🐰 Chapter 21


ပိုင်ယွီမင်က တစ်နေ့လယ်ခင်းလုံး စာရေးပြီးနောက် ပင်ပန်းလာသဖြင့် အခန်းထဲသို့ ပြန်ကာ ဝတ္ထုဖတ်ပြီး အနားယူလိုက်လေသည်။ 

အကောင်းဘက်က ပြောရလျှင် အလုပ်ချိန်နှင့် အနားယူချိန်ကို မျှတအောင် လုပ်ဆောင်ခြင်း ဖြစ်လေ၏။

မော့ရှုလင်က စားပွဲပေါ်ရှိ အဆောင်လက်ဖွဲ့သုံးခုကို ကြည့်လိုက်သည်။ လက်ရေးက ဖတ်မရသည်အထိ ဆိုးဝါးသော်လည်း စိတ်သန့်စင်အဆောင်လက်ဖွဲ့က အသုံးဝင်နေဆဲ ဖြစ်လေသည်။ တိတ်ဆိတ်နေသဖြင့် မော့ရှုလင် လှည့်ကြည့်လိုက်ချိန်တွင် ပိုင်ယွီမင်၏ လူသားအသွင်က အလုပ်ရှောင်သည့် ယုန်ဝတုတ်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။

ပိုင်ယွီမင်က စုတ်တံဖြင့် စာလုံးအလှ မရေးတတ်သည်ကို အတည်ပြုနိုင်ပြီဖြစ်လေသည်။ အစပိုင်းတွင် ရေးထားသော စာလုံးများကို ခွဲခြားနိုင်သေးသော်လည်း နောက်ပိုင်းရေးသမျှ စာလုံးများက သရဲစာကဲ့သို့ ဖြစ်နေတော့လေသည်။ ယုန်ခြေသည်းများဖြင့် ရေးလျှင်ပင် ယခုထက် ပိုဆိုးမည်မဟုတ်ကြောင်း ခန့်မှန်းလိုက်၏။

နေ့တိုင်း ဝတ္ထုပေါင်းများစွာကို ဖတ်နေသူတစ်ဦးက စုတ်တံဖြင့် စာမရေးတတ်သည်ကို မော့ရှုလင် တွေးကြည့်ရန်ပင် ခက်ခဲလေသည်။ 

ပိုင်ယွီမင်က သူလျှိုတစ်ယောက်မဟုတ်ဘဲ ကျီးကန်းသိုက်ကို လုယူထားသည့် ယုန်ဝတုတ်မိစ္ဆာကောင်သာ ဖြစ်နိုင်လေသည်။

ပိုင်ယွီမင်က တစ်ရေးအိပ်ပြီးနောက် ဝတ္ထုကို ညနက်သည်အထိ ဆက်ဖတ်နေခဲ့လေသည်။ ယုန်ဝတုတ်ကြီးက ဖတ်လက်စ ဝတ္ထုစာအုပ်ကို ဘေးသို့ချလိုက်ပြီး မြက်သိုက်ပေါ်တွင် ကိုယ်လက်ဆန့်လိုက်၏။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအားကိုသုံးပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ချိန်တွင် မော့ရှုလင်က ဘေးအခန်းတွင်မရှိဘဲ ဂူအပြင်သို့ ရောက်နေသည်ကို တွေ့လိုက်ရလေသည်။

ယုန်ဝတုတ်လေးက သူ့ခြေထောက်အောက်တွင် တိမ်တိုက်တစ်ခုကို ဖန်တီးလိုက်ပြီး သူ့တပည့်လေးကိုကြည့်ရန် ထွက်လာခဲ့လေသည်။ 

မော့ရှုလင်က နှင်းထဲတွင် ထိုင်နေကာ လရောင်ကို အမှီပြုပြီး သူ့လက်ထဲရှိ လမ်းပြကြွက်ရုပ်ကို ပြုပြင်နေလေသည်။ 

မဟာယနအဆင့်ရှိသော ကျင့်ကြံသူဖြစ်သည့် ပိုင်ယွီမင်အတွက် ဤကဲ့သို့သော အမှောင်က မထူးဆန်းပေ။ သူ့အမြင်အာရုံက နေ့ဘက်ကဲ့သို့ ရှင်းလင်းစွာ မြင်ရလေ၏။ မော့ရှုလင်ကမူ ချီသန့်စင်ခြင်းအဆင့်သာ ရှိသဖြင့် သူ၏အမြင်အာရုံက သာမန်လူများထက် အနည်းငယ်သာ ပိုကောင်းပြီး အခြားကျင့်ကြံသူများနှင့်ယှဉ်လျှင် လိုသေးလေသည်။ 

သို့သော်လည်း မော့ရှုလင်က ကြွက်ရုပ်ကို ပြုပြင်ရာတွင် အလွန်ကျွမ်းကျင်လေသည်။ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို ထည့်သွင်းကာ အသံနှင့်အထိအတွေ့ကို အသုံးပြုလျက် အစိတ်အပိုင်းများကို ခွဲခြားပြီး ပြဿနာကို လျင်မြန်စွာ ရှာဖွေနိုင်ကာ အစိတ်အပိုင်းနှစ်ခုကို လဲလှယ်လိုက်လေသည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအားထည့်သွင်းပြီး စမ်းသပ်လိုက်ချိန်တွင် ကြွက်ရုပ်က မော့ရှုလင်၏လက်ပေါ်၌ လျင်မြန်စွာ လှုပ်ရှားသွားတော့လေသည်။

အခြားလူများက မြင်လျှင် အလွန်အံ့အားသင့်သွားပြီး မော့ရှုလင်အား ကြောက်မက်ဖွယ်ကောင်းသောမိစ္ဆာဟု ထင်ကြမည်ဖြစ်သည်။ 

သို့ရာတွင် ပိုင်ယွီမင်ကမူ သူ့ရှေ့ရှိ ကောင်လေးက မော့ရှုလင်ဖြစ်သည်ကို သိသဖြင့် ဤကောင်လေးက အကောင်းအဆိုး ဟန်ချက်ညီပြီး စာဖတ်သူပရိသတ်များ၏ မျက်ရည်ကို ရယူနိုင်သူဖြစ်ကြောင်း သိလေသည်။ သူ့ကံကြမ္မာက မတရားသော်လည်း ဉာဏ်ပညာနှင့် ပြည့်စုံသဖြင့် ဗီလိန်မော့ရှုလင်က အမျိုးသားဇာတ်လိုက်လက်ထဲမှ အကြိမ်ကြိမ် လွတ်မြောက်နိုင်ခဲ့လေသည်။ 

မော့ရှုလင်ကို ထက်မြက်သော ပါရမီရှင်တစ်ဦးအဖြစ် ရေးသားဖော်ပြထားသည့်အတွက် ဤသည်မှာ ဖြစ်သင့်သည့်ကိစ္စ ဖြစ်လေသည်။ 

အကယ်၍ မော့ရှုလင်က တုံးအပြီး သင်ယူရာတွင် မထက်မြက်ဘဲ အခွင့်အရေးများကို ဆုပ်ကိုင်နိုင်စွမ်းမရှိလျှင် အားကိုးရာမဲ့ပြီး လူတိုင်း၏နှိပ်စက်မှုကို ခံရသော ကလေးတစ်ယောက်အဖြစ်မှ မိစ္ဆာလောက၏ ဒုတိယအင်အားအကြီးဆုံး မိစ္ဆာဘုရင်အဖြစ်သို့ တစ်လှမ်းချင်း တက်လှမ်းနိုင်မည် မဟုတ်ပေ။

ထိုဇာတ်ကြောင်းများကို တွေးမိချိန်တွင် ပိုင်ယွီမင်က စိတ်မကောင်းဖြစ်သွားပြီး ထိုကောင်လေးအပေါ် ပိုပြီး ကောင်းပေးချင်လာလေသည်။ 

"စောစောနားတော့..." 
ယုန်ဝတုတ်လေးက သူ့ယုန်နားရွက်များကို ကိုင်ကာ ပြောလိုက်လေသည်။

နောက်မှ ရုတ်တရက် ထွက်လာသော အသံကြောင့် မော့ရှုလင်က လန့်သွားလေသည်။ သူ အမြန်လှည့်ကြည့်လိုက်ချိန်တွင် ဂူအဝ၌ လရောင်အောက်တွင် လေထဲလွင့်မျောနေသော လုံးဝန်းသည့် သတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရလေသည်။ 

ယုန်ဝတုတ်က ယုန်ခြေသည်းများကို လွှတ်လိုက်ပြီး ယုန်နားရွက်များ ထောင်လာမှသာ ဤယုန်က သူ့ရှစ်စွမ်းဖြစ်သည်ကို မော့ရှုလင် သိလိုက်ရလေသည်။

မော့ရှုလင် “.........”

ဒီပုံအတိုင်းဆို ရှစ်စွမ်းက ပိုပြီးဝလာတဲ့ပုံပဲ…

"ရှစ်စွမ်း... ကျွန်တော် နောက်တစ်ကောင်လောက် ပြင်လိုက်ဦးမယ်... ပင်ပန်းလာရင် အိပ်ပါ့မယ်..." 
ညနက်နေသဖြင့် သူ့အသံက ကလေးတစ်ယောက်၏ ထူးခြားသောနူးညံ့မှုမျိုး ရှိနေလေသည်။

ပိုင်ယွီမင်က ကြားသော်လည်း ဆက်ပြောလိုက်၏။ 
"ခန္ဓာကိုယ်ကို အပင်ပန်းမခံနဲ့... အဲ့ဒါကို ဘယ်လိုပြုပြင်ရမလဲဆိုတာ ငါစဉ်းစားပေးမယ်..."

“ခဏပါပဲ..." 
မော့ရှုလင်က ခေါင်းခါကာ ငြင်းလေသည်။ 
"ဒီကြွက်ရုပ် အကောင်နှစ်ဆယ်ကို အရင်ပြီးအောင် လုပ်လိုက်ဦးမယ်..."

သူက ဖွံ့ဖြိုးဆဲအရွယ် ဖြစ်သဖြင့် ညနက်သည်အထိ မအိပ်ဘဲနေ၍ မရပေ။

သို့ရာတွင် ပိုင်ယွီမင်က သူ့ခန္ဓာကိုယ်အား ဂရုစိုက်သည်ကို မြင်ချိန်တွင် မော့ရှုလင်မှာ ပိုင်ယွီမင်က သူ့အပေါ် ပိုပြီး သနားလာစေချင်လေသည်။ 

မော့ရှုလင်က ခေါင်းငုံ့ပြီး လက်ထဲရှိကြွက်ရုပ်ကို ညှစ်ကာ ပြောလိုက်လေသည်။
"ကျွန်တော် ရှစ်စွမ်းကို ကူညီချင်တယ်... မိဘတွေထားခဲ့တဲ့ အမွေအနှစ်တွေကိုလည်း ရောင်းလို့မရဘူး... အကြီးအကဲရှန့်ကွမ်းပေးတဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ပြန်ရောင်းဖို့ မလွယ်ဘူး... ဒါပေမဲ့ ကျွန်တော့်လက်နဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှာလို့ရပါတယ်... နည်းတယ်ဆိုပေမဲ့လည်း ဒါက တပည့်တစ်ယောက်ရဲ့ စိတ်ရင်းပါ..."

ထိုစကားများကို ကြားချိန်တွင် ပိုင်ယွီမင်မှာ မျက်ရည်ဝဲချင်လာလေသည်။ 
ဘယ်လောက်တောင် စိတ်ထားကောင်းတဲ့ ဗီလိန်လေးလဲ... စာရေးဆရာက ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီလိုကလေးကို အမုန်းတရားတွေထဲ တွန်းပို့လိုက်တာလဲ…

"ရှစ်စွမ်း မင်းကိုကူညီမယ်..." 
ယုန်ဝတုတ်ကြီးက မော့ရှုလင်ဘေးသို့ ပျံသန်းလာပြီး မန္တန်တစ်ခုကိုသုံးကာ သူ့လက်ထဲမှ ကြွက်ရုပ်ကို ဆွဲယူလိုက်လေသည်။ 

ယုန်အသွင်က လူသားအသွင်ကဲ့သို့ မသွက်လက်သော်လည်း မော့ရှုလင်ပင် အလွယ်တကူ ဖြေရှင်းနိုင်လျှင် သူကလည်း အဆင့်မြင့်နည်းပညာများမလိုဘဲ ဖြေရှင်းနိုင်မည်ဟု ထင်လေသည်။

မော့ရှုလင်မှာ ပိုင်ယွီမင်က သူ့ဘေးတွင်ထိုင်ကာ သူနှင့်အတူတူ အလုပ်လုပ်နေသဖြင့် အလွန်ပျော်ရွှင်သွားလေသည်။ 

လရောင်က အလွန်အေးချမ်းပြီး နှင်းပေါ်တွင် ကျရောက်နေသော အလင်းဖျော့ဖျော့လေးက အလွန်ပင် နူးညံ့နေလေသည်။ 

ကောင်လေးတစ်ယောက်က သစ်တုံးပေါ်တွင်ထိုင်နေကာ ဘေးရှိ အမွေးပွလုံးကြီးကို သင်ကြားပေးနေသည့် မြင်ကွင်းက အလွန်ပင် လှပပြီး နွေးထွေးလေသည်။

သို့ရာတွင်...

ဂျောက်...

ဂျောက်...

ဘန်း...

"ရှစ်စွမ်း... အရင်ဆုံး နားလိုက်ပါလား..." 

ယုန်ဝတုတ်ကြီးကြောင့် ပျက်စီးသွားသော ကြွက်ရုပ် ၇ ကောင်၊ ၈ ကောင်ခန့်ကို မြင်ချိန်တွင် မော့ရှုလင်၏ရင်ထဲ၌ နာကျင်သွားလေ၏။ ပျက်စီးသွားသော အစိတ်အပိုင်းများအတွက် ငွေအဖြတ်ခံရမည် ဖြစ်လေသည်။

ယုန်ဝတုတ်ကြီးက ရှက်ရွံ့စွာဖြင့် သူ့ဗိုက်ကိုပွတ်ကာ ပြောလိုက်လေသည်။ 
"ငါ တောင်းပန်ပါတယ်..."

