🐰 Chapter 36


မော့ရှုလင်က လက်ကျန်ပစ္စည်းများအား မည်သို့ရောင်းရမည်ကို စဉ်းစားနေချိန်တွင် ပိုင်ယွီမင်ကမူ မော့ရှုလင်အတွက် မည်ကဲ့သို့ အိမ်ထောင်ဖက်ရှာပေးရမည်ကို တွေးတောနေလေသည်။ 

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၄၈၀ က သာမန်ဂိုဏ်းသားများအတွက်မူ အလွန်ဈေးကြီးလေသည်။

ရှီဟိုင်ချန်းက တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သော်လည်း ပစ္စည်းကောင်းများ သို့မဟုတ် မှော်လက်နက်များကို ဆရာဖြစ်သူက ဦးစွာရလေ့ရှိပြီး တပည့်များအနေဖြင့် ရရှိနိုင်ခြေက အလွန်မများပေ။

ယခုကဲ့သို့ ပစ္စည်းကောင်းမျိုးနှင့် ကြုံခဲသဖြင့် သူ့ဆရာထံမှ စိတ်ဝိညာဉ်ကျောက်တုံးချေးရန် ဆုံးဖြတ်လိုက်လေသည်။ နှစ်သစ်ကူးအတွက် အိမ်ပြန်ရောက်မှသာ ပြန်ဆပ်မည်ဟု တွေးထား၏။

ရှီဟိုင်ချန်းက စဉ်းစားပြီးနောက် ယဉ်ကျေးစွာဖြင့် ပြောလိုက်၏။ 
"ရှစ်တိ... ဒီအဆောင်လက်ဖွဲ့တွေကို ရှစ်ရှုန်းအတွက် ဖယ်ပေးထားလို့ ရမလား... စိတ်ဝိညာဉ်ကျောက်တုံးတွေ သွားယူမလို့ပါ... ရှစ်ရှုန်း နာရီဝက်အတွင်း ပြန်လာခဲ့မယ်..."

"ရပါတယ် ရှစ်ရှုန်း... စိတ်ချလက်ချသွားပါ..." 
မော့ရှုလင်က ပြောပြီးနောက် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့တစ်ထုပ်အား ဖယ်ထားလိုက်လေသည်။ 

မော့ရှုလင်၏ သေသေသပ်သပ် စနစ်ကျသော တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ရှီဟိုင်ချန်းမှာ သဘောကျသွားပြီး စိတ်ဝိညာဉ်ကျောက်တုံးချေးရန် ချက်ချင်းထွက်သွားလေသည်။

ကုန်းရှော့ကလည်း ထိုအဆောင်လက်ဖွဲ့များကို ဝယ်ချင်သော်လည်း သူက မိသားစုနောက်ခံရှိပြီး တိုက်ရိုက်တပည့်ဖြစ်သော ရှီဟိုင်ချန်းမဟုတ်ပေ။ သူ့အတွက်မူ စိတ်ဝိညာဉ်ကျောက်တုံး ၄၈၀ က များလွန်းနေလေ၏။ 

စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို ပုံမှန်အားဖြင့် တပည့်များက လေ့ကျင့်ရန် ရေးဆွဲလေ့ရှိကြသဖြင့် ဈေးပေါပေါနှင့် ရောင်းလေ့ရှိကြသည်။ သို့ရာတွင် ဟဲ့ရှန်းအဆင့်ရှိသော အဆောင်လက်ဖွဲ့ကိုမူ တစ်ခါမှ မမြင်ဖူးပေ။ ကုန်းရှော့က တစ်နှစ်ပတ်လုံး အရောင်းအဝယ်လုပ်နေသူဖြစ်သဖြင့် ဤပစ္စည်းများမှာ ကြည့်ရုံသာ တတ်နိုင်ပြီး ဝယ်ယူရန် မတတ်နိုင်သည်ကို သိလေသည်။ 

ထို့ကြောင့်လည်း မော့ရှုလင်က ဈေးရောင်းပွဲတော်ရှိသည်ကို သိချိန်တွင် ပိုင်ယွီမင်အား ဤအဆောင်လက်ဖွဲ့များကို ရေးဆွဲခိုင်းခဲ့ခြင်းဖြစ်လေသည်။ 

ယခုဖြစ်ပျက်နေသော ကိစ္စများအားလုံးက မော့ရှုလင်၏ အစီအစဉ်များသာ ဖြစ်၏။

ကုန်းရှော့က ရှက်ရွံ့ခြင်းမရှိဘဲ ပိုင်ယွီမင်ကို မေးလိုက်၏။ 
"ကျွန်တော့်ဆီမှာ တန်ဖိုးချင်းသိပ်မကွာတဲ့ ပစ္စည်းတချို့ ရောင်းမထွက်တာ ရှိပါသေးတယ်... အကြီးအကဲ တစ်ချက်လောက် ကြည့်ချင်မလားလို့ ကျွန်တော် မေးချင်ပါတယ်..."

ကုန်းရှော့က ပစ္စည်းချင်း ဖလှယ်ချင်ခြင်းဖြစ်လေသည်။ 

တစ်နိုင်တစ်ပိုင် အရောင်းအဝယ်လုပ်သူအနေဖြင့် သူက တစ်ခါတစ်ရံတွင် ပစ္စည်းကောင်းများကို ရတတ်လေသည်။ သို့သော် မည်သူကမှ ပစ္စည်းတန်ဖိုးကို မသိကြသဖြင့် ထိုပစ္စည်းများက ရောင်းမထွက်ဘဲ ဖြစ်နေရလေသည်။ ဈေးကောင်းရချင်လျှင် သိကျွမ်းသူတစ်ယောက်ယောက်ကို ရှာဖွေရမည်ဖြစ်၏။

ပိုင်ယွီမင်က ထိုပစ္စည်းများကို မလိုချင်ပေ။ ယခုအချိန်တွင် အိမ်ဖိုးပေးရန် ပိုက်ဆံရပြီဖြစ်သဖြင့် သူက အေးအေးဆေးဆေးနေရန်သာ ဆုံးဖြတ်လိုက်လေသည်။ သူက မော့ရှုလင်ကို တစ်ချက်ကြည့်ပြီး ချီဓားသိုင်းပညာစာအုပ်ကို ဆက်ဖတ်နေလိုက်၏။ 

ပိုင်ယွီမင် စိတ်မဝင်စားသည်ကို မော့ရှုလင် နားလည်သော်လည်း သူတို့က ငွေကြေးချို့တဲ့နေသည်ဟု မထင်ပေ။ 

ပစ္စည်းများကို ဝယ်ယူခြင်းနှင့် ပြန်လည်ရောင်းချခြင်းမှာ လူများက မည်ကဲ့သို့ ရှုမြင်သည့်အပေါ်တွင် မူတည်လေသည်။ အချို့ပစ္စည်းများမှာ သီးသန့်ရောင်းချိန်တွင် ဈေးမရသော်လည်း အနည်းငယ် မွမ်းမံပြင်ဆင်လိုက်ပါက ဈေးကြီးကြီးဖြင့် ရောင်းချနိုင်၏။ 

ဥပမာအားဖြင့် ပိုင်ယွီမင် ပြုပြင်လိုက်သည့် ကြွက်ရုပ်များဖြစ်လေသည်။ မူလက လျန်ကျီဂိုဏ်းတွင် မည်သူကမှ စိတ်မဝင်စားသော ပစ္စည်းများဖြစ်သော်လည်း ပိုင်ယွီမင်၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်ချိန်တွင် ရောင်းကုန်သွားလေ၏။ 

ဤသည်မှာ စီးပွားရေးအခွင့်အလမ်းထူးတစ်ခု ဖြစ်လေသည်။

မော့ရှုလင်က ပိုင်ယွီမင်ထံမှ ခွင့်ပြုချက် ရလိုက်သကဲ့သို့ ဟန်ဆောင်ကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်လေသည်။ 
"ဒီလိုဆိုလည်း ကောင်းတာပဲ... ကျွန်တော် တစ်ချက်လောက် ကြည့်ပါရစေ..."

ကုန်းရှော့မှာ အကြီးအကဲ၏ မျက်လုံးများကို ကြည့်ပြီးနောက် ထိုအဆောင်လက်ဖွဲ့များအား ရရန် အခွင့်အရေးမရှိတော့ဟု ထင်ထားခဲ့သော်လည်း သူ့ရှေ့မှ ရှစ်တိက စကားပြောကောင်းမည်ဟု မထင်ထားခဲ့ပေ။ အကြီးအကဲက စိတ်မဝင်စားလျှင်ပင် အနည်းဆုံး ဤရှစ်တိက သူ့ကို အနည်းငယ် မျက်နှာသာပေးပြီး ပစ္စည်းဖလှယ်ခွင့်ကို ပေးလာလေသည်။ 

ကုန်းရှော့အနေဖြင့် အဆောင်လက်ဖွဲ့များအားရရန် အခွင့်အရေးမရှိသည်ကို သိသော်လည်း သူက နှစ်အနည်းငယ်ကြာအောင် အရောင်းအဝယ်များ လုပ်ခဲ့သူဖြစ်သဖြင့် သူ့အမြင်ကို ယုံကြည်လေသည်။ ထို့အပြင် ဘေးတွင် နောက်ထပ်အကြီးအကဲတစ်ဦး ရှိနေသေးသဖြင့် ထိုအကြီးအကဲက သူ၏ပစ္စည်းများအား စိတ်ဝင်စားမည့် အခွင့်အရေးလည်း ရှိလေသည်။

"ရှစ်တိက သဘောကောင်းတာပဲ... ဒါဆိုရင် ဒီစားပွဲပေါ် တင်လိုက်မယ်နော်..."

ကုန်းရှော့က ပိုင်ယွီမင်ဘေးရှိ ကျောက်စားပွဲနားသို့ လျှောက်သွားပြီး လွန်ခဲ့သည့်နှစ်များအတွင်း၌ သူဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများကို ထုတ်ပြလိုက်လေသည်။ 

ကုန်းရှော့၏ ကျင့်ကြံဆင့်က နိမ့်သဖြင့် ပုံမှန်အားဖြင့် တန်ဖိုးကြီးပစ္စည်းများကို အလွယ်တကူ ထုတ်မပြရဲပေ။ တစ်စုံတစ်ယောက်က သူ့ထံတွင်ရှိသော ပစ္စည်းမျိုးကို လိုက်လံရှာဖွေနေသည့် အချိန်မျိုးမှသာ ဂိုဏ်းသို့ ယူဆောင်သွားလေ့ရှိလေသည်။ 

တန်ဖိုးရှိသည့် ဤပစ္စည်းများကို စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များနှင့် လဲလှယ်ရသည်မှာ အမှန်ပင် အရဲစွန့်ရာကျလေသည်။

ဖူရုန်ရှင်းမှာ မော့ရှုလင်က ကုန်းရှော့နှင့် အလုပ်ရှုပ်နေပြီး သူ့ကို လျစ်လျူရှုထားသဖြင့် စိတ်မကြည်မလင် ဖြစ်သွားလေသည်။ သူ့အမြင်အရ ကြွက်ရုပ်များကို ရောင်းပြီးလျှင် ကုန်းရှော့က ထွက်သွားသင့်၏။ သို့ရာတွင် ကျင့်ကြံဆင့်မြင့်မားသည့် အခြားအကြီးအကဲတစ်ဦး ရှိနေသေးသောကြောင့် ဖူရုန်ရှင်းအနေဖြင့် မကျေနပ်လျှင်ပင် သည်းခံနေရလေသည်။

သို့ရာတွင် ကုန်းရှော့က ပစ္စည်းကောင်းများ ထုတ်လာမည်ဟု သူ မထင်ထားခဲ့ပေ။ 

ဖူရုန်ရှင်း၏ မိသားစုက မျိုးရိုးစဉ်ဆက် အဆောင်လက်ဖွဲ့များကို ထုတ်လုပ်လာခဲ့ပြီး သူ၏ဦးလေးများနှင့် ညီအစ်ကိုများက အဆောင်လက်ဖွဲ့များ ရောင်းချခြင်းဖြင့် စိတ်ဝိညာဉ်ကျောက်တုံးပေါင်းများစွာကို ရှာဖွေနိုင်ခဲ့လေသည်။ 

သာမန်လူများ၏ မျက်လုံးထဲတွင်မူ စုတ်တံနှင့် မှင်ကိုသုံးပြီး စက္ကူပေါ်တွင် ရေးထားသော သင်္ကေတတစ်ခုသာ ဖြစ်လေ၏။ 

အမှန်တွင် ဤသင်္ကေတများကို ရေးဆွဲရန်မှာ အလွန်ပင်ပန်းခက်ခဲလေသည်။ မတူညီသော မန္တန်များအတွက် မတူညီသော စုတ်တံ၊ မှင်နှင့် စက္ကူအမျိုးအစားများ လိုအပ်လေသည်။ 

ရိုးရှင်းပြီး ထိရောက်သော အဆောင်လက်ဖွဲ့ အများစုမှာ ကုန်ကြမ်းပစ္စည်း မလုံလောက်မှုကြောင့် ပစ္စည်းပြတ်လပ်လေ့ရှိ၏။ 

သို့ရာတွင် ဤသည်က ဖူမိသားစု၏ လျှို့ဝှက်ချက်ဖြစ်သဖြင့် မည်သည့်ပစ္စည်းလိုနေသည်ကို အတိအလင်း ထုတ်ပြောမည်မဟုတ်ပေ။ မဟုတ်လျှင် ကုန်သည်များက ဈေးကိုင်ခွင့်ရသွားနိုင်လေသည်။

ကုန်းရှော့ထုတ်ပြလိုက်သည့် ပစ္စည်းများအနက် အရည်အသွေးအလွန်ကောင်းသည့် ကုန်ကြမ်းနှစ်မျိုးကို ဖူရုန်ရှင်း တွေ့လိုက်ရသော်လည်း ထိုပစ္စည်းများက ပိုင်ယွီမင်နှင့် ပစ္စည်းချင်းဖလှယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ ဖူရုန်ရှင်းက တိတ်ဆိတ်နေပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်နေမိလေ၏။ နောက်မှ သူဝယ်ခွင့်ရရန် ပိုင်ယွီမင်က ထိုပစ္စည်းများကို လစ်လျူရှုလိုက်စေရန်သာ ဆုတောင်းနေမိလေသည်။

ကုန်းရှော့ ထုတ်ပြလာသည့် ပစ္စည်းများက အဆင်ပြေသည်ဟု မော့ရှုလင် ခံစားရလေသည်။ အချို့ပစ္စည်းများမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာကျော်အထိ တန်ဖိုးရှိလေသည်။ 

သို့သော် ကုန်းရှော့၏ ပစ္စည်းများက သူတို့အတွက် စိတ်ဝင်စားဖွယ်မကောင်းပေ။ အကြောင်းမူကား ပိုင်ယွီမင် လိုအပ်နေသည်မှာ ဆောက်လုပ်ရေးပစ္စည်းများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများသာ ဖြစ်လေသည်။ 

ကုန်းရှော့ကိုယ်တိုင်ကလည်း ဤပစ္စည်းများက ရောင်းရခက်သည်ဟု ပြောထားသဖြင့် မော့ရှုလင်က ဝယ်ယူပြီး ပြန်မရောင်းရဲပေ။ သူ့လက်ထဲတွင် သောင်တင်နေမည်ကို စိုးရိမ်မိ၏။

မော့ရှုလင် ငြင်းပယ်တော့မည့်အချိန်တွင် ပိုင်ယွီမင်က ရုတ်တရက် မေးလိုက်၏။ 
"ဟိုစာအုပ်က ဘာလဲ..."

မော့ရှုလင်က ကျောက်စားပွဲပေါ်ရှိ ထူးဆန်းသော စာအုပ်ကို ကြည့်လိုက်ပြီးနောက် ပိုင်ယွီမင်က သူဖတ်နေကျ ဝတ္ထုများကဲ့သို့ ထင်နေသည်ကို သိလိုက်လေသည်။ 

ကုန်းရှော့၏ မျက်လုံးများက အရောင်တောက်လာ၏။ ပိုင်ယွီမင်က အဖိုးတန်ကုန်ကြမ်းများနှင့် မှော်လက်နက်များကို စိတ်ဝင်စားမည်ဟု ထင်ခဲ့သော်လည်း မျိုးဆက်တစ်ဆက်လုံး ရောင်းမထွက်ဘဲ သေတ္တာအောက်ဆုံး၌ သိမ်းထားရသည့် စာအုပ်ကို ရွေးချယ်လိုက်မည်ဟု မထင်ထားခဲ့ပေ။

ကုန်းရှော့က စာအုပ်ကို အမြန်ထုတ်ပြီး မော့ရှုလင်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။ မော့ရှုလင်က ပိုင်ယွီမင်ကို တစ်ဆင့်ပြန်ပေးလိုက်လေသည်။ 

ပိုင်ယွီမင်က စာအုပ်ကို ဖွင့်လိုက်သည်နှင့် စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရလေသည်။ ဤသည်မှာ အလွန်ဆန်းသစ်သော အတွေ့အကြုံဖြစ်၏။ 

စာအုပ်ထဲတွင် စာလုံးများမပါဘဲ အနက်ရောင်အရာများနှင့်သာ ပြည့်နှက်နေလေသည်။ ဤအနက်ရောင်အရာများက ချယ်ရီပွင့်ဖတ်များနှင့် တူသော်လည်း အရွယ်အစားမှာ အလွန်ကြီးမားသဖြင့် စာရွက်တစ်ရွက်လျှင် တစ်ခုသာ ဆံ့လေသည်။

ပွင့်ချပ်များကို အပေါ်နှင့် အောက်တွင် သိပ်သိပ်သည်းသည်း စီရီထားပြီး ရိုးရှင်းသော်လည်း နက်နဲသည့် စုတ်ချက်များ ပါလေသည်။ ထိုပွင့်ချပ်များကို လက်ဖြင့် ဆွဲထားပုံရ၏။ ဤစာအုပ်ကို ဖန်တီးသူက မည်သည်ကို ဆိုလိုချင်သည်ကို ပိုင်ယွီမင် နားမလည်ပေ။ 

သို့ရာတွင် အဆက်မပြတ် ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအားများကြောင့် ဤသည်က စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်နိုင်သည်ကို ပိုင်ယွီမင်သိသော်လည်း မှော်လက်နက်ဟု မသတ်မှတ်နိုင်ပေ။

မော့ရှုလင်က ထိုအရာများကို မြင်လိုက်သည်နှင့် သိလိုက်၏။ သူက ပိုင်ယွီမင်အား ဤကဲ့သို့ အမှိုက်မျိုးပေါ်တွင် ပိုက်ဆံမဖြုန်းစေချင်ပေ။

မော့ရှုလင် မပြောမီတွင် ကုန်းရှော့က အမြန်ရှင်းပြလိုက်၏။ 
"ဒီစာအုပ်က လက်ရှိ မြင်းဖြူမိစ္ဆာဘုရင်ရဲ့ ခွာရာတွေပါ... ထူးခြားတာတော့ မရှိပေမယ့် မြင်းဖြူမိစ္ဆာဘုရင်က သူ့လက်ရေးကို အရမ်းတန်ဖိုးထားတယ်လို့ ကြားဖူးပါတယ်..."

