွင် လုံးဝန်းနေသော ခန္ဓာကိုယ်ကြီးနှင့် ခြေထောက်ကို မရန်မှာ မလွယ်ကူပေ။ ခြေထောက်ကို ရမ်းလိုက်သည်နှင့် သူက ဟန်ချက်ပျက်သွားပြီး ရှေ့သို့ မှောက်လဲကျလုနီးပါး ဖြစ်သွားလေသည်။ ထိုသို့မလဲကျစေရန် ရှေ့ခြေထောက်ဖြင့် ထိန်းလိုက်ရသဖြင့် မှင်စိုနေသော နောက်ခြေထောက်မှာ လေထဲတွင် မြောက်နေပြီး မှင်ရေများကလည်း ဆက်တိုက်စီးကျနေဆဲ ဖြစ်လေ၏။

 

မော့ရှုလင်က တစ်စက်စက် စီးကျနေသော မှင်များကို ကြည့်ပြီး ယုန်မွေးများက စုပ်ယူမှုအားကောင်းသည်ဟု တွေးနေမိလေသည်။

 

"ရှစ်စွမ်း... ဘာဖြစ်လို့ လက်မခံတာလဲ... သွမ့်မုကျင်းယန်နဲ့ ကျွန်တော်က သဘာဝရန်သူတွေ ဖြစ်နေလို့လား..."

 

မော့ရှုလင်က မေးပြီးနောက် အခွင့်အရေးကို အရယူကာ ရှေ့သို့ တိုးသွားလျက် ပြောလေသည်။

"ရှစ်စွမ်း... ကျွန်တော် သန့်ရှင်းပေးပါရစေ..."

 

“အင်း...”

ပိုင်ယွီမင်က ခေါင်းညိတ်ပြလိုက်၏။

"အဲ့ဒါကြောင့်ပဲ... မင်းစိတ်ထဲမှာ ဒါကို ရှင်းရှင်းလင်းလင်း သိတယ်ဆိုရင် ဒီအလုပ်ကို လက်ခံလို့မရဘူးဆိုတာ မင်းသိသင့်တယ်..."

 

မော့ရှုလင်မှာ သူ့ရှစ်စွမ်း ခေါင်းညိတ်ပြလိုက်ခြင်းက ရေချိုးပေးရန် ခွင့်ပြုသည်ဟု ဟန်ဆောင်လိုက်လေသည်။ ထို့နောက် သစ်သားရေဇလုံတစ်ခုကို ထုတ်ပြီး ရေထည့်ကာ မီးအဆောင်လက်ဖွဲ့ကို အသုံးပြုလျက် မီးနဂါးလေးဖြင့် ရေကို နွေးစေလိုက်သည်။

ယုန်ဝတုတ်လေးမှာ ကြည်လင်နေသောရေကို မြင်ရချိန်တွင် သူ့ခြေထောက်ကို ရေထဲသို့ ထည့်ပစ်ချင်လာ၏။ မှင်များက တစ်စက်စက် မကျတော့သော်လည်း စားပွဲပေါ်သို့ နင်းလိုက်လျှင် စားပွဲပါ ညစ်ပတ်သွားမည်ဖြစ်ပြီး ခြေထောက်သုံးချောင်းတည်းဖြင့် သွားရန်လည်း မဖြစ်နိုင်ပေ။

 

ယုန်ဝတုတ်လေးက သူပျံသန်းနိုင်သည်ကို တစ်ခဏမေ့သွားပြီး မော့ရှုလင်ကို ပြောလိုက်၏။

"ငါ့ကို အဲ့ဘက်ရွှေ့ပေးဦး... ရေဆေးချင်လို့..."

 

မော့ရှုလင်က ယုန်ဝတုတ်ကြီး၏ ကိုယ်အလေးချိန်ကို သိသဖြင့် လေအဆောင်လက်ဖွဲ့ကို အသုံးပြုပြီး ကူညီပေးလိုက်လေသည်။ ယခုအချိန်တွင် သူက ယုန်လေးကို လက်နှစ်ဖက်ဖြင့်ပွေ့ပြီး ရေသန့်စင်ရန် ပို့လိုက်လေသည်။

 

မော့ရှုလင်မှာ သူ၏ဆိုးသွမ်းသော ရည်ရွယ်ချက်များအား ရှစ်စွမ်းဖြစ်သူ မရိပ်မိစေရန် စကားလမ်းကြောင်း ပြောင်းလိုက်၏။

"ဒါပေမဲ့ ဒီအလုပ်က လက်ခံပြီးသား ဖြစ်သွားပြီ... ကျွန်တော်တို့ အဆောင်လက်ဖွဲ့တွေရောင်းတဲ့ ကုန်းရှော့က လက်ခံလိုက်တာ... ယန်ချန်ချန်ရဲ့ ရှစ်စွမ်းဖြစ်တဲ့ ချောင်ကုန်းခန်းမဆောင်သခင် နျဲ့ရီဖုန်းကတောင် သူ့တပည့်ကို မထိန်းနိုင်ရင် ကျွန်တော်တို့ကလည်း ဒီအလုပ်ကို ငြင်းလို့မရနိုင်ဘူး..."

 

ပိုင်ယွီမင်မှာ မော့ရှုလင်၏စကားကို ကြားပြီးနောက် အခြေအနေက သူထင်ထားသည်ထက် ပိုဆိုးနေသည်ဟု ခံစားလိုက်ရလေသည်။

 

"ဘာစိုးရိမ်စရာရှိလို့လဲ... ငါတို့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိနေတာပဲ… ချောင်ကုန်းခန်းမဆောင်က ငါတို့ကို မကူညီရင် တခြားကူညီမယ့်လူတွေ ရှိမှာပါ..."

ယုန်လေးက ဇာတ်လိုက်အုပ်စုအား မည်ကဲ့သို့ ရှောင်ရှားရမည်ကို တွေးတောနေသဖြင့် မော့ရှုလင်က သူ့အား ရေဇလုံထဲသို့ ထည့်လိုက်သည်ကို သတိမထားမိလိုက်ပေ။

 

ယုန်ဝတုတ်လေးက ရေဇလုံထဲသို့ ကြောင်တောင်တောင်နှင့် ဝင်သွားသည်ကို မြင်ရချိန်တွင် မော့ရှုလင်မှာ နှလုံးခုန်မြန်လာပြီး သူ့အိမ်မက်က အမှန်တကယ် ဖြစ်တော့မည်ကို သိလိုက်လေသည်။

 

မော့ရှုလင် အလုပ်မစမီမှာပင် ပိုင်ယွီမင်က ရေဇလုံထဲမှ ရုတ်တရက် ထရပ်လိုက်၏။

"စောင့်မနေနဲ့တော့... အခုပဲ သွားရအောင်... ငါ သူ့ကို ကိုယ်တိုင်သွားတွေ့မယ်..."

 

ပိုင်ယွီမင်က ယခုအချိန်တွင် တစ်ခုခုလုပ်ချင်နေပြီး ရေဇလုံထဲမှ ထွက်ရန် ကြိုးစားနေလေသည်။

 

ရေဇလုံထဲမှ ယုန်လေးထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် မော့ရှုလင်မျက်လုံးပြူးသွားသော်လည်း ရိုသေသော တပည့်တစ်ယောက်၏ အမူအရာကို ထိန်းသိမ်းထားဆဲ ဖြစ်လေသည်။

 

"ဒီကိစ္စကို မနေ့ညကတည်းက ညှိနှိုင်းထားတာပါ... ယန်ချန်ချန်က ဒီနေ့ အိမ်ပြန်သွားပါပြီ... အခုလောက်ဆို သူ အိမ်ပြန်တဲ့လမ်းမှာ ဖြစ်လောက်တယ်..."

 

“ဒါ.... ဒါ...”

ယုန်ဝတုတ်လေးမှာ ယခုအချိန်တွင် ပျောက်ကွယ်သွားချင်စိတ် ပေါက်လာလေ၏။

 

အလုပ်ကိစ္စကို ပယ်ဖျက်ရန်အတွက် သူစိမ်းတစ်ယောက်၏အိမ်သို့ လိုက်သွား၍ မရပေ။ အကယ်၍ တစ်ဖက်လူ၏အိမ်သို့ လိုက်သွားခဲ့လျှင် သူတို့၏ သဘောထားများက ပြောင်းလဲသွားမည်ဖြစ်၏။ သူ၏ကျင့်ကြံဆင့်က မည်မျှပင် မြင့်မားစေကာမူ ယန်ချန်ချန်မိသားစု၏ သံသယကို တားဆီးနိုင်မည် မဟုတ်ပေ။

 

ယုန်ဝတုတ်လေးက အရှက်အကြောက်ရှိသော ယုန်လိမ္မာလေးတစ်ကောင်ဖြစ်၏။

 

"ရှစ်စွမ်း... မစိုးရိမ်ပါနဲ့... ဒီတပည့်က ရှစ်စွမ်းရဲ့ စကားတွေကို အမြဲတမ်း နှလုံးသွင်းထားပါတယ်... ဒီကိစ္စကိုလည်း ကျွန်တော် စဉ်းစားပြီးသားပါ..."

 

မော့ရှုလင်က ယုန်ဝတုတ်လေးကို ရေဇလုံထဲသို့ အမြန်ပြန်ထိုင်ခိုင်းလိုက်၏။ ပိုင်ယွီမင်က မော့ရှုလင်၏စကားကို ကြားချိန်တွင် အနည်းငယ် စိတ်အေးသွားပြီး မော့ရှုလင်၏ ဖြေရှင်းချက်ကို မျှော်လင့်တကြီး စောင့်ကြည့်နေမိလေသည်။

 

မော့ရှုလင်၏လက်များက ယုန်ဝတုတ်လေး၏ နောက်ကျောကို ထိတွေ့နေပြီး လူကြီးသူမများကို ဖားနေသော လူငယ်လေးကဲ့သို့ သူ့ရှစ်စွမ်း၏ပုခုံးများကို နှိပ်နယ်ပေးနေလေသည်။ အမှန်တွင် သူက ဤအခွင့်အရေးကို အသုံးချပြီး ခြောက်သွေ့နေသော ယုန်မွေးများကို ပွတ်သပ်နေခြင်းဖြစ်၏။

 

နူးညံ့သော အထိအတွေ့ကြောင့် မော့ရှုလင်မှာ အရည်ပျော်ကျလုနီးပါး ဖြစ်သွားလေသည်။

 

ယုန်လေး၏နောက်ကျောက အလွန်ချောမွေ့နူးညံ့လေသည်။ ယခင်က သူထိတွေ့ခဲ့ဖူးသော ယုန်ခါးလေးကဲ့သို့ မနူးညံ့သော်လည်း မော့ရှုလင်အတွက် ခြောက်သွေ့နေသော ယုန်မွေးများကို ထိတွေ့ရခြင်းမှာ အလွန်ပင် စိတ်ကျေနပ်ဖွယ် ကောင်းလှလေသည်။

 

သူ့အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေ၏။

"ဒီကိစ္စကို လက်မခံရင် သွမ့်မုကျင်းယန်က ကျွန်တော့်ရဲ့ကံကြမ္မာကို ဖျက်ဆီးပြီး ကျွန်တော့်ကို ကံဆိုးစေမှာ စိုးရိမ်မိပါတယ်... ဒါပေမဲ့ ပြိုင်ပွဲက မစသေးပါဘူး... ယန်ချန်ချန်နဲ့ သွမ့်မုကျင်းယန်ကလည်း မတွေ့ရသေးဘူး... ကျွန်တော်တို့ ဒီအလုပ်ကို လက်ခံလိုက်ရင်တောင် သွမ့်မုကျင်းယန်နဲ့ ပတ်သက်စရာအကြောင်း မရှိပါဘူး..."

 

မော့ရှုလင်ပြောနေစဉ်တွင် သူ့လက်ချောင်းများက ရေထဲရှိ ယုန်ခါးလေးသို့ ရောက်သွား၏။

 

သူ့ကိုစွဲလန်းစေသော ဤနေရာက အမှန်ပင် ထိတွေ့ရကောင်းလေသည်။ ရုတ်တရက် ယုန်ခါးနှင့်ရေ မည်သည်က ပိုနူးညံ့သည်ကိုပင် မခွဲခြားနိုင်တော့ပေ။

 

မော့ရှုလင်က အချိန်ကြာမြင့်စွာ မပွတ်သပ်ရဲသဖြင့် ယုန်ခါးပေါ်မှ လက်များကို အောက်သို့ရွှေ့ကာ ညစ်ပေနေသော ယုန်ခြေထောက်များကို သေသေချာချာ ဆေးကြောပေးနေလေသည်။

 

ကြည်လင်နေသော ရေများက မှင်ကြောင့် မဲနက်သွားသော်လည်း ထိုရေများက ရေဇလုံနံရံနှင့် ထိတွေ့မိချိန်တွင် ပြန်လည်အရောင်ဖျော့သွားလေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် မဲနက်နေသော ရေများက ပြန်လည်ကြည်လင်လာ၏။

 

ဤရေဇလုံတွင် ရိုးရှင်းသော သန့်စင်သည့် အစီအရင်တစ်ခု ပါရှိလေသည်။ သန့်ရှင်းနိုင်သည့် စွမ်းရည်က အလွန်အားနည်းသော်လည်း မော့ရှုလင်က ပိုအဆင့်မြင့်သောအရာများကို မထုတ်လုပ်နိုင်သေးသဖြင့် ဤမန္တန်ကိုသာ အသုံးပြုရခြင်းဖြစ်သည်။

 

ယုန်ခြေထောက်များက ယုန်လက်ဖဝါးများနှင့် ကွာခြားလေသည်။ ယုန်ခြေထောက်များက ခုန်ပေါက်ပြေးလွှားရသဖြင့် နူးညံ့သေးငယ်သော လက်ဖဝါးလေးများထက် ပိုပြီးသန်မာလေသည်။ သို့သော် ယုန်ခြေထောက်များကို ဆေးကြောပေးနေစဉ်တွင် ယုန်ဝတုတ်လေးက ရေဇလုံထဲ၌ ထိုင်ကာ သူ၏နောက်ခြေထောက်ကို မြှောက်ထားရသဖြင့် မော့ရှုလင်က ယုန်ဝတုတ်လေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို မြင်တွေ့နေရလေသည်။

 

သို့ရာတွင် အမွေးရှိသော သတ္တဝါများက သူတို့၏ ခန္ဓာကိုယ်ကို အမွေးများဖြင့် ဖုံးအုပ်ထားသဖြင့် မော့ရှုလင်က ယုန်လေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အကြမ်းဖျင်းသာ မြင်နိုင်လေသည်။

 

သူ့ရှစ်စွမ်းက အမှန်ပင် ယုန်ထီးလေးတစ်ကောင်ဖြစ်၏။

 

ယုန်ဝတုတ်လေးမှာ မော့ရှုလင်၏အသံက တုန်ယင်နေသည်ကို ကြားချိန်တွင် မော့ရှုလင်က သူဒေါသထွက်မည်ကို စိုးရိမ်နေသည်ဟုထင်သဖြင့် နှစ်သိမ့်လိုက်၏။

"အင်း... ဒီကိစ္စကိုလည်း ထည့်စဉ်းစားဖို့ လိုအပ်တယ်... ဒါဆိုရင် ငါ ဒီအလုပ်ကို လက်ခံလိုက်မယ်... ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင် တစ်ခုခုကို လက်မခံခင် ငါ့ခွင့်ပြုချက်ကို အရင်ယူဦး..."

 

"ဟုတ်ကဲ့ ရှစ်စွမ်း..."

မော့ရှုလင်မှာ ယုန်ဗိုက်ကလေးကို ထိတွေ့လိုက်သဖြင့် ပိုပြီး စိတ်လှုပ်ရှားသွားလေ၏။

 

သူ့မျက်လုံးထဲမှ ထူးဆန်းသော ခံစားချက်များအား ပိုင်ယွီမင်မြင်သွားမည်ကို စိုးရိမ်သဖြင့် ခေါင်းငုံ့ထားမိလေသည်။

 

မော့ရှုလင်မှာ ယုန်လေး၏ဗိုက်ကို ထိတွေ့လိုက်သည့် တစ်ခဏ၌ သူ၏စိတ်ဝိညာဉ်ပင် တုန်ယင်သွားလေသည်။

 

ဗိုက်သားလေးက နူးညံ့အိစက်နေပြီး တို့ဟူးများထက်ပင် ပိုနူးညံ့ကာ ဖိလိုက်လျှင် အရည်ပျော်သွားမည့် နို့ကိတ်လေးကဲ့သို့ ဖြစ်နေလေ၏။

 

ဤနူးညံ့သော အထိအတွေ့ကြောင့် သူ့နှလုံးသားမှာ အရည်ပျော်သွားရလေသည်။

 

သုံးလောကမှာ ဒီလောက် သက်သောင့်သက်သာရှိတဲ့နေရာမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ...

 

မော့ရှုလင်မှာ အလွန်အမင်း သက်သောင့်သက်သာရှိနေသဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် အသက်ကို ပြင်းပြင်းရှူလိုက်ရလေသည်။

 

မူလတွင် ပိုင်ယွီမင်က မော့ရှုလင်အား ဆူပူရန် အခွင့်အရေးရှာနေခြင်း ဖြစ်၏။ သူ့နှုတ်ခမ်းများကို ဟလိုက်ချိန်တွင် မော့ရှုလင်၏ အသက်ရှူသံကို ကြားလိုက်ရလေသည်။ မော့ရှုလင်က ၁၀ နှစ်သား ကလေးတစ်ယောက်သာ ဖြစ်သဖြင့် အမှားလုပ်မိသည်မှာ သဘာဝကျသည်ဟုတွေးကာ ပိုင်ယွီမင်က ဆူပူမည့် စကားလုံးများကို ပြန်မျိုချလိုက်လေသည်။

 

"ရှစ်စွမ်း စိတ်မပူပါနဲ့... ယန်ချန်ချန်က အိမ်ပြန်သွားပြီ... ရှစ်စွမ်းလုပ်လို့ပြီးသွားရင် ကျွန်တော် ကုန်းရှော့ဆီ ပို့လိုက်မယ်... ပြီးမှ ကုန်းရှော့ကတစ်ဆင့် ယန်ချန်ချန်ကို ပေးခိုင်းလိုက်မယ်... ကျွန်တော်တို့ လူချင်းတွေ့စရာမလိုဘူး... တစ်ယောက်နဲ့တစ်ယောက်လည်း ပတ်သက်စရာအကြောင်း မရှိဘူး..."

