🐰 Chapter 16


"ဒါနဲ့ ဒီနေရာကို ရိတ်လိုက်ရင် အေးနေမှာလား..." 
မော့ရှုလင်က သူအမွေးရိတ်လိုက်လျှင် ယုန်အသွင်ဖြင့် နေလေ့ရှိသည့် ပိုင်ယွီမင်အတွက် နေထိုင်ရခက်ခဲမည်ကို စိုးရိမ်စွာဖြင့် မေးလိုက်လေသည်။

"နည်းနည်းတော့ အေးမှာပေါ့..." 
ယုန်ဝတုတ်လေးက အမှန်အတိုင်း ပြန်ဖြေလေသည်။ 

သူ၏ဝဖြိုးသော ခန္ဓာကိုယ်လေးမှာ အားတင်းထားရသဖြင့် လေလျော့နေသော ဘောလုံးလေးကဲ့သို့ ဖြစ်နေလေ၏။ 

ရုပ်ပိုင်းဆိုင်ရာ အေးရုံသာမက ရင်ထဲတွင်လည်း အေးနေမည်ဖြစ်သည်။ 

သူ အထိခံရလျှင် သူ့ခန္ဓာကိုယ်ပေါ်၌ အမွေးများပြောင်နေသည်ကို အချိန်နှင့်အမျှ သတိပေးသကဲ့သို့ ဖြစ်နေပြီး မှောက်လျက်နေသည်ဖြစ်စေ လှဲနေသည်ဖြစ်စေ သက်သောင့်သက်သာ ရှိမည်မဟုတ်ပေ။

"ကျွန်တော်... ကျွန်တော် မလုပ်နိုင်ဘူး... ဂူထဲမှာ နေရရင်လည်း အဆင်ပြေပါတယ်..." 
မော့ရှုလင်၏ လေသံထဲတွင် ဝမ်းနည်းမှုများ ပါဝင်နေလေသည်။ 

"ကျွန်တော့်အဖေက လူလေးစားခံရတဲ့ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေမဲ့ သူက ဖြောင့်မတ်ပြီး ရိုးသားပါတယ်... ကျွန်တော့်အဖေ ငယ်ငယ်ကတည်းက သင်ပေးခဲ့တာက ကိုယ့်အစွမ်းအစရှိသလောက်ပဲ သုံးစွဲဖို့နဲ့ မရနိုင်တဲ့ ပစ္စည်းဥစ္စာတွေအပေါ်လောဘမတက်ဖို့ပါ... တစ်ခါတလေ ဘဝမှာ လိုအပ်ချက်တွေ ရှိတတ်ပေမဲ့ အတင်းအကျပ် လုပ်ယူနေဖို့ မလိုပါဘူး... ရှစ်စွမ်းက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် နေစေချင်တယ်ဆိုတာ သိရရင် လုံလောက်ပါပြီ... အဲ့ဒါကြောင့် ကျွန်တော့်အဖေသာ ဒီကိစ္စကိုသိရင် စိတ်မကောင်းဖြစ်နေမှာပဲ... ကျွန်တော်လည်း ဝမ်းနည်းတယ်..."

မော့ရှုလင်မှာ သူ့အဖေက သူ့ကိုဖက်ထားပြီး လူကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ရန် ဆုံးမနေသည့် မြင်ကွင်းကို ပြန်သတိရလာပြီး မျက်ဝန်းများက အနည်းငယ် နီမြန်းလာလေသည်။ သို့ရာတွင် ဝမ်းနည်းမှုက နာကျည်းမှုအဖြစ် အလျင်အမြန် ပြောင်းလဲသွားလေ၏။ သူ့မျက်နှာပေါ်တွင်မူ မည်သည့်အမူအရာမှ မပေါ်လွင်နေပေ။

"ရပါတယ်..." 