ထိုစကားများ၏ ဆိုလိုရင်းမှာ ဤစာအုပ်က အသုံးမဝင်သော်လည်း တစ်နေ့နေ့တွင် မြင်းဖြူမိစ္ဆာမျိုးနွယ်ကို ရန်စမိပါက ဤလက်ရေးကိုပြပြီး မျက်နှာသာပေးခံရနိုင်သည် ဟူ၍ဖြစ်လေသည်။ 

မော့ရှုလင်မှာ ယခင်ဘဝက မြင်းဖြူမိစ္ဆာဘုရင်နှင့် ပတ်သက်ဖူးသဖြင့် ခွာရာလက်ရေးမူအကြောင်းကို သိလေသည်။ မူလတွင် ဤသည်မှာ မြင်းဖြူမိစ္ဆာဘုရင်က ပိုက်ဆံရှာရန် ပြုလုပ်ထားသော အရာဖြစ်လေသည်။ တစ်စုံတစ်ယောက်က ဤသည်ကို အသုံးပြုပြီး မြင်းဖြူမိစ္ဆာဘုရင်ကို သွားရှာလျှင် မြင်းဖြူမိစ္ဆာဘုရင်က ချက်ချင်း မျက်နှာပြောင်းသွားမည်ဖြစ်သည်။

ထိုနေရာရှိ လူသုံးယောက်လုံးမှာ ဤစာအုပ်က အသုံးမဝင်သည်ကို သိသော်လည်း မိစ္ဆာဖြစ်သူ ပိုင်ယွီမင်ကမူ သဘောကျနေသည့်ပုံဖြင့် ဟိုလှန်သည်လှန် ကြည့်နေလေသည်။ 

"ပစ္စည်းကောင်းပဲ..." 
ပိုင်ယွီမင်က မျက်မှောင်ကြုတ်ကာ စာမျက်နှာအနည်းငယ်ကို လှန်ကြည့်ပြီးနောက် သက်ပြင်းချလိုက်လေသည်။ 
"ဒီမြင်းဖြူမိစ္ဆာဘုရင်ရဲ့ လက်ရေးက တကယ်ကို အံ့မခန်းပဲ...”

မော့ရှုလင် “.............”

ကုန်းရှော့ “...........”

ဖူရုန်ရှင်း “........”

ငါ့ကို အသိပညာနည်းတယ်ဆိုပြီး အနိုင်မကျင့်နဲ့... ဒါက မြင်းဖြူမိစ္ဆာဘုရင်ရဲ့ ခွာရာတွေဆိုတာ သိသာနေတာပဲ...

ပိုင်ယွီမင် မြင်သည့်အရာကို ကုန်းရှော့က မသိသော်လည်း ဤအရောင်းအဝယ်ကောင်းကို လက်မလွှတ်နိုင်ပေ။ 
"အကြီးအကဲက ပစ္စည်းကြည့်တတ်တာပဲ... ဒီစာအုပ်ထဲမှာ ခွာရာလေးခုပါပြီးတော့ တစ်ခုချင်းစီမှာ မတူညီတဲ့ စိတ်ဝိညာဉ်ရနံ့တွေ ပါဝင်နေပါတယ်...”

မော့ရှုလင် “......”

မတူညီတဲ့ ခြေထောက်အနံ့တွေလို့ ပြောရင် ပိုမှန်လောက်မယ်...

ပိုင်ယွီမင်က စာအုပ်ကို နမ်းကြည့်ရအောင်ထိ မတုံးအပေ။ သူက စာအုပ်ကိုပိတ်ပြီး သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။ 
"ဒီပစ္စည်းကို ယူလိုက်မယ်... ရှုလင်... သူ့ကို အဆောင်လက်ဖွဲ့တစ်ထပ်နဲ့ ပစ္စည်းနည်းနည်းလောက် ထပ်ပေးလိုက်ပါဦး..."

"ဟုတ်ကဲ့ပါ ရှစ်စွမ်း..."
မော့ရှုလင်က ခေါင်းငုံ့ကာ နာခံလိုက်လေသည်။ 

ဒါပေမဲ့ ဒီခွာရာတွေက ဘာအသုံးဝင်မှာမလို့လဲ... 

ဒီပစ္စည်းတွေက အသုံးမဝင်ဘူးဆိုတာ ငါကောင်းကောင်း မှတ်မိပါတယ်... 

ထို့နောက် ပိုင်ယွီမင်ကလည်း မိစ္ဆာမျိုးနွယ်ဖြစ်သည်ကို မော့ရှုလင် သတိရလိုက်၏။ ယုန်မိစ္ဆာဖြစ်သူ ပိုင်ယွီမင်အနေဖြင့် ဤခွာရာများ၏ အဓိပ္ပာယ်ကို အမှန်တကယ် နားလည်နေခြင်းလည်း ဖြစ်နိုင်လေ၏။

🐰🐰🐰

🐰 Chapter 37


မော့ရှုလင်၏ စိတ်ထဲတွင် မကျေနပ်ချက်များ ရှိနေသော်လည်း ယခုအချိန်က မေးမြန်းရမည့် အချိန်မဟုတ်သေးပေ။ 

ပိုင်ယွီမင်က အသုံးမဝင်သော ခွာရာလက်ရေးမူများကို မည်သည့်အတွက်ကြောင့် ဝယ်ယူသည်ကို နားမလည်နိုင်သော်လည်း ကုန်းရှော့ကို ဆိုးဆိုးဝါးဝါး မဆက်ဆံရန် ဆုံးဖြတ်လိုက်လေသည်။ 

သူက ကုန်းရှော့အတွက် အကောင်းဆုံးထင်ရသော စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို ရွေးထုတ်ပြီး အသင့်ပြင်ထားသော ကြိုးဆွဲအိတ်ထဲသို့ ထည့်လိုက်၏။ 

ထို့နောက် မော့ရှုလင်က သိုလှောင်အိတ်ထဲမှ ကြွေပုလင်းဖြူလေးတစ်လုံးကို ထုတ်ပြီး ပြောလိုက်လေသည်။
"ရှစ်ရှုန်း... ဒါက အဆောင်လက်ဖွဲ့နဲ့တွဲပြီး အသုံးပြုလို့ရတဲ့ စိတ်သန့်စင်စေတဲ့ စိတ်ဝိညာဉ်မြက်ရည်ပါ... အတူတူတွဲသုံးရင် ပိုပြီး ထိရောက်ပါတယ်..."

ကုန်းရှော့က စိတ်သန့်စင်စေသော စိတ်ဝိညာဉ်မြက်ရည်များကို မြင်ချိန်တွင် ဝမ်းသာအားရ ခေါင်းညိတ်လိုက်၏။ 

စိတ်သန့်စင်သော စိတ်ဝိညာဉ်မြက်ရည်များမှာ စိတ်ကိုတည်ငြိမ်စေသည့် အာနိသင်ရှိသော အဆင့်နိမ့်ကုန်ကြမ်းများ ဖြစ်လေသည်။ သို့ရာတွင် မြက်ကို အရည်ညှစ်ယူသည့် လုပ်ငန်းစဉ်က အလွန်လက်ဝင်လှ၏။ ထို့ကြောင့် ဤပစ္စည်းက ဈေးကြီးလေ့ရှိပြီး ပုံမှန်အချိန်တွင် ကုန်းရှော့က မဝယ်သင့်သည့်ပစ္စည်းဟု ယူဆထားလေသည်။ 

မော့ရှုလင်က အခြားသော လက်နက်များ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် အဆင့်နိမ့် အဆောင်လက်ဖွဲ့နှစ်စုံနှင့် အဆင့်နိမ့် သစ်သားရုပ်သေးနှစ်ရုပ်ကိုပါ ထည့်ပေးလိုက်လေသည်။

"ဒီအဆောင်လက်ဖွဲ့တွေက လက်ဆောင်ပါ... သစ်သားရုပ်သေးတွေကိုတော့ ရှစ်ရှုန်းရဲ့ အငွေ့အသက်ကို ဖျောက်ဖို့နဲ့ ရုပ်ဖျက်ဖို့ သုံးနိုင်ပါတယ်..."

ကုန်းရှော့မှာ အနီရောင်ဝတ်စုံဝတ်ထားသော အကြီးအကဲနှင့် အရောင်းအဝယ်လုပ်ရသည်က အမြတ်ကြီးစွာရသည်ဟု ခံစားရလေသည်။ 

ဤရှစ်တိလေးကလည်း စီးပွားရေးလုပ်ရာတွင် ဆရာတစ်ဆူဖြစ်၏။ လက်ဆောင်ပေးလိုက်သည့် ပစ္စည်းများက တစ်ခုနှင့်တစ်ခု အထောက်အကူပြုနေပြီး အဆောင်လက်ဖွဲ့များကို ချိတ်ဆက်ကာ မန္တန်စွမ်းအားကို အမြင့်ဆုံးသို့ရောက်အောင် ပံ့ပိုးပေးနိုင်လေသည်။ လူသား၏ အသက်ရှူသံနှင့် အငွေ့အသက်ကို တုပနိုင်သည့် သစ်သားရုပ်သေးများနှင့် တွဲဖက်ပြီး အသုံးပြုပါက ပိုပြီးပြည့်စုံသွားလေသည်။

ဖူရုန်ရှင်းက ထိုလက်ဆောင်များကို ကြည့်ပြီး အံ့အားသင့်သွား၏။ 

အဆောင်လက်ဖွဲ့များ၊ စာရွက်များ၊ ကြွက်ရုပ်များ၊ စိတ်ဝိညာဉ်မြက်ရည်များ၊ ဆေးလုံးများ၊ ကြိုးဆွဲအိတ်များ စသည်ဖြင့် ကျင့်ကြံဆင့်အမျိုးမျိုးအတွက် အသုံးပြုနိုင်သည့် ပစ္စည်းမျိုးစုံက ဤဆိုင်လေးထဲတွင် ရှိနေလေသည်။ 

မူလတွင် ဖူရုန်ရှင်းမှာ ဤပစ္စည်းများကို ပိုင်ယွီမင်နှင့် မော့ရှုလင်တို့က ဖန်တီးပြုလုပ်ထားသည်ဟု ထင်ထားခဲ့လေသည်။ ယခုမူ တပည့်ဖြစ်သူက ပစ္စည်းရောင်းပြီး စီးပွားရေးကို သင်ယူနေကာ ဆရာဖြစ်သူက တပည့်လေးလျှောက်သွားနေသည်ကို လွတ်လွတ်လပ်လပ် ခွင့်ပြုထားပုံရလေသည်။

ဖူရုန်ရှင်းက နောက်ထပ်ပစ္စည်းဝယ်ရန် စဉ်းစားမရဖြစ်နေချိန်တွင် "ဖူ" ဟူသော စာလုံးရေးထိုးထားသော အနီရောင်အိတ်လေးကို တွေ့လိုက်ပြီး နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးရန် သင့်လျော်သည်ဟု ရုတ်တရက် တွေးမိလိုက်လေသည်။ 

ဖူရုန်ရှင်းက မေးလိုက်၏။ 
"ဒီအိတ်နှစ်အိတ်အပြင် နောက်ထပ် အနီရောင်အိတ်တွေ ရှိသေးလား..."

အစောက ပစ္စည်းဝယ်ချိန်တွင် ထိုအိတ်နှစ်အိတ်ကို သူ သတိမထားမိခဲ့ပေ။ 

"ရှိပါတယ်..."  
မော့ရှုလင်က ခေါင်းညိတ်လိုက်၏။ သူ့မျက်လုံးများက ရိုးသားဖြူစင်နေလေသည်။ 

"ရှစ်ရှု ဝယ်ချင်လို့လား... ဒီအိတ်တွေက တကယ်တန်ပါတယ်... တစ်စုံကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၆၆ တုံးပဲ ကျသင့်တာပါ... အဆောင်လက်ဖွဲ့တွေနဲ့ သစ်သားရုပ်သေးတွေကလည်း ဈေးအတူတူပါပဲ..."

ဖူရုန်ရှင်းအား ပစ္စည်းများပိုဝယ်ရန်အလို့ငှာ ဆွဲဆောင်ရန်အတွက် ဤအိတ်အနီများအား ထုတ်ထားသည်ကိုမူ သူ ထုတ်ပြောမည်မဟုတ်ပေ။ 

ဖူရုန်ရှင်းက ဈေးနှုန်းသင့်လျော်သည်ဟု ယူဆလိုက်၏။ 
"ဒါဆိုရင် ၃၂ စုံလောက်ပေးပါ..."

ဖူရုန်ရှင်းက ဆိုင်တွင် ပစ္စည်းမလောက်မည်ကို စိုးရိမ်သဖြင့် ထပ်ပြောလိုက်၏။ 
"အိတ်ထဲမှာ ဘာထည့်ထည့်ရပါတယ်... ငါက အိတ်ကိုပဲ လိုချင်တာ..."

အဆောင်လက်ဖွဲ့ရေးဆွဲခြင်းမှာ ကျောက်တုံးကို ရေစက်ချပြီး ထိုးဖောက်ရသကဲ့သို့ ရှည်လျားသော လေ့ကျင့်မှုတစ်ခု ဖြစ်သဖြင့် လူငယ်ကျင့်ကြံသူ အများစုက ဤလုပ်ငန်းစဉ်ကို သည်းမခံနိုင်ကြဘဲ အချိန်တိုအတွင်း စွန့်ခွာသွားတတ်ကြလေသည်။ 

ဖူမိသားစုက တပည့်များကို လက်ခံရာတွင် ခွဲခြားမှုမရှိဘဲ စိတ်ရှည်သည်းခံနိုင်သူများကိုသာ လက်ခံလေ့ရှိသည်။ 

ဖူရုန်ရှင်း၏ တောင်ထိပ်တစ်ခုတည်းတွင်ပင် အဆင့်တက်သွားသော တပည့် ၃၂ ယောက် ရှိလေသည်။ ယခင်နှစ်များတွင် သူက စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ လက်ဆောင်ပေးလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ရှားရှားပါးပါး ပစ္စည်းကောင်းများကို တွေ့ရသဖြင့် ဤအိတ်များကို လက်ဆောင်အဖြစ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

"ဟုတ်ကဲ့ပါ ရှစ်ရှု... ခဏလောက် စောင့်ပေးပါဦး..." 
မော့ရှုလင်က တောက်ပစွာ ပြုံးပြကာ ချက်ချင်းပင် အိတ် ၃၂ စုံကို အမြန်ထုတ်ပိုးလိုက်လေသည်။

မော့ရှုလင်က အကဲခတ်တော်သူ ဖြစ်လေသည်။ ဖူရုန်ရှင်းက အဆောင်လက်ဖွဲ့များအား ဖန်တီးရာတွင် ကျွမ်းကျင်သူဖြစ်သည်ကို သိသဖြင့် ပထမဦးစွာ သစ်သားရုပ်သေး (၂၈) ရုပ်ကို ထုတ်ပိုးလိုက်လေသည်။ ထိုနောက် မော့ရှုလင်က အဆောင်လက်ဖွဲ့များကို မထည့်တော့ဘဲ ဝိညာဉ်စွမ်းအားများကို ဖြည့်တင်းပေးနိုင်သည့် ဆေးလုံး သို့မဟုတ် စိတ်ဝိညာဉ်မြက်ရည်များကိုသာ ထည့်ပေးလိုက်လေသည်။ သို့ရာတွင် အစီအရင်အတွက် အထောက်အကူပြုမည့် အဆောင်လက်ဖွဲ့အချို့ကိုမူ ထည့်ပေးလိုက်သေးသည်။

ဖူရုန်ရှင်းက အံ့အားသင့်သွား၏။ 

"ကလေး... ဘာဖြစ်လို့ ဒီလူအိုကြီးအတွက် အဆောင်လက်ဖွဲ့တွေ မထည့်ပေးတာလဲ..." 
သူက စမ်းသပ်လိုစိတ်ဖြင့် မေးလိုက်သော်လည်း သူ၏လေသံက နူးညံ့သွားလေသည်။ 

မော့ရှုလင်၏ လက်လှုပ်ရှားမှုများက ရပ်တန့်သွားသော်လည်း ကလေးဆန်သော အပြုံးလေးက မျက်နှာတွင် ရှိနေဆဲ ဖြစ်လေသည်။
"ရှစ်ရှုရဲ့ ခါးချိတ်တံဆိပ်ပြားမှာ 'အဆောင်လက်ဖွဲ့' ဆိုတဲ့ စာလုံးကြီး ပါနေတာပဲကို... ဒီတပည့်က ဘယ်လိုလုပ် ကိုယ့်အရှက်ကိုယ် ပြန်ခွဲရဲမှာလဲ..."