 

မော့ရှုလင်က ပြောပြီးနောက် ယုန်လက်ဖဝါးလေးကို ဆေးကြော၊ နောက်ကျောကိုပွတ်သပ်၊ ခါးလေးကိုထိတွေ့၊ ခြေထောက်များကိုဆွဲညှစ်ကာ ဗိုက်သားလေးကိုလည်း ဂရုတစိုက် ကိုင်တွယ်ပြီး နောက်ဆုံးအခွင့်အရေးကို အရယူလိုက်လေသည်။ အချိန်တိုအတွင်း၌ တစ်ကိုယ်လုံးကို ထိတွေ့နိုင်ရန် အစွမ်းကုန် ကြိုးစားနေလေ၏။

 

သန့်စင်ပေးပြီးချိန်တွင် မော့ရှုလင်က ရေဇလုံထဲမှ ရေများကို သွန်လိုက်ပြီး လေနှင့်မီး အဆောင်လက်ဖွဲ့များကို အသုံးပြုကာ ယုန်ဝတုတ်လေး၏ အမွေးများကို ခြောက်သွေ့အောင် လုပ်လိုက်လေသည်။

 

"အင်း... အဲ့လိုဆိုလည်း ရပါတယ်..."

ယုန်ဝတုတ်လေးက ခေါင်းညိတ်လိုက်၏။

 

ရင်ထဲမှ အပူလုံးကြီး ကျသွားပြီးနောက် ယုန်ဝတုတ်လေးမှာ သူ့ခေါင်းမှလွဲပြီး တစ်ကိုယ်လုံး စိုရွှဲနေသည်ကို သတိထားမိလိုက်လေသည်။

 

ပိုင်ယွီမင်က ဘေးပတ်ပတ်လည်ကိုကြည့်ကာ သူ မည်သည့်အချိန်၌ ရေဇလုံထဲတွင် သွားထိုင်နေမိသည်ကို မသိတော့ပေ။

"မင်း ဘယ်တုန်းက ငါ့ကို ရေချိုးပေးလိုက်တာလဲ..."

 

"ရှစ်စွမ်းပဲ ကျွန်တော်သန့်စင်ပေးဖို့ ခွင့်တောင်းတုန်းက ခေါင်းညိတ်ပြခဲ့တယ်လေ..."

 

မော့ရှုလင်က လေနဂါးနှင့် မီးနဂါးလေးကို သေသေချာချာ ထိန်းချုပ်ထားသဖြင့် ယုန်ဝတုတ်လေးကို မထိမိဘဲ အနှောင့်အယှက်မဖြစ်ပေ။

 

"ငါ ရေချိုးပြီးပြီပေါ့..."

 

ပိုင်ယွီမင်မှာ သူ ခေါင်းညိတ်ခဲ့သည်က ရေချိုးရန်အတွက် မဟုတ်သည်ကို ပြောချင်သော်လည်း ယခုအချိန်တွင် သူက တစ်ကိုယ်လုံး သန့်ရှင်းသွားပြီဖြစ်သဖြင့် မည်မျှပင် စိတ်ကျဉ်းကျပ်စေကာမူ အချိန်ကို နောက်ပြန်မဆုတ်နိုင်တော့ပေ။

 

သူ့တပည့်လေးက သူ ဒေါသထွက်နေသည်ဟု မထင်ရန်အတွက် ပိုင်ယွီမင်က ခေါင်းညိတ်ပြလိုက်လေသည်။

 

မော့ရှုလင်က ရှက်ရွံစွာဖြင့် ပြုံးပြလိုက်သဖြင့် ဖားလျားချင်နေသည်မှာ သိသာလေသည်။ သို့ရာတွင် သူ့ပုခုံးများက ပြေလျော့သွားပြီး သူ အမှားမလုပ်သဖြင့် ရှစ်စွမ်းအပြစ်မပေးမည်ကို သိကာ ဝမ်းသာနေလေသည်။

 

ယုန်ဝတုတ်လေးက မော့ရှုလင်၏ အမူအရာကို ကြည့်ပြီး သက်ပြင်းချလိုက်၏။

 

သူ့တပည့်လေးက အရာအားလုံးတွင် အမှန်ပင် တော်လေ၏။ တစ်ခုတည်းသော အားနည်းချက်မှာ အလွန်တော်နေခြင်းပင် ဖြစ်သည်။ သူက သူတို့၏ဘဝကို ပိုမိုကောင်းမွန်အောင် အမြဲတမ်းလုပ်ဆောင်ပြီး သူတို့နှစ်ယောက်လုံး အဆင်ပြေစေရန် သူ့ကိုယ်သူ အနစ်နာခံတတ်လေသည်။

 

ပိုင်ယွီမင်၏စိတ်ထဲတွင် သူ့တပည့်အကြောင်းများနှင့် ပြည့်နှက်နေသော်လည်း မော့ရှုလင်ကမူ ရှစ်စွမ်းဖြစ်သူ၏ အကြည့်များကြောင့် နေရခက်နေလေသည်။

 

မော့ရှုလင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး သူ၏စွဲလန်းမှုကို ရှစ်စွမ်းက ရိပ်မိမည်ဟု မထင်ပေ။ သို့ရာတွင် အခွင့်အရေးယူခဲ့မိသဖြင့် အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားနေရပြီး စားပွဲပေါ်ရှိ ယုန်လက်ဖဝါးရာများ ဖိနှိပ်ထားသည့် စာရွက်များကို အကြည့်လွှဲကာ တစ်စုံတစ်ခုအား စဉ်းစားနေဟန် ပြလိုက်လေသည်။

 

"ရှစ်စွမ်း... ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်... ကျွန်တော် ရှစ်စွမ်းကို ကူညီနိုင်မယ်လို့ ထင်တယ်..."

သူ့စကားများက အနည်းငယ် တွန့်ဆုတ်နေသော်လည်း စိုးရိမ်မှုနှင့် မျှော်လင့်ချက်များ ပါဝင်နေလေသည်။

 

"တကယ်လား... ဒါဆို ငါ့ကို မြန်မြန်ပြော..."

ယုန်ဝတုတ်လေးမှာ တပည့်ဖြစ်သူထံမှ အကြံရှိသည်ဟု ကြားလိုက်ရသဖြင့် အလေးအနက် ဖြစ်လာလေသည်။

 

"ရှစ်စွမ်းက စုတ်တံကိုသုံးပြီး သာမန်စာရွက်တွေပေါ်မှာ စိတ်ဝိညာဉ်စွမ်းအားတွေ ထည့်နိုင်ပေမယ့် တခြားလူတွေက ဘာဖြစ်လို့ မလုပ်နိုင်လဲဆိုတာကို တွေးကြည့်ဖူးလား..."

မော့ရှုလင်ပြောပြီးသည်နှင့် ပိုင်ယွီမင်က မော့ရှုလင်ပြောသည်ကို ချက်ချင်း စဉ်းစားလိုက်လေသည်။

 

မော့ရှုလင်က ယုန်ဝတုတ်လေးအား မခန့်မှန်းခိုင်းတော့ဘဲ အဖြေကို တိုက်ရိုက်ပေးလိုက်လေသည်။ အမှန်တွင် ဤသည်မှာ သူ့ရှစ်စွမ်းရေချိုးသည့်ကိစ္စမှ အာရုံပြောင်းရန် ဖြစ်လေသည်။

 

"အမတတစ်ပိုင်းတွေက ဘာပစ္စည်းမှ မလိုဘဲ လေထဲမှာတင် စာလုံးတွေ ရေးနိုင်တယ်လို့ ကျွန်တော်ကြားဖူးတယ်... ရှစ်စွမ်းက အမတတစ်ပိုင်းဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာဆိုတော့ အမတတစ်ပိုင်းဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတာ ရှစ်စွမ်းနားလည်နေမှာပါ..."

 

မော့ရှုလင်ပြောသော အမတတစ်ပိုင်းက အတိဒုက္ခကျော်ဖြတ်သည့်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူကို ဆိုလိုခြင်းဖြစ်လေသည်။

 

ကျင့်ကြံရေးလောကတွင် အတိဒုက္ခကျော်ဖြတ်သည့်အဆင့်က အလွန်ထူးဆန်းသော အဆင့်တစ်ခုဖြစ်၏။

 

ရုပ်ခန္ဓာက ကျင့်ကြံရေးလောကတွင် ရှိနေသေးသော်လည်း ကျင့်ကြံသူများ၏ နိယာမတရားများမှာ စတင်သွေဖယ်လာလေသည်။

 

အချို့မှာ အတိဒုက္ခကျော်ဖြတ်သည့်အဆင့်က မဟာယနအဆင့်ထက် သက်တမ်းနှစ်ဆပိုရှိသည်ဟု ပြောကြပြီး အချို့ကမူ အတိဒုက္ခကျော်ဖြတ်သည့်အဆင့်တွင် သက်တမ်းအကန့်အသတ်မရှိဟု ဆိုကြလေသည်။

 

ဤသည်မှာ မော့ရှုလင်အား ကျင့်ကြံသူတစ်ယောက်က မူးနေစဉ်၌ ပြောပြခဲ့ခြင်းဖြစ်သည်။

 

သို့ရာတွင် အတိဒုက္ခကျော်ဖြတ်သည့်အဆင့်၏ အတိအကျသက်တမ်းကို ပြောနိုင်ရန် သာဓကမရှိပေ။ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ပြီး နတ်ဘုရားလောကသို့ ရောက်ရှိသွားသူများက ငယ်ရွယ်စဉ်မှာပင် အနှောင်အဖွဲ့များကို ဖြတ်တောက်နိုင်သည့် ကျင့်ကြံသူများဖြစ်လေသည်။ အတိဒုက္ခကျော်ဖြတ်သည့်အဆင့်ကို မကျော်ဖြတ်နိုင်သော ကျင့်ကြံသူများက သက်တမ်းကုန်ပြီး သေဆုံးကြခြင်းထက် ရောဂါရခြင်း၊ အဆိပ်မိခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအားများကုန်ခမ်းသွားခြင်း စသည့်အကြောင်းကိစ္စများကြောင့် သေဆုံးသည်က ပိုများလေသည်။ ထို့ကြောင့် သက်တမ်းအတိအကျကို မည်သူမှ မသိပေ။

 

"မင်းပြောတာ ယုတ္တိရှိတယ်..."

ပိုင်ယွီမင်က အလေးအနက် ခေါင်းညိတ်ပြလိုက်၏။

 

ကုန်ကြမ်းများက မှော်လက်နက်များ၏တန်ဖိုးကို ဆုံးဖြတ်သည်မှာ ကျင့်ကြံရေးလောကတွင် လူတိုင်းလက်ခံထားသော အမှန်တရားဖြစ်၏။

 

သို့သော် တစ်ခါတစ်ရံတွင် ကုန်ကြမ်းများ၏ ကန့်သတ်ချက်ကို ကျော်လွှားနိုင်သူများလည်း ရှိလေသည်။ ဤကဲ့သို့ ထူးခြားသည့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များကို ဖော်ထုတ်နိုင်ခြင်းမှာ အတိဒုက္ခကျော်ဖြတ်သည့်အဆင့်၏ စွမ်းရည်များကို နားလည်လာပြီး အဆင့်တက်တော့မည့် အရိပ်အယောင် ဖြစ်နိုင်လေသည်။

 

"ကျွန်တော့်အထင်တော့ ရှစ်စွမ်းအနေနဲ့ ပထမဆုံးအကြိမ်မှာတင် အောင်မြင်ဖို့ မလိုပါဘူး... အရင်ဆုံး စိတ်သန့်စင်တဲ့ အဆောင်လက်ဖွဲ့တွေ ရေးသလိုမျိုး အဆောင်လက်ဖွဲ့တွေပေါ်မှာ အရင်ရေးကြည့်သင့်တယ်... အောင်မြင်သွားမှ နှစ်သစ်ကူးစာသားတွေလိုမျိုး တခြားပစ္စည်းတွေပေါ်မှာ ပြောင်းရေးကြည့်တာ ပိုကောင်းမယ် ထင်တယ်..."

 

ယုန်ဝတုတ်လေးက မော့ရှုလင်၏ အကြံပြုချက်ကို နားထောင်ပြီး တစ်ဖန်လက်တွေ့စမ်းသပ်ရန် စတင်လေသည်။

 

မော့ရှုလင်က ယုန်ဝတုတ်လေးအား ကိုယ်ပိုင်အချိန်ပေးရန်အတွက် ဂူထဲမှ ထွက်သွားလေသည်။

 

ဂူထဲမှ ထွက်လာချိန်၌ လတ်ဆတ်သော လေညင်းများက သူ့မျက်နှာကို လာရောက် တိုက်ခတ်လေ၏။

 

စိတ်ဓာတ်တက်ကြွနေသော မော့ရှုလင်မှာ အစောက ယုန်လေးအား ပွတ်သပ်ခဲ့သည့် ခံစားချက်ကို ပြန်လည်တွေးတောနေမိပြီး ရှစ်စွမ်းက သူ့ခြေထောက်များကို ထုတ်ပြနိုင်မည်လားဟူသည့် မသင့်လျော်သော အတွေးများ ဝင်နေမိလေသည်။

 

မော့ရှုလင်မှာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်သဖြင့် ကျောချမ်းသွားလေသည်။

 

ယန်ချန်ချန်နှင့် သွမ့်မုကျင်းယန်က တစ်ယောက်နှင့်တစ်ယောက် မသိကြသေးပေ။

 

မော့ရှုလင်က ပြန်လည်မွေးဖွားလာသူ ဖြစ်သဖြင့် သွမ့်မုကျင်းယန်က ယန်ချန်ချန်ကဲ့သို့ ထူးဆန်းသော အမျိုးသမီးကြောင့် ပြန်လည်နလန်ထူလာနိုင်သည်ကို သိလေသည်။ ယန်ချန်ချန်နှင့် သွမ့်မုကျင်းယန်က သိကျွမ်းသွားမည်ကို သူသိ၏။

 

ဒါပေမဲ့ ပိုင်ယွီမင်က ဘယ်လိုလုပ် ကြိုသိနေပြီးတော့ ယန်ချန်ချန်နဲ့ ပတ်သက်မှာကို တားနေတာလဲ...

 

သွမ့်မုကျင်းယန်က ငါ့ရဲ့ သဘာဝရန်သူ ဖြစ်တယ်လို့ ပြောတုန်းက ယန်ချန်ချန်အကြောင်း မပါခဲ့ဘူး...

 

ဒါက အနာဂတ်ကို ပိုင်ယွီမင်ကြိုသိနေတယ်လို့ သွယ်ဝိုက်ပြီး သက်သေပြနေတာပဲမလား...

 

ဒါပေမဲ့...

 

ငါက မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာကို သိနေတယ်ဆိုရင် ပိုင်ယွီမင်က ဘာဖြစ်လို့ ငါ့ကိုလက်ခံခဲ့တာလဲ...

 

ဖြစ်နိုင်တာက...

 

အပြုံးခေါင်းဖြူမိစ္ဆာရဲ့ ကြံစည်ခံရမှာကို ကြိုမြင်နေလို့လား...

 

ဒါက ပိုပြီးတော့တောင် ယုတ္တိမရှိဘူး...

 

ပိုင်ယွီမင်က စကားအနည်းငယ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပိုပြီးထက်မြက်ခဲ့လျှင် အပြုံးခေါင်းဖြူမိစ္ဆာအနေဖြင့် သူ့ကို အန္တရာယ်မပေးနိုင်ပေ။

 

ထို့အပြင် သူက မိစ္ဆာဘုရင်တစ်ယောက် ဖြစ်သဖြင့် ပိုင်ယွီမင်က သူ့ကိုယ်သူ ဖြူစင်သည်ကို သက်သေပြရန် သူ့အား အားကိုးရန်အထိ တုံးအမည်မဟုတ်ပေ။

 

သူက လျန်ကျီဂိုဏ်းရှေ့၌ ရပ်ရဲလျှင်ပင် မိစ္ဆာတစ်ကောင်အား မည်သူမှ ယုံကြည်မည်မဟုတ်ပေ။ လျန်ကျီဂိုဏ်းရှိ လူများက သူ့စကားကို နားထောင်မည့်အစား လက်နက်များကိုထုတ်ကာ ဆုငွေများကို မည်ကဲ့သို့ ခွဲဝေရမည်ကိုသာ ဆွေးနွေးကြမည် ဖြစ်သည်။

 

ထိုအကြောင်းကြောင့် မော့ရှုလင်က ဖြစ်နိုင်ခြေကို ချက်ချင်းငြင်းပယ်လိုက်၏။

 

သူ မသိလိုက်သည်မှာ သူက အမှန်တရားကို ငြင်းပယ်လိုက်ခြင်း ဖြစ်လေသည်။

 

ထိုအချိန်က ပိုင်ယွီမင်မှာ အမှန်တကယ်တုံးအပြီး လျန်ကျီဂိုဏ်းကလည်း မိစ္ဆာအရှင်သခင်အား မုန်းနေသည်ကို မေ့နေခဲ့ကာ သူတစ်ယောက်တည်းကသာ သူ၏ကံကြမ္မာဆိုးအား တားဆီးနိုင်မည်ကိုပင် မေ့လျော့နေခဲ့လေသည်။

 

တစ်ခါတစ်ရံတွင် ကံကြမ္မာက မှားယွင်းသော အခြေအနေများမှတစ်ဆင့် ပြောင်းလဲသွားနိုင်လေသည်။

 

🐰🐰🐰🐰 Chapter 43

 

 

မော့ရှုလင်ထွက်သွားချိန်တွင် ပိုင်ယွီမင်က အလုပ်ရှုပ်ဟန်ဆောင်နေသည်ကို ရပ်လိုက်လေသည်။

 

ဂူအဝတွင် အကာအရံစည်းတစ်ခု ချလိုက်သဖြင့် မော့ရှုလင်က အထဲသို့ ဖောက်ဝင်မလာနိုင်ပေ။

 