ယုန်ဝတုတ်လေးကလည်း အမွေးပြောင်သွားရန် အမှန်တကယ် ဆန္ဒမရှိပေ။ အမွေးရိတ်လိုက်လျှင် ချမ်းသာသွားနိုင်သော်လည်း ရွေးချယ်မှုတစ်ခု လုပ်ရမည်ဖြစ်သည်။ 

လူတစ်ယောက်အနေဖြင့် မည်သည်ကိုမှ ပေးဆပ်ခြင်းမရှိဘဲ အရာအားလုံးကို မရယူနိုင်ပေ။ 

သူက ဤကိစ္စကို အချိန်ဆွဲမနေတော့ဘဲ ပြတ်ပြတ်သားသား ပြောလိုက်၏။ 
"ငါက မင်းရဲ့ ရှစ်စွမ်းပဲ... မင်းက ငါ့စကားကို နားထောင်သင့်တာ မဟုတ်ဘူးလား..."

တပည့်များက ဆရာ၏အမိန့်ကို လိုက်နာရမည်ဖြစ်ကြောင်း မော့ရှုလင်သိသော်လည်း အမှန်ပင် မလုပ်ရက်ချေ။ 

သူ့စိတ်ထဲတွင် မသက်မသာ ခံစားနေရလေ၏။ 

ထို့နောက် ကလေးငယ်များက လူကြီးကို ချွဲသည့်နည်းလမ်းအား တွေးမိကာ မော့ရှုလင်က ဟန်ဆောင်ပြီး ချွဲကာပြောလိုက်၏။
"ကျွန်တော် ဂရုမစိုက်ဘူး... ရှစ်စွမ်းရဲ့အမွေးတွေ ပြောင်သွားတာကို ကျွန်တော် မမြင်ချင်ဘူး..."

မော့ရှုလင်က အလိုလိုက်ခံရပြီး ကြီးပြင်းလာသည့် ၁၀ နှစ်အရွယ် သခင်လေးတစ်ယောက် ဖြစ်လေသည်။ အသံကို အနည်းငယ် ပြုပြင်လိုက်ရုံဖြင့် ကလေးဆိုးတစ်ယောက်နှင့် တူသွားလေ၏။ ယုန်ဝတုတ်လေးက ထိုအသံကိုကြားချိန်တွင် စိတ်ပျော့သွားသော်လည်း တစ်ခဏအကြာတွင် စိတ်ကို ပြန်တင်းလိုက်၏။

"ဘာကိုအမွေးပြောင်မှာလဲ... တစ်နှစ်နေရင် ပြန်ပေါက်လာမှာပဲဟာကို... ဒါက ငါ့ရဲ့ ဘဏ္ဍာတိုက်ပဲ..." 

ယုန်ဝတုတ်လေးက သူ၏ လှပသောအမွေးများကို အလွန်တန်ဖိုးထားသူ ဖြစ်လေသည်။ သူက ထိုင်လိုက်ပြီးနောက် သူ့ဝမ်းဗိုက်ကို ယုန်လက်ကလေးများဖြင့် အမှတ်တမဲ့ ပွတ်သပ်လိုက်၏။ 

ထိတွေ့မိသမျှက အသားသာ ဖြစ်လေသည်။

"ကျွန်တော် ဂရုမစိုက်ဘူး... ဘာပဲဖြစ်ဖြစ် ရှစ်စွမ်းက အမွေးပြောင်ကြီး ဖြစ်သွားမှာပဲ..."

မော့ရှုလင်မှာ ဤနည်းလမ်းက အလွန်ထိရောက်ကြောင်း ခံစားရသဖြင့် ထပ်ပြောလိုက်လေသည်။ 
“အဖြူရောင် အမွေးပြောင်ကြီး...”