ဖူရုန်ရှင်းက သူ့ခါးချိတ်တံဆိပ်ပြားကို ငုံ့ကြည့်လိုက်ပြီး သူ၏အထောက်အထားကို ရိပ်မိနေသော ကုန်းရှော့ကိုပါ မြင်လိုက်ရသဖြင့် ချက်ချင်း ပြုံးလိုက်မိ၏။
"ကြည့်စမ်းပါဦး... ငါကိုယ်တိုင်က တုံးနေတာကိုး..."

အကြီးအကဲများ၏ ခါးချိတ်တံဆိပ်ပြားပုံစံနှင့် ပါဝင်သော စာလုံးများကိုကြည့်ပြီး အကြီးအကဲများ၏ အထောက်အထားကို ခွဲခြားနိုင်လေသည်။ 

ဖူရုန်ရှင်း၏ ခါးချိတ်တံဆိပ်ပြားရှိ စာလုံးမှာ 'အဆောင်လက်ဖွဲ့' ဟု အဓိပ္ပာယ်ရလေသည်။ 

ဖူရုန်ရှင်းက သက်ပြင်းချလိုက်မိ၏။ သူ့ရှေ့ရှိ လူငယ်လေးက အသက်ငယ်သော်လည်း အလွန်စွမ်းဆောင်ရည် ရှိလေသည်။ 

ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များ၏တန်ဖိုးက ကုန်သည်တစ်ယောက်အတွက် အတူတူပင် ဖြစ်သော်လည်း ဖူရုန်ရှင်း၏ တောင်ထိပ်တွင် အဆောင်လက်ဖွဲ့များက အပေါများဆုံးပစ္စည်း ဖြစ်လေသည်။ ရောင်းလိုအားက ဝယ်လိုအားထက်များနေသဖြင့် အဆောင်လက်ဖွဲ့တစ်ရွက်၏ တန်ဖိုးမှာ ဆေးလုံးများထက် နိမ့်ကျလေ၏။ 

အိတ်ထဲတွင် ဘာထည့်ထည့်ရသည်ဟု ပြောခဲ့သော်လည်း အခြားလူများက မိမိ၏စကားအား မည်ကဲ့သို့ တန်ဖိုးထားသည်ကိုမူ ဂရုစိုက်လေသည်။

မော့ရှုလင်က အနီရောင်အိတ် (၃၂) အိတ်ကို ထုတ်ပိုးပြီးနောက် ဖူရုန်ရှင်းက ကျသင့်ငွေကို ပေးရုံသာမက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကိုပါ အပိုဆုကြေးအဖြစ် ပေးခဲ့လေသည်။ 

မော့ရှုလင်က အံ့အားသင့်ခြင်းမရှိဘဲ လက်ခံလိုက်ပြီး ချိုချိုသာသာဖြင့် ကျေးဇူးတင်စကား ပြောလိုက်၏။ 

ဖူရုန်ရှင်းက ကုန်းရှော့၏ ကုန်ကြမ်းပစ္စည်းများကို သဘောကျသဖြင့် ငွေချေပြီးနောက် သူနှင့်ကုန်းရှော့က ကုန်ကြမ်းပစ္စည်းများ၏ဈေးနှုန်းကို ဆွေးနွေးရန် အခြားနေရာသို့ ထွက်သွားကြလေသည်။

ဆိုင်တွင် မော့ရှုလင်နှင့် ပိုင်ယွီမင်နှစ်ယောက်သာ ကျန်ခဲ့လေသည်။ ပိုင်ယွီမင်က မော့ရှုလင်၏ စီးပွားရေးပါရမီကြောင့် အလွန်အံ့အားသင့်နေလေ၏။ သူသာရောင်းလျှင် ဤနည်းဗျူဟာများအနက် တစ်ဝက်ပင် သိမည်မဟုတ်ပေ။ 

အရောင်းအဝယ် တစ်ခါပြီးချိန်တွင် ဆိုင်ရှိပစ္စည်းများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ရောင်းထွက်သွားလေသည်။ နှစ်သစ်ကူးစာများ၊ နွေဦးပွဲတော်စာများနှင့် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များ ကျန်သေးလေသည်။ အထူးသဖြင့် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များစွာ ကျန်နေသေး၏။

ကျွမ်းကျင်မှုမရှိဘဲ လုပ်ထားသည့် ကြွက်ရုပ်များနှင့် သစ်သားရုပ်သေးများအားလုံး ရောင်းထွက်သွားသည်ကို ပိုင်ယွီမင် သိလေသည်။ ကြွက်ရုပ်များက ပိုင်ယွီမင်၏ စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေသဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သော်လည်း သစ်သားရုပ်သေးများမှာမူ မော့ရှုလင်၏ ဉာဏ်ရည်ထက်မြက်မှုကြောင့် ရောင်းထွက်သွားခြင်း ဖြစ်လေသည်။ မော့ရှုလင်ရလိုက်သည့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးက အကောင်းဆုံးသက်သေပင် ဖြစ်၏။

ဝယ်သူမကျန်တော့သော်လည်း မော့ရှုလင်က အငြိမ်မနေပေ။ 

သူက ဆိုင်ပေါ်ရှိ ပစ္စည်းများကို ပြန်လည်စီလိုက်ပြီး ရောင်းမထွက်သော အဆောင်လက်ဖွဲ့များကို ထည့်ရန် အနီရောင်အိတ်များကို ထပ်ထုတ်လိုက်သည်။ မော့ရှုလင်က မန္တန်တစ်ခုကို ရွတ်ဆိုပြီးနောက် စိတ်ဝိညာဉ်မြက်အရည်များနှင့် ဆေးလုံးများကို ထည့်လိုက်၏။ နောက်ဆုံးတွင် ဝယ်သူများက အထဲကိုမြင်နိုင်ရန် အိတ်ကို ဖွင့်ထားလိုက်လေသည်။

ပိုင်ယွီမင်က မော့ရှုလင်လုပ်နေသည်များကို နားမလည်နိုင်ပေ။ 

ပစ္စည်းရောင်းချင်တယ်ဆိုရင် ဘာဖြစ်လို့ ထပ်ပြီးထုပ်ပိုးနေတာလဲ...

ကျန်နေတဲ့ ပစ္စည်းတွေကို ဒီလိုလုပ်ပြီး ဘယ်လိုရောင်းမှာလဲ... 

သို့ရာတွင် အနီးအနား၌ လူများရှိနေသေးသဖြင့် မသေမျိုးအဖြစ် ဟန်ဆောင်နေရသော ပိုင်ယွီမင်မှာ ပေါ်ပေါ်ထင်ထင် မမေးမြန်းရဲပေ။ 

တစ်ခဏကြာပြီးနောက် ပိုင်ယွီမင်က အဖြေကို သိလိုက်ရ၏။ 

အကြောင်းမှာ ရှီဟိုင်ချန်းပြန်လာချိန်တွင် သူ၏ရှစ်စွမ်းကိုပါ ခေါ်လာသောကြောင့်ဖြစ်သည်။ 

ဤသည်ကလည်း မော့ရှုလင် မျှော်လင့်ထားသော ကိစ္စဖြစ်၏။ နှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ တပည့်အများစုမှာ မိသားစုထံမှ ငွေရလာချိန်တွင် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပြီး ပစ္စည်းများကို စိတ်ကြိုက်ဝယ်တတ်ကြလေသည်။

ရှီဟိုင်ချန်း၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် သူက မိသားစုနောက်ခံရှိသူဖြစ်ကြောင်း သိသာလေသည်။ ရှီဟိုင်ချန်းက တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်ပြီး မျက်နှာက နွေဦးလေပြေကဲ့သို့ ကြည်လင်နေကာ လျန်ကျီဂိုဏ်းကို သံယောဇဉ်ရှိလေသည်။ ရှီဟိုင်ချန်းက ဂိုဏ်းထဲတွင် အဆင်ပြေပြေနေရသည်ကို မော့ရှုလင် သိလေ၏။ 

ဤဂိုဏ်းက ဆရာတစ်ယောက်အနေဖြင့် ကောင်းမွန်စွာ နေထိုင်နိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစားရုန်းကန်ရသည့်နေရာ ဖြစ်လေသည်။ ရှီဟိုင်ချန်းက စိတ်ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်ချေးရဲသဖြင့် သူ့ထံတွင် ရှစ်စွမ်းကောင်းတစ်ယောက် ရှိသည်မှာ ထင်ရှားလေသည်။ 

ရှီဟိုင်ချန်းက စိတ်ဝိညာဉ်ကျောက်တုံးကို ချေးချိန်တွင် အကြောင်းပြချက် ပေးရမည်ဖြစ်သဖြင့် ပိုင်ယွီမင်နှင့် ဆိုင်ပေါ်ရှိ ပစ္စည်းများအကြောင်းကို ပြောပြရမည် ဖြစ်သည်။ ရှီဟိုင်ချန်း၏ ရှစ်စွမ်းက အလုပ်ရှုပ်မနေလျှင် ဆိုင်သို့ လာကြည့်မည်မှာ သေချာလေ၏။ 

ပိုင်ယွီမင်ကို ဖန်တီးပြုလုပ်ခိုင်းခဲ့သော ပစ္စည်းများက ကျင့်ကြံရေးလောကတွင် ရှားပါးပြီး ဈေးနှုန်းသက်သာသည်ဟု မော့ရှုလင် သေချာပေါက် သိလေသည်။

မိစ္ဆာကျင့်ကြံသူများကို အထင်သေးခြင်းမှာ ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း အကျိုးအမြတ် ရမည့်ကိစ္စနှင့် ပတ်သက်လာလျှင် သုံးလောကရှိ မည်သည့်သတ္တဝါမဆို သူတို့၏ မကျေနပ်ချက်များကို ခေတ္တဘေးဖယ်ထားနိုင်လေသည်။ 

ထာဝရရန်သူဟူ၍ မရှိပေ။ ထာဝရအကျိုးစီးပွားသာ ရှိလေသည်။ 

မော့ရှုလင်၏ လမ်းပြမှုအောက်တွင် ရှီဟိုင်ချန်း၏ရှစ်စွမ်းဖြစ်သူ ကျန်းယန်ရွေ့မှာ နှစ်သစ်ကူးစာများသာမက နွေဦးပွဲတော်အတွက် စာရွက်တစ်စုံ၊ စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့သုံးထပ်နှင့် အနီရောင်အိတ်များကိုပါ ဝယ်ယူသွားခဲ့လေသည်။

ကုန်ကြမ်းများကို ဝယ်ယူပြီးသည့် ဖူရုန်ရှင်းက ကျန်းယန်ရွေ့နှင့် တွေ့ချိန်တွင် နှုတ်ဆက်ပြီးနောက် မည်သည့်အတွက်ကြောင့် အနီရောင်စာအိတ်များစွာ ဝယ်ယူရသည်ကို မေးမြန်းလေ၏။ 

ကျန်းယန်ရွေ့၏ တောင်ထိပ်တွင် တပည့်များစွာမရှိဘဲ ရှီဟိုင်ချန်းကဲ့သို့ ပါရမီရှိသော တပည့် (၁၁) ဦးသာ ရှိလေသည်။ 

အနီရောင်စာအိတ်များကို တပည့်များအတွက်သာမက တောက်တိုမည်ရလုပ်ရန် လာရောက်ကြသော တပည့်များကိုပါ ပေးကမ်းနိုင်သည်ကို သိလိုက်ချိန်တွင် ဖူရုန်ရှင်းက သူ့ကိုယ်သူ အလွန်တုံးအပြီး ရိုးရှင်းသော အမှားတစ်ခုကို လုပ်မိခဲ့သည်ဟု စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏။

ဖူရုန်ရှင်းသာမက မော့ရှုလင်ဘေးတွင် ရှိနေသော ပိုင်ယွီမင်ပင်လျှင် ဤပစ္စည်းကို စာအိတ်နီအဖြစ် အသုံးပြုနိုင်သည်ဟု လုံးဝမတွေးမိခဲ့ပေ။ 

ဤသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးများပေးသည်ထက် ပိုပြီး ဂရုစိုက်ရာ ရောက်လေသည်။ အထူးသဖြင့် ယခုကဲ့သို့ နှစ်သစ်ကူးကာလတွင် လူတိုင်းက စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ ပေးလေ့ရှိကြ၏။ သို့ရာတွင် ကျန်းယန်ရွေ့က အနီရောင်စာအိတ်များကို သီးသန့်ပေးချိန်တွင် တောင်ပေါ်ထိ ကြိုးကြိုးစားစား တက်လာရသော တပည့်များက နွေးထွေးမှုကို ခံစားရမည်ဖြစ်သည်။

မော့ရှုလင်၏ စီးပွားရေးပါရမီက ထိုမျှမကသေးပေ။ 

အဆင့်မြင့်ပစ္စည်းများ ရောင်းကုန်သွားပြီးနောက် ဆိုင်တွင် ကျန်နေသော နှစ်သစ်ကူးစာရွက်များ၊ နွေဦးပွဲတော်အတွက် စာရွက်များနှင့် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များက ဈေးကြီးကာ ရောင်းရခက်လေသည်။ 

ဤပစ္စည်းများက ရောင်းထွက်ရန် မလွယ်ကူသည်ကို ပိုင်ယွီမင်သိသဖြင့် ရောင်းရမည်ဟုလည်း မမျှော်လင့်ထားပေ။ 

ကျန်ရှိသော ပစ္စည်းသုံးမျိုးအနက် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့က ကုန်ကြမ်းတန်ဖိုး ဈေးကြီးပြီး ကျန်နှစ်မျိုးမှာ အမြတ်မရှိလုနီးပါး နည်းပါးလေသည်။ မော့ရှုလင်ရောင်းလိုက်သည့် အလွန်ဈေးကြီးသော နှစ်သစ်ကူးစာရွက်များနှင့်ယှဉ်လျှင် အဆောင်လက်ဖွဲ့များ၏ ကုန်ကြမ်းတန်ဖိုးက ပြောပလောက်သည့် ပမာဏမဟုတ်ပေ။ 

ပိုင်ယွီမင်က ထိုကုန်ကြမ်းအတွက် ဆုံးရှုံးရသည့်ငွေကို တွေးထားပြီး ဖြစ်လေသည်။

မော့ရှုလင်က ပစ္စည်းများအား သိမ်းဆည်းနေသည်ကို မြင်ချိန်တွင် ပိုင်ယွီမင်ကလည်း သူ၏ကုလားထိုင်နှင့် စာအုပ်များကို သိမ်းလိုက်ပြီး တပည့်လေးနှင့်အတူ ယွဲ့ရွှယ်တောင်ထိပ်သို့ ပြန်ရန် ပြင်ဆင်လိုက်လေသည်။ 

ထိုအချိန်တွင် မော့ရှုလင်က ပြောလိုက်၏။ 
"ရှစ်စွမ်း... ကျွန်တော့်ကို ခဏလောက် စောင့်ပါဦး..."

ထို့နောက် မော့ရှုလင်က ပိုင်ယွီမင်၏ မြင်ကွင်းထဲရှိ အခြားဆိုင်များသို့ ပြေးသွားလေသည်။ 

မော့ရှုလင်က ကိုယ့်ကိုယ်ကိုယ် ဆုချရန် ပစ္စည်းတစ်ခုခုသွားဝယ်သည်ဟု ပိုင်ယွီမင် ထင်လိုက်သော်လည်း မော့ရှုလင်က ကျန်ရှိသည့် ပစ္စည်းများအား ဆိုင်ရှင်သုံးယောက်ထံ ရောင်းချလိုက်သည်ကို မြင်လိုက်ရလေသည်။ ထိုဆိုင်ရှင်သုံးယောက်အနက်မှ တစ်ယောက်က ကုန်းရှော့ဖြစ်၏။

မော့ရှုလင်က ဆိုင်ရှင်သုံးဦးကို ရောင်းအားတက်စေရန်အတွက် အကြံဉာဏ်အချို့ ပေးခဲ့ပြီး စိတ်ဝိညာဉ်ကျောက်တုံးများ အမြန်ရရှိရန် ကြိုးစားခဲ့လေသည်။ 

ရောင်းရငွေအများစုကို မော့ရှုလင်က ယူမည်ဖြစ်သော်လည်း ဆိုင်ရှင် (၃) ဦးနှင့် သဘောတူစာချုပ် ချုပ်ဆိုကာ အချင်းချင်း၏အမည်နှင့် စိတ်ဝိညာဉ်စွမ်းအားများကို ချန်ထားခဲ့လေသည်။
အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းအတွက် အကျိုးအမြတ်များစွာရသည့် လျန်ကျီဂိုဏ်းသားဟူသော ဂုဏ်ပုဒ်ကို ဆိုင်ရှင်များက စွန့်လွှတ်မည် မဟုတ်ပေ။

ပိုင်ယွီမင်က မော့ရှုလင်၏ ထက်မြက်မှုကို ပထမဆုံးအကြိမ် သတိထားလိုက်မိ၏။ 

မိစ္ဆာတစ်ကောင်လို ထက်မြက်လိုက်တာ… 
ဤသည်မှာ သူ့စိတ်ထဲတွင် တွေးမိလိုက်သော စကားလုံး (၅) လုံး ဖြစ်လေသည်။ 

(၁၀) နှစ်သား ကလေးတစ်ယောက်က အကုန်လုံးကို သိနားလည်ပုံပေါက်နေရတဲ့အထိ ဘယ်လိုတောင် ဉာဏ်ကောင်းနိုင်တာလဲ...

မော့ရှုလင်က သိုလှောင်အိတ်ထဲရှိ ရောင်းရမည့် ပစ္စည်းအားလုံးကို ရှင်းထုတ်ပြီးနောက် ပိုင်ယွီမင်ထံသို့ ပြန်လာပြီး တရိုတသေ ဦးညွတ်ကာ ပြောလိုက်လေသည်။ 
"ရှစ်စွမ်း... ကျွန်တော်ပြီးပြီ..."