ညက အလွန်အေးချမ်းလွန်းသဖြင့် စိတ်လှုပ်ရှားကာ တပည့်ဖြစ်သူ၏ အိပ်ချိန်ကို နှောင့်နှေးစေခဲ့လေသည်။ 

မော့ရှုလင်က အလွယ်တကူ ပြင်နေသည်ကို မြင်ရသဖြင့် ကြွက်ရုပ်ကို ပြုပြင်ရသည်မှာ လွယ်ကူမည်ဟု ထင်ခဲ့သော်လည်း အနည်းငယ် ခပ်ပြင်းပြင်း ညှစ်လိုက်ရုံဖြင့် ကျိုးသွားမည်ဟု မထင်ထားခဲ့ပေ။ 

နားရွက်လေးများ ညှိုးကျနေသော ယုန်ဝတုတ်ကြီး၏ သနားစဖွယ် ပုံစံကိုကြည့်ပြီး မော့ရှုလင်က စိတ်မဆိုးရက်တော့ပေ။

မော့ရှုလင်က သက်ပြင်းချကာ ပြောလိုက်လေသည်။ 
"ဒါဆိုလည်း ရှစ်စွမ်း ကျွန်တော့်ဘေးမှာနေပြီး အဖော်လုပ်ပေးပေါ့... နောက်ထပ် ၁၇ ကောင်လောက်ပဲ ကျန်တော့တယ်... မကြာခင် ပြီးမှာပါ..."

အချိန်အများစုကို ပိုင်ယွီမင်အား သင်ကြားပေးပြီး ကုန်ဆုံးခဲ့သဖြင့် အလုပ်ပြီးမြောက်မှုမှာ သိသိသာသာ နှောင့်နှေးသွားလေသည်။ 

“အင်း...”
ယုန်ဝတုတ်ကြီးက အမြန် သဘောတူလိုက်၏။ 

မော့ရှုလင်မှာ ပိုင်ယွီမင်က ဝတ္ထုများဖတ်နေမည်ဟု ထင်ထားသော်လည်း ပိုင်ယွီမင်က သူ့ကိုသာ စိုက်ကြည့်နေလေသည်။

တည်ကြည်မှုများဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းနက်တစ်စုံ၊ ပန်းရောင်သန်းနေသော နူးညံ့သည့် ယုန်နှာခေါင်းလေးနှင့် ခပ်တင်းတင်း စေ့ထားသော ယုန်နှုတ်ခမ်းလေး၊ အေးချမ်းသော ဆောင်းရာသီတွင် ယုန်မွေးများက ထူထပ်သိပ်သည်းနေပြီး ဂွမ်းထက်ပင် ပိုမိုနူးညံ့နေလေသည်။ လေတိုက်ချိန်တိုင်း ယုန်မွေးထိပ်ဖျားလေးများက လှုပ်ရှားနေသဖြင့် သူ့အား အမြန်လာပြီး ပွတ်သပ်ရန် ဆွဲဆောင်နေသကဲ့သို့ ဖြစ်လေသည်။

မော့ရှုလင် “.......”

ရှစ်စွမ်း၏ အဖော်ပြုပေးမှုကြောင့် အလုပ်မပြီးသည့်အပြင် အလုပ်လုပ်နှုန်းကိုပါ ထိခိုက်သွားစေလေသည်။ 

မော့ရှုလင်က အနည်းငယ် ဦးနှောက်ခြောက်နေသော်လည်း အဖော်ပြုပေးရန် သူ့ကိုယ်တိုင် ပြောခဲ့ခြင်းဖြစ်သဖြင့် ယခုအချိန်တွင် တစ်စုံတစ်ခုပြောရန် ခက်ခဲနေလေသည်။ 

ယုန်ဝတုတ်ကြီးက မော့ရှုလင်ကို တစ်ခဏခန့် စိုက်ကြည့်နေပြီးနောက် မော့ရှုလင်လက်ထဲမှ ကြွက်ရုပ်ထံသို့ အကြည့်ရောက်သွားလေသည်။

မော့ရှုလင်က နောက်ထပ် ကြွက်ရုပ် ၃ ကောင်အား ပြုပြင်ပြီးသွားသည်ကို မြင်ချိန်တွင် နာကျင်မှုကို မေ့သွားသည့် ယုန်ဝတုတ်ကြီးက ခြေသည်းများကို ပွတ်သပ်လိုက်လေသည်။ 

"အင်း... ငါ တိုးတက်လာပြီထင်တယ်... နောက်တစ်ကောင်လောက် စမ်းကြည့်မယ်..."

ယုန်ဝတုတ်ကြီးက အလုပ်လက်မဲ့ဖြစ်နေသည့် ခံစားချက်ကို သဘောမကျပေ။ 

မော့ရှုလင်က သူ့စကားကို မယုံသော်လည်း ပိုင်ယွီမင်ထံတွင် တစ်ခုခုလုပ်စရာ ရှိနေခြင်းက သူ့ကို စိုက်ကြည့်ပြီး အလုပ်နှေးစေသည်ထက် ပိုကောင်းသည်ဟု ယူဆလိုက်လေသည်။ 

သိသာစွာဖြင့် ယုန်ဝတုတ်ကြီးက မော့ရှုလင်၏ သုညအဆင့်ရှိသော ယုံကြည်မှုကို နောက်တစ်ကြိမ် ဖျက်ဆီးလိုက်ပြန်လေသည်။

လက်တစ်ဖက်ကျိုးသွားသော ကြွက်ရုပ်ကို ကြည့်ကာ ယုန်ဝတုတ်ကြီးက မည်သည့်နေရာတွင် မှားသွားသည်ကို မသိတော့ပေ။

"ရှစ်စွမ်း... ကျွန်တော် မေ့တော့မလို့... မျိုးစေ့တွေကို ရေစိမ်ထားရအောင်... အဲ့ဒါဆို မနက်ဖြန်ကျရင် ကျွန်တော်တို့ စိုက်လို့ရတာပေါ့..."

မော့ရှုလင်မှာ သူ့ရှစ်စွမ်းက ကိုယ်လက်လှုပ်ရှားအလုပ်မျိုးကို မလုပ်ဖူးသည့် မျိုးရိုးမြင့်ဖြစ်ကြောင်း သတိပြုမိသွားပြီး ရှစ်စွမ်းကျွမ်းကျင်မည့် အလုပ်တစ်ခုကို သွယ်ဝိုက်ပြီး အကြံပြုလိုက်လေသည်။ 

ယခုလက်ရှိ ပိုင်ယွီမင်က အစစ်ဖြစ်စေ အတုအယောင်ဖြစ်စေ အနည်းဆုံး သစ်သားဝိညာဉ်ဇစ်မြစ်ရှိလေသည်။ 

သစ်သားဝိညာဉ်ဇစ်မြစ်များက အပင်ကြီးထွားမှုကို အကျိုးပြုသဖြင့် မော့ရှုလင်က စိုက်ပျိုးရေးတာဝန်အချို့ကို ရှာပေးလိုက်ခြင်းဖြစ်လေသည်။

အချို့သောမျိုးစေ့များက စိတ်ဝိညာဉ်စွမ်းအားလိုအပ်နေပြီး ကြီးထွားရန်အတွက် စိတ်ဝိညာဉ်စွမ်းအား၊ စိတ်ဝိညာဉ်ရေ သို့မဟုတ် သစ်သားဝိညာဉ်ဇစ်မြစ်ရှိသော ကျင့်ကြံသူ၏ ပြုစုပျိုးထောင်မှုကို လိုအပ်လေသည်။

"ကောင်းပြီ..." 

ယုန်ဝတုတ်ကြီးက သူ့ဗိုက်ကို ပွတ်သပ်ကာ ရှစ်စွမ်းတစ်ယောက်အနေဖြင့် သိက္ခာမကျစေရန် တပည့်ဖြစ်သူ ပြင်ပေးထားသော လှေကားမှ ဆင်းလိုက်၏။

စိုက်ပျိုးရေးတာဝန်တွင် အထူးအိုးများနှင့် မြေကြီးများပါဝင်ပြီး စိတ်ဝိညာဉ်စွမ်းအားကို အရိုးရှင်းဆုံးနည်းဖြင့် ပို့ပေးရုံသာ ဖြစ်လေသည်။ ရှစ်စွမ်းတစ်ယောက်အနေဖြင့် ရေလောင်းခြင်းကဲ့သို့ ရိုးရှင်းသောအလုပ်ကို လုပ်နိုင်မည်ဟု ထင်ထားသဖြင့် မော့ရှုလင်က စိတ်မပူဘဲ လက်ထဲမှကြွက်ရုပ်ကို ဆက်ပြီး ပြုပြင်နေလိုက်လေသည်။

ယုန်ဝတုတ်ကြီး၏ လှုပ်ရှားမှုနှင့်အတူ မော့ရှုလင်က အပူလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။ သူ စိုးရိမ်တကြီး လှည့်ကြည့်လိုက်ချိန်တွင် အငွေ့တထောင်းထောင်း ထွက်နေသော ပန်းအိုးကို တွေ့လိုက်ရလေသည်။

မော့ရှုလင်က ထိတ်လန့်သွား၏။ 
"ရှစ်စွမ်း... ဘာဖြစ်လို့ ရေနွေးတွေ လောင်းထည့်နေတာလဲ..."

🐰🐰🐰

🐰 Chapter 22


မော့ရှုလင်က ပန်းအိုးနားသို့ အမြန်ပြေးသွားကြည့်လိုက်၏။ အိုးထဲတွင် မျိုးစေ့များ မရှိသေးသည်ကို မြင်မှသာ စိတ်သက်သာရာ ရသွားတော့လေသည်။ 

ယုန်ဝတုတ်ကြီးက မော့ရှုလင်၏ အမူအရာကြောင့် လန့်သွားပြီး အမြန်ရှင်းပြလေသည်။
"ဆောင်းတွင်းမှာ ရေနွေးနွေးလေး သုံးပေးတာက အပင်ကြီးထွားတာကို အထောက်အကူ ပြုတယ်လေ..."

ပိုင်ယွီမင်က ယခင်ဘဝ၌ တက္ကသိုလ်တက်စဉ်က အဓိကဘာသာရပ်မှာ စိုက်ပျိုးရေးဘာသာ ဖြစ်လေသည်။ သီအိုရီပိုင်းကို တစ်နှစ်ပြည့်အောင်ပင် မသင်ယူခဲ့ရသော်လည်း စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အခြေခံဗဟုသုတရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေသည်။

"ဒါက ပွက်ပွက်ဆူနေတဲ့ ရေနွေးတွေလေ..." 
မော့ရှုလင်က ပြောလိုက်၏။

"အခုက နှင်းတွေကျနေတာလေ... ခဏနေရင် ဒီရေနွေးက အေးသွားမှာပေါ့..." 

ယုန်ဝတုတ်ကြီးက ယုန်နားရွက်လေးများကုပ်ကာ ပြန်ပြောလေသည်။ နှင်းများခဲနေသဖြင့် အနည်းငယ်သာနွေးသည့်ရေကို လောင်းလိုက်ပါက တစ်ခဏကြာလျှင် ရေခဲရေကဲ့သို့ အေးသွားမည်ဟု ထင်ထားခြင်း ဖြစ်လေသည်။

မော့ရှုလင် “..........”

ယခင်က ခန့်မှန်းရုံသာ ဖြစ်သော်လည်း ယခုအချိန်တွင် ပိုင်ယွီမင်က အတုအယောင်ဖြစ်သည်ကို မော့ရှုလင် သေချာစွာ အတည်ပြုနိုင်လိုက်လေသည်။ ပန်းအိုးများက အပူချိန်ကို ထိန်းသိမ်းပေးနိုင်ခြင်း၊ စိုစွတ်မှုကို ထိန်းပေးခြင်းနှင့် စိတ်ဝိညာဉ်စွမ်းအားကို ပိတ်လှောင်ပေးနိုင်ခြင်းစသည့် လုပ်ဆောင်ချက်များပါရှိသည့် ရိုးရှင်းသော အခြေခံအချက်များကိုပင် သူ မသိပေ။

"ရှစ်စွမ်း... ဝတ္ထုထဲမှာ အပင်စိုက်တာနဲ့ ပတ်သက်ပြီး ဘာမှမဖတ်မိဘူးလား..." 

ပိုင်ယွီမင်က စာဖတ်ဝါသနာပါသူဟု ပြောနိုင်သော်လည်း ယခုကဲ့သို့ အခြေခံဗဟုသုတလေးကိုပင် မသိသည်မှာ မော့ရှုလင်အတွက် အံ့ဩဖွယ်ကောင်းလှလေသည်။

ယုန်ဝတုတ်လေးက ခေါင်းခါလိုက်၏။ 
"ဖတ်ဖူးမှာပေါ့... ဒါပေမဲ့ သဘောတရားပိုင်းတွေဆိုတော့ ငါကျော်ဖတ်မိလိုက်လို့ ထင်တယ်...”

မဟုတ်ရင် ငါဘယ်လိုလုပ် ဒီလောက်မြန်မြန် ဖတ်နိုင်မှာလဲ...