ပိုင်ယွီမင်၏ အမွေးပွပွ ယုန်လက်ကလေးများက တဖြည်းဖြည်း ရှည်လျားလာပြီး ဖြူဝင်းသွယ်လျသော လက်ချောင်းများအဖြစ် ပြောင်းလဲသွားလေသည်။ ယုန်လေး၏ခြေထောက်များကလည်း ချောမွေ့သော အသားအရေအဖြစ် ဆန့်ထွက်လာပြီး ညှပ်ရိုးလေးကလည်း လှပစွာ ထင်ထင်ရှားရှား ပေါ်လွင်လာလေသည်။ မူလက အသားလုံးကြီးကဲ့သို့ လုံးတစ်ဝတုတ်နေသော ယုန်ကလေးက လူသားအသွင် ပြောင်းလိုက်သည့် အချိန်တွင်မူ အဆီပို လုံးဝမရှိတော့ပေ။

 

ယခုအချိန်တွင် ပိုင်ယွီမင်၏ မျက်ခုံးများက တွန့်ချိုးနေပြီး နူးညံ့သော မျက်နှာလေးပေါ်တွင် ပူပန်မှုများဖြင့် ဖုံးလွှမ်းနေလေသည်။

 

သူက ပထမဦးစွာ သူ့သိုလှောင်အိတ်ထဲမှ အဝတ်အစားများကို ထုတ်ဝတ်လိုက်ပြီးနောက် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

 

စာအုပ်ကို ဖွင့်လိုက်ချိန်တွင် စာအုပ်၏ သုံးပုံတစ်ပုံခန့်က အင်္ဂလိပ်စာကြောင်းများဖြင့် ပြည့်နှက်နေ၏။ လက်ရေးလက်သားကလည်း လှပနေကာ အနုပညာလက်ရာတစ်ခုကဲ့သို့ ကြည့်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ် ကောင်းလှလေသည်။

 

စာလုံးအရေအတွက် များစွာမရှိသော်လည်း ပိုင်ယွီမင်က မူရင်းဇာတ်ကြောင်းနှင့် ဇာတ်ကောင်များ၏ ဆက်နွှယ်မှုအားလုံးကို ချရေးထားလေသည်။ မကြာမီတွင် ယန်ချန်ချန်နှင့် သွမ့်မုကျင်းယန် တွေ့ဆုံတော့မည့် အကြောင်းအရာလည်း ပါဝင်၏။

 

ယန်ချန်ချန်နှင့် သွမ့်မုကျင်းယန်က တိုက်ပွဲတစ်ခုအပြီးတွင် သိကျွမ်းသွားကြပြီး မော့ရှုလင်ကလည်း ယန်ချန်ချန်နှင့် အဆက်အသွယ်ရှိနေသဖြင့် ပြဿနာကြီးစွာ မရှိသင့်ပေ။ ယန်ချန်ချန်က လျန်ကျီဂိုဏ်းသို့ ပြန်ရောက်ချိန်တွင် သူမကို သစ္စာဖောက်ခဲ့သော ဆန်ကုန်မြေလေးကောင်ကို ရှင်းထုတ်ပြီး သူမဂုဏ်သိက္ခာကို ပြန်လည်ကယ်တင်နိုင်မည်ဖြစ်သည်။ ထိုအချိန်မှစပြီး ယန်ချန်ချန်က သွမ့်မုကျင်းယန်၏ မျက်လုံးထဲသို့ ရောက်ရှိလာလေသည်။

 

တိုက်ပွဲတွင် ရှုံးနိမ့်သွားသော ထိုဆန်ကုန်မြေလေးကောင်ကလည်း သူ့အတွက် နေရာတစ်ခုရရန် ရုန်းကန်နေသေး၏။ ယန်ချန်ချန်က ထိုဆန်ကုန်မြေလေးကောင်အား အခွင့်အရေးရှိသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေရန်အတွက် နေရာသုံးနေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် ချန်ထားခဲ့လေသည်။ အမှန်တွင် သူမက ထိုနေရာကို သူ့အား လုံးဝပေးမည်မဟုတ်ပေ။

 

သူမက ထိုဆန်ကုန်မြေလေးကောင်ကို ဆော့ကစားပြီးနောက် ‘ဒီလိုနေရာကို နင့်လိုကောင်မျိုးကို ပေးမယ့်အစား ခွေးတစ်ကောင်ကို ပေးတာမှတော်ဦးမယ်’ ဟု ပြောဆိုကာ ဈေးတန်းထဲတွင် ဆိုင်ဖွင့်ထားသော အမျိုးသားဇာတ်လိုက်ကို လက်ညှိုးထိုးပြပြီး နေရာပေးလိုက်လေသည်။

 

အဆုံးတွင် ဇာတ်လိုက်တစ်ယောက်၏ ကိုယ်ရောင်ကိုယ်ဝါက စီစဉ်ပြီးဖြစ်လေသည်။

 

ပိုင်ယွီမင်က မူရင်းဇာတ်ကြောင်း ရောက်ရှိနေချိန်ကို ကြည့်လိုက်ချိန်တွင် ယခုအချိန်၌ ယန်ချန်ချန်က အကူအညီတောင်းရန် အိမ်ပြန်သွားပြီဖြစ်သည်။ ယန်ချန်ချန်၏ မိသားစုတွင် ရှစ်စွမ်းတစ်ယောက်ရှိ၏။ ထိုရှစ်စွမ်းက သွမ့်မုကျင်းယန်၏ ဘေးနားတွင်ရှိနေသော မိန်းကလေးများကို မြင်တွေ့ခဲ့ပြီး ယန်ချန်ချန်အား သွမ့်မုကျင်းယန်ထံသို့ မိုက်မိုက်မဲမဲ တိုးမဝင်ရန် တားဆီးခဲ့သူလည်း ဖြစ်လေသည်။

 

ထို့ကြောင့် ယန်ချန်ချန်က စကားခုနစ်ခွန်း ရှစ်ခွန်းခန့်သာပါသော အရံဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် ဇာတ်လမ်းမှ ပျောက်ကွယ်သွားလေသည်။

 

အမှန်တွင် ယန်ချန်ချန်၏အသက်က သွမ့်မုကျင်းယန်နှင့်ယှဉ်လျှင် အလွန်ကြီးသည်ဟု စာဖတ်သူများက ထင်မြင်ကြသဖြင့် သူမအား ဇာတ်လမ်းထဲမှ ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်နိုင်လေသည်။

 

ပိုင်ယွီမင်က မှတ်စုစာအုပ်ကို အထပ်ထပ်အခါခါ ဖတ်ကြည့်နေမိ၏။ မော့ရှုလင်က ဤကိစ္စကို စနစ်တကျ ကိုင်တွယ်ခဲ့သော်လည်း သူ့ရင်ထဲတွင် အနည်းငယ် စိုးရိမ်နေလေသည်။

 

ပြဿနာကို အတိအကျ မပြောနိုင်သော်လည်း သူ့မသိစိတ်အရ ဤအလုပ်ကို လက်ခံလိုက်ခြင်းက ယန်ချန်ချန်နှင့် ရေရှည်ပတ်သက်မှု ဖြစ်လာနိုင်သည်ဟု ခံစားနေရလေသည်။

 

ဒါပေမဲ့ ယန်ချန်ချန်နဲ့ ရေရှည်ပတ်သက်စရာ ဘာအကြောင်းရှိမှာလဲ..

 

ယန်ချန်ချန်က စကားခုနစ်ခွန်း ရှစ်ခွန်းခန့်သာပြောရသော အရံဇာတ်ကောင်တစ်ယောက်သာ ဖြစ်လေသည်။ အမျိုးသားဇာတ်လိုက်၏ အရှိန်အဝါများ ကုန်ဆုံးသွားသည်ကို စောင့်ပြီးမှသာ စကားစမြည်ပြောခြင်းက မဆိုးဟု တွေးမိလေသည်။

 

ပိုင်ယွီမင်က ထိုထက်ပိုပြီး မစဉ်းစားနိုင်တော့ချေ။

 

ပိုင်ယွီမင်က စာအုပ်ကို လှန်လှောကြည့်ပြီးနောက် ရောင်စုံအရည်များဖြင့် ပြုလုပ်ထားသည့် ဖောင်တိန်တစ်ချောင်းကို ယုန်ခြေထောက်ဖြင့် နင်းထားသော မှင်ရည်ထဲတွင် နှစ်လိုက်၏။ ထို့နောက် မှတ်စုစာအုပ်ပေါ်တွင် အင်္ဂလိပ်စာလုံးများကို လှပသေသပ်စွာ ရေးသားလိုက်လေသည်။

 

ပိုင်ယွီမင်ရေးလိုက်သည်မှာ ယနေ့တွင် မော့ရှုလင်က ယန်ချန်ချန်အပ်သော အလုပ်ကို လက်ခံခဲ့သည့်အကြောင်း ဖြစ်လေသည်။

 

အရှေ့ရှိ စာရွက်များတွင်လည်း မော့ရှုလင် သူ့တောင်ထိပ်သို့ ရောက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့် အခြေအနေအချို့ကို ရေးသားထားလေသည်။ သို့သော် ဇာတ်လမ်းက မစတင်သေးသဖြင့် မည်သည့်အပြောင်းအလဲများက မော့ရှုလင်အပေါ် သက်ရောက်မှုရှိမည်ကို သူ မသိသေးပေ။ ထို့ကြောင့် သူက ကြိုတင်ရေးသားထားခြင်းဖြစ်၏။

 

ပိုင်ယွီမင်က တရုတ်စာဖြင့် မရေးရဲပေ။ တစ်နေ့နေ့တွင် သူသေဆုံးသွားပြီး သူ့သိုလှောင်အိတ်ထဲမှ အကြောင်းအရာများအား အခြားလူများ မြင်တွေ့သွားမည်ကို စိုးရိမ်လေသည်။

 

ထို့ကြောင့် သူတစ်ယောက်တည်းသာ နားလည်နိုင်သော အင်္ဂလိပ်ဘာသာစကားဖြင့် ရေးသားခြင်းကိုသာ ပိုသဘောကျလေ၏။

 

မော့ရှုလင်က ငါးမိနစ်အတွင်း၌ ဆိုင်ဖွင့်ကာ သူ့အတွက် ငွေအမြောက်အမြား ရှာပေးခဲ့လေသည်။ ယန်ချန်ချန်၏ အမှာနှင့် ပတ်သက်သော ပစ္စည်းနှစ်ခုကို ရရှိပြီးနောက် ပိုင်ယွီမင်က သူ့ပစ္စည်းများကို အမြန်သိမ်းဆည်းလိုက်ပြီး ယုန်အသွင်သို့ ပြန်ပြောင်းကာ ဂူဝမှ အကာအရံစည်းကို ဖယ်ရှားလိုက်လေသည်။

 

အရင်ဆုံး ဇာတ်ကြောင်းစပါစေဦး...

 

အနာဂတ်တွင် မည်သည့်ရလဒ်မျိုး ထွက်လာပါစေ၊ မျိုးစေ့များ အညှောက်ပေါက်ရန်အတွက် အချိန်ဟူသည်က မဖြစ်မနေ လိုအပ်လေသည်။

 

ဂူဝ၌ အကာအရံစည်းကို စတင်ချလိုက်ချိန်တွင် မော့ရှုလင်က တောင်အောက်သို့ ဆင်းနေလေ၏။

 

သူ၏ဝိညာဉ်အသိစိတ်အရ တောင်ပေါ်ရှိ ကွဲပြားခြားနားမှုကို ခံစားမိသော်လည်း ပိုင်ယွီမင် အဝတ်လဲနေခြင်းဖြစ်မည်ဟုသာ တွေးလိုက်လေသည်။ သူတို့နှစ်ယောက် ဂူထဲတွင် အတူနေထိုင်စဉ်ကတည်းက ပိုင်ယွီမင်က အမြဲတမ်း ဤသို့ပင်ဖြစ်၏။ ပုံမှန်အားဖြင့် အဝတ်အစားကို သေသေချာချာ မဝတ်သော်လည်း အဝတ်လဲချိန်တွင်မူ ရှက်တတ်လေသည်။

 

ပြန်လည်မွေးဖွားလာခြင်းကြောင့်လည်း ဖြစ်နိုင်၏။ မော့ရှုလင်၏ ဝိညာဉ်အသိစိတ်က သာမန်လူများနှင့်မတူပေ။ ၎င်းက အလွန်အစွမ်းအားကြီးသည်ဟု မဆိုနိုင်သော်လည်း သာမန်လူများထက် ပိုမိုသိမြင်နိုင်စွမ်း ရှိလေသည်။

 

ကုန်းရှော့က မုခ်ဦးအောက်တွင် ရပ်နေသည်ကို မြင်ချိန်၌ မော့ရှုလင်က စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီး ရိုးသားသော မျက်နှာလေးဖြင့် သူ့အနားသို့ သွားလိုက်လေသည်။

 

"ကုန်းရှစ်ရှုန်း... ရှစ်စွမ်းက သဘောတူလိုက်ပါပြီ..."

မော့ရှုလင်က ကုန်းရှော့ကို ဦးညွှတ်ကာ မျက်လုံးများမှေးစင်းသွားသည်အထိ ဝမ်းသာအားရ ပြုံးပြလိုက်၏။

 

ကုန်းရှော့မှာ သတင်းကောင်းကို ကြားလိုက်ရပြီးမှ သက်ပြင်းချနိုင်သွားလေသည်။

 

သူက အနည်းငယ် ဦးညွှတ်ကာ တုံ့ပြန်လိုက်၏။

"ကောင်းပြီ... ဒီလိုအခြေအနေတွေ ဖြစ်သွားတဲ့အတွက် ရှစ်ရှုန်းတောင်းပန်ပါတယ်... ဒါရှစ်ရှုန်းရဲ့ အမှားပါ... ဒီအလုပ်ကိစ္စအတွက် ရှစ်ရှုန်း ဝန်ဆောင်ခ မယူပါဘူး... စိတ်သန့်စင်တဲ့ အဆောင်လက်ဖွဲ့တွေ ရောင်းလို့ရတဲ့ အမြတ်အားလုံးကိုလည်း မော့ရှစ်တိကို မုန့်ဖိုးအဖြစ် ပေးပါမယ်..."

 

မော့ရှုလင်အနေဖြင့် လူမှုရေးအရ အနည်းငယ် ငြင်းဆန်ရမည်ဖြစ်ပြီး အတင်းအကြပ်ယူခိုင်းမှ နောက်ဆုံးတွင် လက်ခံရမည် ဖြစ်လေသည်။

 

ကုန်းရှော့က အကျိုးအမြတ်အားလုံးကို ပေးခြင်းမှာ သူ၏စိတ်ရင်းကို ပြသလိုခြင်းဖြစ်၏။

 

"ဒါဆိုရင် ကုန်းရှစ်ရှုန်းကို ကြိုပြီးကျေးဇူးတင်ပါတယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်မှာ အခုတစ်လော ကုန်ကြမ်းတချို့ လိုအပ်နေလို့ ကုန်းရှစ်ရှုန်းရှာပေးဖို့ အကူအညီလေး တောင်းချင်ပါတယ်..."

 

မော့ရှုလင်က ပိုင်ယွီမင်မှလွဲပြီး လျန်ကျီဂိုဏ်းရှိ မည်သူ့ကိုမှ သံယောဇဉ်မရှိသဖြင့် အပြင်လူများကို အားနာနေမည် မဟုတ်ပေ။

 

ကုန်းရှော့မှာ မော့ရှုလင်က မည်သည့်ငြင်းဆန်မှုမှ မရှိဘဲ အကျိုးအမြတ်ကို လက်ခံလိုက်သဖြင့် မကျေမနပ် ဖြစ်သွားသော်လည်း နောက်ပိုင်းတွင် မော့ရှုလင်က ပစ္စည်းအတွက် အကူအညီတောင်းသည့်အချိန်တွင် ထိုမကျေနပ်မှုများက ပျောက်ကွယ်သွားလေ၏။ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းက ရေရှည်ဆက်ဆံရေးတစ်ခု ဖြစ်လာနိုင်လေသည်။

 

သို့သော် ဤကိစ္စကြောင့် မော့ရှုလင် စိတ်အနှောင့်အယှက် ဖြစ်သွားသည်ကို ကုန်းရှော့ခံစားမိလေသည်။

 

ထိုအကြောင်းကို ပြောရလျှင် ကုန်းရှော့ကလည်း အမှန်ပင် ကူကယ်ရာမဲ့နေခဲ့ခြင်းဖြစ်၏။

 

ဖြစ်ပုံမှာ - သူနှင့်အခြားဆိုင်ရှင်နှစ်ဦးက မော့ရှုလင်ထံမှရသော ပစ္စည်းများကို ရောင်းချခဲ့ကြလေသည်။

 

ကုန်းရှော့က စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို ရောင်းချပြီး အခြားဆိုင်ရှင်နှစ်ဦးကမူ အဆင့်မြှင့်ထားသည့် နှစ်သစ်ကူးစာသားများနှင့် နွေဦးပွဲတော်စာသားများကို ရောင်းချကြလေသည်။

စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို အဆောင်လက်ဖွဲ့အဖြစ်သာ ရောင်းချသော်လည်း နှစ်သစ်ကူးစာသားများနှင့် နွေဦးပွဲတော်စာသားများကို မော့ရှုလင်ကိုယ်တိုင်လုပ်ထားသည့် သစ်သားပန်းပုများပေါ်တွင် ကပ်ကာ ရောင်းချလေသည်။ ထိုအခါ ပစ္စည်းများက စိတ်ဝိညာဉ်စွမ်းအားများ ထုတ်ပေးနိုင်သော အလှဆင်ပစ္စည်းများ ဖြစ်လာလေ၏။ ပိုင်ယွီမင်၏ အရှိန်အဝါက သန့်စင်ပြီး အညစ်အကြေးကင်းစင်သဖြင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်စုပ်ယူနိုင်ကာ ကျင့်ကြံခြင်းကို အထောက်အကူပြုလေသည်။

 

ရောင်းအားမှာ အမှန်တကယ် ကောင်းမွန်၏။

 

လူတိုင်းက ပိုင်ယွီမင်ကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားကြွယ်ဝသော တောင်ထိပ်ကို မပိုင်ဆိုင်နိုင်ကြသလို စိတ်ဝိညာဉ်စွမ်းအားကြောကို ဝယ်ယူပြီး မိမိတောင်ပေါ်တွင် ထားရှိရန်လည်း လူတိုင်း မတတ်နိုင်ကြပေ။ တပည့်များနှင့် အကြီးအကဲအများစုက လှည့်လည်သွားလာပြီး ကျင့်ကြံရခြင်းကို ပိုနှစ်သက်သဖြင့် မော့ရှုလင်၏ သယ်ဆောင်ရလွယ်ကူသော စိတ်ဝိညာဉ်စွမ်းအားထုတ်ပေးသည့် အလှဆင်ပစ္စည်းများက လူကြိုက်များခဲ့လေသည်။