"ကောင်စုတ်လေး... ရှစ်စွမ်းကိုတောင် နာမည်ပြောင်ပေးရဲတယ်ပေါ့... အခုမှတောင်းပန်လည်း နောက်ကျသွားပြီနော်..."
ယုန်ဝတုတ်လေးက ဒေါသတကြီးဖြင့် စားပွဲပေါ်မှ ခုန်ဆင်းလိုက်၏။ 

ဝမ်းနည်းစရာကောင်းသည်မှာ သူက အလွန်ဝနေသဖြင့် လှုပ်ရှားသည့်အချိန်တိုင်းတွင် အဆီများက တုန်ခါနေပြီး ရှစ်စွမ်းတစ်ယောက်၏ ဂုဏ်သိက္ခာမှာ လုံးဝမရှိတော့ပေ။ 

မော့ရှုလင်က ထိုမြင်ကွင်းကို ခိုးကြည့်မိနေပြီး ယုန်ဝတုတ်လေးကို အသည်းယားကာ ပွတ်သပ်ပေးချင်စိတ်များ ပေါ်ပေါက်လာလေသည်။ သို့ရာတွင် ဂိုဏ်းမှ အနှင်ထုတ်မခံရစေရန် သူ၏တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းထားလေသည်။

"ကျွန်တော်က ကောင်စုတ်လေးဆိုရင် ရှစ်စွမ်းက အမွေးပြောင်ရှစ်စွမ်းပေါ့..." 
မော့ရှုလင်က ဆက်ပြီး ပြောနေလေ၏။ 

ယနေ့တွင် ပိုင်ယွီမင် အမွေးမရိတ်ရရန် မည်သည့်စကားကိုမဆို ပြောမည်ဟု ဆုံးဖြတ်ထားလေသည်။

"ငါ အမွေးမပြောင်ပါဘူး... မင်းမမြင်ဘူးလား... ငါ့အမွေးတွေ ဘယ်လောက်လှလိုက်လဲ... ချောမွေ့ပြီး ပိုးသားလေးလို နူးညံ့နေတာ... ဂိုဏ်းတစ်ခုလုံးမှာ ငါ့ထက်ပိုပြီး အမွေးလှတဲ့လူ ဘယ်သူရှိလို့လဲ..." 
ယုန်ဝတုတ်လေးက ကိုယ်ကိုလှည့်ပြီး သူ့အမွေးများကို ကြွားဝါလိုက်လေသည်။

မော့ရှုလင်၏ အကြည့်က လှုပ်စိလှုပ်စိဖြစ်နေသော ယုန်အမြီးလေးထံသို့ ရောက်သွားလေသည်။

ယုန်ဝတုတ်လေးက လှုပ်ရှားလိုက်ချိန်တိုင်း ယုန်အမြီးလေးက ဘယ်ညာယိမ်းနွဲ့နေလေသည်။ သေချာကြည့်လျှင် အမြီးက လုံးဝဝိုင်းစက်နေခြင်းမဟုတ်ဘဲ အဖျားလေးမှာ အနည်းငယ် ချွန်လေသည်။ ယုန်က အလွန်ဝနေပြီး အမွေးများက ရှည်လျားချောမွေ့နေသဖြင့် ဝိုင်းနေသည်ဟု ထင်ရခြင်းဖြစ်လေသည်။

သို့ရာတွင် အိမ်တစ်လုံးအတွက် ဤမျှလှပသော အမွေးများကို အဆုံးရှုံးမခံနိုင်ကြောင်း မော့ရှုလင် ခံစားလိုက်ရလေသည်။ 

ထို့ကြောင့် မော့ရှုလင်က သူ့ရှစ်စွမ်းကို အားငယ်စေရန် ဆက်ပြောလိုက်သည်။
"ကျွန်တော်က ရှစ်စွမ်းရဲ့ အမွေးတွေကို ရိတ်လိုက်ရင် ရှစ်စွမ်းက အမွေးပြောင်ကြီး ဖြစ်သွားမှာလေ... အဲ့ဒီတော့ ရှစ်စွမ်း ထွက်လာတဲ့အချိန်တိုင်း ကျွန်တော်က အဲ့ဒီအမွေးပြောင်ပြောင် အကွက်ကြီးကို မြင်နေရတော့မှာ... ရှစ်စွမ်းရဲ့ အရေပြားက နုပြီး ဖြူဖွေးနေတော့ အမွေးပြောင်ကွက်ကြီးက အရမ်းသိသာနေမှာပဲ..."