ဤကလေး၏ မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုများနှင့် မတည်ငြိမ်မှုများကို မြင်လိုက်ချိန်တွင် ပိုင်ယွီမင်၏ နှလုံးသားက နူးညံ့သွားလေသည်။ ကောင်လေးက ပိုင်ယွီမင်၏ ဖြူဖွေးသွယ်လျသော လက်ချောင်းများကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်ထားလေ၏။ 

ကောင်လေးက သူ့ရှေ့တွင် လိမ္မာသောကလေးတစ်ယောက် ဖြစ်ချင်ရုံသာဖြစ်သည်။ 

ချမ်းသာသော မိသားစုများက သူတို့၏ကလေးကို အလိုလိုက်လေ့ ရှိသော်လည်း ဆင်းရဲသော မိသားစုများကမူ သူတို့၏ သားသမီးများကို စောစောစီးစီး တာဝန်ယူခိုင်းကြလေသည်။

မိသားစု၏ အကာအကွယ်မရှိဘဲ အပြုံးခေါင်းဖြူမိစ္ဆာကဲ့သို့ မိစ္ဆာတစ်ကောင်ကို ပြစ်မှားမိခဲ့သဖြင့် မော့ရှုလင်က နေ့တိုင်း ဝမ်းနည်းပူဆွေးမှုများကို ခံစားရလေသည်။ 

ယွဲ့ရွှယ်တောင်ထိပ်မှ ထွက်မသွားလိုခြင်း၊ ပိုင်ယွီမင်က သူ့အား ဝန်ထုတ်ဝန်ပိုးဟု ထင်မည်ကို စိုးရိမ်ခြင်း၊ ပိုင်ယွီမင်၏ဘဝကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးပြီး သူ၏တန်ဖိုးကို ပြသခြင်း၊ ဤအရာများမှာ လုံခြုံမှုမရှိသော ကလေးတိုင်း လုပ်လေ့ရှိသည့်ကိစ္စများ ဖြစ်လေသည်။

"အိမ်ပြန်ကြစို့..."
ပိုင်ယွီမင်က မော့ရှုလင်၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး နူးညံ့သော လေသံဖြင့် ပြောလိုက်လေသည်။

"ဟုတ်ကဲ့... အိမ်ပြန်ကြမယ်..."
မော့ရှုလင်က အိမ်ပြန်ရသည်ကို ကြိုက်လေ၏။ 

ရွှံ့ဝါရောင်ဂူထဲတွင် နေရလျှင်ပင် မော့ရှုလင်အတွက် အဖိုးတန်ဆုံး နားခိုရာဖြစ်လေသည်။ 

ဤရတနာကို သူ သေချာပေါက်ကာကွယ်ပြီး ပိုင်ယွီမင်၏ဘဝကို ပိုမိုကောင်းမွန်လာစေရန် သူ လုပ်ပေးမည်ဖြစ်သည်။

🐰🐰🐰

🐰 Chapter 38


နှစ်ယောက်သားက ယွဲ့ရွှယ်တောင်ထိပ်သို့ ပြန်လာခဲ့ကြလေသည်။ 

ပြန်ရောက်သည်နှင့် ပထမဦးစွာ မော့ရှုလင်က သူရရှိခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများကိုထုတ်ပြီး ပိုင်ယွီမင်ကို ပြလိုက်၏။ 

သို့ရာတွင် ဤသည်က စိတ်ဝိညာဉ်ကျောက်တုံးများအားလုံးကို ပိုင်ယွီမင်ထံသို့ ပေးမည်ဟု မဆိုလိုပေ။

ပိုင်ယွီမင်ထံတွင် အလွန်အကျွံ ပိုက်ဆံဖြုန်းတတ်သော အကျင့်တစ်ခုရှိ၏။ 

အထူးသဖြင့် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို မြင်းခွာရာနှင့် လဲလိုက်ပြီးနောက် ပိုင်ယွီမင်ထံမှ အကျိုးအကြောင်းသင့်သော အကြောင်းပြချက် မရပါက စိတ်ဝိညာဉ်ကျောက်တုံးများကို လုံးဝပေးမည်မဟုတ်ပေ။

ပိုင်ယွီမင်က အကျိုးအကြောင်းသင့်သော အကြောင်းပြချက်ကို ပေးလျှင်ပင် မော့ရှုလင်က စိတ်ဝိညာဉ်ကျောက်တုံးများကို လွယ်လွယ်ပေးမည်မဟုတ်ပေ။ 

အိမ်ဝယ်ရန်၊ အစားအစာများနှင့် နေ့စဉ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန်နှင့် စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို စုထားပြီးလျှင် ကျန်သော စိတ်ဝိညာဉ်ကျောက်တုံးအချို့အား ပိုင်ယွီမင်ကို ပေးကောင်းပေးနိုင်မည်ဖြစ်သည်။

မော့ရှုလင်၏ မျက်လုံးထဲတွင် မြင်းခွာရာက ကုန်းရှော့၏ ဂိုဒေါင်ထဲမှ အသုံးမဝင်သော ပစ္စည်းတစ်ခုသာဖြစ်ပြီး ဈေးနှုန်းကို သုံးပုံနှစ်ပုံထိ လျှော့ချသင့်လေသည်။ အနည်းငယ် အရှုံးခံလိုက်လျှင်ပင် ကုန်းရှော့အနေဖြင့် ထိုပစ္စည်းအား ရင်းနှီးငွေအဖြစ် ပြန်လည်အစားထိုးမည်မှာ သေချာလေသည်။ သို့မှသာ နှစ်သစ်ကူးပြီးနောက် ကုန်ပစ္စည်းများကို ဈေးတင်ပြီး ပြန်လည်ရောင်းချနိုင်မည်ဖြစ်၏။

ပိုင်ယွီမင်ရှာတွေ့ခဲ့သည့် ပစ္စည်းက ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မော့ရှုလင်၏ စိတ်ထဲတွင် ပိုင်ယွီမင်သာ အိမ်ထောင်ဦးစီးပြီး အိမ်မှုကိစ္စများကို စီမံခန့်ခွဲလျှင် ကပ်ဘေးတစ်ခုဖြစ်လာမည်ဟု ခံစားနေရလေသည်။ 

သူက ငွေကိုဖြုန်းတီးရုံသာမက မသုံးသင့်သည့် နေရာများတွင်လည်း အလွန်အကျွံ သုံးစွဲတတ်လေ၏။ 

သို့သော်လည်း လူရှေ့သူရှေ့၌ မော့ရှုလင်က ပိုင်ယွီမင်ကို မျက်နှာသာပေးလေသည်။ 

ထို့ကြောင့် ပိုင်ယွီမင်၏ ဖြုန်းတီးမှုများကို သဘောမတူသော်လည်း ထိုအချိန်က ကုန်းရှော့ကို ပစ္စည်းများ ပေးခဲ့ခြင်းဖြစ်လေ၏။ သူ မည်မျှပင် မကျေမနပ်ဖြစ်စေကာမူ သူနှင့်ကုန်းရှော့က စီးပွားရေးမိတ်ဖက်များဖြစ်သဖြင့် အရောင်းအဝယ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။ 

ကျိုးကြောင်းဆက်နွယ်မှုကို အလေးထားသော ဤကျင့်ကြံရေးလောကတွင် ယခုလက်ရှိ အရှုံးများက အရှုံးအစစ်အမှန်ဟူ၍ ကျိန်းသေပေါက်ပြောမရပေ။ 

ပိုင်ယွီမင်မှာ နူးညံ့ပြီး ချစ်စရာကောင်းသော နို့နံ့မစင်သေးသည့် သူ့တပည့်လေးက သူ့အား အထင်သေးနေသည်ကို မသိပေ။ ယခုလက်ရှိအချိန်တွင် သူက ထိုကိစ္စများကို ဂရုမစိုက်နိုင်ဘဲ တောင်ကဲ့သို့ ပုံနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ အာရုံစိုက်နေမိလေသည်။ သူ၏ ရွှံ့ဝါရောင်ဂူလေးက စိတ်ဝိညာဉ်ကျောက်တုံးအားလုံးကို မဆံ့သဖြင့် ဂူအပြင်ဘက်၌ပင် ချထားရလေသည်။ 

အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးပေါင်း နှစ်သန်းနီးပါးပင်ဖြစ်၏။

အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးက လက်သည်းခွံအရွယ်အစားမျှသာ ရှိသော်လည်း အရေအတွက် သန်းဂဏန်းဆိုသည်က အလွန်များပြားလေသည်။ 

မူလတွင် ပိုင်ယွီမင်က ယနေ့ရရှိသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်ကြည့်ချင်သော်လည်း တောင်ကုန်းငယ်တစ်ခုကဲ့သို့ ဖြစ်နေသော စိတ်ဝိညာဉ်ကျောက်တုံးအပုံကြီးကို မြင်ရချိန်၌ ထောင်ဂဏန်းမျှ ပျောက်သွားလျှင်ပင် ဂရုမစိုက်နိုင်တော့ချေ။

ရရန်ကျန်သေးသည့် စိတ်ဝိညာဉ်ကျောက်တုံးများ ရှိသေးသော်လည်း မော့ရှုလင်က တစ်မနက်ခင်း အချိန်လေးအတွင်းတွင် ဤမျှများပြားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ရှာဖွေနိုင်ခဲ့လေသည်။ 

တကယ်အံ့သြစရာကောင်းလိုက်တာ... 

ပိုင်ယွီမင်မှာ စိတ်လှုပ်ရှားလွန်းနေသဖြင့် မော့ရှုလင်ကို ဖက်လိုက်ပြီး နူးညံ့အိစက်နေသော ပါးပြင်ကို အားရပါးရ နမ်းလိုက်လေ၏။

မော့ရှုလင်၏ မျက်လုံးများက ဝိုင်းစက်သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။ သူ၏ ဖြူဖွေးနူးညံ့သော အသားအရေကြောင့် ရှက်သွေးဖြာနေသော မျက်နှာလေးက ပိုမိုသိသာနေလေသည်။ 

အရှက်မရှိလိုက်တာ... အရှက်မရှိလိုက်တာ... အရှက်မရှိလိုက်တာ... 

ဒီကျင့်ကြံရေးလောကတစ်ခုလုံးမှာ ပိုင်ယွီမင်လို အရှက်မရှိတဲ့ ယုန်မိစ္ဆာမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ…

မော့ရှုလင်က စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း ခန္ဓာကိုယ်ကမူ လုံးဝမလှုပ်ရှားဘဲ ပိုင်ယွီမင်ဖက်ထားသည်ကို ငြိမ်ခံနေလေသည်။

"အိုက်ယား… ရှောင်ရှုရှု... မင်း ငါ့တပည့် မဖြစ်ခင်တုန်းက ဘယ်ရောက်နေတာလဲ... မင်းက ကောင်းကင်ဘုံကနေ ငါ့အတွက် ပို့ပေးလိုက်တဲ့ ကံကောင်းခြင်းလေးပဲ..."
ပိုင်ယွီမင်က ပြောကာ မော့ရှုလင်ကို ထပ်ဖက်လိုက်လေ၏။ 

ပိုင်ယွီမင်က သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားနေပြီး မသိစိတ်အရ မော့ရှုလင်၏ ခန္ဓာကိုယ်ကို လွှဲယမ်းနေမိလေသည်။ 

မော့ရှုလင်က ဆွံ့အနေလေ၏။ သူ့လက်ကို ပိုင်ယွီမင်၏ ကျောပြင်ပေါ်သို့ တင်ရမည်လားဟု ဝေခွဲမရဘဲ ကြောင်အနေမိလေသည်။ 

ဤကဲ့သို့ တင်းကျပ်သော ပွေ့ဖက်မှုမျိုးအား မည်သည့်အချိန်က နောက်ဆုံးရရှိခဲ့သည်ကို သူ မေ့နေလေသည်။

အမှန်တွင် သူပြန်လည်မွေးဖွားလာပြီးသည့်နောက် ဖေးယွင်တောင်ကြား မပျက်စီးမီအချိန်တွင် မိဘများ၏ ပွေ့ဖက်မှုကို အကြိမ်ကြိမ် ခံခဲ့ရဖူးလေသည်။ 

သို့ရာတွင် ယခုပွေ့ဖက်မှုနှင့် ယခင်က ပွေ့ဖက်မှုမှာ မတူညီပေ။ 

မော့ရှုလင်က မခွဲခြားနိုင်သော်လည်း ပိုင်ယွီမင်၏ ပွေ့ဖက်မှုက သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး ဝိညာဉ်ကိုပါ ပွေ့ဖက်ထားသကဲ့သို့ ခံစားနေရကာ နာကျင်ခြောက်သွေ့ပြီး ဒဏ်ရာဗရပွဖြစ်နေသော သူ့နှလုံးသားကို နှစ်သိမ့်ပေးနေသကဲ့သို့ ဖြစ်လေသည်။

"ဘာလို့ ငိုနေတာလဲ..."
ပိုင်ယွီမင်က သူ့လည်ပင်းရှိ စိုစွတ်မှုကို ခံစားလိုက်ရပြီးနောက် မော့ရှုလင်က တိတ်တဆိတ် ငိုနေသည်ကို သတိထားမိသွားလေသည်။ 

မော့ရှုလင်က မျက်တောင်ကို တဖျတ်ဖျတ်ခတ်ကာ ပိုင်ယွီမင်စကား၏ အဓိပ္ပာယ်ကို စဉ်းစားနေလေ၏။ 

သူ့ပါးပြင်ကို စမ်းကြည့်လိုက်မှသာ သူ့ကိုယ်သူ ငိုနေသည်ကို သတိထားမိသွားလေသည်။ 

ထူးဆန်းလိုက်တာ... 

ငါ ဘယ်လိုလုပ် ငိုနေမိတာလဲ... 

မော့ရှုလင်က ခေါင်းခါလိုက်၏။ သူ မည်သည့်အတွက်ကြောင့် ငိုနေသည်ကို သူကိုယ်တိုင်ပင် မသိချေ။

ထို့နောက် မော့ရှုလင်က ထိတ်လန့်သွားလေသည်။ ပိုင်ယွီမင်က ငိုတတ်သည့်ကလေးများအား သဘောမကျမည်ကို စိုးရိမ်သဖြင့် မျက်နှာပေါ်မှ မျက်ရည်များကို အမြန်သုတ်ရန် ကြိုးစားလိုက်၏။ 

သို့ရာတွင် မျက်နှာပေါ်ရှိ မျက်ရည်များကို စင်အောင်မသုတ်နိုင်သည့်အပြင် နှလုံးသားရှိ တစ်နေရာရာက ပြိုလဲသွားပြီး မျက်ရည်များက ထိန်းချုပ်မရနိုင်အောင် စီးကျလာတော့သည်။

ပိုင်ယွီမင်က ပျော်ရွှင်သော မိသားစုတွင် မွေးဖွားလာသူဖြစ်သဖြင့် မော့ရှုလင်၏ ခံစားချက်များကို နားမလည်နိုင်ပေ။ မော့ရှုလင် ဝမ်းနည်းနေသည်ကိုသာ ခံစားမိလေသည်။ 

မော့ရှုလင်က မည်သည့်အတွက်ကြောင့် ငိုနေသည်ကို မသိသဖြင့် ပိုင်ယွီမင်က နှစ်သိမ့်စကားများ ပြောပြီးသော်လည်း ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရလေ၏။ 

ပိုင်ယွီမင်က မော့ရှုလင်အား ရင်ခွင်ထဲသို့ ပြန်လည်ဆွဲဖက်လိုက်ပြီး ကျောပြင်ကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်လေသည်။ မော့ရှုလင်ကို စိတ်ကြိုက်ငိုစေပြီး သူ့အဝတ်အစားများ စိုရွှဲသွားမည်ကိုလည်း အသင့်ပြင်ထားလေ၏။ 

ဤတိတ်ဆိတ်ငြိမ်သက်သော နွေးထွေးမှုက မော့ရှုလင်၏ နှလုံးသားထဲသို့ စီးဝင်သွားလေ၏။ မျက်ရည်ကျသည်က ရပ်သွားသော်လည်း သူ တိတ်ဆိတ်နေပြီး ပိုင်ယွီမင်၏ ကြင်နာယုယမှုကို ခေတ္တမျှ ထိန်းသိမ်းထားချင်မိလေသည်။ 

ဖြစ်နိုင်ပါက ပိုင်ယွီမင်၏ မေတ္တာရိပ်အောက်တွင် တန်ဖိုးထားခံ ဂရုစိုက်ခံကာ တစ်သက်လုံး ခိုလှုံသွားချင်လေသည်။ 

ဖြူစင်ရိုးသားခဲ့သည့် ငယ်ရွယ်စဉ်ဘဝ၌ ဤသည်ကို လွဲချော်ခဲ့ရသည်မှာ နှမြောဖွယ်ကောင်းလှလေသည်။

ယခုအချိန်တွင် သူက ကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေရုံသာဖြစ်ပြီး ကလေးအစစ်အမှန် မဟုတ်ပေ။ 

မော့ရှုလင်က အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးသည်အထိ ပိုင်ယွီမင်၏ နွေးထွေးမှုကို ခံယူပြီးနောက် သူ့ရင်ခွင်ထဲမှ ထွက်လိုက်လေ၏။

"ကျေးဇူးတင်ပါတယ် ရှစ်စွမ်း... ကျွန်တော် စိတ်သက်သာရာရသွားပါပြီ..."
မော့ရှုလင်က နှုတ်ခမ်းကို တင်းတင်းစေ့လျက် ပြောလိုက်၏။ 

သူ့ထံတွင် တပ်မက်လိုချင်သော ဆန္ဒများစွာ ရှိသော်လည်း ‘တော်သင့်ပြီ’ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးနေရလေသည်။ 

အလိုလိုက်ခံရခြင်းနှင့် မျှော်လင့်ချက်များက လူတစ်ယောက်၏ စိတ်ဓာတ်ကို သတ်ပစ်နိုင်လေသည်။ ဖေးယွင်တောင်ကြား ပျက်စီးခဲ့ရခြင်းအတွက် လက်စားချေရန် မပြီးမြောက်သေးသည့်အပြင် သူ့ဆွေမျိုးများ၏ ဝိညာဉ်များကလည်း အပြုံးခေါင်းဖြူမိစ္ဆာ၏ လက်နက်များ ဖြစ်နေရလေသည်။ 

မိဘများ ခံစားနေရမည့် ဝေဒနာကို တွေးမိချိန်တိုင်း မော့ရှုလင်၏ရင်ထဲ၌ လေးလံလာလေ၏။ သို့သော်လည်း ယခင်ဘဝနှင့်ယှဉ်လျှင် အနည်းဆုံး သူတို့၏ ဝိညာဉ်များက ရှိနေသေးသဖြင့် မော့ရှုလင်ထံတွင် မျှော်လင့်ချက်များ ရှိနေသေးလေသည်။

ရုတ်တရက် သူ့လက်မောင်းများ လေးလံသွား၏။ 

ပိုင်ယွီမင်က ယုန်အသွင်ပြောင်းကာ သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လာမည်ဟု မော့ရှုလင် မထင်ထားခဲ့ပေ။ 

ပိုင်ယွီမင်က စကားတစ်ခွန်းမှ မပြောဘဲ ခုန်တက်လိုက်သဖြင့် မော့ရှုလင်မှာ လေးလံသော ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။ မော့ရှုလင်က ယုန်ဝတုတ်ကြီးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားရပြီး တစ်ကိုယ်လုံးရှိ အားအင်များကို ထုတ်သုံးနေရလေသည်။

ရှစ်စွမ်းကတော့ တကယ်ဝိတ်လျှော့သင့်ပြီ...