 

သို့ရာတွင် ဈေးနှုန်းက သာမန်တပည့်များအတွက် မတတ်နိုင်သဖြင့် ဝယ်မည့်လူနှင့်တွေ့ရန် ရက်အနည်းငယ်ခန့် စောင့်ခဲ့ရလေသည်။

 

ယခုအချိန်က ချမ်းအေးသော ၁၂ လပိုင်း ဖြစ်သဖြင့် ချမ်းသာသော မိသားစုမှ သားသမီးများက အိမ်ပြန်ရန် ပြင်ဆင်နေကြလေသည်။

 

သွမ့်မုကျင်းယန်၏ ဖခင်ဘက်မှ ဆွေမျိုးများ အသတ်ခံလိုက်ရသည်မှာ မကြာသေးပေ။ သွမ့်မုကျင်းယန်၏ မိခင်ဘက်မှ ဆွေမျိုးများက သူ့အား အမှန်တကယ် ချစ်ခင်ပါက နှစ်သစ်ကူးတွင် လာရောက်တွေ့ဆုံမှုကို လက်ခံသင့်သော်လည်း သူ့မိခင်ဘက်မှ ဆွေမျိုးများက သူ့အား မိစ္ဆာတစ်ယောက်ကဲ့သို့ ငြင်းပယ်ခဲ့ကြလေသည်။ သူတို့အိမ်ရှိ လူကြီးတစ်ယောက်က နေမကောင်းဖြစ်နေသဖြင့် ထိုလူကြီး၏ကျန်းမာရေးကို ထိခိုက်နိုင်၍ သွမ့်မုကျင်းယန်က နှစ်သစ်ကူးတွင် လာရန်မလိုကြောင်း စာပို့ပေးခဲ့လေသည်။

 

ထို့ကြောင့် သွမ့်မုကျင်းယန်က ဈေးတန်းသို့ ရောက်လာပြီးနောက် စိတ်ဝိညာဉ်သစ်သားပန်းပုတစ်ရုပ်ကို ဝယ်ယူခဲ့လေသည်။

 

သူက ကောင်းမွန်သော ပစ္စည်းများကို သူငယ်ချင်းများအား ဝေမျှတတ်သူဖြစ်သဖြင့် သူ့သူငယ်ချင်း ချိုးချွမ်ရှန်းနှင့် ယွဲ့ကျစ်ဟန်ကို စိတ်ဝိညာဉ်သစ်သားပန်းပုအကြောင်း ပြောပြလိုက်၏။ ထို့နောက် သူတို့နှစ်ယောက်လုံးက သွမ့်မုကျင်းယန်နောက်သို့ လိုက်လာခဲ့ကြလေသည်။

 

သွမ့်မုကျင်းယန်၏မိခင်က ပြောသကဲ့သို့ သူ့ခန္ဓာကိုယ်က အားနည်းပြီး ဘေးနားရှိသူများ၏ ကံကြမ္မာကို ထိခိုက်စေသည်လား မသိပေ။

 

ချိုးချွမ်ရှန်းနှင့် ယွဲ့ကျစ်ဟန်က ပစ္စည်းဖိုးပေးချေတော့မည့်အချိန်တွင် သွမ့်မုကျင်းယန်နှင့် အဆင်မပြေသော ကျောင်းကျင်းက ရုတ်တရက်ပေါ်လာပြီး ချိုးချွမ်ရှန်း၏ ပစ္စည်းများကို လုယူကာ ပိုက်ဆံရှင်းလိုက်လေသည်။ ယွဲ့ကျစ်ဟန်ကမူ မိန်းကလေးဖြစ်သဖြင့် ကျောင်းကျင်းက ပစ္စည်းများကိုလုယူရာတွင် အတင်းအဓမ္မ မလုပ်ခဲ့ပေ။

 

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း၌ ကျောင်းမိသားစုက ချိုးမိသားစုထက် အင်အားကြီးမားလာသဖြင့် ကျောင်းကျင်းက ရမ်းကားရဲခြင်းဖြစ်လေသည်။ ချိုးချွမ်ရှန်းက ဆိုင်ရှေ့တွင် အရှက်ရမည်ကို စိုးရိမ်သဖြင့် ဒေါသကို မျိုသိပ်လိုက်၏။

 

တစ်ဖက်တွင်လည်း သူငယ်ချင်းသုံးယောက် အတူမဆော့ရသည်မှာ ကြာပြီဖြစ်သဖြင့် ဈေးတန်းထဲတွင် လှည့်ပတ်ကြည့်ချင်ကြလေသည်။ ကျောင်းကျင်းက ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်သောမိသားစုမှဟု ကြွေးကြော်နေသော်လည်း ထိုသူငယ်ချင်းအုပ်စုနောက်သို့ လိုက်ကာ တစ်ခွန်းစ နှစ်ခွန်းစ လိုက်နှောင့်ယှက်နေသဖြင့် သူငယ်ချင်းသုံးယောက်က အနှောင့်အယှက် ဖြစ်နေခဲ့ရလေသည်။

 

ယခုအချိန်တွင် သူတို့အားလုံးက အသက်ဆယ်နှစ်အောက် ကလေးငယ်များသာဖြစ်သဖြင့် ကြီးကြီးမားမား ထိပ်တိုက်တွေ့မှု မရှိသေးသော်လည်း အတူတူနေရန်မူ ခက်ခဲလေသည်။

 

ထို့နောက် သွမ့်မုကျင်းယန်က စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို ထပ်တွေ့လိုက်ရ၏။ ထိုအဆောင်လက်ဖွဲ့များက ရောင်းအားကောင်းသော်လည်း ဂိုဏ်းအတွင်း၌သာ လဲလှယ်ရမည်ဖြစ်သဖြင့် ချိုးချွမ်ရှန်းနှင့် ယွဲ့ကျစ်ဟန်က စိတ်မဝင်စားကြပေ။ ကျောင်းကျင်း၏ မိသားစုကလည်း ဤကဲ့သို့ အဆောင်လက်ဖွဲ့များကို ရေးသားသည့်နေရာတွင် ကျွမ်းကျင်သူများဖြစ်သဖြင့် သူက ထိုအဆောင်လက်ဖွဲ့များကို အထင်အမြင်သေးစွာ ပယ်ချလိုက်လေသည်။

 

သို့ရာတွင် မိဘမဲ့ဖြစ်သွားပြီး မိသားစု၏ အထောက်အပံ့မရှိသော သွမ့်မုကျင်းယန်အတွက် ဤပစ္စည်းက အလွန်အသုံးဝင်လေသည်။

 

သို့ရာတွင် သွမ့်မုကျင်းယန်က စိတ်ဝိညာဉ်သစ်သားပန်းပုကို ဝယ်ထားသဖြင့် စိတ်ဝိညာဉ်ကျောက်တုံး အလုံအလောက် မရှိတော့ပေ။ ထို့ကြောင့် ကုန်းရှော့ကို ဈေးဆစ်ပြီး ပစ္စည်းကို ဖယ်ထားပေးရန်နှင့် နောက်နှစ်ရက်နေလျှင် ပိုက်ဆံလာပေးမည်ဟု ပြောလိုက်၏။

 

ကျောင်းကျင်းက ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ သွမ့်မုကျင်းယန်ကို လှောင်ပြောင်လေတော့သည်။ ထိုအချိန်တွင် ဒေါသထွက်သွားသော ချိုးချွမ်ရှန်းက သွမ့်မုကျင်းယန်အတွက် ထိုအဆောင်လက်ဖွဲ့များအားလုံးကို ဝယ်ပေးလိုက်လေသည်။

 

ကျောင်းကျင်းက ဆက်လက်ပြောဆိုနေပြီး သွမ့်မုကျင်းယန်က ငြင်းဆန်နေသော်လည်း ချိုးချွမ်ရှန်းက ပိုက်ဆံပေးချေလိုက်လေသည်။

 

ထိုအချိန်တွင် ရှီဟိုင်ချန်းက ယန်ချန်ချန်ကိုခေါ်ပြီး ဈေးတန်းသို့ ရောက်လာလေ၏။

 

သွမ့်မုကျင်းယန်က အဆောင်လက်ဖွဲ့များကိုသာ တွေ့ရှိရခြင်းမှာ မထူးဆန်းပေ။ အကြောင်းမူကား သွမ့်မုကျင်းယန် စိတ်ဝိညာဉ်သစ်သားပန်းပုကို မဝယ်မီကတည်းက ရှီဟိုင်ချန်းက ဆိုင်ရှင်ကို ပစ္စည်းများအား ကြိုတင်ဖယ်ထားပေးရန် ပြောထားသောကြောင့်ဖြစ်၏။

 

ရှီဟိုင်ချန်းနှင့် ယန်ချန်ချန်က ဝမ်းကွဲတော်စပ်လေသည်။ ယန်ချန်ချန်က  လျှို့ဝှက်နယ်မြေတစ်ခုအတွင်းသို့ ဝင်တော့မည်ကိုသိချိန်တွင် ရှီဟိုင်ချန်းက သတင်းအချက်အလက်များကို ယန်ချန်ချန်အား ပြောပြလေ၏။

 

စိတ်ဝိညာဉ်သစ်သားပန်းပုက များစွာမရှိပေ။ ယန်ချန်ချန်က တစ်ခုဝယ်ပြီး သူမ၏သူငယ်ချင်း ကုန်းစွင်းဟန်ဟန်အတွက် တစ်ခုထပ်ဝယ်လိုက်သဖြင့် ဆိုင်တွင် ပစ္စည်းကုန်သွားလေသည်။

 

ချိုးချွမ်ရှန်း၏ အကူအညီကို ရထားသော သွမ့်မုကျင်းယန်မှာ ယန်ချန်ချန်က ပစ္စည်းနှစ်ခု ဝယ်သွားသည်ကို မြင်ချိန်တွင် အပြေးအလွှားသွားပြီး ပစ္စည်းအလဲအလှယ်လုပ်ပေးရန် တောင်းဆိုလေသည်။ ယန်ချန်ချန်က စိတ်သဘောထားကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်၏။ သွမ့်မုကျင်းယန်၏ စကားများကို ကြားချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ဤပစ္စည်းကို သူမ အမှန်တကယ် လိုအပ်နေသဖြင့် ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့လေသည်။

 

ကျောင်းကျင်းက သွမ့်မုကျင်းယန်၏ အရှက်မရှိမှုကို လှောင်ပြောင်ပြီးနောက် ပစ္စည်းများကို သီးသန့်ဖယ်ပေးထားသော ဆိုင်ရှင်အား လက်ညှိုးထိုးတော့လေသည်။

 

ပစ္စည်းရောင်းချရာတွင် ဦးသူဝယ်စနစ်သာမက ဈေးအမြင့်ဆုံးပေးသူကို ရောင်းရမည်ဟူသော စည်းမျဉ်းလည်းရှိ၏။ ဆိုင်ရှင်က ပစ္စည်းများကို သီးသန့်ဖယ်ပြီးရောင်းခြင်းမှာ အမြတ်များများလိုချင်သော ဆိုင်ပိုင်ရှင်များ၏ အကျိုးစီးပွားကို ထိခိုက်သည်ဟု ကျောင်းကျင်းက ထောက်ပြကာ ဆိုင်ရှင်အား ရှင်းပြခိုင်းလေသည်။

 

ကုန်းရှော့မှာ အခြေအနေများက ပိုမိုဆိုးရွားလာတော့မည်ကို မြင်သဖြင့် ပိုင်ယွီမင်သိသွားမည်ကို စိုးရိမ်သွားလေသည်။ ထိုသို့ဖြစ်လျှင် သူအဆင်မပြေနိုင်သဖြင့် ဆိုင်ရှင်ကို ကူညီရန် အမြန်ထွက်လာခဲ့လေ၏။

 

ယန်ချန်ချန်က ဂိုဏ်းထဲတွင် ဆက်နေနိုင်ရန် လျှို့ဝှက်နယ်မြေကိုသာ အမှီပြုထားရသဖြင့် တစ်ခုခုလုပ်ရန် စိုးရွံ့နေလေသည်။ စကားအနည်းငယ်ဖြင့် ကျောင်းကျင်း၏အသံကို ဖိနှိပ်နိုင်လိုက်သော်လည်း သူမက သစ်သားပန်းပုရောင်းသူနှင့် ကုန်းရှော့က ပတ်သက်မှုရှိသည်ကို ရိပ်မိသွားပြီး ကုန်းရှော့အား ပစ္စည်းအချို့ ထပ်ယူပေးရန် တောင်းဆိုလိုက်လေသည်။

 

ကျောင်းကျင်းပင်လျှင် ယန်ချန်ချန်ကို မပြစ်မှားရဲပေ။ ကုန်းရှော့ကဲ့သို့ အပြင်တပည့်တစ်ယောက်အနေဖြင့် သူမကို ငြင်းဆန်ရန် သတ္တိမရှိပေ။ ထို့ကြောင့် မရေမရာ ပြောဆိုထားကာ ဖြေရှင်းချက်ရှာရန် မော့ရှုလင်ထံသို့ အပြေးလာခဲ့လေ၏။

 

မော့ရှုလင်မှာ ဤအလုပ်ကို ယခုလက်မခံလျှင်ပင် နောက်ဆုံးတွင် လက်ခံရမည်ကို သိသဖြင့် အနည်းငယ် အလေးအနက်ထားပြီး ပိုင်ယွီမင်အား အလုပ်လက်ခံရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

 

လျှို့ဝှက်နယ်မြေကို စိတ်ဝင်စားသော ဂိုဏ်းချုပ်နှင့် အကြီးအကဲများက ယန်ချန်ချန်ဘက်မှ ရပ်တည်ကြမည်ဖြစ်၏။ အကယ်၍ သူတို့သဘောမတူလျှင် ယန်ချန်ချန်က ဂိုဏ်းချုပ်အား စိတ်ဝိညာဉ်သစ်သားပန်းပု၏ အသုံးဝင်ပုံကို ချဲ့ကားပြောဆိုမည်ဖြစ်သည်။ ယခုတစ်ကြိမ်က ဂိုဏ်းက လျှို့ဝှက်နယ်မြေထဲသို့ဝင်လျှင် အတော်ဆုံးမျိုးဆက်သစ်များကို ရွေးချယ်မည်ဖြစ်၏။ အသက်ရှင်နိုင်ရန် အခွင့်အရေးပိုရသည်က ကောင်းသောကိစ္စဖြစ်သည်။ 

 

ဂိုဏ်းချုပ်က သူ၏အဆင့်အတန်းကိုသုံးပြီး ပိုင်ယွီမင်အား ပစ္စည်းများပိုလုပ်ရန် ဖိအားပေးလာမည့်အချိန်ကို စောင့်နေမည့်အစား ဤကိစ္စကို ယခုဖြေရှင်းလိုက်သည်က ပိုကောင်းလေ၏။

 

ယန်ချန်ချန်က လက်ဖက်စိမ်းရှစ်မေ့ကို ရွံရှာမုန်းတီးသဖြင့် သူမ လိုချင်သည်ကို ရနိုင်သမျှကာလပတ်လုံး ဂိုဏ်းချုပ်အား ပြောမည်မဟုတ်ပေ။ အကယ်၍ ဂိုဏ်းချုပ်ကို ပြောပြလိုက်လျှင် လက်ဖက်စိမ်းရှစ်မေ့ကပါ အကျိုးခံစားခွင့်ရရှိသွားမည်ကို သူမ စိုးရိမ်နေခြင်းဖြစ်၏။ ထိုသို့ဖြစ်လျှင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ပြီးနောက် လက်ဖက်စိမ်းရှစ်မေ့အား ဖြေရှင်းရန် ခက်ခဲသွားနိုင်လေသည်။

 

ပြဿနာဖြစ်လုနီးပါး ဖြစ်စေခဲ့သော ကုန်းရှော့ကိုကြည့်ကာ မော့ရှုလင်က ထပ်ပြောလိုက်၏။

"နောက်တစ်ခါ မဖြစ်စေနဲ့..."

 

နောက်တစ်ကြိမ် အမှားလုပ်မိလျှင် မော့ရှုလင်အနေဖြင့် ကုန်းရှော့ကို အသက်ချမ်းသာပေးမည်မဟုတ်ပေ။

 

ကုန်းရှော့မှာ ကလေးတစ်ယောက်၏ စကားက အမှန်မဖြစ်နိုင်ဟု တွေးလျက် အနည်းငယ် မကျေမနပ် ဖြစ်နေလေသည်။ သို့သော် မော့ရှုလင်၏အကြည့်နှင့် ဆုံချိန်၌ ကျောရိုးတစ်လျှောက်လုံး အေးစိမ့်သွားလေ၏။

 

သူက သွမ့်မုကျင်းယန်မှာ အလွန်ကံဆိုးသည်ဟု ခံစားရလေသည်။

 

ကုန်းရှော့မှာ သူ့ကိုယ်သူ မည်သို့သော နတ်ဆိုးနှင့် ကြုံတွေ့နေရသည်ကို မသိတော့ပေ။ သူက အမြဲတမ်း စေ့စပ်သေချာစွာ စဉ်းစားတတ်သူဖြစ်ပြီး သူနှင့် ပစ္စည်းရောင်းချသူ၏ ပတ်သက်မှုကို တစ်ခါမှ မထုတ်ဖော်ဖူးပေ။ သို့သော် ထိုအချိန်က တစ်စုံတစ်ယောက်၏ ပစ်မှတ်ထားခံရမည်ကို အလွန်စိုးရိမ်ပူပန်သွားမိသဖြင့် စိတ်ရှုပ်ထွေးကာ သူတို့၏ပတ်သက်မှုကို ထုတ်ဖော်ပြောဆိုမိခဲ့ခြင်းဖြစ်သည်။

 

မော့ရှုလင်က ကလေးတစ်ယောက်ဖြစ်သော်လည်း သူ့အကြည့်များက လူကို ကြောက်ရွံ့ထိတ်လန့်စေလေသည်။

 

"ဟုတ်ပြီ... နောက်တစ်ကြိမ် မရှိစေရဘူး..."