တစ်လုံးချင်းသင်ယူရမည့် လျှို့ဝှက်ကျင့်ကြံနည်းများကိုပင် ဝတ္ထုစာအုပ်ဖတ်သကဲ့သို့ တစ်ချက်သာကြည့်ပြီး စာကြောင်းများစွာကို ကျော်ဖတ်ကာ စိတ်ဝင်စားဖွယ်ကောင်းသည့် အပိုင်းများကိုသာ ရွေးဖတ်ခြင်း ဖြစ်လေသည်။ 

မော့ရှုလင်မှာ ဤဘဝတွင် ဒုတိယအကြိမ် အခွင့်အရေးရပြီးနောက် ဖခင်ဖြစ်သူ၏ တင်းကျပ်သော ဆုံးမသွန်သင်မှုများကို စတင်နားလည်လာခဲ့လေသည်။

အသုံးမဝင်သော ဝတ္ထုစာအုပ်များက ဖျော်ဖြေရေးနှင့် အခြားသူများ၏ ဘဝအတွေ့အကြုံများကို လေ့လာရန်သာ အသုံးဝင်ပြီး တစ်စုံတစ်ခုကို အမှန်တကယ် သင်ယူလိုပါက ပညာရပ်ဆိုင်ရာ စာအုပ်များကိုသာ ဖတ်ရမည် ဖြစ်လေသည်။ 

သို့ရာတွင် ဤကဲ့သို့ အမှန်တရားကို တပည့်ဖြစ်သူက ရှစ်စွမ်းဖြစ်သူအား ပြန်လည်သင်ပြနေရသဖြင့် မည်သူက ရှစ်စွမ်းဖြစ်သည်ကို မော့ရှုလင်ပင် ခွဲခြားရခက်လာလေသည်။ 

တပည့်လေး၏ ရှင်းပြမှုအောက်တွင် ပိုင်ယွီမင်မှာ ယခင်ကမ္ဘာမှ သင်ယူခဲ့သော အသိပညာများက ဤကမ္ဘာတွင် အသုံးမဝင်သည်ကို နောက်ဆုံး၌ နားလည်သွားလေသည်။ 

မျိုးစေ့ပျိုးထောင်သည့် အိုးများတွင် အထူးအစီအရင်များ ထည့်သွင်းထားလေသည်။ ပွက်ပွက်ဆူနေသော ရေနွေးကို လောင်းထည့်လိုက်လျှင် အပူများက လွင့်ပြယ်မသွားဘဲ မူလအပူချိန်ကို ဆက်ထိန်းပေးထားမည် ဖြစ်လေသည်။

ထို့ပြင် ဤမျိုးစေ့များကလည်း နားလည်သဘောပေါက်နိုင်စွမ်းရှိသည့် အမျိုးအစားများ မဟုတ်ပေ။

မျိုးစေ့များ၏ ရှင်သန်နှုန်းကို မြန်ဆန်စေရန်အတွက် မော့ရှုလင်က ယွဲ့ရွှယ်တောင်ထိပ်၏ အပူချိန်နှင့် ကိုက်ညီသော အအေးဒဏ်ခံ စိတ်ဝိညာဉ်အပင်များကို ရွေးချယ်ထားခြင်းဖြစ်၏။ ဤအအေးဒဏ်ခံသည့် အပင်များကို ရေနွေးနှင့် စိမ်၍မရရုံသာမက ရေအေးနှင့်သာ စိမ်ပေးရမည် ဖြစ်လေသည်။ 

အစောက ပိုင်ယွီမင်လုပ်သကဲ့သို့ ပွက်ပွက်ဆူနေသည့် ရေနွေးနှင့် စိုက်လိုက်လျှင် ဤမျိုးစေ့များအားလုံး သေသွားမည် ဖြစ်လေသည်။

မော့ရှုလင်က နှင်းများကို အိုးထဲတွင် စုဆောင်းကာ မျိုးစေ့များအား ညီညာအောင် ဖြန့်လိုက်သည်ကို ပိုင်ယွီမင် ကြည့်နေလေသည်။ ထို့နောက် မော့ရှုလင်က ရေအေးအနည်းငယ်ဖြန်းကာ နှင်းများကို လက်ဖြင့်ဆုပ်ယူပြီး မျိုးစေ့များအပေါ်သို့ ညင်သာစွာ ဖုံးအုပ်လိုက်လေသည်။ 

အားလုံးလုပ်ပြီးချိန်တွင် မော့ရှုလင်က ယုန်ဝတုတ်ကြီးအား စိတ်ဝိညာဉ်စွမ်းအားအနည်းငယ်ကို အိုးထဲသို့ ထည့်သွင်းခိုင်းလေသည်။ အိုးမှ ခပ်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာချိန်တွင် စိတ်ဝိညာဉ်စွမ်းအားများ လုံလောက်သွားပြီး အစီအရင်များ စတင်အလုပ်လုပ်နေသည်ကို ပြသနေလေသည်။ ဤသည်က စိုက်ပျိုးရေးလုပ်ငန်းစဉ်၏ ပထမဆုံးအဆင့် ဖြစ်သည်။ 

မော့ရှုလင်က အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် အလွန်ပင်ပန်းနေသဖြင့် အခန်းထဲသို့ ပြန်ပြီး အနားယူလိုက်လေသည်။ 

ပျက်စီးနေသော ကြွက်ရုပ်များကို သေတ္တာတစ်လုံးထဲတွင် စုပုံထည့်ထားပြီး မော့ရှုလင်က ထိုပစ္စည်းများအား သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ရန်ပင် အင်အားမရှိတော့သဖြင့် စားပွဲပေါ်တွင်သာ တင်ထားလိုက်လေသည်။

"ဒါတွေကို ပြန်ပြင်လို့ရသေးလား..." 
ယုန်ဝတုတ်ကြီးက ပျက်စီးနေသော ကြွက်ရုပ်များအပြည့်ရှိသည့် သေတ္တာကို ကြည့်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်လျက် မေးလိုက်လေသည်။

"မရတော့ဘူး... မနက်ဖြန်ကျရင် လွှင့်ပစ်လိုက်တော့မယ်..." 
မော့ရှုလင်က နဖူးကိုပွတ်ကာ ပြန်ပြောလေသည်။ ပြန်သုံးနိုင်သည့် အစိတ်အပိုင်းများ ရှိမရှိကို မနက်ဖြန်မှ စစ်ဆေးရမည် ဖြစ်သည်။

ပိုင်ယွီမင်ကို သင်ကြားပေးရသည်က သူထင်ထားသည်ထက် ပိုခက်ခဲသည်ကို တွေ့လိုက်ရလေ၏။ အထူးသဖြင့် ပိုင်ယွီမင်ကို စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းခိုင်းချိန်တွင် နောက်ဆုံး၌ သူ၏စိတ်ဝိညာဉ်စွမ်းအားများကိုပါ ထပ်သုံးလိုက်ရလေသည်။ 

ပိုင်ယွီမင်အတွက် ရှာပေးထားသော အလုပ်များက သူ့ကျင့်ကြံဆင့်ထက် များစွာမြင့်မားနေသဖြင့် ကုန်ဆုံးသွားသော စိတ်ပိုင်းဆိုင်ရာအင်အားများနှင့် စိတ်ဝိညာဉ်စွမ်းအားများမှာ ကြွက်ရုပ်ကို ပြင်ရသည်နှင့်ယှဉ်လျှင် အလွန်ပင် ကွာခြားလေသည်။

ပိုင်ယွီမင်ပြန်ပြောသည်ကို မစောင့်ဘဲ မော့ရှုလင်က အခန်းထဲသို့ပြန်ကာ ကုတင်ပေါ်တွင် အိပ်ပျော်သွားတော့လေသည်။ 

ယုန်ဝတုတ်ကြီးက သူ့ဗိုက်ကိုညှစ်ကာ တစ်ခုခုကို ပြောချင်နေသော်လည်း မော့ရှုလင်၏ ပင်ပန်းနေသော အမူအရာကို မြင်ချိန်တွင် မည်သည်ကိုမှ မပြောရဲတော့ပေ။ 

မူလတွင် သူက ကူညီချင်သော်လည်း အဆုံး၌ မည်သည့်အကူအညီမှ မပေးနိုင်ခဲ့ရုံသာမက တပည့်လေး၏ ကြွက်ရုပ်များကိုပါ ဖျက်ဆီးမိခဲ့လေသည်။ ထို့အပြင် တပည့်လေးကိုပါ သူ့အတွက် အလုပ်များ လုပ်ခိုင်းသကဲ့သို့ ဖြစ်သွားလေ၏။

ယခင်ကမ္ဘာတွင် တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်သော်လည်း ဤကမ္ဘာသို့ ရောက်လာချိန်တွင် မည်သည်ကိုမှ မတတ်မြောက်ဘဲ တပည့်ဖြစ်သူနှင့်အတူ ဂူထဲတွင် ကပ်နေရသည်ကို တွေးမိသွားလေသည်။ 

သူဖျက်ဆီးလိုက်သဖြင့် လွှင့်ပစ်ရတော့မည့် စားပွဲပေါ်မှ ကြွက်ရုပ်များကို မြင်ချိန်တွင် အကြံတစ်ခု ရလာလေသည်။ ထို့နောက် ယုန်ဝတုတ်ကြီးက ပျက်စီးနေသော ကြွက်ရုပ်များကို ပိုက်ကာ ဂူထဲမှ ထွက်လာလေသည်။

မော့ရှုလင်က စိတ်ဝိညာဉ်စွမ်းအားများစွာကို သုံးလိုက်ရသဖြင့် နောက်တစ်နေ့တွင် အနည်းငယ် နောက်ကျမှ နိုးလာလေသည်။ 

မော့ရှုလင်က ပုံမှန်ကဲ့သို့ ထလာပြီး လိုက်ကာကိုဖွင့်ကာ အခန်းထဲသို့ ကြည့်ပြီး ကိုယ်လက်ဆန့်လိုက်၏။ အိပ်ချင်စိတ်များ ပြေပျောက်သွားချိန်တွင် ကြွက်ရုပ်များထည့်ထားသည့် သေတ္တာကြီးက ပျောက်နေသည်ကို ချက်ချင်းသတိပြုမိသွားလေသည်။

ထိုကြွက်ရုပ်များက ပြန်ပြင်မရသည်အထိ ပျက်စီးနေသော်လည်း အချို့အစိတ်အပိုင်းများကိုမူ ငွေအနည်းငယ်ဖြင့် ပြန်ရောင်းနိုင်သေးလေသည်။ 

ဂူထဲတွင် ထိုသေတ္တာမှလွဲပြီး ပျောက်ဆုံးနေသည့်ပစ္စည်း မရှိသည်ကို မြင်ချိန်တွင် မော့ရှုလင်၏ဦးနှောက်က အမြန်အလုပ်လုပ်သွားပြီး သံသယဖြစ်ဖွယ် ယုန်တစ်ကောင်က စိတ်ထဲတွင် ပေါ်လာလေသည်။

မော့ရှုလင်က အခန်းရှေ့တွင်ရပ်ကာ ဂူထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော်လည်း အသံတစ်သံမှ မကြားရပေ။ 

ထိုသေတ္တာထဲရှိ အမှိုက်များမှာ ရောင်းစား၍မရသော အပိုင်းအစများသာ ဖြစ်လေသည်။ ပိုင်ယွီမင်က သူ့ခြေလက်များကို လေ့ကျင့်ချင်နေသဖြင့် သူ့ကိုသာ ပေးလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

သို့ရာတွင် ပိုင်ယွီမင်က ထိုအမှိုက်များကို တိတ်တဆိတ် မယူသွားမီက ပြုပြင်ချင်နေခဲ့သည်ကို သတိရသွားလေသည်။ ပိုင်ယွီမင်က အောင်အောင်မြင်မြင် ပြုပြင်နိုင်ခဲ့လျှင် လာကြွားနေမည်ဖြစ်ပြီး ထပ်ပြီးပျက်စီးသွားလျှင်လည်း မေ့ချင်ယောင်ဆောင်နေမည် ဖြစ်သည်။

ဤကဲ့သို့ ခွင့်မတောင်းဘဲ ယူသွားသည့် အပြုအမူက မှားယွင်းသော်လည်း ယမန်နေ့ညက ထိုပစ္စည်းများကို လွှင့်ပစ်မည်ဟု ပြောခဲ့သူက သူကိုယ်တိုင်ဖြစ်သဖြင့် သူ့အမှားသာ ဖြစ်လေသည်။ ထို့ကြောင့် ထိုအမှိုက်များအတွက် ပိုင်ယွီမင်ကို သွားရှာလျှင် ဆရာတပည့်ကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်လေသည်။

မော့ရှုလင်အနေဖြင့် ရှင်းရှင်းလင်းလင်း သိထားသည့် အချက်တစ်ခု ရှိလေသည်။ 

ပိုင်ယွီမင်က မည်မျှပင် အားကိုးမရစေကာမူ သူက သူ၏ရှစ်စွမ်း ဖြစ်နေဆဲပင် ဖြစ်လေသည်။ 

ဂိုဏ်းထဲတွင် ရှင်သန်ရန်အတွက် သူက ပိုင်ယွီမင်ကို အားကိုးရမည်ဖြစ်ပြီး ပိုင်ယွီမင်ကို လမ်းမှန်ပေါ်သို့ရောက်အောင် ကူညီရမည် ဖြစ်လေသည်။ 

ယခင်ဘဝက ပိုင်ယွီမင်ဒုက္ခရောက်ခဲ့ခြင်းမှာ ပိုင်ယွီမင်၏ ရှုပ်ထွေးနေသော အကျင့်စရိုက်များနှင့် များစွာသက်ဆိုင်လေသည်။ သို့ရာတွင် ယခုဘဝ၌ ယခင်ဘဝကထက်ပိုပြီး ဉာဏ်ကောင်းခဲ့လျှင် ထိုကဲ့သို့ သနားစဖွယ် အဆုံးသတ်မျိုးနှင့် ကြုံရမည် မဟုတ်ပေ။

မော့ရှုလင်က အရေးကြီးသည့် အချက်များကို သေချာစဉ်းစားပြီးနောက် ပိုင်ယွီမင်အပေါ် ထားရှိသည့် မျှော်လင့်ချက်များကို လျှော့ချလိုက်ချိန်တွင် အမှိုက်သေတ္တာကို ယူသွားသည့် ပိုင်ယွီမင်၏ အပြုအမူကလည်း အထူးအဆန်း မဟုတ်တော့ပေ။ 

ဂူထဲမှ ထွက်လာချိန်တွင် သူ ထင်ထားသကဲ့သို့ ပိုင်ယွီမင်ကို တွေ့လိုက်ရလေသည်။ 

ပိုင်ယွီမင်က အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ယမန်နေ့ညက မော့ရှုလင်ထိုင်ခဲ့သော သစ်တုံးပေါ်တွင် ထိုင်ကာ လက်ထဲတွင် တစ်ခုခုကို ပြုပြင်နေလေသည်။ သူ့ဘေးတွင်မူ ပျက်စီးနေသော ကြွက်ရုပ်များထည့်ထားသည့် သေတ္တာ ရှိလေသည်။

ပိုင်ယွီမင်ကိုမြင်လျှင် စိတ်တိုမိမည်ဟု မော့ရှုလင် ထင်ထားသော်လည်း ပိုင်ယွီမင်က ထိုကြွက်ရုပ်များအား ကြိုးကြိုးစားစား ပြုပြင်နေသည်ကို မြင်ချိန်တွင် သူ့ရင်ထဲ၌ တစ်နေရာရာမှ အေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ 

လောကရှိ သတ္တဝါအားလုံးက အကျိုးအမြတ်ကိုသာ လိုက်ရှာကြလေသည်။

ပိုင်ယွီမင်ကဲ့သို့ အသစ်စက်စက် ကောင်းမွန်သည့် အရာများကို မမက်မောဘဲ လွှင့်ပစ်တော့မည့် အမှိုက်များအတွက် ကြိုးစားပမ်းစားလုပ်နေသူမှာ များစွာမရှိနိုင်ပေ။

ထိုအမှိုက်များက သူနှင့် အလွန်ပင် တူလှလေသည်။ 

သူက ဖေးယွင်တောင်ကြား၏ သခင်လေးတစ်ယောက် ဖြစ်ခဲ့စဉ်တွင် ဖေးယွင်တောင်ကြားကဲ့သို့ နေရာလေးမှ အပြင်လူများက အကျိုးအမြတ် မရနိုင်သော်လည်း အနည်းဆုံး ယဉ်ကျေးပျူငှာကြလေသည်။ 