ကြမ်းပြင်ပေါ်၌ ကျနေသော သူလျှော်ရမည့် အဝတ်အစားများကိုပင် လှည့်မကြည့်နိုင်တော့ပေ။

"လာ... မြန်မြန်... ငါနှစ်သိမ့်ပေးရင် မင်းပျော်သွားလိမ့်မယ်..."

ယုန်ဝတုတ်ကြီးက သူ့ကိုယ်အလေးချိန်ကို သတိမထားမိဘဲ မော့ရှုလင်၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ နေရာယူလိုက်လေသည်။
"ငါ ပြောမယ်... ငါ့အမွေးတွေက တန်ဖိုးမဖြတ်နိုင်ဘူးနော်... မင်း ထိခွင့်ရတဲ့အချိန်တိုင်းက အမြတ်ကြီးကြီးရနေတာပဲ..."

ယခုအချိန်တွင် မော့ရှုလင် ခံစားနေရသည်က ချိုမြိန်လေးလံသော အရာဝတ္ထုတစ်ခုကို ပွေ့ပိုက်ထားရသကဲ့သို့ ဖြစ်လေသည်။ 

သို့ရာတွင် သူ မလွှတ်ချင်ပေ။ ယုန်ဝတုတ်ကြီး၏ စကားကြောင့် ရင်ထဲတွင် ပြေလျော့သွားပြီး မသက်မသာ မခံစားရတော့သဖြင့် နှုတ်ခမ်းထောင့်များက ကွေးတက်သွားလေသည်။

"လာတော့... လာတော့..."
ယုန်ဝတုတ်ကြီးမှာ သူ့တပည့်လေးက သူ့အား ဖက်ထားဆဲဖြစ်သည်ကို မြင်ချိန်တွင် သူ၏ဝတုတ်နေသော ခန္ဓာကိုယ်ကြီးကို လှုပ်ယမ်းနေမိ၏။

"ရှစ်စွမ်း... မလှုပ်နဲ့... ကျွန်တော် မနိုင်တော့ဘူး..."
မော့ရှုလင်က ကြောက်လန့်တကြား ပြောလိုက်လေသည်။ 

သူ့ခန္ဓာကိုယ်လေးဖြင့် ဤမျှဝတုတ်နေသော ယုန်တစ်ကောင်ကို ပွေ့ဖက်ထားရသည်မှာ မလွယ်ကူပေ။ သို့ရာတွင် ယခုအချိန်၌ ယုန်ဝတုတ်ကြီးက သူ့ရင်ခွင်ထဲတွင် ခုန်ပေါက်နေသဖြင့် သူယိုင်နဲ့သွားပြီး ဟန်ချက်မထိန်းနိုင်တော့ဘဲ မြေကြီးပေါ်သို့ လဲကျသွားလေသည်။ 

သို့ရာတွင် မြေကြီးနှင့် မထိမီ၌ မော့ရှုလင်က မသိစိတ်အရ ခန္ဓာကိုယ်ကို လှည့်လိုက်သဖြင့် ယုန်ဝတုတ်ကြီးက သူ့အပေါ်သို့ ရောက်လာပြီး သူက အဖိခံလိုက်ရသူ ဖြစ်သွားလေသည်။

ယုန်ဝတုတ်ကြီးက သူ့ကိုယ်သူ မည်မျှလေးသည်ကို မသိချေ။ 

သူ မည်မျှပင် လေးလံစေကာမူ သူက ယုန်တစ်ကောင်သာဖြစ်၏။ ယုန်ဝတုတ်ကြီးက သူ့သူငယ်ချင်းများနှင့် ရယ်မောဆော့ကစားခဲ့ရသော နေ့ရက်များကို လွမ်းဆွတ်နေလေသည်။ 

ထို့ကြောင့် ယုန်ဝတုတ်ကြီးက သူ့တပည့်လေး၏ စေတနာကို လက်ခံလိုက်ပြီး တပည့်ဖြစ်သူ၏ ရင်ခွင်ထဲသို့ လှဲကျကာ ရေလိုက်ငါးလိုက်နေပြီး နှင်းတောထဲတွင် လှဲလျောင်းလျက် စကားပြောရန် ကြံစည်လိုက်လေသည်။

သို့ရာတွင် ယခုလက်ရှိ မော့ရှုလင်က မိစ္ဆာအရှင်သခင်မော့ရှုလင် မဟုတ်ပေ။ 

ဆယ်နှစ်သားအရွယ် ခန္ဓာကိုယ်လေးက သံတုံးကြီးကဲ့သို့ လေးလံသော ယုန်ဝတုတ်ကြီး၏ ဖိချခြင်းကို ခံလိုက်ရသဖြင့် ရင်ဘတ်အောင့်သွားပြီး အသက်ရှူရပ်လုနီးပါးဖြစ်ကာ တစ္ဆေလမ်းစဉ်သို့ ရောက်လုနီးပါး ဖြစ်သွားလေတော့၏။

“ရှစ်...ရှစ်စွင်း.... ထ...ထပါဦး....”
မော့ရှုလင် စကားတစ်လုံးပြောချိန်တိုင်း သူ့ခန္ဓာကိုယ်ကို ဖိထားသည့် ယုန်ဝတုတ်ကြီးကြောင့် ရင်ဘတ်ထဲမှ လေများက ညှစ်ထုတ်ခံနေရလေသည်။ 

“ဟေး....”

ပိုင်ယွီမင်က မော့ရှုလင်၏ အခြေအနေကို သတိထားမိသွားပြီး နှင်းထဲသို့ အမြန်လှိမ့်ဆင်းလိုက်၏။ သူက အလွန်ဝသဖြင့် ခန္ဓာကိုယ်တစ်ဝက်နီးပါးက နှင်းထဲတွင် နစ်မြုပ်သွားလေသည်။ မော့ရှုလင်ကိုကြည့်ရန် သူ မတ်တတ်ရပ်ပြီး ခေါင်းမော့လိုက်၏။ 

မော့ရှုလင်က ဖြည်းဖြည်းချင်း အသက်ပြန်ရှူနေရလေသည်။ အသက်ရှူလိုက်တိုင်း နာကျင်နေလေ၏။ 

ယုန်ခေါင်းကြီးက သူ့မြင်ကွင်း၏ သုံးပုံတစ်ပုံခန့်ကို နေရာယူထားလေသည်။ ယုန်ဝတုတ်ကြီးက သူအဆင်ပြေသည်ကို မြင်ရချိန်၌ နားရွက်များက ထောင်တက်သွားပြီး နှုတ်ခမ်းများက ပျော်ရွှင်မှုကြောင့် အနည်းငယ် ပွင့်ဟသွားလေသည်။ ထို့နောက် ယုန်ဝတုတ်ကြီးက သက်ပြင်းချကာ မော့ရှုလင်၏ လည်ပင်းနားသို့ လာပြီးမှီတွယ်လေ၏။ 

နှင်းကဲ့သို့ ဖြူဖွေးသော ယုန်မွေးများက လည်ပင်းကို ထိနေပြီး နူးညံ့သောယုန်၏ ကိုယ်ငွေ့နွေးနွေးလေးကပါ ရှိနေသဖြင့် မည်သည့် လည်စည်းပဝါထက်မဆို ပိုပြီး သက်တောင့်သက်သာ ရှိနေလေသည်။ 

သို့ရာတွင် ယုန်ဝတုတ်ကြီးက ကိုယ့်ကိုယ်ကိုယ် သတိမထားမိပေ။

"မင်းက အရမ်းအားနည်းတာပဲ... ငါ့ကိုတောင် မပွေ့နိုင်ဘူး..."
ယုန်ဝတုတ်ကြီးက ညည်းညူကာ မော့ရှုလင်၏ပုခုံးကို ယုန်လက်သည်းလေးဖြင့် ပုတ်လိုက်၏။

"ဟုတ်တယ် ရှစ်စွမ်း... အဲ့ဒါကြောင့် မနက်ဖြန်ကျရင် ကျွန်တော်နဲ့အတူ လေ့ကျင့်ခန်း လိုက်လုပ်ပေးနိုင်မလား..."
မော့ရှုလင်က ခေါင်းကို အနည်းငယ်စောင်းကာ မေးလိုက်၏။ သူ့မျက်ဝန်းထဲတွင် ထူးခြားသော‌ အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

"ပြဿနာမရှိဘူး... ရှစ်စွမ်းတာဝန်ထားလိုက်..."
ယုန်ဝတုတ်ကြီးက သူ့ရင်ဘတ်သူပုတ်ကာ အာမခံချက် ပေးလိုက်လေသည်။

"ဒါဆိုရင် မနက်ဖြန် စောစောထပြီးပြေးဖို့ ရှစ်စွမ်းကို လာနှိုးမယ်... ကတိပေးပြီးပြီနော်..."
မော့ရှုလင်က ကတိသက်သေအနေဖြင့် လက်ဖဝါးချင်း ရိုက်ချင်သည့်ပုံစံဖြင့် သူ့လက်ကို ယုန်ဝတုတ်ကြီးရှေ့သို့ ဆန့်ထုတ်ပေးလိုက်လေသည်။

"အာ... ဟမ်... မနက်ပိုင်း ပြေးမှာလား..."

မော့ရှုလင်က မိုးလင်းသည်နှင့် မနက်ခင်း အပြေးလေ့ကျင့်ခန်းလုပ်မည်ကို တွေးမိပြီးနောက် ယုန်ဝတုတ်ကြီးက ကြောက်လန့်သွားသဖြင့် ဝတုတ်နေသော ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ 

မော့ရှုလင်က တိတ်ဆိတ်နေပြီး ယုန်ဝတုတ်ကြီးကို စိုက်ကြည့်နေလေ၏။ 

ယုန်ဝတုတ်ကြီးက သူ့ဗိုက်ခေါက်များကို ပွတ်ကာ စဉ်းစားနေလေသည်။

မော့ရှုလင်ကို တပည့်အဖြစ် လက်ခံပြီးကတည်းက ပိုင်ယွီမင်မှာ သူ့ကိုယ်သူ ရှစ်စွမ်းတစ်ယောက်၏ပုံစံနှင့် မတူသည်ကို သိလေသည်။ 

ယခင်ကမ္ဘာတွင် သူက အခက်အခဲကြုံလာချိန်တိုင်း အမေကိုသာ အော်ခေါ်တတ်သည့် တက္ကသိုလ်ကျောင်းသားတစ်ယောက်သာ ဖြစ်လေ၏။ ဤကမ္ဘာသို့ မတော်တဆ ရောက်ရှိလာပြီးနောက် ပိုင်ယွီမင်ထံတွင် အသက်ရှင်ရန် လိုအပ်သော စွမ်းရည်များမရှိချေ။ စားသောက်ရန်မလိုသော ကျင့်ကြံဆင့်ကိုသာ အားကိုးပြီး ဆင်းရဲမွဲတေစွာ ဖြတ်သန်းနေရသူ ဖြစ်လေသည်။

ငါ့လိုလူက ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့အတွက် ဘယ်လိုလုပ် အရည်အချင်းရှိမှာလဲ…

မော့ရှုလင်တောင်းဆိုချိန်တွင် ပိုင်ယွီမင်က မျက်ဝန်းများကို မှေးကျဉ်းလိုက်သော်လည်း အအေးဒဏ်ကြောင့် နီရဲနေသော မော့ရှုလင်၏ မျက်နှာလေးကို မြင်လိုက်ရလေသည်။ ရှက်ရွံ့နေသော မော့ရှုလင်က သူ့ရှစ်စွမ်း၏ အေးစက်စက်စကားများကို ကြားချိန်တွင် မကျေမနပ်ဖြစ်ခြင်း၊ ညည်းညူခြင်းများ မရှိပေ။

သနားစရာကောင်းပြီး ရိုးသားဖြူစင်သော ကလေးတစ်ယောက်သာ ဖြစ်၏။ 

ဤကဲ့သို့ လိမ္မာသော ကောင်လေးက မူရင်းဇာတ်ကြောင်းထဲကကဲ့သို့ ဂိုဏ်းအပြင်ဘက်သို့ ရောက်သွားပြီး ဆိုးရွားသည့် ဘဝမျိုးကို မကြုံတွေ့ရသဖြင့် ပိုင်ယွီမင်က စိတ်သက်သာရာရနေလေသည်။

သို့သော်လည်း သူက မော့ရှုလင်အတွက် ထူးထူးခြားခြား လုပ်ပေးခဲ့သည့်ကိစ္စများ မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် မော့ရှုလင်ကသာ ကလေးတစ်ယောက်ကဲ့သို့ လိမ္မာရုံသာမက အိမ်ဝယ်ရန် ပြဿနာကို ဖြေရှင်းနိုင်သည်အထိ ငွေများစွာ ရှာပေးခဲ့လေသည်။ 

ယုန်အသွင်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးပုံကြီးက ပိုပြီး ခမ်းနားထည်ဝါနေလေ၏။ သူ့ကိုယ်သူ မော့ရှုလင်၏ ရင်ထဲတွင် ဤစိတ်ဝိညာဉ်ကျောက်တုံးကဲ့သို့ ခမ်းနားသော ပုံရိပ်တစ်ခုကို တည်ဆောက်သင့်သည်ဟု ခံစားလိုက်ရလေသည်။

"ကောင်းပြီ... မနက်ဖြန်ကျရင် ငါ့ကို လာနှိုးလိုက်..."
ယုန်ဝတုတ်ကြီးက အံကြိတ်ကာ မော့ရှုလင်၏ လက်ဖဝါးကို သူ့ယုန်လက်သည်းဖြင့် ပုတ်လိုက်၏။

ဤသို့ဖြင့် သူတို့နှစ်ယောက် မနက်စောစောထပြီး အပြေးလေ့ကျင့်ရန် သဘောတူညီမှု ရသွားလေသည်။

မော့ရှုလင်က အချိန်အခါသင့်သည်ကို အခွင့်ကောင်းယူပြီး မေးခွန်းတစ်ခု မေးလိုက်၏။
"ရှစ်စွမ်း... မြင်းဖြူမိစ္ဆာဘုရင်ရဲ့ လက်ရေးမူက ဘာများ ထူးခြားနေလို့လဲ..."

"အဲ့ဒါက ပစ္စည်းကောင်းတစ်ခုပဲ..."
ထိုအကြောင်းပြောလိုက်သည်နှင့် ယုန်ဝတုတ်ကြီးက ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ပြန့်ကျဲနေသော အဝတ်ပုံကြားမှ သူ၏သိုလှောင်အိတ်ကို တူးဆွရှာဖွေလိုက်လေသည်။

**************

စာရေးသူမှာ ပြောစရာရှိပါတယ်…

မော့ရှုလင် : ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် ဖက်တာပဲ...

ယုန်ဝတုတ်ကြီး : ........

မော့ရှုလင် : ပြီးတော့ ကျွန်တော် ပထမဆုံးအကြိမ် ဖိချခံရတာဆိုလည်းဟုတ်တယ်...

ယုန်ဝတုတ်ကြီးက သူ့ဗိုက်လုံးလုံးလေးကို ပုတ်လိုက်၏။

🐰🐰🐰

🐰 Chapter 39


"ဘယ်မှာလဲ... ဒါက ခွာရာမှန်း သိသာနေတာကို..."
မော့ရှုလင်က ယုန်ဝတုတ်ကြီးကို မေးခွန်းထုတ်ချင်သည့် အချိန်တိုင်းနှင့် ငြင်းချင်သည့် အချိန်တိုင်းတွင် သူ့အသံကို ကလေးသံပေါက်အောင်လုပ်ပြီး ပြောလေ့ရှိ၏။ 

ပြောဆိုသည့် အကြောင်းအရာက တူညီသော်လည်း အသံနေအသံထားကို ပြောင်းလဲလိုက်သည်နှင့် တစ်ဖက်လူအပေါ် သက်ရောက်သည့် အဓိပ္ပာယ်က ကွဲပြားသွားလေသည်။ 

ကလေးများက အပြစ်ကင်းစင်ဆုံးဖြစ်ပြီး ခွင့်လွှတ်ပေးခံရနိုင်လေသည်။

ယခင်ဘဝ၌ မော့ရှုလင်က ပိုင်ယွီမင်နှင့် တစ်ခါမှ အဆင်မပြေခဲ့ဖူးပေ။ ထို့ကြောင့် ပိုင်ယွီမင်၏ စိတ်နေသဘောထားကို အကဲခတ်ရန်နှင့် ပိုင်ယွီမင်နှင့် အဆင်ပြေစွာ နေထိုင်နိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေရန်အတွက် ယခုလက်ရှိအရွယ်၏ ငယ်ရွယ်အပြစ်ကင်းစင်သော အားသာချက်ကို အသုံးချရမည်ဖြစ်သည်။

ယုန်ဝတုတ်ကြီးက သူ့အရပ်တစ်ဝက်ခန့်ရှိသော လက်ရေးမူကို ထုတ်လိုက်ပြီး သက်ပြင်းချကာ ပြောလေသည်။
"မင်းက ငယ်သေးတော့ ဗဟုသုတနည်းတာကို အပြစ်တင်လို့ မရပါဘူးလေ..."