ကုန်းရှော့က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်၏။

 

ထို့နောက် ကုန်းရှော့က ဆက်မနေရဲတော့သဖြင့် ခေါင်းညိတ်ကာ အမြန်ထွက်သွားလေသည်။

 

×××××

 

ပိုင်ယွီမင်က မော့ရှုလင်၏ သတိပေးချက်များကိုတွေးပြီး ယုန်လက်ဖဝါးကို အသုံးပြုလျက် စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ စာရွက်များပေါ်တွင် ယုန်လက်ဖဝါးရာများကို တစ်ခုပြီးတစ်ခု ခပ်နှိပ်လိုက်သည်။

 

သို့သော် စာရွက်များက အလွန်များသဖြင့် စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားသော ပိုင်ယွီမင်မှာ နောက်တစ်နေ့၌ အိပ်ရာမှ မထနိုင်တော့ပေ။

 

“ရှစ်စွမ်း... အိပ်ရာထရမယ့်အချိန်ရောက်ပြီ...”

 

မော့ရှုလင်က ကတိပေးထားသည့်အတိုင်း ပိုင်ယွီမင်ကို နေ့တိုင်း မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရန် ခေါ်လေသည်။

 

🐰🐰🐰🐰 Chapter 44

 

 

ပိုင်ယွီမင်က လူသားအသွင်ဖြင့် သူနှင့်အတူ နေ့တိုင်းပြေးပေးသော်လည်း မော့ရှုလင်မှာမူ အနည်းငယ် စိတ်ပျက်နေမိလေသည်။ သူက နှင်းတောထဲတွင် ခုန်ပေါက်ပြေးလွှားနေသော ယုန်ဝတုတ်လေးကိုသာ မြင်ချင်မိ၏။ ၎င်းက မြေခွေးဖြူလေးများထက် ပိုပြီးချစ်စဖွယ်ကောင်းမည်မှာ သေချာလေသည်။

 

"ငါ... ငါ နည်းနည်း ပင်ပန်းနေလို့..."

ယုန်ဝတုတ်လေးက မြက်အသိုက်ထဲတွင် ခေါင်းနှစ်ထားပြီး အိပ်ရာမှ မထချင်ပေ။ သူက ပျင်းနေပြီး အနားယူချင်နေ၏။

 

"ရှစ်စွမ်း... ကျွန်တော့်ကို ကတိပေးထားတယ်လေ... ကတိဖျက်တော့မလို့လား..."

ပိုင်ယွီမင်က ယနေ့တွင် ယုန်အသွင်ဖြင့် ထွက်လာမည်ကို သိသဖြင့် မော့ရှုလင်က သူ့အသံကို သနားစဖွယ်ဖြစ်အောင်လုပ်ကာ တောင်းဆိုလိုက်လေသည်။

 

မော့ရှုလင်ထင်ထားသကဲ့သို့ပင် ပိုင်ယွီမင်က သူ့တပည့်လေး၏ တောင်းဆိုမှုကို ကြားချိန်၌ ထွက်လာခဲ့၏။

 

လေထဲတွင် လုံးတစ်နေသော အမွေးလုံးကြီးတစ်လုံးက လွင့်မျောနေလေသည်။

 

ယုန်ဝတုတ်လေးက ပျံသန်းနေချိန်တွင်ပင် လှဲလျောင်းရန် အလွန်ပျင်းသဖြင့် သူ့ကိုယ်သူ အလုံးလေးဖြစ်အောင် ကွေးထားလေ၏။

 

သူ မပြေးချင်သော်လည်း တပည့်လေးအတွက် ကြိုးစားရမည်ဖြစ်သည်။

 

"သွားကြစို့... ပြေးပြီးမှ ငါပြန်အိပ်မယ်..."

 

သူက လေးစားထိုက်သော ရှစ်စွမ်းတစ်ယောက်ဖြစ်သဖြင့် တပည့်လေးကို ပေးထားသောကတိအား တည်ရမည်ဖြစ်သည်။

 

ဆောင်းရာသီတွင် ယွဲ့ရွှယ်တောင်ထိပ်က နှစ်လိုဖွယ်ကောင်းပြီး တိတ်ဆိတ်ငြိမ်သက်လေသည်။

 

အဖြူရောင်နှင်းများက အရာအားလုံးကို ဖုံးလွှမ်းထားသည်မှာ သားသမီးများ ကောင်းမွန်စွာ အနားယူနိုင်ရန် မေတ္တာရှင်မိခင်တစ်ဦးက စောင့်ခြုံပေးထားသကဲ့သို့ ဖြစ်နေလေသည်။ သို့ရာတွင် အိပ်ရသည်ကို မကြိုက်သော၊ စောင်များကို ကန်ချတတ်သော ကလေးဆိုးတစ်ယောက် နှစ်ယောက်ရှိတတ်ပြီး သူတို့က တောတောင်များကို အသက်ဝင်လာစေလေသည်။

 

မြေခွေးဖြူလေးနှစ်ကောင်က ဆိုးသွမ်းသော ကလေးငယ်များဖြစ်ကြပြီး လောကကြီးကို စူးစမ်းလိုစိတ်များဖြင့် ပြည့်နှံ့နေကြလေ၏။

 

တောတောင်ထဲမှ ထွက်ပေါ်လာသော အသံများကို ကြားရချိန်တွင် သူတို့က မကြောက်ရွံ့သည့်အပြင် သစ်ပင်နောက်တွင် ပုန်းအောင်းနေကာ ဝင်ရောက်လာသူများကို ချောင်းကြည့်နေကြလေသည်။

 

ဒူးဆစ်အထိနက်သော နှင်းထုပေါ်တွင် ကောင်လေးတစ်ယောက်က တစ်လှမ်းချင်း လျှောက်လာနေ၏။ မြေခွေးဖြူလေးနှစ်ကောင်မှာ ထိုကောင်လေးကို မှတ်မိကြလေသည်။ ကောင်လေးက လေတိုက်စေကာမူ၊ နှင်းကျစေကာမူ ဂရုမစိုက်ဘဲ မနက်တိုင်း လာပြေးတတ်သည့် ဝီရိယရှိသူတစ်ယောက် ဖြစ်လေသည်။ သို့ရာတွင် ယခုရက်ပိုင်း၌ ကောင်လေးနောက်တွင် လိုက်လာလေ့ရှိသည့် အနီရောင်ဝတ်စုံနှင့် လူသားက ပျောက်ကွယ်နေပြီး လေထဲတွင် လွင့်မျောနေသော လုံးလုံးဝိုင်းဝိုင်း သတ္တဝါတစ်ကောင်က အစားထိုး နေရာယူထားလေသည်။

 

ကောင်လေးမှာ ထိုသတ္တဝါလေးကို အဖိုးတန်ရတနာလေးကဲ့သို့ သဘောထားပြီး ခြေလှမ်းအနည်းငယ် လျှောက်ပြီးတိုင်း ထိုအလုံးလေးလမ်းပျောက်သွားမည်ကို စိုးရိမ်နေသကဲ့သို့ နောက်လှည့်ကြည့်တတ်လေသည်။

 

မြေခွေးဖြူလေးနှစ်ကောင်က နားမလည်နိုင် ဖြစ်နေကြပြီး ထိုထူးဆန်းသောအလုံးလေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် အနားသို့ တိုးကပ်သွားမိကြလေသည်။

 

အတောင်မပါဘဲ ပျံသန်းနိုင်ပြီး ဝတုတ်နေသော်လည်း ပေါ့ပါးစွာ လွင့်မျောနေသည့် ဤသတ္တဝါက အမှန်ပင် အံ့ဩဖွယ်ကောင်းပြီး ဆန်းကြယ်လှလေသည်။

 

သူတို့စူးစိုက်စွာ ကြည့်နေစဉ်၌ ထိုသတ္တဝါက ရုတ်တရက် လှည့်ကြည့်လိုက်၏။ မြေခွေးဖြူလေးနှစ်ကောင်နှင့် ယုန်ဝတုတ်ကြီး၏ မျက်လုံးခြောက်လုံးမှာ ဆုံမိသွားကြလေသည်။

 

"အာ… မြေခွေးတွေပဲ..."

ယုန်ဝတုတ်လေးက စားကောင်းသောက်ဖွယ်များအကြောင်းကို တွေးနေသဖြင့် ပြောပြီးနောက် လျှာသပ်မိသွားလေသည်။

 

မြေခွေးဖြူလေးနှစ်ကောင်မှာ ကျောချမ်းသွားပြီး ကြောက်လန့်တကြားဖြင့် အမွေးများ ထောင်သွားလေ၏။ အင်အားကြီးသူကို ကြောက်ရွံ့စိတ်ကြောင့် သူတို့ကို စိုက်ကြည့်နေသော ယုန်ဝတုတ်ကြီး၏ စားခြင်းကို ခံရမည်စိုးသဖြင့် ချက်ချင်း ထွက်ပြေးသွားကြလေသည်။

 

ဒီလောက်ဝတုတ်နေတဲ့ ယုန်က မြေခွေးတွေကိုစားပြီး ဝနေတာလားဆိုတာ ဘယ်သူသိမှာလဲ...

 

"သူတို့ ဘာလို့ ထွက်ပြေးသွားတာလဲ..."

ယုန်ဝတုတ်ကြီးက အနည်းငယ် နှမြောသွားလေသည်။

 

သူက မြေခွေးဖြူလေးနှစ်ကောင်ကို ဆွဲထားပြီး နောက်ပိုင်းတွင် သူ့အစား မော့ရှုလင်နှင့်အတူ လိုက်ပြေးခိုင်းရန် စဉ်းစားနေခြင်း ဖြစ်လေသည်။ ယုန်တစ်ကောင်အတွက် မြေခွေးဖြူနှစ်ကောင်နှင့် လဲလှယ်ခြင်းမှာ မဆိုးပေ။

 

"ရှစ်စွမ်း သူတို့ကို စားပစ်မှာကို ကြောက်လို့နေမှာပေါ့..."

မော့ရှုလင်က မြေခွေးလေးများ ထွက်ပြေးသွားသည့် အကြောင်းအရင်းကို မသိသော်လည်း သာမန်ကာလျှံကာ ပြောလိုက်၏။

 

လွန်ခဲ့သော ၂ ရက်၌ သူနှင့်အတူ ပိုင်ယွီမင်လိုက်ပြေးစဉ်က ထိုမြေခွေးလေးများမှာ မကြောက်ကြပေ။

 

ဒီနေ့မှ ဘာလို့ကွဲပြားနေတာလဲ... ပုံမှန်ဆိုရင် လူသားအသွင်နဲ့ ပိုင်ယွီမင်က ပိုပြီးကြောက်စရာကောင်းသင့်တာ မဟုတ်ဘူးလား...

 

မော့ရှုလင်မေ့နေခဲ့သည်မှာ ယခင်နေ့များ၌ ပိုင်ယွီမင်က စိတ်ကြည်လင်နေသဖြင့် သူ၏အရှိန်အဝါကို လျှော့ထားခြင်းဖြစ်သည်။ ယနေ့တွင်မူ ယုန်ဝတုတ်ကြီးက နိုးခါစအချိန် ဖြစ်သဖြင့် သူ၏သန်မာသော ဖိအားများကို ဖုံးကွယ်မထားနိုင်သဖြင့် အာရုံခံစားမှုထက်ရှသော မြေခွေးလေးများက ထွက်ပြေးသွားကြခြင်း ဖြစ်လေသည်။

 

"ငါက ယုန်ပါ... သူတို့ကို မစားပါဘူး..."

ယုန်ဝတုတ်လေးက သူ၏အပြစ်ကင်းမှုကို သက်သေပြလိုသဖြင့် ပြောလိုက်၏။

 

သို့ရာတွင် သူက သာမန်ယုန်တစ်ကောင် မဟုတ်ဘဲ အသားစားနိုင်သည့် ယုန်ဖြစ်သည်မှာ သိသာလေသည်။

 

"ရှစ်စွမ်း မစားဘူးလား..."

 

မော့ရှုလင်မှာ ထိုယုန်ဝတုတ်ကြီး ကြက်ကင်စားနေသည်ကို မြင်ဖူးလေသည်။

 

နှုတ်ခမ်းများကြားတွင် ဆီများပေကျံနေပြီး မျက်လုံးအဝိုင်းကြီးများက ကြက်ကင်စားရသည့် အရသာကြောင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။ အသားစားပြီးလျှင်လည်း ချိုချဉ်အရသာရှိသော ဘယ်ရီသီးဟင်းချိုကို နှစ်ခွက်ခန့် သောက်လေ့ရှိ၏။ ပြီးလျှင် အသားအပြည့်နှင့် ဝဖြိုးသော ယုန်ကြီးက မြက်သိုက်ပေါ်တွင် မည်သည့်သိက္ခာကိုမှ ဂရုမစိုက်ဘဲ ထိုင်ချကာ ဗိုက်ကို ခြေထောက်ကလေးများဖြင့် ပွတ်သပ်ပြီး လေပင်တက်လိုက်သေးလေသည်။

 

ယုန်ဝတုတ်ကြီးက သူစားခဲ့သော အသားများကို အမှတ်ရသွားသဖြင့် လှဲနေသည့်ပုံစံကို ပြင်လိုက်လေသည်။

 

"ဘာပဲဖြစ်ဖြစ် ငါ မြေခွေးသားတော့ မစားပါဘူး... မြေခွေးသားက အရသာမရှိဘူး..."

 

မော့ရှုလင်မှာ ထိုစကားက ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။

"ရှစ်စွမ်းက မြေခွေးသားစားဖူးလို့လား..."

 

ယုန်ဝတုတ်ကြီးက တစ်ခဏခန့် ကြောင်အသွားပြီးနောက် ရိုးရိုးသားသား ပြောလိုက်လေသည်။

"မစားဖူးပါဘူး... ဒါပေမဲ့ ဘယ်သူမှမစားတဲ့ တိရစ္ဆာန်တွေက အရသာမရှိဘူးဆိုတာ ငါသိတယ်..."

 

မော့ရှုလင်မှာ ထိုအဖြေအား မည်ကဲ့သို့ ပြန်လည်ချေပရမည်ကို မသိတော့ပေ။

 

ယုန်ဝတုတ်ကြီးက ဆက်ပြော၏။

"မြေခွေးသားသာ အရသာရှိရင် လူတွေက မြေခွေးတွေကို မျိုးတုံးတဲ့အထိ စားကြမှာပေါ့... ပြီးရင် တောရိုင်းမြေခွေးတွေကနေ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့အထိ မွေးမြူပြီး စားကြဦးမှာ... မြေခွေးသားသာ အရသာရှိရင် ငါတို့က ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေကို မွေးမှာမဟုတ်ဘူး... နူးညံ့အိစက်နေတဲ့ မြေခွေးတွေကိုပဲ မွေးကြမှာ..."

 

ထိုစကားများကို အဝေးမှ ကြားလိုက်ရသော မြေခွေးဖြူလေးနှစ်ကောင် “........”

 

မြေခွေးလေးနှစ်ကောင်မှာ သူတို့အသားက အရသာမရှိသဖြင့် အသက်ဘေးမှ လွတ်ကင်းသည်ကို ကျေးဇူးတင်ရမည်လား၊ သို့မဟုတ် သူတို့အသားကို နှိမ့်ချသည့်အတွက် ဝမ်းနည်းရမည်လားကို မသိတော့ပေ။

 

မော့ရှုလင်မှာ ထိုစကားများကို သေသေချာချာ စဉ်းစားကြည့်ပြီးနောက် ယုတ္တိရှိသည်ဟု ခံစားလိုက်ရလေသည်။

 

အရသာရှိပြီး ရောင်းပန်းလှပါက မည်မျှပင် ခက်ခက်ခဲခဲ ချက်ပြုတ်ရစေကာမူ တစ်စုံတစ်ယောက်က မွေးမြူမည်မှာ အမှန်ပင်ဖြစ်၏။ ရောင်းပန်းမလှ၊ အရသာလည်းမရှိသော အစားအစာမျိုးကို ထူးထူးဆန်းဆန်း မြည်းစမ်းကြည့်ချင်သူများကသာ တခါတရံတွင် စားကြမည်ဖြစ်သည်။ အမှန်တကယ် အရသာရှိလျှင် နေ့တိုင်း မစားဘဲမနေနိုင်ပေ။

 

ပိုင်ယွီမင်က အမြဲတမ်း ပျင်းနေတတ်သော်လည်း အရာရာကို အလွန်နားလည်သိကျွမ်းသဖြင့် မော့ရှုလင်က လေးစားစွာ ကြည့်လိုက်မိလေသည်။

 

တောင်ပေါ်ရှိ နှင်းများက ထူထပ်သဖြင့် မော့ရှုလင်က ယွဲ့ရွှယ်တောင်ထိပ်၏ ကျောက်လမ်းပေါ်တွင်သာ ပြေးရန် ရွေးချယ်လိုက်လေသည်။ နှင်းများအလွန်ထူလျှင် သူကိုယ်တိုင်လာပြီး အနည်းငယ် လှည်းကျင်းလေ့ရှိ၏။ ယွဲ့ရွှယ်တောင်ထိပ်သို့ ပုံမှန်အားဖြင့် လာသူမရှိသောကြောင့် သူပြေးနိုင်ရုံသာ ရှင်းလင်းထားလေသည်။

 

ပိုင်ယွီမင် ပထမဆုံး လိုက်ပြီးပြေးသည့်နေ့၌ ချန်ဝူတောင်ထိပ်ကဲ့သို့ နှင်းမကျစေရန် မန္တန်တစ်ခု ချထားပေးရမလားဟု မေးဖူး၏။

 

မော့ရှုလင်က လက်ယမ်းကာ ငြင်းဆန်ခဲ့လေသည်။

 

မော့ရှုလင်၏ အမြင်တွင် နှင်းက ကောင်းသောအရာဖြစ်၏။ ယခုနှစ်တွင် နှင်းများများကျလေ နောက်နှစ်တွင် အပင်များ ပိုပြီးဖြစ်ထွန်းလေဖြစ်၏။

 

သူက စိုက်ပျိုးရေးလုပ်ရန် ဆုံးဖြတ်ထားသဖြင့် မြေဆီလွှာ ပိုမိုကောင်းမွန်လာမည်ကို မျှော်လင့်မိလေသည်။

 

ယုန်ဝတုတ်ကြီးက ပြေးသည့်နေရာသို့ ရောက်လာသော်လည်း ဆင်းမလာသေးပေ။

 

မော့ရှုလင်က အားကိုးရာမဲ့သော လေသံလေးဖြင့် ခေါ်လိုက်၏။

"ရှစ်စွမ်း..."