ဖေးယွင်တောင်ကြားကို မိစ္ဆာများက ဖျက်ဆီးလိုက်ချိန်တွင် လျန်ကျီဂိုဏ်းက နာမည်ကောင်းရစေရန် သူ့ကို လက်ခံခဲ့သော်လည်း အပြင်တပည့်အဖြစ်သာ ထားရှိပြီး သူကိုယ်တိုင် ရှင်သန်စေခဲ့လေသည်။ သူ မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားပြီး ဂိုဏ်းချုပ်ထံ တိုင်ကြားခံရသည့်တိုင်အောင် ဂိုဏ်းချုပ်က သူ၏တည်ရှိမှုကို မေ့လျော့နေခဲ့လေသည်။ 

သူက မိစ္ဆာလောက၏ ဒုတိယအကြီးဆုံး မိစ္ဆာဘုရင် ဖြစ်လာချိန်တွင် မိစ္ဆာသခင်များက သူ့ကို အရိုအသေပေးကြပြီး ကျင့်ကြံသူများက ကြောက်လန့်တကြား ထွက်ပြေးကြကာ သူ့ဂုဏ်သတင်းကလည်း အလွန်ပင် ကြီးမားလာခဲ့လေသည်။ 

သို့ရာတွင် သူ ရှုံးနိမ့်သွားချိန်၌မူ လူတိုင်းက နှိမ့်ချသည့် လမ်းဘေးကြွက်တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ရလေသည်။ 

အောင်မြင်နေသူကို ပံ့ပိုးပေးရန် လွယ်ကူသော်လည်း ဒုက္ခရောက်နေသူကို ကူညီရန်မှာ အလွန်ပင် ခက်ခဲလေသည်။ 

ယခင်ဘဝတွင် မော့ရှုလင်က လူ့လောက၏ ရက်စက်မှုနှင့် နွေးထွေးမှုများကို ကြုံတွေ့ခဲ့ဖူးလေသည်။ ယခုဘဝ၌ ဖြူစင်သော နှလုံးသားရှိပြီး အေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်သည့် ပိုင်ယွီမင်နှင့် တွေ့ဆုံရခြင်းမှာ သူ၏ကံကောင်းမှုသာ ဖြစ်လေသည်။ သူ့အနေဖြင့် ကောင်းကင်ဘုံနှင့် ပိုင်ယွီမင်အား အလွန်ပင် ကျေးဇူးတင်မိလေ၏။

"ကြည့်စမ်း... ငါ ဒီကြွက်ရုပ်လေးရဲ့ ခြေထောက်ကို လှည့်လို့ရတဲ့ ဘီးလေးဖြစ်အောင် ပြောင်းလိုက်တယ်... ဒီလိုဆိုရင် သူ လှုပ်ရှားလို့ရပြီ..."
ပိုင်ယွီမင်က လှည့်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ 

နွေးထွေးသော နေရောင်ခြည်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ပိုင်ယွီမင်၏ မျက်နှာတစ်ခြမ်းပေါ်သို့ ကျရောက်နေလေသည်။ သို့ရာတွင် မော့ရှုလင်အတွက်မူ ပိုင်ယွီမင်၏အပြုံးက နေရောင်ခြည်ထက်ပင် ပိုမိုတောက်ပနေပြီး အတိုင်းအဆမရှိသော အလင်းရောင်များဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

*********************************

စာရေးသူမှာ ပြောစရာရှိပါတယ်

မော့ရှုလင် : တစ်အိမ်ထဲ အတူတူနေတဲ့အချိန်ကျရင် သူများပစ္စည်းတွေကို ခွင့်မတောင်းဘဲ မကိုင်ရဘူးလေ...

ပိုင်ယွီမင် : အင်း... (ယုန်ခေါင်းလေးကို အဆက်မပြတ် ညိတ်ပြလျက်)

မော့ရှုလင် : ဒါပေမဲ့ လက်ထပ်ပြီးသွားရင်တော့ ကျွန်တော့်ကို စိတ်ကြိုက် ကိုင်တွယ်လို့ရတယ်နော်...

ပိုင်ယွီမင် : “.........”

🐰🐰🐰

🐰 Chapter 23


ပိုင်ယွီမင်က မော့ရှုလင်ရောက်လာသည်ကို အစောကတည်းက သတိပြုမိသော်လည်း လက်ထဲကအလုပ်ကို ပြီးအောင်လုပ်ပြီးမှ လှည့်ကြည့်လိုက်သည်။

"ငါ ကြွက်ရုပ် ၅ ကောင် ပြင်ပြီးပြီ... ကျန်တဲ့အပိုပစ္စည်းလေးတွေနဲ့ နောက်တစ်ကောင်လောက် ထပ်ပြင်လို့ ရလောက်တယ်..."

မော့ရှုလင်က ပိုင်ယွီမင်ဖန်တီးထားသည့် အရာများကို သိချင်သဖြင့် ရှေ့သို့တိုးကြည့်လိုက်၏။ 

သေတ္တာထဲတွင် ထူးဆန်းသော နားရွက်ပုံစံရှိသည့် ကြွက်ရုပ်အချို့ ရှိနေလေသည်။ အချို့က မျက်လုံးများပျောက်နေပြီး အချို့က နားရွက်များမရှိတော့ကာ အချို့မှာ ကြွက်ရုပ်နှင့်ပင် မတူတော့ဘဲ လှုပ်ရှားနေသည့် သစ်သားတုံးတစ်တုံးနှင့်သာ တူနေတော့လေသည်။ 

ပိုင်ယွီမင်ထံတွင် ဤကဲ့သို့ လက်မှုပညာ အရည်အချင်းမျိုး ရှိနေမည်ဟု မော့ရှုလင် မတွေးခဲ့မိပေ။ သူ့ရှစ်စွမ်းက မည်သည့်ပညာကိုမှ မတတ်မြောက်ဟု ထင်ထားခဲ့ခြင်း ဖြစ်လေသည်။

"ဘယ်လိုလဲ... အဆင်ပြေရဲ့လား..." 
ပိုင်ယွီမင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်မှုများက ပြည့်နှက်နေလေသည်။

သူက ဤကမ္ဘာ၏ စက်ယန္တရားများကို မကျွမ်းကျင်သော်လည်း ကလေးဘဝတွင် အရုပ်များကို ဖြုတ်ခြင်းနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်လေသည်။ ပိုင်ယွီမင်က အရုပ်ဖြုတ်ခဲ့ဖူးသော အတွေ့အကြုံများကို အသုံးချကာ ကြွက်ရုပ်များကို ပုံစံပြောင်းလဲပြီး ပြုပြင်လိုက်လေသည်။ 

ဤသည်က အောင်မြင်သည် မအောင်မြင်သည်ကိုမူ သူ မသိပေ။

မော့ရှုလင်က တစ်ခဏခန့် စဉ်းစားပြီးနောက် ပြောလိုက်၏။ 
"ရှစ်စွမ်း... ဒါက အရမ်းကောင်းပါတယ်... ကျွန်တော်တို့ ဒါတွေကို ဈေးတန်းလေးထဲမှာ သွားရောင်းလို့ရတယ်... ပိုက်ဆံပိုရအောင် ဒါတွေကို ရောင်းကြည့်ရအောင်... ဘယ်သူမှ မဝယ်ရင်လည်း ကျွန်တော်တို့ပဲ သိမ်းထားလိုက်တာပေါ့..."

လျန်ကျီဂိုဏ်း၏ ပစ္စည်းများတွင် ပုံစံတူ လုပ်ဆောင်ချက်များ ရှိလေသည်။ အစီအရင်ခန်းမဆောင်ကို တာဝန်ယူထားသူ၏ လက်ထဲတွင်ရှိသော အမြုတေတည်ဆောက်ခြင်း အစီအရင်မှလွဲပြီး အခြားအစိတ်အပိုင်းများကို ပြုလုပ်နည်းများက လူသိရှင်ကြား ဖြစ်လေသည်။ ဤစက်ရုပ်သားရဲများတွင် ထည့်သွင်းထားသော အစီအရင်များကလည်း လျှို့ဝှက်ချက်မဟုတ်ပေ။ အခြားဂိုဏ်းများတွင်လည်း သူတို့၏ စက်ရုပ်သားရဲများအတွက် ပုံစံတူယန္တရားများ ရှိကြလေသည်။

လျန်ကျီဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် အယောင်ဆောင်ခြင်းမှ ကာကွယ်ရန်အတွက် တပည့်ဝတ်စုံများအပြင် ဂိုဏ်းရှိ ပစ္စည်းများပေါ်တွင် အထူးရေးဆွဲထားသော အစီအရင်များ ပါရှိလေသည်။ ၎င်းက အစိတ်အပိုင်းအနည်းငယ် ပျောက်ဆုံးခြင်းကို မတားဆီးနိုင်သော်လည်း အမြောက်အမြား ထုတ်လုပ်ခြင်းကိုမူ တားဆီးနိုင်လေသည်။ 

ကျင့်ကြံသူများအနေဖြင့် ကျယ်ပြန့်သော နယ်မြေတစ်ခုကို စူးစမ်းလိုချိန်တွင် တစ်ထပ်တည်းတူနေသည့် ကြွက်ရုပ်များက အကောင်းဆုံး အကာအကွယ် ဖြစ်လေသည်။ 

အမြောက်အမြား ထုတ်လုပ်ခြင်းက သိုင်းပညာကျင့်ကြံသူများ၏ပုံစံပင် ဖြစ်လေ၏။

သို့ရာတွင် ပိုင်ယွီမင်ပြုပြင်ထားသော ကြွက်ရုပ်များက ပုံစံပင် ပြောင်းလဲနေပြီဖြစ်သဖြင့် လျန်ကျီဂိုဏ်းက ထိုအရုပ်များကို ပြန်လည်အသုံးပြုရန် မဖြစ်နိုင်တော့ပေ။ 

မော့ရှုလင်က ပိုင်ယွီမင်ကို လှည့်စားခြင်း မဟုတ်ပေ။ ပိုင်ယွီမင်၏ ကျင့်ကြံဆင့်က အလွန်မြင့်မားသဖြင့် သူ ကျပန်းဖန်တီးလိုက်သည့် ပစ္စည်းများပင်လျှင် မူလပစ္စည်းထက် ပိုကောင်းနေတတ်လေသည်။ ထို့ကြောင့် ပိုင်ယွီမင်၏ ကြွက်ရုပ်များကို ဈေးကောင်းကောင်းနှင့် ရောင်းနိုင်လေ၏။ 

မော့ရှုလင်ကလည်း ပြင်မရသော အစိတ်အပိုင်းများကို ချန်ထားကာ ရောင်းလေ့ရှိသည်။ ယခုအချိန်တွင် ပိုင်ယွီမင်က မတော်တဆ သူနှင့် လမ်းကြောင်းတူလာခဲ့လေသည်။

“ကောင်းတာပေါ့... တီထွင်ဆန်းသစ်မှုဆိုတာ ကုန်ထုတ်စွမ်းအား တိုးတက်ဖို့အတွက် နည်းဗျူဟာမြောက်တဲ့ အထောက်အပံ့ပဲ... ဒါကို လုပ်ငန်းစဉ်အားလုံးရဲ့ အဓိကအချက်အဖြစ် ထားရမယ်..."

ပိုင်ယွီမင်မှာ သူ့တပည့်လေးက သူ့အား ချော့ပြောနေသည်ကို မသိဘဲ တပည့်ဖြစ်သူ၏ ချီးကျူးစကားများထဲတွင် နစ်မျောနေခဲ့လေသည်။ 

မော့ရှုလင်က ထိုထူးဆန်းသော စကားများကို ကြားရချိန်တွင် နားမလည်နိုင် ဖြစ်သွားလေ၏။ တစ်လုံးချင်းစီ ခွဲကြည့်လျှင် နားလည်နိုင်သော်လည်း အားလုံးကို ပေါင်းချိန်တွင် မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို သူ ဝေခွဲမရ ဖြစ်နေလေသည်။ ရှစ်စွမ်းက ဝတ္ထုများစွာ ဖတ်ထားသဖြင့် ဗဟုသုတများသည်ဟုသာ ယူဆလိုက်လေသည်။

ပိုင်ယွီမင်က ချီးကျူးခံရသဖြင့် အလုပ်လုပ်ရန် ပိုပြီး စိတ်အားထက်သန်လာလေသည်။ 

မျိုးစေ့များပေါ်သို့ ရေအနည်းငယ်လောင်းကာ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်၏။ ပိုင်ယွီမင်မှာ အိုးထဲရှိ မျိုးစေ့များက မသန်စွမ်းဘဲ ဖျားနာနေသကဲ့သို့ ခံစားနေရလေသည်။ အိပ်ရာမထချင်ဘဲ မြက်သိုက်ထဲတွင်သာ အမြဲတမ်း လှဲနေတတ်သည့် သူနှင့်ပင် တူနေလေ၏။

ပိုင်ယွီမင်က မော့ရှုလင်အား မည်သည့်အတွက်ကြောင့် ရေအေးနှင့်သာ မစိုက်ဘဲ နှင်းနှင့်ရေပေါင်းပြီး မျိုးစေ့များအား စိုက်ပျိုးသည့်အကြောင်းကို မေးဖူးလေသည်။ 

မော့ရှုလင်က ပိုင်ယွီမင် မငြင်းနိုင်သော အကြောင်းပြချက်ကို ပေးခဲ့၏။ 
"နှင်းက ရေအေးထက် ပိုအေးလို့ပါ..."