မော့ရှုလင် “............”

မိစ္ဆာအရှင်သခင်ဖြစ်ခဲ့ဖူးတဲ့ ငါ မော့ရှုလင်က နှစ်ပေါင်းသောင်းချီ အသက်ရှင်ခဲ့ပြီးတော့ လောကသုံးပါးက နေရာအနှံ့ကို ခြေဆန့်ခဲ့ဖူးတယ်... အခုတော့ အိမ်ထဲကအိမ်ပြင်တောင် မထွက်ဘဲ ပေါက်ကရဝတ္ထုတွေ ထိုင်ဖတ်နေတဲ့ ယုန်မိစ္ဆာတစ်ကောင်ရဲ့ ဆရာလုပ်တာကို ခံနေရပြီ...

သို့ရာတွင် သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် ပိုင်ယွီမင်က သာမန်နူးနူးညံ့ညံ့ ယုန်တစ်ကောင်မဟုတ်ပေ။ 

ပိုင်ယွီမင်၏အသက်ကို အတိအကျ မသိရသော်လည်း မဟာယနအဆင့်ထိ ရောက်ရှိထားသူဖြစ်သဖြင့် အချိန်အတော်ကြာ အသက်ရှင်နေထိုင်ခဲ့သည်မှာ သေချာလေသည်။ 

ထို့အပြင် ပိုင်ယွီမင်က ပိုင်ယွီသခင်မနှင့်အတူ နေရာအနှံ့ သွားလာကာ မိစ္ဆာကျင့်ကြံသူများကို နှိမ်နင်းခဲ့ဖူး၏။ မိစ္ဆာမျိုးနွယ်များတွင် အမွေဆက်ခံလာသော မှတ်ဉာဏ်များလည်း ရှိတတ်သဖြင့် ပိုင်ယွီမင်ထံတွင် သူ မသိသေးသော ဗဟုသုတများ ရှိကောင်းရှိနိုင်လေသည်။

မော့ရှုလင်က ဤကိစ္စကို ဆက်ပြီး မစဉ်းစားချင်တော့ပေ။ ပိုင်ယွီမင်က မည်သည့်အတွက်ကြောင့် မြင်းခွာရာအား ဝယ်ခဲ့သည်ကိုသာ သိချင်လေသည်။ 

မော့ရှုလင်က ထထိုင်လိုက်ပြီး ရင်ဘတ်နှင့် နံရိုးများမှ နာကျင်မှုကို အောင့်အည်းသည်းခံကာ ရှစ်စွမ်းဖြစ်သူ၏ ရှင်းပြချက်ကို နားမလည်နိုင်သဖြင့် သေသေချာချာ နားထောင်လိုသော တပည့်ကောင်းလေးအဖြစ် ဟန်ဆောင်လိုက်လေသည်။
"ဒီတပည့်က ဉာဏ်မမီပါဘူး.... ကျေးဇူးပြုပြီး ရှစ်စွမ်းက အသေးစိတ် ရှင်းပြပေးပါ..."

ယုန်ဝတုတ်ကြီးက လက်ရေးမူကို နှင်းပေါ်သို့ ချလိုက်ပြီး စာမျက်နှာတစ်ရွက်ကို ကျပန်းလှန်လိုက်၏။ ထို့နောက် သူ့လက်ဖဝါးဖြင့် အဝါရောင်သန်းနေသော စာရွက်ကို ပုတ်ပြသော်လည်း အဖြေမပေးပေ။

"မင်း အရင်ခန့်မှန်းကြည့်..."

ယုန်ဝတုတ်ကြီးမှာ ဤကဲ့သို့ အပြန်အလှန် မေးမြန်းခြင်းက ကလေးများ၏ စိတ်ဝင်စားမှုကို နိုးကြားစေနိုင်သည်ဟု သိထားသဖြင့် ၁၀ နှစ်အရွယ် သူ့တပည့်လေးအား ကိုယ်တိုင်စဉ်းစားစေချင်လေသည်။ ယုန်ဝတုတ်ကြီးက ခေါင်းမော့ကာ မရေမရာ သဲလွန်စတစ်ခု ပေးလိုက်၏။
"ဒါက တကယ့်ကို စွမ်းအားကြီးတဲ့ ပစ္စည်းပဲ... ဒါက အများကြီး ပြောင်းလဲပေးနိုင်တယ်..."

ရုပ်ပိုင်းဆိုင်ရာ ငယ်ရွယ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်နေသည့် မော့ရှုလင် “..........”

ရုတ်တရက် သူ့လက်များက ယားယံလာပြီး ဟန်ဆောင်ကောင်းသော ဤဝတုတ်ကြီးကို ပွတ်သပ်ပစ်ချင်လာ၏။ အထူးသဖြင့် နူးညံ့နေသော ဗိုက်ပူပူလေးကို ပွတ်သပ်ပစ်ချင်နေလေသည်။ 

သူ မည်သို့ပင် တွေးနေစေကာမူ လိမ္မာသော ပုံစံလေးကို ဆက်လက်ထိန်းထားပြီး မေးလိုက်၏။
"ဒါက မြင်းဖြူမိစ္ဆာမျိုးနွယ်ရဲ့ လျှို့ဝှက်ချက်လား..."

ဤသည်က သာမန်အကျဆုံး ခန့်မှန်းချက်ဖြစ်၏။ လူအများစုမှာ ဤလက်ရေးမူကို စမြင်လိုက်သည်နှင့် ဤကဲ့သို့ပင် တွေးကြလိမ့်မည်ဟု ယုံကြည်လေသည်။ 

ယုန်ဝတုတ်ကြီးက ခါးကို တွန့်လိမ်ကာ လက်သည်းများကို ရမ်းပြပြီး ခေါင်းခါလိုက်၏။ သို့ရာတွင် မော့ရှုလင်၏ အကြည့်များက အိစက်နူးညံ့နေပုံပေါ်သည့် ယုန်လက်ဖဝါးများ အပေါ်တွင်သာ ရှိနေလေသည်။

မော့ရှုလင်က မျက်နှာတွင် မည်သည့်ခံစားချက်မှ မပေါ်စေဘဲ တည်တည်ငြိမ်ငြိမ်နေလိုက်၏။ ထို့နောက် သူ ယခင်ကတွေးခဲ့သော ခန့်မှန်းချက်များကို ထပ်ပြောလိုက်လေသည်။
"ဒီခွာရာတွေက အရောင်အနုအရင့် ကွဲပြားတဲ့ စုတ်ချက်တွေ ပါဝင်နေတယ်... ဒါက ရတနာသိုက်မြေပုံလား... ကျွန်တော်တို့က ပုံအသစ်ရဖို့ ဒါကို တစ်စစီ ဖြဲပစ်လိုက်ရမှာလား..."

“.................”
ယုန်ဝတုတ်ကြီးက အလွန်အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

"ကျွန်တော်ပြောတာ မှန်လား..."
မော့ရှုလင်ကလည်း စိတ်လှုပ်ရှားနေ၏။ 

ယန်ချန်ချန်ပင်လျှင် လျှို့ဝှက်နယ်မြေတစ်ခု ပိုင်ဆိုင်ထားသဖြင့် သတိကြီးစွာထားပြီး နေထိုင်ခဲ့ရလေသည်။ သူတို့ထံတွင်လည်း လျှို့ဝှက်နယ်မြေတစ်ခု ပိုင်ဆိုင်ခဲ့လျှင် ရရှိလာမည့် အကျိုးကျေးဇူးများကို မြင်ယောင်နေမိ၏။

"ဘာတွေလျှောက်ပြီး စိတ်ကူးယဉ်နေတာလဲ... မဖြစ်နိုင်တာတွေ..."
ယုန်ဝတုတ်ကြီးက ကိုက်ခဲနေသော သူ့နဖူးကို ရိုက်လိုက်၏။
"ဘယ်သူကများ လျှို့ဝှက်နယ်မြေကို ပိုင်ဆိုင်ထားပြီးတော့ ကိုယ့်ရဲ့ သားစဉ်မြေဆက် မြင်းလေးတွေအတွက် မချန်ထားပေးဘဲ နေမှာလဲ..."

မော့ရှုလင်မှာ သူ့အတွေးက ငြင်းပယ်ခံလိုက်ရသည့်အတွက် စိတ်မသက်မသာ မဖြစ်ရုံသာမက စိတ်သက်သာရာ ရသွားသကဲ့သို့ပင် ခံစားလိုက်ရလေသည်။ 

သူ့ယခင်ဘဝက မြင်းခွာရာလက်ရေးမူတစ်ခုကို ရခဲ့ဖူးသော်လည်း လမ်းဘေးတွင် လွှင့်ပစ်ခဲ့ဖူးလေသည်။

ယုန်ဝတုတ်ကြီးမှာ သူ့တပည့်လေးက တုံးအသည်ဟု တွေးလိုက်မိ၏။
"ငါ သဲလွန်စတစ်ခု ထပ်ပေးမယ်... ဒီတစ်ခါတော့ မင်းမှန်းလို့ရလောက်ပါပြီ..."

ထို့နောက် ယုန်ဝတုတ်ကြီးက သိုလှောင်အိတ်ထဲမှ စာရွက်တစ်ထုပ်ကို ထုတ်လိုက်၏။ ထို့နောက် သူ၏ ယုန်လက်ဖဝါးကို မှင်ရည်စိမ်ပြီး စာရွက်ပေါ်သို့ ဖိနှိပ်လိုက်လေသည်။ 

ဤသည်ကို မော့ရှုလင်အနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ 

သို့ရာတွင် လုံးဝကြည့်မကောင်းဟု ပြောရမည်ဖြစ်သည်။ 

ဤဆောင်းရာသီတွင် ယုန်မွေးများက ပိုထူလာသဖြင့် အမွေးညှပ်မထားသော ယုန်လက်ဖဝါးများကို မှင်အိုးထဲသို့ ထည့်လိုက်ချိန်တွင် အမွေးများကိုပါ မှင်များပေသွားလေ၏။ စာရွက်ပေါ်သို့ ဖိနှိပ်လိုက်ချိန်တွင်လည်း ယုန်လက်တစ်ခုလုံးက ဘောလုံးတစ်လုံးကဲ့သို့ စုသွားပြီး ပေပွသွားလေသည်။

မော့ရှုလင်မှာ မူလက မြင်းဖြူမိစ္ဆာဘုရင်၏ ခွာရာများတွင် မည်သည့်အလှတရားကိုမှ မမြင်ခဲ့သော်လည်း ယခု ပိုင်ယွီမင်၏ ကြောင်တောင်တောင်လုပ်ရပ်ကို မြင်ချိန်တွင် မြင်းဖြူမိစ္ဆာဘုရင်၏ ခွာရာများက ပိုပြီး သေသပ်လှပသည်ဟု ခံစားလိုက်ရလေသည်။

"ကြည့်လိုက်... ဒါက သူ့ရဲ့ခွာရာ... ဒါက ငါ့ရဲ့လက်ဖဝါးရာ... ကွာခြားချက်ကို မြင်လား..."

ဤမျှသိသာထင်ရှားသည့် သဲလွန်စကို ပေးထားသဖြင့် မော့ရှုလင် ခန့်မှန်းနိုင်သင့်သည်ဟု ယုန်ဝတုတ်ကြီးက တွေးနေလေသည်။ သူ့မျက်လုံးများက 'ဒါတောင် မခန့်မှန်းနိုင်ဘူးဆိုရင် မင်းက ဉာဏ်မမီတဲ့ ငတုံးလေးပဲ' ဟု ပြောနေသယောင် ဖြစ်နေလေ၏။

“...............”

မူလတွင် မော့ရှုလင်က လေးနက်သော စကားတစ်ခုခုကို ပြောချင်ခဲ့လေသည်။ 

သို့ရာတွင် 'အဖြေက မင်းရှေ့မှာ ရှိနေပြီလေ' ဟု ပြောနေသယောင်ရှိသည့် ယုန်ဝတုတ်ကြီး၏ မျက်နှာထားကို မြင်ချိန်တွင် မော့ရှုလင်က ခန့်မှန်းပေးလိုက်၏။
"သူ့ဟာက ခွာရာ... ရှစ်စွမ်းဟာက လက်ဖဝါးရာ... ဟုတ်လား..."

မော့ရှုလင်က ယုန်ဝတုတ်ကြီး ပြောသောစကားကို ထပ်ပြောလိုက်၏။ 

လူကြီးအများစုက ကလေးများကို ဤကဲ့သို့ သင်ပေးတတ်ကြလေသည်။ 

သို့ရာတွင် ယုန်ဝတုတ်ကြီးက ကလေးတစ်ယောက်ကို မပျိုးထောင်ဖူးသဖြင့် အဖြေမှန်ကို မရပေ။ 

ယုန်ဝတုတ်ကြီးမှာ တပည့်ဖြစ်သူ၏ အဖြေကို ကြားချိန်တွင် သက်ပြင်းချလိုက်၏။
"ဒါက ရှေ့ခြေထောက်ခွာရာမဟုတ်ဘဲ သူ့ရဲ့လက်ဆိုတာကို မင်းဘယ်လိုသိလဲ..."

“...............”

မော့ရှုလင်မှာ သူ့အဖြေက မှားသည်ကို ခန့်မှန်းမိလိုက်သဖြင့် အဖြေကို ပြောင်းပြောလိုက်၏။
"သူက မြင်း... ဒါပေမဲ့ ရှစ်စွမ်းက မြင့်မြတ်ပြီး စွမ်းအားကြီးတဲ့ယုန်လေ..."

"လာမြှောက်ပြောမနေနဲ့... မြှောက်ပြောနေလည်း အသုံးမဝင်ဘူး... မှားတယ်..."

ယုန်ဝတုတ်ကြီးမှာ ခေါင်းကိုက်လာလေ၏။ သူက မော့ရှုလင်ကို သဲလွန်စထပ်ပေးရန် ကြိုးစားလေသည်။
"အရမ်းကို ယေဘုယျဆန်လွန်းတယ်... ပိုပြီး နက်နက်နဲနဲ စဉ်းစားစမ်းပါ..."

အသုံးမဝင်သော သဲလွန်စများကြောင့် မော့ရှုလင်မှာ ယုန်ဝတုတ်ကြီးကိုကြည့်ပြီး ခေါင်းကိုက်လာလေသည်။ 

ယုတ္တိရှိရှိ စဉ်းစားကြည့်လျှင် ပိုင်ယွီမင်က မြင်းဖြူမိစ္ဆာဘုရင် ငွေလိမ်ခဲ့သည့် နည်းလမ်းကဲ့သို့ လိုက်လုပ်ချင်နေသည်ဟု ထင်လေသည်။ သို့ရာတွင် ပိုင်ယွီမင်က သူ့ရှစ်စွမ်းဖြစ်သဖြင့် ဤစကားအား ထုတ်မပြောသင့်သည်ကို သူသိလေသည်။ 

အနည်းဆုံး သူ့ပါးစပ်မှ ထုတ်မပြောနိုင်ပေ။ 

မော့ရှုလင်က ခေါင်းငုံ့ပြီး ဝမ်းနည်းဟန်ဆောင်ကာ ပြောလိုက်၏။
"ရှစ်စွမ်း... ကျွန်တော် မခန့်မှန်းတတ်တော့ဘူး..."

ပိုင်ယွီမင်၏ အသုံးမဝင်သော သဲလွန်စများကိုကြည့်ပြီး မော့ရှုလင်တွေးမိသည်မှာ နှစ်ပေါင်းတစ်သန်းခန့် အချိန်ပေးလျှင်ပင် ပိုင်ယွီမင်အား နားလည်နိုင်မည် မဟုတ်ပေ။

"အင်း... မင်းက မန္တန်တွေနဲ့ ပတ်သက်ရင် ပါရမီမရှိဘူး ထင်ပါတယ်..."
ယုန်ကြီးက သက်ပြင်းချလိုက်၏။ 

မော့ရှုလင် “............”

စိတ်မကောင်းစရာပဲ... ကျွန်တော်က ထိပ်တန်းအဆင့် မန္တန်ပညာရှင်အဖြစ် နာမည်ကြီးပြီးသားပါ…

ယခင်ဘဝ၌ ကိုယ်ပိုင်ကျင့်ကြံရေးနည်းလမ်းများကို ဖန်တီးခဲ့ရုံသာမက ငွေရှာနည်းပေါင်းစုံကို တိတ်တဆိတ် လေ့လာခဲ့ဖူးလေသည်။ ယခုဘဝတွင်လည်း ယွဲ့ရွှယ်တောင်ထိပ်၌ ပိုင်ယွီမင်ရှုပ်ထားသည့် ကိစ္စမှန်သမျှအား သူတစ်ယောက်တည်း ရှင်းပေးနေရလေသည်။ 

ငါ့မှာ ပါရမီမရှိဘူးတဲ့လား... 