 

ယုန်ဝတုတ်ကြီးက အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ညည်းတွားနေပြီး အချိန်အတော်ကြာ ရုန်းကန်ပြီးမှ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

 

သူဆင်းသက်လာပုံက အလွန်ကြမ်းတမ်းပြီး တိုက်ရိုက်ဆန်လှ၏။ အဖြူရောင်ယုန်ဝတုတ်ကြီးက လေထဲမှ ပြုတ်ကျလာကာ ထူထဲသော နှင်းပုံထဲသို့ နစ်ဝင်သွားလေသည်။ မော့ရှုလင်မှာ မည်သူက ရှစ်စွမ်း၊ မည်သူက တပည့်ဖြစ်သည်ကိုပင် ဝေခွဲမရနိုင်တော့ပေ။

 

ပိုင်ယွီမင်က အေးစက်နေသောနှင်း၏ အထိအတွေ့ကြောင့် လုံးဝနိုးကြားသွားလေ၏။

 

သူက နှင်းပုံထဲမှ ရုန်းထွက်လာပြီး ဝဖြိုးနေသော အသားများကို ခါယမ်းကာ နှင်းများကို ဖယ်ရှားလိုက်လေသည်။

 

မော့ရှုလင်၏ အမြင်တွင်မူ ၎င်းက တုန်ခါနေသော အဖြူရောင်ပေါက်စီလုံးကြီးနှင့် တူလေသည်။

 

သူ့ရှစ်စွမ်းက မျက်လုံးမှိတ်ပြီး နှင်းများကို ခါယမ်းနေစဉ်တွင် မော့ရှုလင်က သူ့ရှစ်စွမ်း၏ တည်နေရာအမှန်ကို ဝေခွဲမရ ဖြစ်နေလေသည်။

 

ကဗျာတစ်ပုဒ်တွင် ဖော်ပြထားသကဲ့သို့ ‘ဘေးတိုက်ကြည့်လျှင်လည်း တောင်တန်းကြီး၊ အရှေ့တည့်တည့်က ကြည့်လျှင်လည်း တောင်တန်းကြီး၊ အနီးအဝေး အနိမ့်အမြင့် မကွာခြားလှပေ’ ဟူသော စကားအတိုင်းပင်ဖြစ်၏။

 

သူ့ရှစ်စွမ်းမှာ ဘေးတိုက်ကြည့်လျှင်လည်း အလုံးကြီး၊ အရှေ့က ကြည့်လျှင်လည်း အလုံးကြီး၊ အနီးအဝေး မည်သို့ပင် ကြည့်စေကာမူ အလုံးတစ်လုံးကဲ့သို့ အနိမ့်အမြင့် တူညီနေလေသည်။

 

"သွားမယ် သွားမယ် သွားမယ်... ပြေးကြစို့… အခုပဲ…” 

 

ယုန်ဝတုတ်ကြီးမှာ အချိန်ဆွဲနေခြင်းက အဖြေမဟုတ်ဟု ခံစားရသဖြင့် မြန်မြန်ပြေးပြီး စောစောပြန်အိပ်နိုင်ရန် ရှေ့မှ စတင်ပြေးလေသည်။

 

မော့ရှုလင်က နောက်မှလိုက်လာပြီး ရှစ်စွမ်းကို ရှေ့မှ ပြေးခိုင်းထားလေသည်။

 

မော့ရှုလင်မှာ တစ်ခဏခန့် စောင့်ကြည့်နေပြီးနောက် တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရလေသည်။

"ရှစ်စွမ်း... ရှစ်စွမ်းက ပြေးနေတာလား..."

 

သူ့ရှစ်စွမ်းက မပြေးဘဲ အမြန်လမ်းလျှောက်နေသည်ဟု တွေးနေမိလေသည်။ ရှစ်စွမ်းက အခြားယုန်များကဲ့သို့ ခုန်ပေါက်ပြေးလွှားနေခြင်း မဟုတ်ဘဲ လှိမ့်မရသော နှင်းလုံးကြီးတစ်ခုကဲ့သို့ လျှောတိုက်သွားနေခြင်း ဖြစ်လေသည်။

 

“အမ်း....”

 

ယုန်ဝတုတ်ကြီးမှာ ဆင်ခြေပေးရန် ခက်ခဲနေလေသည်။ အကြောင်းမူကား ဤကဲ့သို့ မြေပြင်ပေါ်၌ လျှောတိုက်သွားလျှင် မျက်လုံးကို တစ်ခဏခန့် မှိတ်ထားနိုင်သောကြောင့်ဖြစ်၏။

 

သူက ပျင်းနေခြင်းဖြစ်သည်ကို မပြောလိုသဖြင့် ဖြီးဖြန်းပြောလိုက်လေသည်။

"ငါက အရင်သွေးပူအောင် လုပ်နေတာ..."

 

"ဪ..."

 

မော့ရှုလင်က သံသယရှိနေသေးသော်လည်း သူ့ရှစ်စွမ်းတွင် ထူးဆန်းသော အလေ့အကျင့်များစွာ ရှိသည်ဟု ခံစားမိလေ၏။ ထို့ကြောင့်ပင် သူ့ရှစ်စွမ်းထံမှ ထူးဆန်းသောအချက်များကို အမြဲတမ်း တွေ့ရှိရခြင်းဖြစ်လေသည်။

 

ယုန်ဝတုတ်ကြီးမှာ တပည့်ဖြစ်သူက ရိပ်မိသွားပြီဖြစ်သဖြင့် စတင် ခုန်ပေါက်လေတော့သည်။

 

ယုန်တစ်ကောင်ဖြစ်လာသည်မှာ တစ်နှစ်ကျော်ခန့်သာ ရှိသေးသော်လည်း မူလခန္ဓာကိုယ်က ယုန်မိစ္ဆာဖြစ်သဖြင့် ယုန်အသွင်ပြောင်းရခြင်းက ထမင်းစားရေသောက်ကဲ့သို့ လွယ်ကူလေသည်။ ပိုင်ယွီမင်က ယုန်အသွင်ဖြင့် နေထိုင်ရခြင်းက ပိုပြီးသက်သောင့်သက်သာရှိသည်ဟု ခံစားရလေသည်။

 

ပြေးသည့်အချိန်တွင်လည်း ပိုင်ယွီမင်သတိထားမိသည်မှာ လူသားအသွင်ဖြင့် ပြေးခြင်းက အဆင်မပြေပေ။ လူသားအဝတ်အစားများတွင် ဝတ်ရုံများ၊ အင်္ကျီလက်ရှည်များ ပါဝင်နေသဖြင့် ပြေးသည့်အချိန်တွင် တဖျတ်ဖျတ်နှင့် လွင့်နေတတ်၏။

 

ယုန်အသွင်နှင့်ပြေးလျှင် အဝတ်အစားများ၏ ချုပ်ချယ်မှုမရှိသဖြင့် နှင်းပုံထဲတွင် ရုန်းကန်နေရသော မော့ရှုလင်နှင့် မတူဘဲ ပိုမိုမြန်ဆန်စွာ သွားလာနိုင်လေသည်။

 

ယုန်ဝတုတ်ကြီး ခုန်ပေါက်နေသည်ကို မြင်ချိန်တွင် မော့ရှုလင်၏ ရင်ထဲ၌ ချစ်စရာကောင်းမှုများဖြင့် ပြည့်နေလေ၏။

 

ဝဖြိုးသော ယုန်ကလေးက ကောက်ညှင်းပေါက်စီလုံးကဲ့သို့ ဖြစ်နေပြီး ခုန်တက်သွားလိုက်၊ မြေပြင်ပေါ်သို့ ဗြုန်းခနဲ ပြန်ကျလာလိုက်နှင့် လခြမ်းပုံစံ နှင်းခြေရာများကို ချန်ထားခဲ့လေသည်။

 

ယုန်ဝတုတ်ကြီးက ရှေ့သို့ ဆက်တိုက် ခုန်ပေါက်သွားနေပြီး မော့ရှုလင်၏ မျက်လုံးများကမူ နှင်းခြေရာများကြား၌ ပြေးလွှားနေသော ကောက်ညှင်းလုံးလေးအပေါ်တွင်သာ စွဲမြဲနေတော့လေသည်။

 

ကြည့်ရသည်မှာ အလွန်နှစ်သက်ဖွယ်ကောင်းသဖြင့် မော့ရှုလင်မှာ သူ့ရှစ်စွမ်းကို နောက်ထပ်တစ်ပတ် ထပ်ပြေးခိုင်းလိုက်လေသည်။

 

နောက်တစ်ပတ်ထပ်ပြေးပြီးနောက် ပိုင်ယွီမင်က ဆက်မပြေးတော့ရန် ဆုံးဖြတ်လိုက်ပြီး လေထဲတွင် တိမ်တိုက်တစ်ခုကို ဖန်တီးကာ သေဟန်ဆောင်လျက် လှဲချလိုက်၏။

 

မော့ရှုလင်ကမူ ဓားသိုင်းနှင့် ကိုယ်ခံပညာကို လေ့ကျင့်နေလေသည်။

 

သူ၏ကျင့်ကြံဆင့်က နိမ့်ပါးသဖြင့် ယခင်ဘဝကထက် ကိုယ်ခံပညာကို ပိုမိုလေ့ကျင့်ရန် လိုအပ်လေသည်။ ရှစ်စွမ်းထံမှ တိုက်ရိုက်သင်ကြားပြသမှု မရှိသော်လည်း ပိုင်ယွီမင်က မန္တန်ကိုသုံးကာ မော့ရှုလင်ထံသို့ နှင်းလုံးများဖြင့် တစ်ခါတစ်ရံ ပစ်ပေါက်လေ့ရှိ၏။ ၎င်းမှာ မော့ရှုလင်၏ တုံ့ပြန်မှုကို လေ့ကျင့်ပေးခြင်း ဖြစ်လေသည်။

 

မော့ရှုလင်က မကြောက်ရွံ့ဘဲ ထိုနှင်းလုံးများကို လက်သီး သို့မဟုတ် ဓားသိုင်းဖြင့် ကာကွယ်လိုက်ပြီး တစ်ခါတစ်ရံ ယုန်ဝတုတ်ကြီးထံသို့ ပြန်လည်တိုက်ခိုက်လေသည်။

 

ပိုင်ယွီမင်က ကျင့်ကြံဆင့်ကို အားကိုးကာ ရှောင်တိမ်းခြင်းမလုပ်ပေ။ နှင်းလုံးနှင့် အပစ်ခံရသော်လည်း မနာသလို ယားပင်မယားချေ။ သို့သော် မော့ရှုလင်မှာ သူ့ရှစ်စွမ်းက မရှောင်တိမ်းသည်ကို သိသွားချိန်၌ ရှစ်စွမ်းကို မပစ်တော့ဘဲ အခြားနေရာများကိုသာ လွှဲပစ်တော့လေသည်။

 

"ငါ့ကို ပြန်ပစ်လေ..."

ယုန်ဝတုတ်ကြီးက မော့ရှုလင်ကဲ့သို့ တုံ့ပြန်မှု မမြန်ပေ။

 

မော့ရှုလင်က မှားပစ်သည်ဟု ထင်ခဲ့သော်လည်း နောက်မှသာ မော့ရှုလင်က သူ့ကို တမင်မပစ်တော့ကြောင်း သိလိုက်ရလေသည်။

 

"ဟင့်အင်း..."

မော့ရှုလင်က အချို့ကိစ္စများ၌ ခေါင်းမာလေသည်။

 

သူပစ်လိုက်သော နှင်းလုံးများက ရှစ်စွမ်းကို ထိမှန်သွားချိန်တွင် စိတ်မကောင်းဖြစ်လေသည်။

 

ပိုင်ယွီမင်က ထိုစကားကို ကြားချိန်၌ ရင်ထဲတွင် နွေးထွေးသွားပြီး ချက်ချင်းပင် မန္တန်တစ်ခုသုံးကာ သူ့ဘေးပတ်ပတ်လည်တွင် အကာအကွယ်တစ်ခု ချလိုက်လေသည်။

 

သူက မော့ရှုလင်အား အသုံးမဝင်သော လေ့ကျင့်ခန်းများကို မလုပ်စေချင်ပေ။

 

"လာစမ်းပါ... ဒီလိုဆို ငါ မကြောက်တော့ဘူး..."

ယုန်ဝတုတ်လေးက ပြောလိုက်၏။

 

မော့ရှုလင်က ခေါင်းခါလိုက်လေသည်။

"ရှစ်စွမ်းနဲ့ ရင်ဆိုင်နေရသရွေ့ ကျွန်တော် အားကုန်သုံးပြီး တိုက်ခိုက်မှာ မဟုတ်ဘူး..."

 

သူ့ရှစ်စွမ်းက အလွန်စွမ်းအားကြီးသော်လည်း မော့ရှုလင်က အင်အားကုန် ထုတ်သုံးမည်မဟုတ်ပေ။

 

မော့ရှုလင်က အနည်းငယ် ရဲတင်းသည်ဟု ပိုင်ယွီမင် ခံစားရလေသည်။ ထို့နောက် ပိုင်ယွီမင်က မော့ရှုလင် စိတ်အေးလက်အေး လေ့ကျင့်နိုင်ရန်အတွက် လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သော ရုပ်သေးရုပ်များကို အသုံးပြုလိုက်လေသည်။

 

မော့ရှုလင်၏ အစွမ်းကုန် တိုက်ခိုက်မှုက ပိုင်ယွီမင်ကို အမှန်ပင် အံ့အားသင့်သွားစေလေသည်။ မော့ရှုလင်က ပိုမိုပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ရုံသာမက တမင်တကာ လွဲချော်အောင်ပစ်ပြီးမှ မန္တန်ကိုသုံးကာ နှင်းလုံး၏ ဦးတည်ရာကို ပြောင်းလဲပြီး ရန်သူမထင်မှတ်ထားသော နေရာမှ တိုက်ခိုက်လေသည်။

 

ကျင့်ကြံဆင့် အကန့်အသတ်သာမရှိလျှင် သူ့တပည့်လေးက လျှို့ဝှက်နယ်မြေသို့ ဝင်ရန်အတွက် အရည်အချင်း ပြည့်မီသည်ဟု ယုန်ဝတုတ်ကြီးက ခံစားလိုက်ရလေသည်။

 

သို့သော် ကျင့်ကြံဆင့်နိမ့်နေခြင်းက အမှန်ပင် နှမြောဖွယ်ကောင်းလေသည်။ မဟုတ်လျှင် မော့ရှုလင်၏ အရည်အချင်းဖြင့် စွမ်းအားကြီးသော ရှစ်စွမ်းများထံတွင် သင်ယူနိုင်မည်ဖြစ်ပြီး ယခုကဲ့သို့ သူ့ထံတွင် အချိန်ကုန်ကာ မည်သည်ကိုမှ မတတ်မြောက်ဘဲ နေမည်မဟုတ်ပေ။

 

သို့ရာတွင် မော့ရှုလင်၏ ဝိညာဉ်ဇစ်မြစ်များက ပျက်စီးနေသဖြင့် မည်သည့်နေရာကိုမှ မသွားနိုင်သည်မှာ ဝမ်းနည်းဖွယ် ကောင်းလေသည်။

 

မော့ရှုလင်ကမူ အလွန်ကျေနပ်ပြီး ပျော်ရွှင်နေ၏။ ယုန်ဝတုတ်ကြီးနှင့်အတူ ဂူသို့ ပြန်လာချိန်တွင် သူ့အနောက်၌ လွင့်မျောပါလာသော ရှစ်စွမ်းကို ခိုးကြည့်ရန် အကြိမ်ကြိမ် နောက်ပြန်လှည့်ကြည့်မိလေသည်။

 

ယုန်ဝတုတ်လေးက အလွန်ပျင်းနေပုံပေါ်လေ၏။ မော့ရှုလင် ကြည့်နေသည်ကို သတိထားမိသဖြင့် တစ်ခါတစ်ရံတွင် သူက မော့ရှုလင်အား ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်မိလေသည်။

 

သို့ရာတွင် မော့ရှုလင်က ယုန်ဝတုတ်လေးကို ထပ်ခါထပ်ခါ ချောင်းကြည့်နေဆဲပင်ဖြစ်၏။

 

မော့ရှုလင်က မည်သို့ပင် နှစ်ပေါင်းများစွာရှင်သန်ပြီး မည်သို့ပင် မှတ်ဉာဏ်များရှိစေကာမူ သူ့ကလေးဘဝက ၁၀ နှစ်အရွယ်တွင်သာ ကုန်ဆုံးခဲ့ရလေသည်။

 

အသက် ၁၀ နှစ်နောက်ပိုင်းတွင် သူ့ကို မည်သူကမှ အလိုမလိုက်တော့ပေ။

 

နောင်တစ်ချိန်၌ သူမည်မျှပင် အဆင့်အတန်းမြင့်စေကာမူ၊ မည်မျှပင် ချမ်းသာစေကာမူ ပြန်လည်မဖြည့်ဆည်းနိုင်သော နောင်တတစ်ခု ဖြစ်လေသည်။

 

ပြန်လည်မွေးဖွားလာပြီးနောက် သူက ပိုင်ယွီမင်ထံမှ ချစ်ခြင်းမေတ္တာနှင့် သည်းခံနားလည်မှုများကို ခံစားရလေသည်။ ပိုင်ယွီမင်၏ ချစ်ခြင်းမေတ္တာကို နေထိုင်မှုဘဝရှိ သေးငယ်သောအရာများနှင့် အကြိမ်ကြိမ် စမ်းသပ်ကြည့်မိလေသည်။ အလိုလိုက်မှုများ ရရှိချိန်တိုင်းတွင် သူ့နှလုံးသားထဲ၌ ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေခဲ့၏။

 

"ရှစ်စွမ်း... ရှစ်စွမ်းက အရမ်းကြင်နာတတ်တာပဲ..."

မော့ရှုလင်မှာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြောလိုက်လေသည်။

 

"ဟမ့်… ကလေးလေး..."