ဆိုလိုသည်မှာ သာမန်ရေအေးကပင်လျှင် ဤမျိုးစေ့များအတွက် ရေပူကဲ့သို့ ဖြစ်နေလေသည်။ မျိုးစေ့များက အလွန်အားနည်းနေသေးသဖြင့် ရေအေးနှင့်သာ စိုစွတ်အောင် လုပ်ပေးရခြင်းဖြစ်လေသည်။ 

ဤအချက်က ပိုင်ယွီမင် မသိသောအရာ ဖြစ်လေသည်။ 

ထို့ကြောင့် များစွာမေးမြန်းခြင်းက ပိုကောင်း၏။ 

ပိုင်ယွီမင်က သုံးရက်စာ စာလုံးများကို ရေးပြီးနောက် စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များအား စုတ်တံဖြင့် ရေးရန်မလိုသည်ကို သဘောပေါက်သွားလေသည်။ လက်ဖြင့် တိုက်ရိုက်ရေးဆွဲလျှင် သူ၏အလုပ်လုပ်နှုန်းက သိသိသာသာ မြန်ဆန်လာပြီး လက်ရေးကလည်း ပိုမိုလှပလာလေသည်။

မော့ရှုလင်က ပိုင်ယွီမင်၏ ညစ်ပတ်နေသောလက်များနှင့် ပေရေနေသော အဝတ်အစားများကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိလေသည်။ 

ပိုင်ယွီမင်က တစ်ခါတစ်ရံတွင် မန္တန်များကိုသုံးပြီး အဝတ်အစားများကို သန့်ရှင်းအောင် လုပ်သော်လည်း တစ်ခါတစ်ရံတွင်မူ ယုန်အဖြစ် အသွင်ပြောင်းကာ အဝတ်အစားများကို ပစ်ထားခဲ့တတ်လေသည်။ 

မော့ရှုလင်မှာ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အမေတစ်ယောက်ကဲ့သို့ ခံစားနေရလေသည်။ ပိုင်ယွီမင်က ယုန်အဖြစ် ပြောင်းသွားလျှင်ပင် သူက ခြေထောက်များကိုဖမ်းကာ သေသေချာချာ ပွတ်တိုက်သန့်စင်ပေးပြီးမှသာ အိပ်ခိုင်းလေသည်။ ချွတ်ထားသော အဝတ်အစားများကိုလည်း သူက သေသေချာချာ လျှော်ဖွပ်ပေးရ၏။ အတွင်းခံကဲ့သို့ တစ်ကိုယ်ရေသုံး ပစ္စည်းများကိုမူ ခြင်းတစ်ခုထဲတွင် ထည့်ပေးကာ ပိုင်ယွီမင်ကိုယ်တိုင် ဖြေရှင်းရန် ချန်ထားပေးလေသည်။

မူလတွင် မော့ရှုလင်က အရောင်များကို ကောင်းစွာ မခွဲခြားတတ်ပေ။ အနီရောင်တောက်တောက်နှင့် ဝိုင်နီရောင်ကိုပင် မခွဲတတ်ပေ။ ပိုင်ယွီမင်၏ အဝတ်အစားများကို အကြိမ်ကြိမ်အခါခါ လျှော်ပေးပြီးနောက်တွင် ပိုင်ယွီမင်က အနီရောင်ကို အမြဲဝတ်ဆင်သော်လည်း တစ်ထည်နှင့်တစ်ထည် အရောင်မတူသည်ကို သတိထားမိလာလေသည်။ အချို့က အရောင်ရင့်ပြီး အချို့က အရောင်ဖျော့သည်။ အချို့က အဝါရောင်သန်းပြီး အချို့ကမူ အပြာရောင်သန်းလေသည်။ ၎င်းက ရိုးရှင်းသည့်အရာ မဟုတ်ပေ။

နောက်ဆုံးတွင် နောက်တစ်လ၏ ပထမဆုံးနေ့သို့ ရောက်ရှိလာပြီဖြစ်သည်။ လစဉ် စိတ်ဝိညာဉ်ကျောက်တုံးများကို ထပ်မံရရှိရန် တာဝန်များကို သွားရောက်အပ်နှံကြလေသည်။ 

တာဝန်ပေးခန်းမဆောင်တွင် ပစ္စည်းများ၏ အရည်အသွေးကို စစ်ဆေးပေးသည့် တာဝန်ခံရှိလေသည်။ မော့ရှုလင်ယူလာသော ပစ္စည်းများအားလုံးက အရည်အသွေး အလွန်ကောင်းမွန်လေသည်။ ပိုင်ယွီမင်ဖျက်ဆီးခဲ့သော ကြွက်ရုပ်များအပါအဝင် အားလုံးက အရည်အသွေး ပြည့်မီလေသည်။ သို့ရာတွင် မော့ရှုလင်လက်ခံထားသော အရေအတွက်က များပြားသဖြင့် ပြီးစီးသည့် ပမာဏမှာ သတ်မှတ်ချက် ပြည့်ရုံသာ ရှိလေသည်။ သို့သော်လည်း ပိုင်ယွီမင်က အနားတွင် ရှိနေသဖြင့် စစ်ဆေးသည့် တာဝန်ခံတပည့်က မော့ရှုလင်၏ စိတ်ဝိညာဉ်ကျောက်တုံးများကို မဖြတ်တောက်ခဲ့ပေ။

"စုစုပေါင်း အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၉၈ တုံး ရပါတယ်..." 
ငွေထုတ်ပေးသည့် တပည့်က စိတ်ဝိညာဉ်ကျောက်တုံး ၉၈ တုံးကို စားပွဲပေါ်တွင် တင်ပေးလိုက်လေသည်။ 

ပိုင်ယွီမင်က မျက်မှောင်ကြုတ်လိုက်၏။ 
"နည်းလိုက်တာ..." 

မော့ရှုလင်က တာဝန်ငါးခုကို ယူခဲ့ပြီး ရာနှင့်ချီသော ပစ္စည်းများကို လုပ်ဆောင်ခဲ့ရသော်လည်း အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် မရခဲ့ပေ။ 

မော့ရှုလင်က ကျေးဇူးတင်စကားပြောကာ စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံလိုက်လေသည်။ 
"ဒါက အများကြီးပါပဲ... စိတ်ဝိညာဉ်ကျောက်တုံးတွေကို မဖြတ်တာနဲ့တင် စေတနာရှိနေပါပြီ.." 

မော့ရှုလင်က သူ၏ငယ်ရွယ်သေးသော အသက်ကို မမေ့ဘဲ ယဉ်ယဉ်ကျေးကျေး ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်... ရှစ်ရှုန်းတို့...” 

“အားနာစရာ မလိုပါဘူး... ရှစ်တိက တော်လို့ပါ... ဆရာကောင်းရင် တပည့်ပန်းကောင်းပန်ရတာပေါ့..." 
အရည်အသွေးစစ်သည့် တပည့်က ချီးကျူးလိုက်၏။ 

သူက ပိုင်ယွီမင်နှင့် ရှန့်ကွမ်းကျူးချင်၏ ဆက်ဆံရေးကို သိထားလေသည်။ 

"ရှစ်တိစကားပြောတာ အရမ်းယဉ်ကျေးတာပဲ... ငါတို့နဲ့ ဂိုဏ်းတူတပည့် ဖြစ်လာတာက တကယ်ကို ကံပါတာလို့ ပြောလို့ရတယ်... ငါတို့က တာဝန်ခံမဟုတ်ဘဲ အပြင်တပည့်အဆင့်ပဲ ရှိပါသေးတယ်... ရှစ်တိမှာ အဖော်လုပ်ပြီး တာဝန်လာအပ်ပေးတဲ့ ရှစ်စွမ်းကောင်းတစ်ယောက် ရှိတယ်ဆိုတော့ ရှစ်တိက ကံကောင်းပါတယ်..."

စိတ်ဝိညာဉ်ကျောက်တုံး ထုတ်ပေးသည့် တပည့်က အနည်းငယ် ရဲတင်းနေပြီး ပိုင်ယွီမင်၏ မျက်လုံးများကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေလေသည်။ 

မော့ရှုလင်က ထိုစကားများ၏ ဆိုလိုရင်းကို နားလည်လေသည်။ ထိုတပည့်များက သူတို့ကိုယ်သူတို့ အပြင်တပည့်ဖြစ်ကြောင်း အထူးတလည် ပြောဆိုနေခြင်းမှာ ရှစ်စွမ်းတစ်ယောက်ကို ရှာဖွေလိုခြင်း ဖြစ်လေသည်။ ပိုင်ယွီမင်က ဆင်းရဲပုံပေါ်သော်လည်း သူ၏ကျင့်ကြံဆင့်မှာမူ အတိုင်းအဆမရှိပေ။ 

အနီရောင်ဝတ်စုံက အလွန်ပင် ထင်ရှားလေ၏။ တာဝန်ပေးခန်းမဆောင်တွင် အလုပ်လုပ်သူတိုင်းက ပိုင်ယွီမင်နှင့် ရှန့်ကွမ်းကျူးချင်က ဆက်ဆံရေးကောင်းသည်ကို သိကြလေသည်။ အပြင်ဂိုဏ်းတွင် နှစ်ပေါင်းရာနှင့်ချီပြီး ကုန်ဆုံးမည့်အစား စမ်းသပ်ကြည့်ခြင်းက ပိုကောင်းလေသည်။ ကံကောင်းလျှင် ပိုင်ယွီမင် မျက်စိကျသွားနိုင်လေသည်။

ပထမတစ်ယောက်က အထင်ကြီးခံရစေရန် ကြိုးစားနေခြင်းသာ ဖြစ်သော်လည်း နောက်တစ်ယောက်ကမူ အတွင်းတပည့်နေရာကိုပင် ရချင်နေသည့် အတင့်ရဲသော အပြုအမူ ရှိလေသည်။

မော့ရှုလင်က စိတ်တိုသွားသော်လည်း ပိုင်ယွီမင်က နားလည်မလည်ကို သူ မသိပေ။ 

သဘာဝကျစွာဖြင့် ပိုင်ယွီမင်ကမူ နားလည်လေသည်။ သူ နားမလည်လျှင်ပင် ထိုတပည့်နှစ်ဦး၏ လောဘစိတ်ကို ခံစားမိလေသည်။ 

ပထမတစ်ယောက်က သူ့အား မိစ္ဆာကျင့်ကြံသူဖြစ်သည့်အတွက် အထင်သေးနေသည်ကို ခံစားရပြီး နောက်တစ်ယောက်ကမူ သူ၏အဆင့်အတန်းကို သုံးကာ အမြတ်ထုတ်ချင်နေလေသည်။ ပိုင်ယွီမင်က ထိုကဲ့သို့ ခံစားချက်များကို သဘောမကျသဖြင့် ယွဲ့ရွှယ်တောင်ထိပ်တွင်သာ အနေများလေ၏။

သူ့တပည့်လေးက ငယ်သေးသဖြင့် ဤကဲ့သို့ မကောင်းသည့် ရည်ရွယ်ချက်များကို နားလည်မည် မဟုတ်ပေ။ သို့ရာတွင် ရှစ်စွမ်းတစ်ယောက်အနေဖြင့် သူ့တပည့်လေး အနိုင်ကျင့်ခံရသည်ကို ခွင့်မပြုနိုင်ပေ။ 

ပိုင်ယွီမင်က ပြုံးကာ ပြောလိုက်၏။ 
"မင်းတို့က စကားပြော တကယ်ကောင်းတာပဲ... အရင်ဘဝက ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လဲဆိုတာ ဒီဘဝမှာ အကျိုးပေးတာကိုကြည့်ပြီး သိနိုင်ပါတယ်... ငါလည်း ဒီလိုမျိုး ချစ်စရာကောင်းပြီး လိမ္မာတဲ့ တပည့်လေးရဖို့အတွက် နှစ်ပေါင်းထောင်ချီ စောင့်ခဲ့ရတာ... အဲ့ဒါကြောင့် ဒါက ကံကြမ္မာမဟုတ်ဘူး....”

“ငါ့လို ယုန်မိစ္ဆာလေးတောင်မှ ပိုင်ယွီသခင်မရဲ့ ရွေးချယ်တာကို ခံရတာဆိုတော့ ငါလည်း အရင်ဘဝက ကောင်းမှုတွေအများကြီး လုပ်ခဲ့လို့နေမယ်...”

“အဲ့ဒါကြောင့် မစိုးရိမ်ပါနဲ့... မင်းတို့သာ ကြိုးစားမယ်ဆိုရင် အနာဂတ်မှာ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ..."

ပိုင်ယွီမင်၏ စကားများထဲမှ လှောင်ပြောင်မှုများကို မော့ရှုလင်နားလည်လိုက်သဖြင့် အလွန်ပင် အံ့အားသင့်သွားလေသည်။

🐰🐰🐰

🐰 Chapter 24


ပိုင်ယွီမင်၏ စကားထဲတွင် ပါဝင်သော ပိုင်ယွီသခင်မက တာဝန်ခံအကြီးအကဲ ဖြစ်လေသည်။ 

ပိုင်ယွီသခင်မ၏ မျိုးရိုးအမည်မှာ ပိုင်ယွီဖြစ်ပြီး အမည်မှာ ဖုန်းယွဲ့ဖြစ်သည်။ မိစ္ဆာများကို တိုက်ခိုက်ရာတွင် အောင်မြင်မှုများကြောင့် တပည့်များက သူမကို ဖုန်းဟွာအကြီးအကဲဟု ရိုသေစွာ ခေါ်ဆိုကြလေသည်။ 

သို့ရာတွင် ပိုင်ယွီမင်က ပိုင်ယွီသခင်မ၏ နာမည်လေးလုံးကို တိုက်ရိုက်ခေါ်ဆိုလိုက်သဖြင့် သူ၏ အဆင့်အတန်းကို ချက်ချင်း မြှင့်တင်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။ အခြားသူများက မည်သို့ပင် ထင်စေကာမူ ပိုင်ယွီမင်ထံတွင် ယွဲ့ဒယ်အကြီးအကဲဟူသော အဆင့်အတန်းရှိလေသည်။

ပိုင်ယွီမင်က အတွင်းတပည့် လက်ခံပြီးကြောင်း ပြောခဲ့သည်မှာ ထိုတပည့်နှစ်ယောက်၏ လောဘစိတ်များကို အဆုံးသတ်ရန် ဖြစ်လေသည်။ ထို့နောက် ယခင်ဘဝက ကောင်းမှုများကြောင့် ယခုဘဝတွင် ကောင်းကျိုးခံစားရသည်ဟု ပြောခြင်းမှာ ပြောင်းပြန်အဓိပ္ပာယ်ယူလျှင် ထိုတပည့်နှစ်ယောက်က ယခင်ဘဝ၌ မကောင်းသည့်ကိစ္စများ လုပ်ခဲ့သဖြင့် ယခုဘဝတွင် ဆရာကောင်းတစ်ယောက်ကို ရှာမတွေ့ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်လေသည်။ 

လူသားမျိုးနွယ်က သာလွန်မြင့်မြတ်သည်ဟု ကြွားဝါနေကြသော်လည်း သူတို့က ယုန်မိစ္ဆာဖြစ်သော ပိုင်ယွီမင်ကဲ့သို့ပင် မစွမ်းဆောင်နိုင်ကြပေ။

မိစ္ဆာကျင့်ကြံသူတစ်ယောက်၏ အဆင့်အတန်းဖြင့် တပည့်နှစ်ဦးကို ဝေဖန်နေသော ပိုင်ယွီမင်ကို ကြည့်ကာ မော့ရှုလင်ပင်လျှင် သူ့ရှစ်စွမ်းကို မမှတ်မိနိုင်သည်အထိ ဖြစ်သွားလေသည်။ 

ထိုတပည့်နှစ်ဦးက နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ပိုင်ယွီမင်၏ အဆင့်အတန်းကြောင့် နားမလည်ဟန်ဆောင်ကာ ပိုင်ယွီမင်စကားက အလွန်မှန်ကန်ကြောင်း ပြုံးရယ်ကာ ထောက်ခံနေရလေသည်။ 

သူတို့နှစ်ယောက်၏ နှိမ့်ချနေသောပုံစံကို မြင်ချိန်တွင် မော့ရှုလင်မှာ ပိုင်ယွီမင်က ဒေါသထွက်နေသော်လည်း မြိုသိပ်နေခဲ့ရသော နေ့ရက်များကို ပြန်သတိရသွားလေသည်။ 

အခြားသူများ ရှုံးနိမ့်နေသည်ကို ကြည့်ရခြင်းက သူ့ကို ပျော်ရွှင်စေလေသည်။

ဤကိစ္စကြောင့် ပိုင်ယွီမင်က မည်သည့်တာဝန်ကိုမှ မအပ်နှံတော့ဘဲ မော့ရှုလင်ကိုခေါ်ကာ တာဝန်အသစ်များထပ်ယူရန် သီးသန့်ခန်းထဲသို့ ဝင်သွားလိုက်လေသည်။ ပိုင်ယွီမင်က အကြီးအကဲ တစ်ယောက်အနေဖြင့် တာဝန်များစွာကို လက်ခံနိုင်လေသည်။ ယခင်တာဝန်များ မပြီးသေးလျှင်ပင် တာဝန်အသစ်များကို ဆက်လက်လက်ခံနိုင်လေ၏။ 

"အဲ့နှစ်ယောက်က တကယ်ကို စိတ်ရှုပ်စရာပဲ..."