ဒါနဲ့ ဒီပိုင်ယွီမင်ကို ငါ့ရှစ်စွမ်းအဖြစ် ဘယ်သူရွေးခဲ့တာပါလိမ့်…

ယုန်ဝတုတ်ကြီး၏ စိုက်ကြည့်မှုအောက်တွင် မော့ရှုလင်က ခေါင်းညိတ်ပြလိုက်ရလေသည်။
"ရှစ်စွမ်းက ကျွန်တော့်ကို သင်ခန်းစာကောင်းတစ်ခု သင်ကြားပေးခဲ့ပါတယ်... ဒီတပည့်က သေချာပေါက် ကြိုးစားလေ့လာမှာပါ..."

၎င်းက ပိုင်ယွီမင်၏ ထူးဆန်းသော ဦးနှောက်အလုပ်လုပ်ပုံကို နားလည်အောင် ကြိုးစားလေ့လာမည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။ 

ယုန်ဝတုတ်ကြီးက မော့ရှုလင်၏ သဘောထားကြောင့် ကျေနပ်သွားလေ၏။ သူက မော့ရှုလင်ကို သင်ကြားပေးရန် အားအင်များစွာ စိုက်ထုတ်ထားရလေသည်။

ယုန်ဝတုတ်ကြီးက သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို တုတ်ချောင်းသဏ္ဌာန် စုစည်းလိုက်ပြီးနောက် လက်ရေးမူပေါ်သို့ ယုန်လက်ဖဝါးဖြင့် ထိကာ ရှင်းပြလိုက်သည်။
"သေချာကြည့်... ဒီခွာရာမှာ စိတ်ဝိညာဉ်စွမ်းအားတွေ မြှုပ်နှံထားတယ်... ငါ့ဟာမှာတော့ မရှိဘူး... ဒီစိတ်ဝိညာဉ်စွမ်းအားတွေကို စုစည်းထားတာက နှစ်ပေါင်းများစွာ ကြာနေပြီ... ငါသုံးချင်ရင်တောင် သုံးလို့မရဘူး..."

မော့ရှုလင်ကြည့်လိုက်ချိန်တွင် သူပြောသည်က မှန်သည်ကို တွေ့လိုက်ရလေ၏။ 

မော့ရှုလင်၏ စိတ်ထဲ၌ ယုန်ဝတုတ်ဆန်သော ခန့်မှန်းချက်တစ်ခု ပေါ်လာလေသည်။

“စဉ်းစားကြည့်... တိရစ္ဆာန်ရဲ့ လက်ဖဝါးရာနဲ့ စိတ်ဝိညာဉ်စွမ်းအားစုစည်းတဲ့ နည်းလမ်းကိုသာ ငါတတ်သွားရင် စိတ်သန့်စင်တဲ့ အဆောင်လက်ဖွဲ့တွေ လုပ်တဲ့အခါ စုတ်တံသုံးစရာ မလိုတော့ဘူးလေ...”

ယုန်ဝတုတ်ကြီးမှာ စာရေးရန်မလိုဘဲ သူ့လက်ဖဝါးရာကို နှိပ်လိုက်ရုံဖြင့် ငွေရှာနိုင်မည်ကို စဉ်းစားနေပြီး သူ့အသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။ 

မော့ရှုလင် “............”

ပိုင်ယွီမင်လုပ်သမျှ ကြိုးစားအားထုတ်မှုအားလုံးက ပျင်းနိုင်ရန် လုပ်နေသည်ကို  á€žá€° နားလည်သင့်ခဲ့လေသည်။

🐰🐰🐰

🐰 Chapter 40


မော့ရှုလင်က ဖြစ်နိုင်ခြေတစ်ခုကို တွေးမိပြီးနောက် မေးလိုက်၏။
"ရှစ်စွမ်း... အဆောင်လက်ဖွဲ့ရေးရတဲ့ တာဝန်ကို ဒီလောက်မုန်းတာလား... ရှစ်စွမ်း မကြိုက်ဘူးဆိုရင် ကျွန်တော်တို့ တခြားတာဝန်တစ်ခု ပြောင်းလုပ်လို့ရတယ်..."

ပိုင်ယွီမင်က တစ်ချိန်လုံး ဝတ္ထုစာအုပ်များကို ဖတ်နေသဖြင့် စာပေများကို ကြိုက်မည်ဟုထင်ကာ မော့ရှုလင်က စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များ ရေးဆွဲသည့်တာဝန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။ 

ယခုအချိန်တွင် ပိုင်ယွီမင်က အဆောင်လက်ဖွဲ့ရေးရမည့်ကိစ္စကို တက်တက်ကြွကြွ ရှောင်လွှဲနေသဖြင့် သူ တာဝန်မှားရွေးမိသည်ဟု မော့ရှုလင် တွေးနေလေသည်။

"ပုံမှန်ပါပဲ..."
ယုန်ဝတုတ်ကြီးက သွယ်ဝိုက်ပြီး ပြောလိုက်၏။ 

ယုန်မျက်လုံးလေးများက ဟိုကြည့်သည်ကြည့်လုပ်ကာ မော့ရှုလင်၏ အကြည့်ကို ရှောင်ရှားနေလေသည်။ 

ရှက်စိတ်ကြောင့် မျက်နှာကို ကုတ်ချင်သော်လည်း မော့ရှုလင်က သူ့လက်ကို ဖမ်းဆွဲလိုက်၏။ 

ကံကောင်းစွာဖြင့် မော့ရှုလင်က ယုန်လက်ဖဝါးကို ဖမ်းမိလိုက်လေသည်။ မဟုတ်လျှင် သူ့မျက်နှာတွင် မှင်များ ပေသွားတော့မည်ဖြစ်၏။

ယုန်ဝတုတ်က မော့ရှုလင်ကို ကျေးဇူးတင်စကားပြောရန် မော့ကြည့်လိုက်စဉ်တွင် မော့ရှုလင်၏ စိုးရိမ်ပူပန်ကာ နောင်တရနေသော မျက်နှာထားကို တွေ့လိုက်ရလေသည်။ 

ယုန်ဝတုတ်လေး၏ နှလုံးသားက ရုတ်တရက် နာကျင်သွားလေ၏။ သူက မော့ရှုလင်၏ ဂရုစိုက်မှုကို အသားကျနေခဲ့ပြီး သူ့တပည့်လေးက သူ မပျော်ရွှင်မည်ကို စိုးရိမ်သဖြင့် အလိုလိုက်အကြိုက်ဆောင်နေသည်ကို မေ့လျော့နေခဲ့လေသည်။

"ငါက အဆောင်လက်ဖွဲ့ရေးရတာကို မုန်းတာမဟုတ်ပါဘူး... ပျင်းလို့ပါ..."
ယုန်ဝတုတ်ကြီးက ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်လေသည်။ 

ယုန်အရေပြားက မည်မျှပင် ထူစေကာမူ တပည့်ဖြစ်သူရှေ့တွင် ပျင်းကြောင်းဝန်ခံရချိန်၌ မျက်နှာနီမြန်းလာသည်ကို မရှောင်လွှဲနိုင်ပေ။ 

မော့ရှုလင်၏ မယုံကြည်သောပုံစံကို မြင်ချိန်တွင် ယုန်ဝတုတ်ကြီးက ကွဲနေပြီးသားအိုးကို ထပ်ခွဲလိုက်သကဲ့သို့ ဆက်ပြောလိုက်၏။
"မစိုးရိမ်ပါနဲ့... မင်း ငါ့ကို တခြားတာဝန်တစ်ခု ရှာပေးရင်တောင် ငါပျင်းနေဦးမှာပဲ..."

ထို့နောက် ယုန်ဝတုတ်ကြီးမှာ မော့ရှုလင်အား မကောင်းသည့်အကြံဉာဏ်များ ပေးမိသွားမည်ကို စိုးရိမ်သဖြင့် သူ့စကားကို ပြောင်းလိုက်၏။
"တကယ်တော့ ပျင်းတာမဟုတ်ပါဘူး... ထုတ်လုပ်မှု အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ပါ..."

မော့ရှုလင် “............”

ယုန်ဝတုတ်ကြီးမှာ သူ့စကားက အဆင်ပြေသည်ဟုတွေးလျက် လေးနက်သော ပုံစံဖြင့် ပေါက်ကရစကားများကို ဆက်ပြောလေသည်။
"စဉ်းစားကြည့်လေ... ငါက လက်တစ်ဖက်တည်းနဲ့ပဲ ရေးလို့ရတယ်... ဒါပေမဲ့ ယုန်လက်ဖဝါးနဲ့ တံဆိပ်ထုရင်တော့ လက်နှစ်ဖက်လုံး သုံးလို့ရတယ်လေ... ငါ့လက်နှစ်ဖက်လုံးကို မှင်ရည်စိမ်ပြီးတော့ လက်ဖဝါးရာတွေ ဆက်တိုက်ထုရင် ရေးနေတာထက် အများကြီး ပိုမြန်မှာပေါ့..."

ယုန်ဝတုတ်ကြီးက ခပ်တိုးတိုးပြောကာ သူ၏ ယုန်လက်နှစ်ဖက်ကို လှုပ်ရှားပြလိုက်၏။ သူ့ပုံစံက ယုန်သိုင်းကွက်များ ကျင့်နေပုံနှင့် တူနေလေသည်။ 

ယုန်လက်ဖဝါးလေးက အဖြူရောင် အမွေးနုနုများ ဖုံးအုပ်ထားပြီး ပန်းရောင်နုနုလေးဖြစ်နေကာ အလွန်နွေးထွေးပြီး ချစ်စဖွယ်ကောင်းလေသည်။ ကျန်လက်ဖဝါးတစ်ဖက်မှာမူ အမွေးများကြားတွင် မှင်များပေကျံနေသဖြင့် မည်းညစ်နေ၏။ သို့ရာတွင် မော့ရှုလင်အတွက်မူ ထိုယုန်လက်ဖဝါးလေးက ချစ်စရာကောင်းနေဆဲ ဖြစ်လေသည်။

"အင်း... နောက်ကျရင် ရှစ်စွမ်း တခြားတာဝန်တစ်ခု ပြောင်းလုပ်ချင်တယ်ဆိုရင် ကျွန်တော့်ကို ပြောပါ..."
မော့ရှုလင်က ယုန်ဝတုတ်ကြီး၏ အဓိပ္ပာယ်မရှိသော စကားများကို လက်ခံလိုက်လေသည်။ 

မော့ရှုလင်က စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်သော်လည်း ဓားဖြင့် မပျံသန်းနိုင်သဖြင့် ပိုင်ယွီမင်ကို သူ့အား လိုက်ပို့ရန် တောင်းဆိုရလေသည်။ ပိုင်ယွီမင်နှင့်အတူ သွားလျှင် တာဝန်တစ်ခုကို ချောချောမွေ့မွေ့ ယူနိုင်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို ရှာဖွေနိုင်မည်ဖြစ်သည်။ ပိုင်ယွီမင်က စိတ်ဝိညာဉ်စွမ်းအား လွှဲပြောင်းပေးရုံသာ လုပ်ရသည့် မျိုးစေ့စိုက်ပျိုးခြင်းကဲ့သို့သော တာဝန်မျိုးကို နှစ်သက်လေသည်။ ၎င်းက လွယ်ကူသော်လည်း ဝင်ငွေများစွာ မရနိုင်ပေ။ 

မော့ရှုလင်အနေဖြင့် ပိုင်ယွီမင်က တာဝန်များအား မရှောင်လွှဲနိုင်သည်ကို သိသော်လည်း ပိုင်ယွီမင်နှစ်သက်သည့် တာဝန်များကိုသာ လုပ်စေချင်လေသည်။ 

ထိုအကြောင်းကို ပြောရလျှင် ပိုင်ယွီမင်က မော့ရှုလင်အား မလိမ်ခဲ့ပေ။
"တကယ်လို့ စစ်ဆေးတဲ့နေရာမှာ မအောင်မြင်ခဲ့ရင် နောက်ထပ် အဆောင်လက်ဖွဲ့ရေးတဲ့ တာဝန်ကို ငါမယူတော့ဘူး..."

ထိုအကြောင်းကို တွေးမိပြီးနောက် ယုန်ဝတုတ်ကြီးက ဆက်ပြောလေသည်။
"ငါ့လက်ရေးက အရမ်းဆိုးတယ်... အဲ့စာလုံးတွေက မင်းရေးထားတာမှန်း သိသာနေတာတောင် ရောင်းတဲ့အချိန်တုန်းက တစ်ခွန်းမှ ထုတ်မပြောခဲ့ဘူး..."

[T/N - ဒါကလေ ‘စာလုံးတွေက မော့ရှုလင် ရေးထားမှန်းသိသာနေတာတောင်’ လို့ ပြောတာက မော့ရှုလင် တကယ်ရေးတာကို ပြောတာမဟုတ်ပါဘူး... လက်ရေးကအရမ်းဆိုးနေလို့ အပြင်လူတွေအနေနဲ့ကြည့်မယ်ဆို ကလေးတစ်ယောက်ရေးထားတာမှန်း သိသာနေတာကိုပြောတာပါ... သူပြောချင်တာက စာကို မော့ရှုလင်ရေးတယ်လို့ ပြောရင်လည်း ဝယ်သူတွေကယုံမှာပဲ... ဒါပေမဲ့ မော့ရှုလင်က မပြောခဲ့တာကို ပြောချင်တာပါ...]

မော့ရှုလင်က ထိုမျှများပြားသည့် စိတ်ဝိညာဉ်စွမ်းအားများနှင့် ပတ်သက်ပြီး မည်သည်ကိုမှ မပြောခဲ့သဖြင့် လူများက ထိုစာများကို ရေးသူမှာ ပိုင်ယွီမင်ဟု ထင်သွားကြလေသည်။ 

ယုန်ဝတုတ်ကြီးက ထိုအကြောင်းကို ပြန်တွေးမိပြီး စိတ်ဆိုးလာသဖြင့် သူ့လက်သည်းများတွင် မှင်ပေနေသည်ကိုမေ့ပြီး ခါးထောက်လိုက်မိ၏။ သူ့ခါးမှ အမွေးဖြူဖြူလေးများပေါ်တွင် အမဲကွက်လေးတစ်ခု ချက်ချင်းပေါ်လာလေသည်။

မော့ရှုလင်က မျက်မှောင်ကြုတ်လိုက်၏။ ယုန်နားရွက်များကို ဆွဲမပြီး ယုန်ဝတုတ်ကြီးကို ရေချိုးပေးချင်စိတ် ပေါက်လာလေသည်။ ဝတုတ်နေသောကိုယ်လုံးနှင့် အဝလွန်သဖြင့် တိုနေသော နားရွက်များကို ကြည့်ကာ ယုန်နားရွက်လေးများက ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးအား ထိန်းနိုင်မည်မဟုတ်သည်ကို ခံစားလိုက်ရလေသည်။

အစောက ယုန်ဝတုတ်ကြီးအား ဖက်ခဲ့စဉ်က နူးညံ့ချောမွေ့သော ခံစားချက်များကို တွေ့မိပြီး မော့ရှုလင်၏ ရင်ထဲတွင် အနည်းငယ် ယားကျိကျိ ဖြစ်လာလေသည်။ 

ဖက်ရတာ အရမ်းကို နွေးထွေးပြီး သက်သောင့်သက်သာရှိတယ်... တစ်ခုပဲ... ဒီယုန်ဝတုတ်က အရမ်းလေးနေတာမို့ အခုအချိန်မှာ ငါ မပွေ့နိုင်သေးဘူး...