ယုန်ဝတုတ်လေးမှာ နှုတ်ခမ်းဆူလိုက်ပြီး ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် ကိုယ်ဟန်အနေအထားကို ပြင်လိုက်လေသည်။

 

သူ့တပည့်လေးက အလွန်ချစ်စဖွယ်ကောင်းသဖြင့်  အလိုလိုက်သည်က သဘာဝကျလေသည်။

 

🐰🐰🐰🐰 Chapter 45

 

 

ယန်ချန်ချန်အတွက် နှစ်သစ်ကူးစာသားများ လုပ်ပေးရန် ကတိပေးထားသဖြင့် ပိုင်ယွီမင်က အချိန်ဆွဲမနေတော့ဘဲ ကျင့်ကြံဆင့် တစ်ခုချင်းစီအတွက် တစ်ရွက်စီ လုပ်ပေးလိုက်လေသည်။

 

သို့ရာတွင် ယခုတစ်ခေါက်၌ ပိုင်ယွီမင်က စာများကို လက်ဖြင့် ရေးရန်မလိုတော့ဘဲ လက်ဖဝါးဖြင့် တံဆိပ်နှိပ်လိုက်ရုံဖြင့် အလုပ်ပြီးမြောက်သွားလေသည်။

 

သူက စာရွက်များကို မော့ရှုလင်ထံသို့ ပေးသည့်အချိန်၌ သွမ့်မုကျင်းယန်ကြောင့် ရှိနေနိုင်သော အန္တရာယ်များကို အထူးတလည် မှာကြားရန် မမေ့ခဲ့ပေ။ သွမ့်မုကျင်းယန် သွားလာတတ်သော နေရာများကို သတိထားရန်နှင့် တတ်နိုင်သမျှ ဝေးဝေးမှရှောင်ရန် သတိပေးလိုက်လေသည်။

 

သွမ့်မုကျင်းယန်က အနည်းငယ် ယုတ်မာကောက်ကျစ်သူဖြစ်သည်ကို မော့ရှုလင်သိလေသည်။

 

သို့ရာတွင် ယခင်ဘဝ၌ သွမ့်မုကျင်းယန်နှင့် အကြိမ်ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး လွတ်မြောက်ခဲ့ဖူးသဖြင့် ပိုင်ယွီမင်ကဲ့သို့ စိုးရိမ်မနေပေ။

 

ပိုင်ယွီမင်က သူ၏သတိပေးချက်ကို အရေးမလုပ်သော မော့ရှုလင်ကို ကြည့်ကာ ပြောလိုက်၏။

"ဒီကိစ္စကို ပေါ့ပေါ့တန်တန်မမှတ်နဲ့... သူ့ကို သတိထားပါ့မယ်လို့ ငါ့ကိုကတိပေး..."

 

"ဟုတ်ကဲ့... ကျွန်တော် သတိထားပါ့မယ်... ရှစ်စွမ်းစိတ်ချပါ..."

မော့ရှုလင်က ခေါင်းညိတ်လိုက်၏။

 

“မင်းလေသံက သတိထားမယ့်ပုံ မပေါ်ပါဘူး...”

မော့ရှုလင်၏ ဂရုမစိုက်သောပုံစံကို မြင်ချိန်တွင် ပိုင်ယွီမင်က သွမ့်မုကျင်းယန်နှင့် ပတ်သက်သော အခြားလျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။

 

ပိုင်ယွီမင်က အသံကိုတိုးကာ အလေးအနက် ပြောလိုက်၏။

"သွမ့်မုကျင်းယန်မှာ မျိုးရိုးစဉ်ဆက် ဆင်းသက်လာတဲ့ စွမ်းအားတစ်ခုရှိတယ်... သူက ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကို သုံးပြီး သူစကားပြောတဲ့အချိန်မှာ တခြားလူတွေကို ဝေဝါးသွားအောင် လုပ်နိုင်စွမ်းရှိတယ်... လူတွေက မသိစိတ်အလျောက် သူ့စကားကို လိုက်နာမိသွားကြတယ်... စိတ်ဓာတ်မခိုင်တဲ့လူဆိုရင် စွမ်းအားတွေ ခမ်းခြောက်သွားတဲ့အထိ စုပ်ယူခံလိုက်ရလိမ့်မယ်..."

 

၎င်းက သွမ့်မုကျင်းယန်၏ လျှို့ဝှက်ချက်ဖြစ်ပြီး သူ အမတတစ်ယောက်ဖြစ်လာသည့်အထိ ဤစွမ်းရည်ကို လူသိမခံခဲ့ပေ။

 

မော့ရှုလင်က နှစ်ဘဝတိုင်တိုင် နေထိုင်ခဲ့သော်လည်း သွမ့်မုကျင်းယန်တွင် ဤကဲ့သို့ စွမ်းရည်ရှိသည်ကို ကြားချိန်၌ အံ့ဩသွားလေသည်။

 

သေချာပြန်စဉ်းစားကြည့်ပြီးနောက် သွမ့်မုကျင်းယန်၏ အသံက ထိုထူးခြားသောနည်းလမ်းကို သုံးမှသာ ထိရောက်ခြင်းဖြစ်သည်ကို သတိပြုမိလာလေသည်။

 

သွမ့်မုကျင်းယန်၏အသံက ထိုထူးဆန်းသောနည်းလမ်းကို အသုံးပြုမှသာ သက်ရောက်မှု ရှိလေသည်။ သို့ရာတွင် သွမ့်မုကျင်းယန်က မည်သည့်အချိန်တွင် မည်သူ့ကို ပစ်မှတ်ထားပြီးသုံးမည်ကို မည်သူမှ မသိနိုင်ပေ။ သူက ပုံမှန်စကားပြောရာတွင်လည်း အမှန်နှင့်အမှားကို ရောနှောပြောတတ်သဖြင့် လူများက သူ့ကို မခန့်မှန်းနိုင်ပေ။ သူ့စကား၏ မည်သည့်အပိုင်းက သူတို့အား ဝေဝါးစေသည်ကိုပင် မသိနိုင်ပေ။

 

ထို့အပြင် သွမ့်မုကျင်းယန်၏ နောက်ကွယ်တွင် ယန်ယောင်ဇီ၏ လမ်းညွှန်မှုရှိသဖြင့် သူက သာမန်လူများထက် ပိုမိုစေ့စပ်သေချာစွာ ပြောဆိုလုပ်ကိုင်နိုင်လေသည်။

 

ထို့ကြောင့် သွမ့်မုကျင်းယန် လုပ်ဆောင်သော ယုတ္တိမတန်သည့် အခြေအနေတိုင်းက အောင်မြင်မှု ရနေခြင်းဖြစ်၏။ ယခင်က မော့ရှုလင်မှာ သွမ့်မုကျင်းယန်၏ အောင်မြင်မှုများက ဆေးလုံးများကြောင့်ဟု ထင်ခဲ့သော်လည်း အမှန်တွင် သူ မသိသေးသော လျှို့ဝှက်စွမ်းရည်ကြောင့် ဖြစ်နေလေသည်။

 

နောက်ဆုံးတွင် မော့ရှုလင်က အလေးအနက် နားထောင်ပြီး ခေါင်းညိတ်လိုက်၏။

"စိတ်ချပါ ရှစ်စွမ်း... ကျွန်တော် သူ့အနားကို မသွားပါဘူး..."

 

မော့ရှုလင်က ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်သန်မာသည်ဟုထင်သဖြင့် သွမ့်မုကျင်းယန်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နိုင်ပေ။

 

သို့သော်လည်း သူ့ထံတွင် ပြန်လည်မွေးဖွားလာသည်ဟူသော လျှို့ဝှက်ချက်တစ်ခုရှိပြီး မိစ္ဆာကျင့်ကြံသူ ပိုင်ယွီမင်နှင့် အလွန်အမင်း ထိတွေ့ဆက်ဆံမှုများသဖြင့် သူ့အတွက်ဖြစ်စေ ရှစ်စွမ်းအတွက်ဖြစ်စေ သွမ့်မုကျင်းယန်ကို သတိထားရန် ဆုံးဖြတ်လိုက်လေသည်။

 

"ဒီလိုမှပေါ့..."

မော့ရှုလင်၏ အလေးအနက်ထားသော ပုံစံကို မြင်မှသာ ပိုင်ယွီမင်စိတ်အေးသွားလေသည်။

 

"နေရာတိုင်းမှာ ရဲတင်းမနေနဲ့.. တစ်ခဏတာ လူစွမ်းကောင်းလုပ်ပြတာက မိုက်မဲတဲ့ အလုပ်ပဲ... အဆုံးထိ အသက်ရှင်နိုင်အောင်သာ ကြိုးစားစမ်းပါ..."

 

ပိုင်ယွီမင်က ဆက်ပြော၏။

"နောက်ဆုံးထိ အသက်ရှင်နိုင်တဲ့သူကမှ တကယ့်အောင်နိုင်သူပဲ..."

 

မော့ရှုလင် “.........”

 

သူ့ရှစ်စွမ်းက သူ၏အဆင့်အတန်းနှင့် မလိုက်ဖက်သော စကားများကို ထပ်မံပြောဆိုနေပြန်လေသည်။

 

‘ရှစ်စွမ်းက မဟာယနအဆင့်ကို ရောက်နေပြီ မဟုတ်ဘူးလား’ ဟု မော့ရှုလင် မေးချင်နေ၏။

 

သို့ရာတွင် ပိုင်ယွီမင် စိတ်ဆိုးသွားပြီး သူနှင့်အတူ မနက်တိုင်း ပြေးမည့်ကိစ္စကို အကြောင်းပြချက် တစ်ခုခုပေးကာ ဖျက်သိမ်းလိုက်မည်ကို စိုးရိမ်သဖြင့် သူ ထုတ်မမေးရဲပေ။

 

အမှန်တွင် ပိုင်ယွီမင်က အလွန်စိုးရိမ်နေခြင်းဖြစ်၏။

 

မော့ရှုလင် ပစ္စည်းများကို သွားပို့သည့်အချိန်တွင် သွမ့်မုကျင်းယန်ကိုသာမက ယန်ချန်ချန်ကိုပင် မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူက ပစ္စည်းများကို ကုန်းရှော့ထံတွင် ထားခဲ့ပြီး ပြန်လာခဲ့လေသည်။

 

ကုန်းရှော့ကလည်း ပိုင်ယွီမင်ရှေ့၌ သူ့ဘဝကို ခက်ခဲအောင် လုပ်နိုင်သော မော့ရှုလင်အား ပြစ်မှားမိမည်ကို စိုးရိမ်သဖြင့် ကောင်းမွန်စွာ ပြုမူလေသည်။

 

အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့ပြီး မည်သည့် လှိုင်းထမ်းပိုးမှ မရှိပေ။

 

အဆင်မပြေသည့် တစ်ခုတည်းသော အချက်မှာ ကုန်ကြမ်းပစ္စည်း ပြဿနာပင် ဖြစ်သည်။

 

မော့ရှုလင်က ကုန်းရှော့အား ကုန်ကြမ်းပစ္စည်းနှစ်မျိုးကို ကူရှာပေးရန် ပြောထားလေသည်။ တစ်မျိုးက လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရန် ရွေးချယ်ခံရသည့် တပည့်များအတွက် မှော်လက်နက်လုပ်ရန်နှင့် အခြားတစ်မျိုးက အိမ်ကို အဆင့်မြှင့်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းဖြစ်လေသည်။

 

သို့ရာတွင် ယခုနှစ်၌ အိမ်ပြန်သွားသော တပည့်က များပြားသဖြင့် ထိုကုန်ကြမ်းများကို ရှာမရခဲ့ပေ။ ကုန်ကြမ်းပစ္စည်းများက ရှာရခက်နေသဖြင့် မော့ရှုလင်က ထိုကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်သည်။ ပိုင်ယွီမင်ကလည်း ဤအခွင့်အရေးကို သုံးကာ အနားယူပြီး နှစ်သစ်ကို ကောင်းမွန်စွာ ဖြတ်သန်းရန် ဆုံးဖြတ်လိုက်လေသည်။

 

ပိုင်ယွီမင်က ပြောခဲ့၏။

"ဘာပဲဖြစ်ဖြစ် ငါတို့မှာ ပိုက်ဆံတွေ အများကြီး ရှိနေတာပဲ... ထပ်ရှာဖို့ ပူပန်စရာ မလိုပါဘူး..."

 

ယုန်လက်ဖဝါးရာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို စုစည်းနိုင်သော ပိုင်ယွီမင်၏ အရည်အချင်းကို မော့ရှုလင် အသိအမှတ်ပြုလေသည်။ ပစ္စည်းများကို သာမန်ဈေးနှုန်းဖြင့် ရောင်းမည့်အစား အရင်းအနှီးမကုန်သော စိတ်ဝိညာဉ်စာရွက်များကို ရောင်းခြင်းက ပိုပြီးတွက်ခြေကိုက်လေ၏။

 

မှော်လက်နက်ပြုလုပ်ရာတွင် သုံးသည့် ကုန်ကြမ်းများက ရှာရခက်ခဲပြီး စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပြန်လည်ရောင်းချနိုင်မည်ဟု အာမခံချက်မရှိပေ။ သူက ထိုအလုပ်ကို ရပ်နားရန် စီစဉ်ထားလေသည်။

 

သို့ရာတွင် သူက ကုန်းရှော့ကို ရှာခိုင်းထားပြီးဖြစ်သဖြင့် ရလာမည့် ပစ္စည်းများကို ကြည့်ရဦးမည်ဖြစ်သည်။

 

အကယ်၍ ထိုကုန်ကြမ်းများကို မရောင်းရလျှင်ပင် အိမ်အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာ၌ သုံးနိုင်၏။ အိမ်အသစ်တွင် လိုအပ်ချက်များစွာ ရှိနေမည်မှာ သေချာလေသည်။

 

မျက်စိတစ်မှိတ်အတွင်း၌ နှစ်သစ်ကူးပွဲတော်သို့ ရောက်ရှိလာလေသည်။

 

သို့ရာတွင် သူတို့နှစ်ယောက်လုံးက ညလုံးပေါက် မအိပ်ရသည့် ရိုးရာဓလေ့ကို မလိုက်နာကြပေ။

 

အကြောင်းမူကား ယွဲ့ရွှယ်တောင်ထိပ်ရှိ လူနှစ်ယောက်တွင် တစ်ယောက်က ပျင်းရိနေပြီး နောက်တစ်ယောက်ကမူ အရပ်ရှည်မည့် အရေးကြီးသော အသက်အရွယ် ဖြစ်နေသောကြောင့် ဖြစ်လေသည်။

 

ထို့ကြောင့် လူတစ်ယောက်နှင့် ယုန်တစ်ကောင်မှာ ထိုဓလေ့ကို လျစ်လျူရှုပြီး အေးအေးဆေးဆေး အိပ်စက်ခဲ့ကြလေသည်။

 

နှစ်သစ်၏ပထမဆုံးနေ့တွင် ယုန်ဝတုတ်ကြီးက စောစောနိုးလာ၏။ ၎င်းမှာ အခြားအကြောင်းကြောင့် မဟုတ်ဘဲ မော့ရှုလင်နှင့်အတူ ပြေးရန်ဖြစ်သည်။

 

သူက ပြေးပြီးလျှင် ပြန်အိပ်ရန် စီစဉ်ထားသော်လည်း ဂူအပြင်ဘက်၌ ယဲ့ချင်းလင်စောင့်နေသည်ကို မြင်လိုက်ရလေသည်။

 

ဂူအတွင်းပိုင်း၌ ပြောင်းလဲမှု မရှိသော်လည်း ဂူအပေါက်ဝကိုမူ မွမ်းမံထားလေသည်။

 

တစ်မနက်ခင်း၌ နှင်းများကြောင့် ဂူပေါက်ဝပိတ်သွားသည်ကို တွေ့ပြီးနောက် မော့ရှုလင်က ကျောက်တုံးများဖြင့် ဂူပေါက်ဝကို ခိုင်ခံ့အောင် ပြုလုပ်ခဲ့လေသည်။ နောက်ပိုင်းတွင် နှင်းပြိုလျှင်ပင် ဂူပေါက်ဝ ပိတ်မည်မဟုတ်ပေ။ ထိုသို့ ပြုပြင်ထားသဖြင့် နှစ်သစ်ကူးစာရွက်များကပ်ရန် နေရာများ ရှိလာလေသည်။

 

သို့ရာတွင် ပိုင်ယွီမင်မှာ သူ့လက်ရေးက အလွန်ဆိုးဝါးသည်ဟု ခံစားရသဖြင့် ယုန်လက်ဖဝါးရာကို စာရွက်ပေါ်တွင် ခပ်နှိပ်ရန် ဆုံးဖြတ်ခဲ့လေသည်။ ဂူတွင် နှစ်သစ်ကူး ယုန်လက်ဖဝါးရာများနှင့် ယုန်ကျောက်ရုပ်နှစ်ရုပ်ရှိသဖြင့် ယုန်ဂူအစစ်အမှန် ဖြစ်သွားလေသည်။

 

ယဲ့ချင်းလင်က ထိုစာရွက်များကို အလွန်စိတ်ဝင်စားနေပြီး ပိုင်ယွီမင်၏ ယုန်ခြေထောက်များက ယုန်လက်ဖဝါးထက် မည်သို့ပိုရှည်နေသည်ကို စူးစမ်းကြည့်နေလေသည်။

 

ဂူပိုင်ရှင်ပြန်ရောက်လာသည်ကို မြင်ချိန်တွင် ယဲ့ချင်းလင်က သူ၏စူးစမ်းလိုစိတ်ကို ထိန်းချုပ်လိုက်ပြီး လေထဲတွင် လွင့်မျောနေသော ယုန်ဝတုတ်ကြီးကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်လေသည်။

"အကြီးအကဲပိုင်... နှစ်သစ်မှာ ပျော်ရွှင်ပါစေ..."