တစ်လလုံး ကြိုးစားခဲ့သမျှအား စိတ်ဝိညာဉ်ကျောက်တုံးနှင့် မလဲနိုင်ခဲ့သည်ကို တွေးမိချိန်တွင် ပိုင်ယွီမင်က ဒေါသထွက်နေလေသည်။ 

သို့ရာတွင် အထူးမှတ်သားထားသော တာဝန်များက စစ်ဆေးပေးမည့်တာဝန်ခံကို ရှာရန်အတွက် သီးသန့်အခန်းထဲသို့ ဝင်နိုင်လေသည်။ တစ်ဖက်တွင် ပိုင်ယွီမင်က ထွက်သွားချင်သည်ဟု မဆိုနိုင်သော်လည်း တစ်ဖက်တွင် သူ့တပည့်လေးနှင့်အတူ တာဝန်များကို စစ်ဆေးရမည်ဖြစ်သည်။ 

၎င်းက ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်ခြင်းမှ ကာကွယ်ရန် ဖြစ်၏။ သူက အရည်အချင်းရှိသော အကြီးအကဲတစ်ယောက် မဟုတ်သဖြင့် ပိုမိုခက်ခဲသော တာဝန်များကို မယူနိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမည် ဖြစ်လေသည်။

"ရှစ်စွမ်း... ကျွန်တော့်ကို ပြောပြလို့ရမလား..." 
မော့ရှုလင်က မေးကြည့်လိုက်၏။ 

သူ့ရှစ်စွမ်းက တောင်ပေါ်တွင်သာ ပုန်းအောင်းနေတတ်သူဖြစ်သဖြင့် လူများ၏ ကောက်ကျစ်သော စိတ်ထားများကို နားလည်နိုင်မည်မဟုတ်ဟု ထင်ထားခဲ့ခြင်း ဖြစ်လေသည်။

"ငါက ဘာပြောရမှာလဲ... တစ်ယောက်က ငါ့ကို ဆရာကောင်းလို့ ချီးကျူးတယ်... နောက်တစ်ယောက်က မင်းနဲ့ ကံပါလာတယ်လို့ ပြောတယ်... ဒါပေမဲ့ ငါမြင်တာကတော့ မင်းနဲ့ကံပါတာမဟုတ်ဘူး... သူက ငါ့တောင်ပေါ်ကိုပဲ တက်ချင်နေတာ..." 

ပိုင်ယွီမင်က ပျင်းရိစွာဖြင့် ပြောလိုက်၏။ 
"မင်း တိုက်ရိုက်ငြင်းလိုက်မယ်ဆိုရင် ရန်စသလို ဖြစ်နေမယ်... ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်မယ်ဆိုရင်လည်း မင်းတစ်ခုခု ကြံစည်နေတယ်လို့ အထင်ခံရမယ်... သဘောထားကြီးသလို ဟန်ဆောင်လိုက်ပြန်ရင်လည်း မင်းမျက်နှာကို ထိန်းဖို့အတွက် သူတို့ကို ကြည့်ပေးရလိမ့်မယ်... အဲ့ဒီလိုနဲ့ သူတို့က တခြားနည်းလမ်းတွေ သုံးလာမယ်ဆိုရင် တခြားဆရာတွေက သတိမထားမိဘဲ သူတို့ကို လက်ခံလိုက်မိမှာ..."

မော့ရှုလင်က ကြားလိုက်ရသည့် စကားများကြောင့် အံ့အားသင့်သွားလေသည်။ ပိုင်ယွီမင်က အားလုံးကို ရှင်းလင်းစွာ မြင်နိုင်လေ၏။ 

"ငါ အတွင်းတပည့်အကြောင်းကို အလေးထားပြီး ပြောလိုက်တာက ငါ့ဆီကနေ ဘာကိုမှ မမျှော်လင့်နိုင်အောင်ပဲ..." 

ပိုင်ယွီမင်က အပြင်တပည့်များအား ခွဲခြားဆက်ဆံလိုခြင်း မဟုတ်ပေ။ အချို့သော တပည့်များက ရည်မှန်းချက် ကြီးလွန်းသဖြင့် သူတို့နှင့် စိတ်တူကိုယ်တူရှိသော ဆရာများနှင့်သာ အတူရှိသင့်လေသည်။ သူနှင့် မသင့်တော်ပေ။

"ရှစ်စွမ်း... နောက်ကျရင် တပည့်တွေ လက်မခံတော့ဘူးလား..." 
မော့ရှုလင်က မျှော်လင့်ချက်ဖြင့် မေးလိုက်လေသည်။ 

"မသေချာဘူး..." 

ပိုင်ယွီမင်၏ အဖြေကြောင့် မော့ရှုလင်က စိတ်မသက်မသာ ဖြစ်သွားလေသည်။ 

ထို့နောက် ပိုင်ယွီမင်၏စကားကို ထပ်ကြားလိုက်ရ၏။ 
"ဒါပေမဲ့ ဘုရားကျောင်းအသေးလေးက ဘုရားကြီးကို မပင့်နိုင်ပါဘူး... ငါ့ရဲ့ ဆင်းရဲတဲ့နေရာလေးကလည်း အပြိုင်အဆိုင်များတဲ့ တပည့်တွေကို လက်မခံနိုင်ဘူး..."

မော့ရှုလင်မှာ ပိုင်ယွီမင်၏ ဆူပူခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ ဆိုလိုသည်မှာ သူနှင့် ပိုက်ဆံမစုဘဲ ပျင်းရိသည့်ပိုင်ယွီမင်က တူညီသည့်လူမျိုးမဟုတ်ဟု ဆိုလိုခြင်း ဖြစ်လေသည်။ 

သို့ရာတွင် ဤသည်က အဆင်ပြေလေသည်။

"ရှစ်စွမ်း... ကျွန်တော် တစ်ခုကို နားမလည်သေးဘူး..." 

မော့ရှုလင်က ပိုင်ယွီမင်ကို ကြည့်လိုက်၏။ 
"ရှစ်စွမ်းက ဟိုတပည့်နှစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို မြင်နိုင်တယ်ဆိုရင် အကြီးအကဲရှန့်ကွမ်းရဲ့ ရည်ရွယ်ချက်ကိုရော မြင်နိုင်လား..." 

ပိုင်ယွီမင်က အနည်းငယ် မျက်နှာပျက်သွားသည်ကို မြင်ချိန်တွင် မော့ရှုလင်က အမြန်ရှင်းပြလိုက်၏။ 
"ကျွန်တော် အကြီးအကဲရှန့်ကွမ်းအကြောင်းကို မကောင်းပြောတာ မဟုတ်ပါဘူး... အကြီးအကဲရှန့်ကွမ်းက နည်းနည်း စိတ်အားထက်သန်လွန်းနေတယ်လို့ ထင်လို့ပါ..."

ပိုင်ယွီမင်၏ အဆင့်အတန်းက ရှန့်ကွမ်းကျူးချင်၏ စိတ်အားထက်သန်မှုကို ခံနိုင်ရည်ရှိလေသည်။ အခြားသူများက မည်မျှပင် ဟန်ဆောင်ကောင်းစေကာမူ မိစ္ဆာကျင့်ကြံသူများကို ခွဲခြားဆက်ဆံပြီး အထင်သေးတတ်ကြလေသည်။ သို့ရာတွင် ရှန့်ကွမ်းကျူးချင်၏ မျက်လုံးထဲတွင်မူ အထင်သေးသည့် အရိပ်အယောင် လုံးဝမရှိခြင်းမှာ အလွန်ပင် ထူးဆန်းလေ၏။

"ပုံမှန်ပါပဲ..." 
ပိုင်ယွီမင်က လက်ဖက်ရည်တစ်ငုံသောက်ကာ သူ့မျက်လုံးထဲမှ ခံစားချက်များကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်၏။ 

ရှန့်ကွမ်းကျူးချင်က အလွန်ပင် ရင်းနှီးဖော်ရွေသော်လည်း သူက ပိုင်ယွီမင်၏ပစ္စည်းများကို လိုချင်တပ်မက်နေသူ မဟုတ်ပေ။ 

ရှန့်ကွမ်းကျူးချင်က သူ့ကိုကြည့်ပြီး အခြားတစ်ယောက်အဖြစ် မြင်နေသည်ဟု ပိုင်ယွီမင် ခံစားမိလေသည်။ ထိုလူက ရှန့်ကွမ်းကျူးချင်အတွက် အလွန်အရေးကြီးသူ ဖြစ်နိုင်လေသည်။ သို့ရာတွင် ထိုလူက မရှိတော့သဖြင့် ရှန့်ကွမ်းကျူးချင်က ထိုလူအပေါ် ထားရှိသည့် ခံစားချက်များအား သူ့အပေါ်သို့ ပုံချထားခြင်း ဖြစ်နိုင်လေသည်။ 

ပိုင်ယွီမင်ခံစားမိသည်မှာ ၎င်းက မိသားစု ဆက်ဆံရေးမျိုးဖြစ်ပြီး သူငယ်ချင်းထက် ပိုဂရုစိုက်ကာ ချစ်သူထက်ပင် အနည်းငယ် ပိုလေသည်။ ထိုလူက ရှန့်ကွမ်းကျူးချင်ထက် အဆင့်နိမ့်သူ သို့မဟုတ် ညီငယ်တစ်ယောက် ဖြစ်နိုင်၏။ ထို့ကြောင့် သူက ရှန့်ကွမ်းကျူးချင်အား အစ်ကိုရှန့်ကွမ်းဟု ခေါ်ချိန်တွင် သူက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ခြင်း ဖြစ်လေသည်။ 

ရှန့်ကွမ်းမိသားစုတွင် ဆက်ခံသူများစွာရှိသဖြင့် မည်သည့်ညီငယ်ဖြစ်သည်ကို မသိပေ။ ပိုင်ယွီမင်ထံတွင် အသေးစိတ်အချက်အလက်များလည်း မရှိပေ။ 

သို့သော် ဤစကားများကို သူ ထုတ်မပြောနိုင်ပေ။ တစ်ချက်မှာ ဤအတွေးများက ခန့်မှန်းချက်တစ်ခုသာဖြစ်ပြီး နောက်တစ်ချက်မှာ ဤခံစားချက်များက တစ်နေ့နေ့တွင် ပျောက်ကွယ်သွားမည့် တံလျှပ်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်လေသည်။

ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်အပေါ် မည်သည့်အကြွေးမှမတင်ဘဲ မျှတသော ဆက်ဆံရေးသာ ဖြစ်လေသည်။ ရှန့်ကွမ်းကျူးချင်ကို သူ့စိတ်ထဲတွင် နေရာမယူနိုင်အောင် စိတ်ဆုံးဖြတ်ထားလေသည်။ 

မော့ရှုလင်က သူ့အဖြေကို အချိန်အတော်ကြာ စောင့်နေသော်လည်း ပိုင်ယွီမင်က ထပ်မပြောချင်သည်ကို သိလိုက်သဖြင့် ထပ်မမေးတော့ဘဲ တာဝန်များကိုသာ ဆက်ပြီး ရွေးချယ်နေလိုက်လေသည်။

ပိုင်ယွီမင်က မဟာယနအဆင့်ထိ ရှင်သန်နိုင်ခဲ့သဖြင့် အကြံအစည်များကို မလုပ်နိုင်လျှင်ပင် အနည်းဆုံး အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်လေသည်။ သူက ပိုင်ယွီမင်ကို အထင်သေးခဲ့မိ၏။ 

တာဝန်များကို ရွေးချယ်ပြီးနောက် ထွက်လာချိန်တွင် အလျင်စလို လမ်းလျှောက်လာသော ယဲ့ချင်းလင်နှင့် တွေ့လေသည်။ 

ယဲ့ချင်းလင်က သီးသန့်ခန်းထဲမှ ထွက်လာသော ပိုင်ယွီမင်ကို မြင်ချိန်တွင် ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်၏။
“အကြီးအကဲပိုင်... ကိစ္စတွေပြီးပြီလား... တကယ်ကို အားနာပါတယ်... ကျွန်တော် အလုပ်များနေလို့ပါ... အခုချက်ချင်း ကျွန်တော် ပို့ပေးပါမယ်...”

ပိုင်ယွီမင်က သူအလုပ်များနေသည်ဟု ပြောချင်သော်လည်း သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးနှင့် မလဲရသေးသော ပစ္စည်းများကို သတိရသွားလေသည်။ 

ထို့ကြောင့် သူက သွယ်ဝိုက်ပြီး ပြောလိုက်၏။
“ပြီးသလောက်ပါပဲ... ဒီရက်ပိုင်း အပြင်တပည့်တွေက အရမ်းစိတ်အားထက်သန်နေလို့ ငါ စိတ်မရှည်တော့ဘူး... ဒီပစ္စည်းတွေကို စစ်ဆေးပေးဖို့အတွက် အရမ်းစိတ်အားမထက်သန်တဲ့ တပည့်မျိုးရှိလား...”