"မင်း တစ်ခုခုပြောဦးလေ..."
ယုန်ဝတုတ်ကြီးက မော့ရှုလင်ငေးငိုင်နေသည်ကို သတိထားမိပြီး စိတ်ဆိုးသွားလေသည်။ 

ယုန်ဝတုတ်ကြီးက အရပ်ပုသော်လည်း သူထုတ်လွှတ်ထားသည့် ဖိအားက နှစ်မီတာမှ ရှစ်မီတာအမြင့်ထိ ရှိလေသည်။ 

ယုန်ဝတုတ်ကြီးမှာ သူက ဆရာတစ်ယောက်အနေဖြင့် တစ်ခုခုလုပ်ရမည်ဟု မစဉ်းစားပေ။ 

ကျင့်ကြံရေးလောကတွင် ဆုံးမသွန်သင်ပေးသော ဆရာများကို လေးစားကြပြီး တစ်ခါတစ်ရံတွင် လေးစားမှုလွန်ကဲကာ ဆရာဖြစ်သူ ပြောသမျှအရာအားလုံးက မှန်ကန်သည်ဟု မျက်စိမှိတ် ယုံကြည်တတ်ကြလေသည်။

ပိုင်ယွီမင်လက်ခံရရှိခဲ့သည်က ခေတ်မီယဉ်ကျေးသော ပညာရေးဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများစွာ မရှိပေ။ သူ ယုံကြည်သည်မှာ လူသုံးယောက်ရှိလျှင် တစ်ယောက်က သူ့ဆရာဖြစ်ရမည်ဟူ၍ဖြစ်သည်။ ဆရာဟူသည်က သူ့ထက်စောပြီး ဗဟုသုတများ ရရှိသူဖြစ်လေသည်။ 

ပိုင်ယွီမင်က ကြိုးစားအားထုတ်သူတိုင်းကို လေးစားသဖြင့် ဆရာများကို လေးစားလေသည်။ 

အချို့ဆရာများက ကျောင်းသားများကို ကောင်းမွန်စွာ မသင်ကြားဘဲ လမ်းမှားရောက်အောင် ပို့ဆောင်တတ်ကြလေသည်။ ထိုလူများကို ဆရာဟု ခေါ်ဝေါ်ကြသော်လည်း လောက၏ လေးစားမှုကို မခံယူထိုက်ပေ။ အချို့လူများတွင် ဆရာဖြစ်ကြောင်း လက်မှတ်မရှိသော်လည်း သင်ကြားပြသခြင်းနှင့် ဆုံးမခြင်းအလုပ်ကို လုပ်ဆောင်နေလျှင် ထိုသူများမှာ လေးစားထိုက်သူများ ဖြစ်လေသည်။

သို့ရာတွင် မော့ရှုလင်၏ လုပ်ပုံကိုင်ပုံက အနည်းငယ် သဘာဝမကျပေ။ 

မနက်က ဂူထဲတွင် ပိုင်ယွီမင်က စာရွက်များကို ရောင်းချရန် သဘောတူခဲ့ပြီး မျက်နှာပျက်ရမည်ကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။ ထို့ကြောင့် မော့ရှုလင်အနေဖြင့် သူ့ကိုကူညီရန်မလိုပေ။ 

သို့ရာတွင် မော့ရှုလင်က သူ့အား ကူညီမည်ဟု ပြောခဲ့၏။ သို့သော် ဝယ်သူရောက်လာချိန်တွင် မော့ရှုလင်က သူ့လက်ရေးဖြစ်ကြောင်း မရှင်းပြဘဲ ပစ္စည်းရောင်းရန်သာ အာရုံစိုက်ထားခဲ့လေသည်။ 

သူတို့ပြန်ရောက်လာချိန်တွင် ထိုကိစ္စကို မပြောခဲ့သည်မှာ အရှက်ရဖွယ်ကိစ္စများနှင့် ပတ်သက်ပြီး သူက များစွာဂရုမစိုက်သောကြောင့် ဖြစ်လေသည်။ 

လက်ရေးဆိုးခြင်းက အမှန်ပင် သူ့ပြဿနာဖြစ်၏။ ပိုင်ယွီမင်က ထိုအချက်ကို ဝန်ခံရမည်ဖြစ်ပြီး ဤအားနည်းချက်ကို ကျော်လွှားရန် ကြိုးစားရမည်ဖြစ်သည်။

သို့ရာတွင် မော့ရှုလင်ကလည်း သူပြောခဲ့သည့်စကားအား မတည်သည့်အချက်ကို ပြန်လည်ဆန်းစစ်သင့်၏။ 

မော့ရှုလင်က အနာဂတ်တွင် မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းမည်ဖြစ်ပြီး မူရင်းဇာတ်ကြောင်းတွင် မော့ရှုလင်က အမှန်တကယ် လမ်းမှားရောက်နေသော ဗီလိန်တစ်ဦး ဖြစ်လေသည်။ ပိုင်ယွီမင်က ကလေးကို ကောင်းမွန်စွာ မသင်ကြားနိုင်မည်ကို ကြောက်ရွံ့သော်လည်း မော့ရှုလင်ကို လက်ခံပြီးနောက် ဤကဲ့သို့ လိမ္မာသော ကလေးတစ်ယောက်အား လမ်းမှားရောက်အောင် ပို့ဆောင်မိမည်ကို စိုးရိမ်မိလေသည်။

နှစ်မီတာမှ ရှစ်မီတာခန့်အထိ ဖိအားပေးနေသော ပိုင်ယွီမင်ကို ရင်ဆိုင်နေရသော်လည်း မော့ရှုလင်က လုံးဝမကြောက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက စမ်းသပ်ကြည့်ခြင်းဖြစ်ပြီး သူ့စိတ်ထဲတွင် ဝံပုလွေသားရဲများကဲ့သို့ အကြံအစည်များအပြည့် ဖြစ်လေသည်။ 

ယုန်ဝတုတ်ကြီးက အမှန်တကယ် စိတ်မဆိုးသည်ကို မော့ရှုလင်သိ၏။ 

စိတ်ဆိုးနေသော လူတစ်ယောက်တွင် ဤကဲ့သို့ နူးညံ့သည့် လေသံမျိုး မရှိပေ။ စိတ်ဆိုးဒေါသထွက်နေသော ယုန်တစ်ကောင်က စိုက်ကြည့်အော်ဟစ်ကာ နှုတ်ခမ်းများကို ဖွင့်ပြီး ကိုက်ရန် လုပ်မည်ဖြစ်သည်။

မော့ရှုလင်မှာ ယုန်ဝတုတ်ကြီးက သူ၏အကျင့်ဆိုးအား ပြင်ပေးချင်နေသည်ကို နားမလည်ဟန် ဆောင်လိုက်လေသည်။ သူက ပုခုံးလေးကိုတွန့်ကာ ဝမ်းနည်းဟန်ပြုလျက် ချစ်စရာကောင်းသော တပည့်တစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းကာ ဝတုတ်ကြီးကို ရှင်းပြလေသည်။
"ရှစ်စွမ်း... ကျွန်တော်က ဘာမှမပြောဘဲ နေခဲ့တာ မဟုတ်ပါဘူး... သူတို့ကမှ မမေးတာ... ပြီးတော့ အဆောင်လက်ဖွဲ့စာရွက်တွေကို လက်ရေးလှလှ ရေးစရာမှမလိုတာ... တချို့ ထူးခြားတဲ့ အဆောင်လက်ဖွဲ့တွေဆိုရင် လက်ရေးကြောင့်ပဲ ထူးကဲတဲ့ အကျိုးအာနိသင်တွေ ရှိတတ်ကြတယ်လေ..."

မော့ရှုလင်က ယုန်ဝတုတ်ကြီးကို ကြည့်လိုက်ချိန်တွင် ပိုင်ယွီမင်၏ အနက်ရောင်မျက်ဝန်းများနှင့် ဆုံသဖြင့် အမြန်အကြည့်လွှဲလိုက်၏။ 

ယုန်ဝတုတ်ကြီးက သံသယဝင်သွားနိုင်လေသည်။ 

သို့ရာတွင် သူပြောသည်မှာ အမှန်တရားအချို့ ပါလေ၏။ 

စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များ၏ အောင်မြင်နှုန်းက မြင့်မားရခြင်းမှာ စာလုံးများကြားတွင် ထူးခြားသောစည်းမျဉ်းနှင့် အစီအစဉ်များ ပါရှိသောကြောင့်ဖြစ်၏။

ဤနိယာမတရားများက သီချင်းများကဲ့သို့ပင် အနိမ့်အမြင့် အတက်အကျများ ရှိလေသည်။ အဆိုတော်တစ်ယောက်က ဂီတနုတ်များ၏ စီးချက်များအတိုင်းလိုက်ပြီး စာသားများကို ဆိုနေသမျှကာလပတ်လုံး ရံဖန်ရံခါ အသံချော်ပြီး စည်းချက်လွဲသွားလျှင်ပင် ထိုသီချင်းကို ကြားချိန်၌ တူညီသော ခံစားချက်များ ရှိနေဆဲဖြစ်လေသည်။ 

စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များ၏ အာနိသင်ကလည်း ထိုသီချင်းများကဲ့သို့ပင် ဖြစ်၏။ ဂီတကောင်းတစ်ပုဒ်က ခန္ဓာကိုယ်နှင့် စိတ်ကို ငြိမ်းချမ်းစေနိုင်သော အားသာချက်ရှိပြီး အကျိုးသက်ရောက်မှုကို နှစ်ဆတိုးစေလေသည်။ စည်းချက်လွဲချော်မှုများက အကျိုးသက်ရောက်မှုကို အနည်းငယ် လျော့ကျစေနိုင်သော်လည်း အသုံးဝင်နေဆဲဖြစ်ပြီး အခြားသူများ၏ ခံစားချက်ကို နှိုးဆွပေးနိုင်စွမ်း ရှိလေသည်။

ယုန်ဝတုတ်ကြီးက သူ့စကားအား နားထောင်နေသည်ကို သိသဖြင့် မော့ရှုလင်က ဆက်ပြောလေသည်။
"ရှစ်စွမ်း စဉ်းစားကြည့်ပါဦး... သူတို့တွေက ထူးထူးဆန်းဆန်းအကြည့်နဲ့ စိုက်ကြည့်ခဲ့လို့လား..."

အဲ့လိုတော့ မကြည့်သလိုပဲ...

ယုန်ဝတုတ်ကြီးမှာ ထိုအချိန်က မြင်ကွင်းကို ပြန်တွေးကြည့်လိုက်၏။ ထိုလူများက နှစ်သစ်ကူးစာရွက်များ၏ အကျိုးသက်ရောက်မှုနှင့် မည်မျှပေးဝယ်ရမည်ကိုသာ တွေးတောနေကြပြီး လက်ရေးကို မကြိုက်ကြောင်း မပြခဲ့ပေ။

"သူတို့ မမေးဘူးဆိုတာက လက်ရေးကို လုံးဝဂရုမစိုက်ဘူးလို့ ဆိုလိုတာပါ... သူတို့ လိုအပ်တာက အသုံးဝင်ပြီး စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီးပါတဲ့ ပစ္စည်းမျိုးပဲ... တကယ်လို့ ကျွန်တော်က လက်ရေးအကြောင်းကို တမင်တကာ ထည့်ပြောလိုက်မယ်ဆိုရင် အခုလက်ရှိရထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေလောက် ရပါဦးမလားလို့ ကျွန်တော် သံသယဖြစ်မိတယ်..."

ယုန်ဝတုတ်ကြီး၏ နှစ်မီတာမှ ရှစ်မီတာခန့်ရှိသော ဖိအားက အနည်းငယ် လျော့ကျသွားသည်ကို ခံစားလိုက်ရလေသည်။

"မင်းပြောတာ အဓိပ္ပာယ်ရှိသားပဲ..."

ယုန်ဝတုတ်ကြီးက စဉ်းစားလေလေ မော့ရှုလင်အား အထင်လွဲပြီး အပြစ်တင်နေမိသည်ကို ခံစားမိလာလေသည်။ မော့ရှုလင်က သူ့အား အရှက်ခွဲခဲ့ခြင်းမဟုတ်ဘဲ အရှက်ခွဲရန် အခွင့်အရေးမရခဲ့ခြင်း ဖြစ်လေသည်။

အချို့လူများက လက်ရေးကို ဂရုစိုက်ကြသော်လည်း အချို့ကမူ ဂရုမစိုက်ပေ။ သူတို့က ဂရုမစိုက်တတ်သည့် လူများနှင့် ကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်သည်။ 

“ငါ ဒီကိစ္စကို အရမ်းအတွေးလွန်သွားတယ်... ငါတောင်းပန်ပါတယ်..."
ယုန်ဝတုတ်ကြီးက ခေါင်းငုံ့လိုက်၏။ သူက ဝနေသောကြောင့် ခေါင်းငုံ့လိုက်သည်မှာ မသိသာသော်လည်း သူ့အသံကမူ စိတ်ရင်းကို ဖော်ပြနေလေသည်။
"ငါ တောင်းပန်ပါတယ်..."

ယုန်ဝတုတ်ကြီး၏ အပြုအမူကြောင့် မော့ရှုလင်က အံ့အားသင့်သွားလေသည်။ သူက ပိုင်ယွီမင်အား အပြစ်တင်ရန် ရည်ရွယ်ချက်မရှိပေ။ ဤကိစ္စကိုယ်တိုင်က အထင်လွဲစရာကိစ္စဖြစ်၏။ 

ကျင့်ကြံရေးလောကတွင် ဆရာများကို အလွန်အမင်း ချီးမြှောက်ထားလေရှိပြီး ဆရာက အမှားလုပ်မိလျှင်ပင် စိတ်ရင်းမှန်ဖြင့် တပည့်အား တောင်းပန်ခြင်းထက် အတွေ့အကြုံတစ်ခု ပေးခြင်းမျိုးသာ သတ်မှတ်လေ့ရှိသည်။

မော့ရှုလင်က ယုန်ဝတုတ်ကြီး၏ ညစ်ပေနေသော လက်ဖဝါးများကိုကြည့်ကာ ပြောလိုက်၏။
"ဒါဆိုရင် ရှစ်စွမ်းက အပြစ်ပေးခံရမှာပေါ့..."

ဤသည်က သူလုပ်ခဲ့သမျှ ကိစ္စများအနက် အရဲရင့်ဆုံးကိစ္စသာ ဖြစ်လေသည်။ ညစ်ပေနေသော လက်ဖဝါးများကို ကြည့်ရသည်မှာ အလွန်ပင် မသက်မသာ ခံစားရလေသည်။

"မင်းလိုတပည့်လေးတစ်ယောက်က ငါ့ကို အပြစ်ပေးချင်တယ် ဟုတ်လား..."
ယုန်ဝတုတ်ကြီးက နှာမှုတ်ကာ ပြောလိုက်၏။
"ကောင်းပြီလေ... ဒီတစ်ခါတော့ ငါမှားသွားတယ်... ဆရာတစ်ယောက်အနေနဲ့ မင်း ငါ့ကို အပြစ်ပေးဖို့ အခွင့်အရေးပေးမယ်... “

“ငါ့ကို ဘာအပြစ်ပေးမှာလဲ..."
ယုန်ဝတုတ်ကြီးက အနည်းငယ် စိတ်လှုပ်ရှားလာလေသည်။ 

တပည့်လေးက သူ့အား ရည်ရွယ်ချက်ရှိရှိဖြင့် အရှက်ခွဲမည် မဟုတ်သော်လည်း မသိနိုင်သော အရာများနှင့် ရင်ဆိုင်ရချိန်၌ အဆိုးဆုံးကို မတွေးဘဲ မနေနိုင်ပေ။

"အပြစ်ပေးမှာက..."
မော့ရှုလင်က စကားကို ဆွဲပြီး ပြောလိုက်၏။ 

ယုန်ကြီး၏ နားရွက်များက ထောင်မတ်လာသည်ကို မြင်ရပြီးမှ ဖြည်းဖြည်းချင်း ဆက်ပြောလိုက်လေသည်။
“ရှစ်စွမ်းရဲ့ အမွေးတွေကိုညှပ်ဖို့ အပြစ်ပေးပါတယ်...” 

ယုန်ကြီးက သူ အမွေးပြောင်ယုန်ဖြစ်တော့မည်ဟု တွေးပြီး ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းဆုတ်လိုက်မိပြီး ရုတ်တရက် နတ်ဆိုးလေးဖြစ်လာသည့် သူ့တပည့်နှင့် ဝေးရာသို့ပြေးရန် ကြိုးစားလိုက်လေသည်။ 

မော့ရှုလင်မှာ သူ့ရှစ်စွမ်း အထင်လွဲသွားသည်ကို သိလိုက်ပြီး ရှင်းပြလိုက်၏။
"ရှစ်စွမ်း... ကျွန်တော်က ရှစ်စွမ်းရဲ့လက်ဖဝါးကြားက အမွေးတွေကို ညှပ်မှာပါ..."

ထိုအခါမှသာ ယုန်ဝတုတ်ကြီးက နားလည်သွားလေ၏။ သူ့ယုန်မွေးများက ရှည်လွန်းနေသည်ကို တပည့်အလိမ္မာလေးကမြင်ပြီး နောက်ပိုင်းတွင် ယုန်လက်ဖဝါးရာထုရာ၌ အဆင်မပြေမည်ကို စိုးရိမ်သဖြင့် ကြိုပြီးရှင်းလင်းပေးလိုခြင်း ဖြစ်လေသည်။ 

ထိုသို့စဉ်းစားပြီးနောက် ပိုင်ယွီမင်၏ ရင်ထဲ၌ နွေးထွေးသွားလေသည်။
"ကောင်းပြီလေ..."

ယုန်ကြီးက သူ့အနားသို့ ခုန်လာပြီး ယုန်လက်ဖဝါးလေးများအား လိမ်လိမ်မာမာဖြင့် ဆန့်ထုတ်လိုက်သည်ကို မြင်ချိန်တွင် မော့ရှုလင်မှာ ရုတ်တရက် ပျော်ရွှင်မှုများကို ခံစားလိုက်ရလေသည်။ 

ယုန်လက်ဖဝါးပေါ်တွင် မှင်များပေကျံနေသဖြင့် ပထမဦးစွာ ဆေးကြောပေးရမည် ဖြစ်သည်။ 

မော့ရှုလင်က သစ်သားဇလုံလေးတစ်ခုကို ယူလာပြီး နှင်းအနည်းငယ် ထည့်လိုက်၏။ ထို့နောက် မီးအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်ချိန်တွင် အဆောင်လက်ဖွဲ့က မီးနဂါးလေးတစ်ကောင်အဖြစ် ပြောင်းသွားပြီး လေထဲတွင် အမြီးကိုခါရမ်းကာ သစ်သားဇလုံထဲရှိ နှင်းများထဲသို့ ထိုးဆင်းသွားလေသည်။

မီးနဂါးလေးက နှင်းထဲတွင် ကူးခတ်နေပြီးနောက် နှင်းများက တဖြည်းဖြည်း အရေပျော်လာ၏။ 

စိတ်ဝိညာဉ်စွမ်းအားများက မပျောက်ကွယ်သေးပေ။ မော့ရှုလင်က ယုန်ဝတုတ်ကြီး၏ လက်ဖဝါးများကို ဆွဲယူပြီး ဇလုံထဲသို့ ထည့်ပေးချိန်တွင် မီးနဂါးလေးက ရေကူးနေဆဲဖြစ်၏။ 

ယုန်ဝတုတ်ကြီးက အဆင့်မြင့်သော မန္တန်များစွာကို သိသော်လည်း ဆင်းရဲမွဲတေသဖြင့် သာမန်မန္တန်များကို များစွာမသိပေ။ ယခုအချိန်တွင် ဇလုံထဲရှိ မီးနဂါးလေးကို မြင်ချိန်၌ သူ့မျက်ဝန်းများက တောက်ပလာပြီး မီးနဂါးလေးကို လက်ဖြင့် ထိကြည့်ရန် ပြင်လိုက်၏။ 

မီးနဂါးလေးက ဉာဏ်ကောင်းလေသည်။ မည်းနက်ညစ်ပေနေသော လက်ဖဝါးတစ်ဖက်က သူ့အား လာထိတော့မည်ကို မြင်သည်နှင့် အမြီးကိုခါယမ်းကာ လွတ်ရာသို့ ကူးခတ်သွားလေသည်။

🐰🐰🐰

Search Novels