 

သူတို့နှစ်ယောက်က အပြန်အလှန် နှုတ်ဆက်လိုက်ကြလေသည်။

 

ယဲ့ချင်းလင်မှာ ယုန်ဝတုတ်ကြီးတစ်ကောင်က လက်နှစ်ဖက်ကိုစုကာ နှုတ်ဆက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် အလွန်ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။

 

သို့သော် မည်မျှပင် ချစ်စရာကောင်းစေကာမူ သူ ရဲတင်းစွာ မပြုမူရဲပေ။ ဤယုန်က လျန်ကျီဂိုဏ်း၏ စွမ်းအားအကြီးဆုံး အကြီးအကဲ အယောက် ၂၀ အနက် တစ်ယောက်အပါအဝင် ဖြစ်လေသည်။

 

နှုတ်ဆက်ပြီး နှစ်သစ်ကူးလက်ဆောင်များ ပေးပြီးနောက် ယဲ့ချင်းလင်က အလုပ်ကိစ္စကို ပြောလိုက်လေသည်။

"ဒါကဒီလိုပါ... အကြီးအကဲပိုင်က စာရွက်ပေါ်မှာ စိတ်ဝိညာဉ်စွမ်းအားတွေ ထည့်သွင်းနိုင်တဲ့ နည်းလမ်းအသစ်ကို ရှာတွေ့ထားပါတယ်လို့ ကြားရပါတယ်... ကျွန်တော်တို့ရဲ့ တာဝန်ပေးခန်းမဆောင်က အလုပ်တွေကို လက်ခံဖို့ စိတ်ဝင်စားမလားလို့ မေးချင်လို့ပါ..."

 

ယဲ့ချင်းလင်၏ ရည်ရွယ်ချက်က ရှင်းလင်းလေသည်။

 

"ဘာအလုပ်လဲ..."

ပိုင်ယွီမင်က စားပွဲတွင်ထိုင်ကာ သစ်ကြားသီးပေါင်မုန့်ကို ကိုင်ထားလျက် မေးလိုက်သည်။

 

ယဲ့ချင်းလင်နှင့် မော့ရှုလင်တို့ကလည်း ကုလားထိုင်တွင် ထိုင်နေကြပြီး ယဲ့ချင်းလင်ယူလာသော နှစ်သစ်ကူးမုန့်များကို ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြလေသည်။

 

"အဝတ်အစားတွေပေါ်မှာ စိတ်ဝိညာဉ်စွမ်းအားတွေ ထည့်ပေးဖို့ပါ..."

 

ပိုင်ယွီမင် နားမလည်မည်ကို စိုးရိမ်သဖြင့် ယဲ့ချင်းလင်က ထပ်ရှင်းပြလေသည်။

"လျှို့ဝှက်နယ်မြေထဲကို ဝင်မယ့် တပည့် စုစုပေါင်း ၃၅ ယောက် ရှိပါတယ်... ဒါပေမဲ့ နယ်မြေထဲကို ကျင့်ကြံဆင့်မြင့်တဲ့လူတွေက ဝင်လို့မရပါဘူး... အဲ့ဒါကြောင့် ဂိုဏ်းက သူတို့ကို အကာအကွယ် ပိုပြီးပေးချင်လို့ပါ..."

 

မော့ရှုလင်က မျက်မှောင်ကြုတ်လိုက်၏။

 

လျန်ကျီဂိုဏ်းက ဤကဲ့သို့ ကောင်းမွန်သောအရာကို လက်လွှတ်မည်မဟုတ်သည်ကို သူသိလေသည်။

 

သို့ရာတွင် ဂိုဏ်းထဲ၌ အလုပ်ကိစ္စဆွေးနွေးရန် လူသီးသန့်ရှိသော်လည်း ယခု ယဲ့ချင်းလင်အား လွှတ်လိုက်သည်မှာ ပိုင်ယွီမင်ကို လေးစားသမှုပြုခြင်းနှင့် ပိုင်ယွီမင်၏ ပေါင်းသင်းဆက်ဆံရေးကိုပါ ထည့်သွင်းစဉ်းစားပေးခြင်း ဖြစ်လေသည်။

 

ဂိုဏ်းချုပ်ကိုယ်တိုင် လာရောက်ရန်က မဖြစ်နိုင်ပေ။

 

ပိုင်ယွီမင်က ဤအလုပ်အတွက် အရည်အချင်း ပြည့်မီလျှင်ပင် တပည့် ၃၅ ယောက်က အရည်အချင်း မပြည့်မီပေ။

 

အခြားလူများက လျန်ကျီဂိုဏ်း၏ လျှို့ဝှက်နယ်မြေအတွက် ပိုင်ယွီမင်ကိုယ်တိုင်လုပ်ထားသည့် အကာအကွယ်များ ထည့်သွင်းပေးရသည်ကို သိသွားလျှင် လျန်ကျီဂိုဏ်း၌ ကိုယ်ပိုင်လျှို့ဝှက်နယ်မြေ မရှိသဖြင့် ဤလျှို့ဝှက်နယ်မြေအတွက် တပည့်များအား အာရုံစိုက်လွန်းသည်ဟု တွေးကာ လှောင်ပြောင်ရယ်မောကြမည် ဖြစ်လေသည်။

 

ဂိုဏ်းထဲတွင် နှစ်သစ်ကူးနှုတ်ဆက်သည့် ဓလေ့လည်း မရှိပေ။ ထို့အပြင် အချို့အကြီးအကဲများက မိသားစုနှင့် အလွန်ရင်းနှီးကြသဖြင့် ရှန့်ကွမ်းကျူးချင်အပါအဝင် သူတို့က နှစ်သစ်ကူးအတွက် အိမ်ပြန်သွားကြလေသည်။

 

အကြီးအကဲများက နှစ်သစ်ကူး၌ ဂိုဏ်းတွင်နေလျှင် တပည့်များကလည်း ထွက်သွားခွင့်မရှိပေ။

 

ထို့ကြောင့် လျန်ကျီဂိုဏ်း၌ နှစ်သစ်ကူးနှုတ်ဆက်ခြင်းကဲ့သို့ အလေ့အထမျိုး မရှိပေ။

 

အထူးသဖြင့် ဂိုဏ်းချုပ်က နွေဦးပွဲတော်ကာလတွင် လူမြင်ကွင်းသို့ ထွက်လာခြင်းကို ရှောင်ကြဉ်ရလေသည်။ သို့မှသာ အခြားလူများက တစ်မျိုးတစ်ဖုံ မတွေးမည် ဖြစ်လေသည်။

 

ယဲ့ချင်းလင်ကို လွှတ်လိုက်ခြင်းက ဂိုဏ်းအနေဖြင့် ပေးနိုင်သော အမြင့်ဆုံးရိုသေမှုဖြစ်ပြီး အခြားကိစ္စများကိုမူ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့်သာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

 

အဝတ်အစားများပေါ်တွင် တံဆိပ်ရိုက်နှိပ်ပေးရမည်ဟု ကြားချိန်၌ ယုန်ဝတုတ်ကြီးက ချက်ချင်း အဖြေမပေးနိုင်ဘဲ မော့ရှုလင်ကို ခက်ခဲသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်၏။

 

"ရှစ်စွမ်းက အဝတ်အစားပေါ်မှာ စိတ်ဝိညာဉ်စွမ်းအားထည့်သွင်းတဲ့ နည်းလမ်းကို မစမ်းသပ်ကြည့်ရသေးဘူး..."

မော့ရှုလင်က ကြားဖြတ်ပြောလိုက်၏။

 

သူက သဘောတူသည်ဟုလည်း မဆို၊ ငြင်းသည်ဟုလည်း မပြောပေ။

 

ယဲ့ချင်းလင်က မော့ရှုလင်စကား၏ အဓိပ္ပာယ်ကို နားလည်သွားပြီး ပြောလိုက်လေသည်။

"ရပါတယ် အကြီးအကဲပိုင်... အရင်ဆုံး စမ်းကြည့်ပေးပါ... တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း စာရွက်ကိုပဲ သုံးလို့ ရပါတယ်..."

 

အဝတ်အစားပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်းနှင့် စက္ကူကပ်ခြင်းကြားရှိ အကျိုးသက်ရောက်မှုက အလွန်ကွာခြားလေသည်။

 

“အင်း...”

ပိုင်ယွီမင်က မုန့်ကိုဝါးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် စိတ်အေးသွားသဖြင့် မုန့်ကို နှစ်ပိုင်းကိုက်လိုက်၏။

 

ယဲ့ချင်းလင်က ပိုင်ယွီမင်စမ်းသပ်ကြည့်ရန်အတွက် အဝတ်စအချို့ကို ထားခဲ့လေသည်။

 

"ကျင့်ကြံဆင့် အရမ်းမြင့်စရာမလိုပါဘူး... ချူချောင်အဆင့်နဲ့ ယွမ်ယင်အဆင့်လောက်ဆိုရင် ရပါပြီ..."

 

ယဲ့ချင်းလင်က ပြောပြီးနောက် ထပ်ရှင်းပြ၏။

"အဓိကရည်ရွယ်ချက်ကတော့ ဂိုဏ်းသားအချင်းချင်း တိုက်ခိုက်တာကို ကာကွယ်ဖို့ပါ..."

 

မည်သည်ကိုမှ ထပ်ပြီးအကြောင်းကြားရန် မရှိတော့သဖြင့် စကားအနည်းငယ် ပြောပြီးနောက် ယဲ့ချင်းလင်က ပြန်သွားလေသည်။

 

ယဲ့ချင်းလင်ပြန်သွားပြီးနောက် ပိုင်ယွီမင်က စဉ်းစားနေ၏။

 

ယဲ့ချင်းလင်ပြောသည်ကို ကြားပြီးနောက် သူက ယန်ချန်ချန်နှင့် လျှို့ဝှက်နယ်မြေထဲသို့ဝင်မည့် လက်ဖက်စိမ်းရှစ်မေ့အကြောင်းကို ချက်ချင်း တွေးမိသွားလေသည်။

 

လျန်ကျီဂိုဏ်း၏ စိုးရိမ်မှုက အမှန်ပင် ကျိုးကြောင်းဆီလျော်လေသည်။

 

လျန်ကျီဂိုဏ်းတွင် တပည့်ပေါင်း ၂ သိန်းကျော်ရှိ၏။ အပြင်တပည့်အရေအတွက်က အများဆုံးဖြစ်ပြီး ကျင်းတန်းအဆင့်အောက်တွင် တပည့်ပေါင်း ၁သိန်း ၃သောင်းကျော်ရှိလေသည်။

 

ထိုမျှသော အရေအတွက်ထဲမှ နေရာ ၂၁ နေရာအတွက် ယှဉ်ပြိုင်ရမည်မှာ အလွန်ပြင်းထန်လေသည်။

 

အမျိုးသားဇာတ်လိုက်နှင့် ဆန်ကုန်မြေလေးကောင်ကလည်း နေရာမရရှိခဲ့ပေ။

 

လျှို့ဝှက်နယ်မြေတွင်ရမည့် ကြီးမားသော အကျိုးကျေးဇူးများကြောင့် ထိုဆန်ကုန်မြေလေးက ယန်ချန်ချန်လက်ထဲရှိ နေရာသုံးနေရာကို ရရန်အတွက် သူမ၏ ခွင့်လွှတ်မှုကို ရရှိရန် နည်းမျိုးစုံဖြင့် တောင်းပန်လေတော့သည်။ သူက လက်ဖက်စိမ်းရှစ်မေ့ကိုပင် အပုပ်ချပြောဆိုခဲ့ပြီး ယန်ချန်ချန်၏ ခွင့်လွှတ်မှုကို တောင်းခံခဲ့လေသည်။

 

ယန်ချန်ချန်က အကြီးအကဲများ၏ ဖိအားပေးမှုကိုပင် ဂရုမစိုက်သူ ဖြစ်သဖြင့် ထိုလူ၏စကားကို နားယောင်မည် မဟုတ်ပေ။

 

ယန်ချန်ချန်က ထိုနေရာများကို ချန်ထားခြင်းမှာ ထိုဆန်ကုန်မြေလေး၏ စကားကို နားထောင်ရန် မဟုတ်ပေ။

 

သူမ၏ဂုဏ်သတင်းကို လက်ဖက်စိမ်းရှစ်မေ့က ဖျက်ဆီးထားသဖြင့် အခြေအနေအရပ်ရပ်ကို ရှင်းပြရန် ခက်ခဲနေလေသည်။ ယန်ချန်ချန်က ထိုနေရာသုံးနေရာကို အသုံးချကာ ဆန်ကုန်မြေလေးအား မျှော်လင့်ချက်ပေးပြီး ထိုလက်ဖက်စိမ်းရှစ်မေ့၏ အကြောင်းစုံကို လူသိရှင်ကြား ဖော်ထုတ်လိုက်ခြင်း ဖြစ်လေသည်။

 

ထိုအခါ ထိုလက်ဖက်စိမ်းရှစ်မေ့နှင့်အတူ သွားမည့် အသင်းဖော်များက သူမ၏အကျင့်စရိုက်ကို သံသယဝင်လာကြလေသည်။

 

အကျိုးစီးပွားကြောင့် ဖွဲ့စည်းထားသောအုပ်စုက အကျိုးစီးပွားကြောင့်ပင် ပြိုကွဲနိုင်လေသည်။ သို့သော် ယခုအချိန်၌ ကိစ္စများက မစတင်သေးသော်လည်း လျန်ကျီဂိုဏ်းက ကြိုတင်ခန့်မှန်းနိုင်လေသည်။ ဤအချက်ကြောင့် ဂိုဏ်းက သူ့ထံသို့ လာရောက်အကူအညီတောင်းခြင်း ဖြစ်နိုင်၏။

 

ဒါပေမဲ့ ဒီလူမှုရေးကိစ္စ အရှုပ်အထွေးတွေက ငါနဲ့ ဘာဆိုင်လို့လဲ...

 

ယုန်ဝတုတ်ကြီးက အဝတ်စများကို ရရှိသော်လည်း ချက်ချင်း မစမ်းသပ်သေးဘဲ ကိုယ့်ကိုယ်ကိုယ် ၇ ရက်ခန့် အနားပေးလိုက်လေသည်။

 

မော့ရှုလင်က ရှစ်စွမ်းအတွက် စိုးရိမ်ခဲ့သော်လည်း နောက်မှသာ သူ့ရှစ်စွမ်းက လုံးဝဂရုမစိုက်ဘဲ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်ပြီး ညလုံးပေါက် ဝတ္ထုဖတ်နေသည်ကို တွေ့လိုက်ရလေသည်။

 

ပိုင်ယွီမင်၏ အထူးခြားဆုံး လှုပ်ရှားမှုက မနက်ခင်းပြေးခြင်းပင် ဖြစ်လေသည်။ ယုန်ဝတုတ်ကြီးက အစပိုင်းတွင် ခုန်ပေါက်ပြေးလွှားနေသေးသော်လည်း နောက်ပိုင်းတွင် လမ်းပင်မလျှောက်နိုင်သဖြင့် ယုန်အသွင်ပြောင်းကာ ခန္ဓာကိုယ်ကိုသုံးပြီး ရှေ့သို့ လှိမ့်သွားလေတော့သည်။

 

သတ္တမမြောက်နေ့ မနက်ပိုင်းတွင် သူက လှိမ့်သည့်လမ်းကြောင်းကို မထိန်းချုပ်နိုင်တော့ဘဲ တောင်အောက်သို့ လိမ့်ဆင်းသွားလေသည်။

 

မော့ရှုလင်မှာ တောင်အနှံ့လိုက်ရှာပြီးနောက် အိပ်ပျော်နေသော ယုန်ကြီးကို တွေ့လိုက်ရလေသည်။

 

ပိုင်ယွီမင်က မဟာယနအဆင့်ဖြစ်သဖြင့် လိမ့်ကျသော်လည်း ထိခိုက်ဒဏ်ရာ မရရှိပေ။ သို့သော် သူလိမ့်ကျသွားသည့် နေရာကမူ ပျက်စီးသွားတော့လေသည်။

 

သို့ရာတွင် ထိုပျက်စီးသွားသော နေရာ၌ မော့ရှုလင်က အိမ်ဆောက်ရာတွင် အလွန်အသုံးဝင်သော သစ်သားဝိညာဉ် ပုံဆောင်ခဲတစ်ခုကို ရှာတွေ့ခဲ့လေသည်။ ထို့အပြင် အလွန်တုံးအပြီး ယုန်ဝတုတ်ကြီးတစ်ကောင်ထံမှ အသတ်ခံလိုက်ရသည့် တောဝက်တစ်ကောင်လည်း ရှိနေလေ၏။ အဆုံး၌ ညစာအတွက် စားစရာ ရခဲ့လေသည်။ ဤယုန်အား ကံကောင်းသည်ဟု ခေါ်ရမည်လား၊ မိုက်မဲသည်ဟု ခေါ်ရမည်လားကိုပင် မသိတော့ပေ။

 

သတ္တမမြောက်ည၌ မော့ရှုလင်က ရှစ်စွမ်းကို ညလုံးပေါက် ဝတ္ထုဖတ်ခွင့်မပေးတော့ဘဲ နောက်တစ်နေ့တွင် အပြင်ထွက်ပြီး ပျော်ပွဲရွှင်ပွဲများကို သွားကြည့်ရန် ပြောလိုက်လေသည်။

 

"ဘာများစိတ်ဝင်စားစရာ ကောင်းလို့လဲ... ၁၅ ရက်နေ့အထိ ဒီလိုပဲ စည်ကားနေမှာပဲကို..."

ပိုင်ယွီမင်က စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်၏။ သူက ဝတ္ထုဖတ်ခြင်းကို ပြန်လည်စွဲလန်းနေခြင်း ဖြစ်လေသည်။

 

"အဲ့ဒီမှာ ပြိုင်ပွဲတွေ အများကြီးရှိတယ်... နိုင်ရင် ဆုလည်းရဦးမှာ..."

မော့ရှုလင်က ပြောလိုက်၏။

 

"ဘာဆုတွေလဲ..."

မြက်သိုက်ထဲတွင် လှဲနေသော ယုန်ဝတုတ်ကြီးက စာမျက်နှာကိုလှန်ကာ ခြေထောက်ကလေးများကို လှုပ်ရမ်းလျက် ဂရုမစိုက်ဟန်ဖြင့် မေးလိုက်လေသည်။

 

ယခုအချိန်တွင် သူ့ထံ၌ စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေသဖြင့် သူ့အား စိတ်ဝင်စားအောင် လုပ်နိုင်သည့်အရာမှာ များစွာမရှိပေ။

 

"ဝတ္ထုစာအုပ်တွေလေ..."

 

ယုန်ဝတုတ်ကြီး၏ မျက်ဝန်းများက ချက်ချင်း တောက်ပလာပြီး လက်ထဲမှ စာအုပ်ကို ပိတ်ကာ ပြောလေသည်။

"အိပ်ကြစို့..."

Search Novels