ယဲ့ချင်းလင်၏ အမူအရာက မပြောင်းလဲသော်လည်း ပိုင်ယွီမင်ဆိုလိုသည်ကို နားလည်လေသည်။ 

စိတ်အားထက်သန်မှုက အများအားဖြင့် အကျိုးအမြတ်နှင့် ပတ်သက်နေပြီး ပိုင်ယွီမင်နှင့် ဆက်ဆံရေး တည်ဆောက်ချင်နေသော တပည့်များရှိနေကြောင်းကို ပိုင်ယွီမင်က ဆိုလိုခြင်းဖြစ်၏။ 

တစ်နည်းအားဖြင့် ၎င်းကို ဆက်ဆံရေးတည်ဆောက်ခြင်းဟု ခေါ်လေသည်။ ဤလောကရှိ လူသားတစ်ယောက်အနေဖြင့် အသိအကျွမ်းများလေလေ တိုးတက်နိုင်မည့် လမ်းကြောင်းများလေလေ ဖြစ်သဖြင့် လူတိုင်းက ဆက်ဆံရေးကောင်းများရရှိရန် လုပ်ဆောင်ကြစမြဲ ဖြစ်လေသည်။ သို့ရာတွင် ပိုင်ယွီမင်က သီးသန့်နေတတ်ပြီး သူစိမ်းများနှင့် စကားမပြောလိုသဖြင့် အခြားလူများ၏ စိတ်အားထက်သန်မှုက သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလေ၏။

“တိုက်ဆိုင်လိုက်တာ... ဒီပစ္စည်းတွေကို အရင်က ကျွန်တော်တာဝန်ယူခဲ့တာပါ... အကြီးအကဲပိုင်အတွက် ကျွန်တော်ကိုယ်တိုင် စစ်ဆေးပေးပါမယ်... အကြီးအကဲပိုင် အဆင်ပြေရဲ့လား...”
ယဲ့ချင်းလင်က ပြုံးကာ ပိုင်ယွီမင်ကို အခန်းထဲသို့ ပြန်လည်ဖိတ်ခေါ်လိုက်လေသည်။

“ကျေးဇူးပဲ...”

ယဲ့ချင်းလင်က လူမှုဆက်ဆံရေးတွင် အလွန်တော်သည်ဟု ပိုင်ယွီမင်ခံစားလိုက်ရလေသည်။ 

ယဲ့ချင်းလင်က စိတ်သဘာထားကောင်းပြီး မည်ကဲ့သို့ အလျှော့အတင်းလုပ်ရမည်ကို သိလေသည်။ ထို့ကြောင့် သူနှင့် မိတ်ဆွေဖွဲ့ရသည်ကို ပိုင်ယွီမင် သဘောကျ၏။ 

သီးသန့်ခန်းထဲတွင် ပိုင်ယွီမင်က ပစ္စည်းများကိုထုတ်ပြီး ရှင်းပြလိုက်သည်။
“ဒါတွေက စိတ်သန့်စင်တဲ့ အဆောင်လက်ဖွဲ့တွေပဲ...”

ယဲ့ချင်းလင်မှာ အကြီးအကဲပိုင်က အလွန်ပင် စိတ်အားထက်သန်နေပြီး သူ့ကို သေသေချာချာ ရှင်းပြနေသည်ဟု ခံစားရလေသည်။ သူက အခြားအကြီးအကဲများ၏ ပစ္စည်းများကို စစ်ဆေးပေးလေ့ရှိသော်လည်း သူတို့က အများအားဖြင့် စကားမပြောဘဲ ပစ္စည်းများကိုသာ ချထားခဲ့ကြလေသည်။

ကြည့်ရအဆိုးဆုံး အဆောင်လက်ဖွဲ့တစ်ခုကို ကောက်ကိုင်လိုက်သော ယဲ့ချင်းလင်ကိုကြည့်ကာ မော့ရှုလင်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ပြုံးချင်နေသည်ကို အမြန်ထိန်းချုပ်လိုက်ကာ မျက်တောင်မခတ်မိစေရန် ကြိုးစားနေလေသည်။ အဆောင်လက်ဖွဲ့ကို ဖြန့်ကြည့်လိုက်ချိန်တွင် ဖြစ်သွားမည့် ယဲ့ချင်းလင်၏အမူအရာကို မြင်ချင်နေလေ၏။

ယဲ့ချင်းလင်က မော့ရှုလင်၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သော်လည်း ဇဝေဇဝါဖြစ်သွားသည်မှလွဲပြီး ထွေထွေထူးထူး မတွေးမိပေ။ 

သူ့လက်ထဲရှိ အဆောင်လက်ဖွဲ့များ၏ စိတ်ဝိညာဉ်စွမ်းအားကို ခံစားမိချိန်တွင် ယဲ့ချင်းလင်က အံ့သြသွားပြီး ချီးကျူးလိုက်၏။
“စိတ်ဝိညာဉ်စွမ်းအားက တကယ်ကို သန့်စင်ပြီး သန်မာတာပဲ... ဒါက ပစ္စည်းကောင်းပဲ...”

“ဒါပေမဲ့ လက်ရေးက...”

ယဲ့ချင်းလင်က အဆောင်လက်ဖွဲ့ကို ဖြန့်ကြည့်ချိန်တွင် သရဲစာကဲ့သို့ ကြည့်ရဆိုးသော စာလုံးများကို မြင်လိုက်ရသဖြင့် စကားရပ်သွားလေသည်။ 

သို့ရာတွင် ပိုင်ယွီမင်၏အကြည့်ကြောင့် စကားနှစ်လုံးကို ညှစ်ထုတ်ကာ ပြောလိုက်ရလေသည်။
“တကယ်ကို... ထူးခြားတယ်...”

🐰🐰🐰

🐰 Chapter 25


ယဲ့ချင်းလင်၏ မျက်နှာအမူအရာက အလွန်ပင် ရှုပ်ထွေးနေလေသည်။ 

သူ့မျက်နှာမှာ ရှုံ့မဲ့နေပြီး နှုတ်ခမ်းက ရယ်ချင်စိတ်ကြောင့် ကွေးတက်နေသော်လည်း မျက်မှောင်ကိုမူ ခပ်တင်းတင်း ကြုတ်ထားလေသည်။ ပါးပြင်ရှိ ကြွက်သားများကလည်း လှုပ်ခါနေပြီး မျက်လုံးထဲတွင် နားမလည်နိုင်သော ခံစားချက်ပေါင်းစုံဖြင့် ပြည့်နှက်နေလေ၏။

မော့ရှုလင်အနေဖြင့် ဘဝနှစ်ခုလုံးတွင် ယဲ့ချင်းလင်ထံမှ ဤကဲ့သို့ မျက်နှာအမူအရာမျိုးကို မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ 

လူများကို ဦးညွှတ်ခိုင်းလိုက်၊ ချီးကျူးခိုင်းလိုက်ဖြင့် တစ်လှည့်စီ လုပ်နိုင်သော သူ့ရှစ်စွမ်းပိုင်ယွီမင်က အလွန်ပင် လေးစားဖွယ်ကောင်းလေသည်။ ယဲ့ချင်းလင်ပင်လျှင် ပိုင်ယွီမင်ကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို မြင်ရသဖြင့် မော့ရှုလင်မှာ ကျေနပ်ရုံသာမက ဤကဲ့သို့ရှစ်စွမ်းမျိုး ရှိနေခြင်းကို အလွန်ပင် ဂုဏ်ယူဝမ်းမြောက်မိလာလေသည်။

“တာဝန်ပြီးနိုင်ရင်ပဲ တော်ပါပြီ...”
ပိုင်ယွီမင်က အလွန်ပင် ရှက်ရွံ့နေလေသည်။ 

သူ့လက်ရေးက အလွန်ကြည့်ရဆိုးသည်ကို သိသော်လည်း ယဲ့ချင်းလင်က ချီးကျူးသည့် စကားများစွာထဲမှ ‘တကယ်ကို ထူးခြားတယ်’ ဟူသော စကားလုံးကို ရွေးပြောလိုက်လေသည်။ ဤသည်က မရယ်မိအောင် အံကြိတ်ထားပြီး ရယ်သံများထွက်မလာစေရန် အလွယ်ဆုံးစကားလုံးကို ညှစ်ထုတ်ပြောလိုက်ခြင်းသာ ဖြစ်လေသည်။ 

‘တကယ်ကို’ နှင့် ‘ထူးခြားတယ်’ ဟူသော စကားလုံးများက အံကြိတ်ပြီး ပြောဆိုနိုင်သော စကားလုံးများ ဖြစ်လေသည်။

“ဟုတ်တယ်... ဒါက အမည်မသိတဲ့ နှောင့်ယှက်မှုတွေကို ၄၈ နာရီကြာအောင် တားဆီးပေးနိုင်တဲ့ ထိပ်တန်းအဆင့် အဆောင်လက်ဖွဲ့ပဲ...”

ယဲ့ချင်းလင်က ကြည့်လေလေ မယုံနိုင်လေလေ ဖြစ်နေ၏။ ဤမျှရုပ်ဆိုးသော စာလုံးများတွင် ဤမျှကောင်းမွန်သော အရည်အသွေး ရှိနေမည်ဟု မထင်ထားခဲ့ပေ။ 

ပိုင်ယွီမင်က စိတ်အေးသွားပြီးနောက် ယဲ့ချင်းလင်ပြောသည်ကို ထပ်ကြားလိုက်ရလေသည်။
“ဒါကို ဈေးတိုးပေးလို့ ရပါတယ်... အကြီးအကဲပိုင် ခဏလောက် စောင့်ပေးပါ... ကျွန်တော် အဆင့်မြင့် အဆောင်လက်ဖွဲ့တွေရဲ့ ဈေးနှုန်းကို သွားစစ်လိုက်ဦးမယ်... ဈေးနှုန်းတွေက အမြဲပြောင်းလဲနေတတ်လို့ အကြီးအကဲပိုင် နစ်နာမှာကို စိုးရိမ်လို့ပါ...”

ယဲ့ချင်းလင်က ပိုင်ယွီမင်စိတ်မဆိုးစေရန် ထပ်ပြီး ပြောလိုက်၏။
“ဈေးတိုးပေးတဲ့ စည်းကမ်းတွေက ခန်းမဆောင်ရဲ့ လျှို့ဝှက်ချက်ဖြစ်နေလို့ အကြီးအကဲပိုင် ခွင့်လွှတ်ပေးပါဦး...”

အမှန်တွင် ၎င်းက လျှို့ဝှက်ချက်မဟုတ်ဘဲ အရောင်းမြှင့်တင်ရန်သာ ဖြစ်လေသည်။ ပစ္စည်းများကို ရောင်းချသော လူအများစုက သူတို့ပစ္စည်းကသာ အကောင်းဆုံးဟု ပြောလေ့ရှိကြလေသည်။ ရှင်းပြနေလျှင်လည်း အချိန်ကုန်သဖြင့် အခြားလူများကိုသာ ခန့်မှန်းခိုင်းလေ၏။ တာဝန်ပေးခန်းမဆောင်ရှိ တာဝန်ခံက ထိုကဲ့သို့ ကျေးဇူးမသိတတ်သည့် အပြုအမူများကို ငြီးငွေ့နေသဖြင့် မည်သည်ကိုမှ မပြောတော့ဘဲ အတွင်းပိုင်းသတ်မှတ်ဈေးကိုသာ ကြည့်လိုက်ခြင်း ဖြစ်လေသည်။

“သွားလေ...”
ပိုင်ယွီမင်က အလွန်ဝမ်းသာသွားပြီး ယဲ့ချင်းလင်ကို အမြန်သွားရန် ပြောလိုက်လေသည်။ 

ယဲ့ချင်းလင်က စိတ်သန့်စင်အဆောင်လက်ဖွဲ့ကိုယူပြီး ထွက်သွားချိန်တွင် ပိုင်ယွီမင်က ပြုံးကာ ပြောလိုက်၏။
“ယဲ့ရှစ်ဇီက လူကောင်းပဲ...”

[T/N - ရှစ်ဇီဆိုတာကလေ တူသဘောမျိုးပါ... ပိုင်ယွီမင်က ရှန့်ကွမ်းကျူးချင်ကို ညီအစ်ကိုလို သဘောထားပြီး ရှန့်ကွမ်းကျူးချင်ရဲ့တပည့်ကို တူတပည့်လိုသဘောမျိုးနဲ့ ရှစ်ဇီလို့ ခေါ်လိုက်တာပါ...]

မော့ရှုလင်က သူ့အမြင်ကို ထုတ်မပြောပေ။ 

ယဲ့ချင်းလင်ကလည်း အလွန်စိတ်အားထက်သန်နေသည်ဟု ခံစားရလေသည်။ သို့ရာတွင် အစောက တပည့်နှစ်ယောက်၏ ကိစ္စကြောင့် မည်သူက စိတ်ရင်းမှန်ပြီး မည်သူက ကောက်ကျစ်သည်ကို ပိုင်ယွီမင်က ခွဲခြားနိုင်သည်ဟု မော့ရှုလင်ထင်သဖြင့် မည်သည်ကိုမှ မပြောတော့ခြင်း ဖြစ်လေသည်။

ထိုတပည့်နှစ်ယောက်၏ကိစ္စကြောင့် သူက ရှန့်ကွမ်းကျူးချင်အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ခြင်းဖြစ်သည်။ အခြားအကြောင်းရင်းတစ်ခုမှာ ယဲ့ချင်းလင်က အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းနေသောကြောင့်ဖြစ်၏။

မဟုတ်ရင် ပိုင်ယွီမင်ဘေးနားက လူတွေအားလုံးကို ဘယ်လိုလုပ် တစ်ပြိုင်တည်း သံသယဝင်နိုင်မှာလဲ...

ယဲ့ချင်းလင်က ထိုအခန်းထဲမှ ထွက်လာပြီးနောက် အခြားသီးသန့်ခန်းတစ်ခုသို့ ဝင်သွားလေသည်။ 

ထိုအခန်းထဲတွင် အကြီးအကဲနှစ်ယောက်က ရှေးဟောင်းစာအုပ်များကို ပျင်းရိစွာဖြင့် ဖတ်ရှုနေကြသည်။ ယဲ့ချင်းလင်ရောက်လာသည်ကို မြင်သောအခါ အလုပ်လုပ်ရတော့မည်ကို သိလိုက်သဖြင့် စာအုပ်များကို ချလိုက်လေသည်။ 

ယဲ့ချင်းလင်၏ မိသားစုနောက်ခံက ကောင်းမွန်သည့်အပြင် သူက သစ်သားနှင့်ရေ ဝိညာဉ်ဇစ်မြစ်ရှိသဖြင့် ရှန့်ကွမ်းကျူးချင်၏တပည့် ဖြစ်လာခြင်းဖြစ်သည်။ အာဏာနည်းသော အကြီးအကဲအချို့ပင်လျှင် ယဲ့ချင်းလင်ကို တွေ့လျှင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရလေ၏။

ယခုအချိန်တွင် ယဲ့ချင်းလင်ထံ၌ အဆင့်အတန်းတစ်ခု ရှိနေပြီဖြစ်ကာ တာဝန်ပေးခန်းမဆောင်၏ ကြီးကြပ်သူတစ်ယောက်ဖြစ်လာပြီး အာဏာအချို့ကို ဆုပ်ကိုင်ထားနိုင်လေသည်။ သို့ရာတွင် သူက အနိမ့်ဆုံးအဆင့်မှစပြီး ကြိုးကြိုးစားစား လုပ်ကိုင်ကာ လက်ရှိနေရာသို့ တက်လှမ်းလာသူဖြစ်သဖြင့် အလုပ်ကို ကျွမ်းကျင်လေသည်။

သူ စစ်ဆေးခဲ့ဖူးသည့် စိတ်သန့်စင်အဆောင်လက်ဖွဲ့များမှာ သောင်းဂဏန်းမရှိလျှင်ပင် ထောင်ဂဏန်းရှိလေသည်။ ထို့ကြောင့် ယဲ့ချင်းလင်က မန္တန်များကို အလွန်ကျွမ်းကျင်၏။

လက်ရေးလက်သားက အဆောင်လက်ဖွဲ့၏ အရည်အသွေးအပေါ် များစွာ သက်ရောက်မှု ရှိလေသည်။ ကောင်းမွန်သောလက်ရေးက အဆောင်ကို အသုံးပြုသူအား ဆွဲဆောင်နိုင်သည်ဖြစ်စေ အဆောင်လက်ဖွဲ့ထဲရှိ အစီအရင်များကို သက်ရောက်သည်ဖြစ်စေ ကြိုးစားမှုတစ်ဝက်ဖြင့် ရလဒ်ကို နှစ်ဆရရှိစေနိုင်လေသည်။

သူက စိတ်သန့်စင်မန္တန်ပေါင်းများစွာကို မြင်ဖူးသော်လည်း ဤကဲ့သို့ ထူးခြားသော စိတ်သန့်စင်အဆောင်လက်ဖွဲ့ ကိုမူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

စာလုံးများက အလွန်ရုပ်ဆိုးသော်လည်း စိတ်ဝိညာဉ်စွမ်းအား အလွန်ပြည့်ဝနေသည်မှာ ယုတ္တိမရှိပေ။

ထို့ကြောင့် အခြေအနေကို ခွဲခြားနိုင်စွမ်းရှိသော အကြီးအကဲတစ်ဦးထံသို့ သွားပြပြီး စိတ်သန့်စင်မန္တန်ကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်မည့် လျှို့ဝှက်ချက်အား ရှာမတွေ့နိုင်ကြောင်းပြောဆိုကာ ပိုင်ယွီမင်ကို စိတ်ဝိညာဉ်ကျောက်တုံးများ ပိုပေးနိုင်ရန် ရည်ရွယ်လိုက်သည်။ 

ယဲ့ချင်းလင်က အကြီးအကဲနှစ်ယောက်ကို ဦးညွှတ်ပြီးနောက် အဆောင်လက်ဖွဲ့ ကို ပေးလိုက်၏။
"ဒါက စိတ်သန့်စင်တဲ့အဆောင်လက်ဖွဲ့ပါ... အကြီးအကဲနှစ်ယောက် ဒါကို စစ်ဆေးကြည့်ပေးပြီး သင့်တော်တဲ့ ဈေးနှုန်းကို သတ်မှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်..."

အကြီးအကဲနှစ်ယောက်က အစပိုင်းတွင် စိတ်သန့်စင်သည့်အဆောင်လက်ဖွဲ့ဟု ကြားချိန်၌ များစွာဂရုမစိုက်ဘဲ ယဲ့ချင်းလင်က သူတို့ကို နောက်နေသည်ဟု ထင်လိုက်ကြသည်။ 

ယခင်က ဈေးနှုန်းသတ်မှတ်ရာတွင် အကောင်းနှင့်အဆိုးကို ချိန်ဆကာ အလယ်အလတ်တန်ဖိုးကိုသာ ပေးလေ့ရှိ၏။ ယဲ့ချင်းလင်ကလည်း ဘက်လိုက်တတ်သူ မဟုတ်ပေ။ သို့ရာတွင် ယဲ့ချင်းလင်၏ သတိပေးချက်ကြောင့် အဆောင်ရေးသူမှာ အလွယ်တကူ စော်ကား၍မရသော ပုဂ္ဂိုလ်ဖြစ်သည်ကို အကြီးအကဲနှစ်ယောက် သိလိုက်ကြသည်။

အဆောင်လက်ဖွဲ့ကို ဖွင့်ကြည့်လိုက်ချိန်တွင် အခန်းထဲ၌ တိတ်ဆိတ်သွားတော့၏။ 

အကြီးအကဲနှစ်ယောက်က စိတ်သန့်စင်သည့်မန္တန်များကို အနည်းငယ်မျှသာ မြင်ဖူးသော်လည်း အထဲတွင် ရေးထားသည့် စာများကို ခန့်မှန်းနိုင်လေသည်။ ဤသည်မှာ စာအုပ်များထဲတွင် အထပ်ထပ်အခါခါပါရှိသော စကားလုံးများသာ ဖြစ်၏။ 

သို့ရာတွင် ယခု အဆောင်လက်ဖွဲ့ကမူ ထူးခြားနေလေသည်။ အဆောင်လက်ဖွဲ့တစ်ခုလုံးတွင် ဆင်တူသောစာလုံး လုံးဝမရှိပေ။ စာရေးသူက ဤကဲ့သို့ထူးခြားသော ရေးနည်းအား မည်ကဲ့သို့ လုပ်ဆောင်နိုင်သည်ကို မသိတော့ပေ။ စာလုံးတစ်လုံးတည်းကိုပင် ပုံစံနှစ်မျိုးဖြင့် ကွဲပြားအောင် ရေးနိုင်သည်မှာ အံ့သြဖွယ် ဖြစ်လေ၏။ 

သုံးနှစ်အရွယ်ကလေးတစ်ယောက်ပင် မဆိုနှင့်၊ မိစ္ဆာလေးတစ်ကောင်လျှင်ပင် ဤထက် ပိုကောင်းအောင် ရေးနိုင်လေသည်။ 

ယဲ့ချင်းလင်က အကြီးအကဲနှစ်ယောက်၏ အတွေးများကို နားလည်လေသည်။ သူကိုယ်တိုင်လည်း လွန်ခဲ့သော ၁၅ မိနစ်ခန့်က ဤကဲ့သို့ပင် ခံစားခဲ့ရ၏။ အကြီးအကဲနှစ်ယောက်က မည်သည့်အတွက်ကြောင့် တိတ်ဆိတ်နေသည်ကို သူ နားလည်ပေးနိုင်လေသည်။

ယဲ့ချင်းလင်က ဦးညွှတ်ကာ သူ့အတွေးများကို ပြောလိုက်၏။
"အရည်အသွေးအရဆိုရင် ဒီအဆောင်လက်ဖွဲ့ ကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးတုံး ပေးသင့်ပါတယ်... ဒါပေမဲ့ လက်ရေးကြောင့် အသုံးချတဲ့နေရာမှာ အားနည်းချက်တွေ အများကြီး ရှိနိုင်တာမို့ ဈေးနှုန်းအတွက် ဇဝေဇဝါ ဖြစ်နေတာပါ... အဲ့ဒါကြောင့် ဒီတပည့်က အကြီးအကဲနှစ်ယောက်ကို ဈေးနှုန်းသတ်မှတ်ပေးဖို့ လာတောင်းဆိုတာပါ..."

သာမန်ပစ္စည်းများအတွက်ပင် ထူးခြားသော အခြေအနေများ ရှိလာလျှင် အကြီးအကဲများက ရှေ့ထွက်ကူညီပေးရမည် ဖြစ်လေသည်။ ယဲ့ချင်းလင်က သူတို့နှစ်ယောက်ကို မျက်နှာသာပေးလိုက်သဖြင့် အကြီးအကဲနှစ်ယောက်က ငြင်းဆန်ရန် အကြောင်းမရှိပေ။ 

အကြီးအကဲမုန့်က သေချာကြည့်ပြီးနောက် နားလည်သွား၏။ သူက သူ့မုတ်ဆိတ်ကို ပွတ်ကာ သက်ပြင်းချလိုက်လေသည်။
"ဒါက အရည်အသွေးကို မထိခိုက်ပေမဲ့ အသုံးချတဲ့နေရာမှာတော့ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တယ်... “

“ငါလည်း အကြီးအကဲမုန့်လိုပဲ တွေးတယ်..."
အကြီးအကဲတုက အဆောင်လက်ဖွဲ့ ကို လက်ဖြင့်ထောက်ကာ ပြောလိုက်သည်။
"ဒီမန္တန်ကို ရေးတဲ့လူက ငါတို့အားလုံးထက် ကျင့်ကြံဆင့်မြင့်ရမယ်... ဒီစာလုံးက အရမ်းဝိုင်းနေတာမို့ ဟဲ့ရှန်းအဆင့်ကို ကျသွားတာဖြစ်မယ်..."

ယဲ့ချင်းလင် “.......”

ပိုင်ယွီမင်က အမြဲတမ်း သူတစ်ပါးထံမှ အကူအညီ လိုအပ်လေ့ရှိလေသည်။ သူ့စရိုက်က ရှုပ်ထွေးလွန်းသဖြင့် ပိုင်ယွီမင်မှာ မဟာယနအဆင့် အကြီးအကဲတစ်ယောက်ဖြစ်သည်ကို ယဲ့ချင်းလင် မေ့သွားတတ်လေသည်။ 

မဟာယနအဆင့်မှာ ရေးထားတဲ့ ပစ္စည်းက ဟဲ့ရှန်းအဆင့်ကို ကျသွားတာ အရမ်းမနစ်နာလွန်းဘူးလား...

"ဒီအဆောင်လက်ဖွဲ့ကတော့ ဒီလူအိုကြီးရဲ့ စိတ်ကို သိမ်းသွင်းသွားပြီ... ငါတို့ အရည်အချင်းရှိတဲ့ တပည့်အသစ်တွေကို လက်ခံထားတယ်... စိတ်သန့်စင်တဲ့ အဆောင်လက်ဖွဲ့တွေက လိုအပ်ချက်နည်းပြီးတော့ ချီသန့်စင်ခြင်းအဆင့်မှာလည်း သုံးလို့ရတယ်... ဒါက တပည့်တချို့ရဲ့ အသက်ကို ကယ်ဖို့အတွက် တကယ်သင့်တော်တယ်..."

အကြီးအကဲမုန့်၏တပည့်က ယန်ချန်ချန်၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်သည်ကို ယဲ့ချင်းလင် သတိရသွားသဖြင့် အားလုံးကို နားလည်သွားလေသည်။

စိတ်သန့်စင်အဆောင်လက်ဖွဲ့များက သုံးရလွယ်သည်ဟု ပြောရန် ခက်ခဲလေသည်။ ၎င်းမှာ စိတ်ဝိညာဉ်စွမ်းအားကို စာလုံးများနှင့်အတူ အဆောင်လက်ဖွဲ့ ထဲသို့ ပို့ပေးရခြင်းဖြစ်၏။ သစ်သား၊ ရေနှင့် လေ ဝိညာဉ်ဇစ်မြစ်ရှိသော ကျင့်ကြံသူများသာ မန္တန်ကို ရေးဆွဲရန် သင့်တော်လေသည်။ ကျင့်ကြံဆင့်မြင့်လေလေ စိတ်ဝိညာဉ်စွမ်းအားက ပိုမိုသန့်စင်လေဖြစ်သဖြင့် အရည်အသွေး ပိုကောင်းလေသည်။ 

သို့ရာတွင် ကျင့်ကြံဆင့်မြင့်သွားသူများက သူတို့ကို ထောက်ပံ့ပေးမည့် မိသားစုများ ရှိလေသည်။ မည်သူကမှ စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်အတွက် အဆောင်လက်ဖွဲ့များကို ထိုင်ရေးမနေပေ။ 

ထို့ကြောင့် အရည်အသွေးကောင်းသော စိတ်သန့်စင်အဆောင်လက်ဖွဲ့ များက နောက်ခံကောင်းသော မျိုးဆက်သစ်များ၏ လက်ထဲသို့သာ ရောက်ရှိတတ်ကြလေသည်။ ဈေးကွက်ထဲတွင် ရှိနေသော စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့အများစုမှာ သာမာန်တပည့်များက လေ့ကျင့်ရန် သို့မဟုတ် ငွေရှာရန် ရေးထားသည့် အရည်အသွေးနိမ့် ပစ္စည်းများသာ ဖြစ်လေသည်။ 

ယဲ့ချင်းလင်လက်ထဲရှိ စိတ်သန့်စင်အဆောင်လက်ဖွဲ့က ရှားပါးပစ္စည်း မဟုတ်သော်လည်း အကြီးအကဲတုက ဤကဲ့သို့ အဆောင်လက်ဖွဲ့ များ ထပ်ရနိုင်ရန် အကူအညီ တောင်းချင်နေလေသည်။

ကျင့်ကြံဆင့်မြင့်လာပြီးနောက် လူမှုဆက်ဆံရေးက စိတ်ဝိညာဉ်ကျောက်တုံးများထက် ပိုပြီး အရေးကြီးလေ၏။

"ပစ္စည်းတွေကို ငွေနဲ့ လဲပြီးတာနဲ့ အကြီးအကဲနှစ်ယောက်ဆီကို အရင်ဆုံး ပို့ပေးပါ့မယ်..."
ယဲ့ချင်းလင်က ထိုသို့ပြောလိုက်သဖြင့် အကြီးအကဲနှစ်ယောက်လုံးက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ကြလေသည်။

🐰🐰🐰

Search Novels