ယုန်ဝတုတ်လေးက ဒေါသထွက်လွန်းသဖြင့် အမွေးများမှာ ပွတက်သွားပြီး ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်သွားသော်လည်း ပြန်လည်မချေပနိုင်ပေ။ 

ဂူထဲတွင် သူ့အတွက် မြက်သိုက်တစ်ခုသာရှိပြီး ခုတင်မရှိပေ။ နောင်တွင်လည်း ယုန်အသွင်ဖြင့်သာ အနေများမည်ဖြစ်သည်။

တကယ်လို့ ငါ အမွေးပြောင်နေမယ်ဆိုရင် ဒီဗီလိန်ပေါက်စလေးက နေ့တိုင်း မြင်နေရမှာမလား... ဒီကလေးက နောင်တစ်ချိန် မိစ္ဆာအရှင်သခင် ဖြစ်သွားတယ်ဆိုရင် ငါ အမွေးပြောင်တဲ့သတင်းက မိစ္ဆာလောကထိ ပျံ့နှံ့သွားမှာလား...

ယုန်ဝတုတ်လေးက ဝေခွဲမရ ဖြစ်နေလေသည်။ မော့ရှုလင်က ပိုင်ယွီမင် စဉ်းစားနေသည်ကို အခွင့်ကောင်းယူပြီး ချော့မော့ပြောဆိုလိုက်၏။
"ရှစ်စွမ်း... ကျွန်တော်တို့ ကိုယ့်အရည်အချင်းနဲ့ကိုယ် ပိုက်ဆံရှာရအောင်ပါ... ဒီလိုမျိုး အလွယ်နည်းလမ်းတွေကို အားမကိုးပါနဲ့... ကျွန်တော်တို့ အတူတူကြိုးစားရင် ပိုက်ဆံလုံလုံလောက်လောက် ရမှာပါ..."

ယုန်ဝတုတ်လေးက ပြန်မဖြေသဖြင့် မော့ရှုလင်မှာ သူ့ ရှစ်စွမ်းက သူ့စကားအား နားဝင်သွားသည်ကို သိသွားပြီး ဆက်ပြောလိုက်၏။
"ပြီးတော့ ရှစ်စွမ်းက အိမ်ဆောက်ဖို့ နွေဦးအထိ စောင့်ရဦးမှာမလား... တကယ်လို့ ရှစ်စွမ်းက အမွေးရိတ်မယ်ဆိုရင်တောင် ဒီဆောင်းကုန်တဲ့အထိ စောင့်သင့်ပါတယ်... ရာသီဥတု နွေးလာမှဆိုရင် ရှစ်စွမ်း အေးတော့မှာမဟုတ်ဘူး..."

"အင်း..." 
ယုန်ဝတုတ်လေးက ခေါင်းညိတ်လိုက်၏။ 

ဤသည်က အမှန်တရားဖြစ်လေသည်။ 

ငွေများစွာ မရှာနိုင်လျှင်ပင် ဆောင်းကုန်မှ အမွေးရိတ်ခြင်းက ပိုကောင်းလေသည်။ သို့ရာတွင် အစောက မော့ရှုလင်ပြောသည်ကို ပြန်တွေးမိပြီး ယုန်ဝတုတ်လေးက မကျေမနပ် ဖြစ်လာပြန်လေသည်။

ပိုင်ယွီမင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်မှသာ မော့ရှုလင်က သက်ပြင်းချနိုင်တော့လေသည်။ 

သို့ရာတွင် ယုန်ဝတုတ်လေးက စားပွဲပေါ်တွင် ဘေးတိုက်လှဲလျက် ဆွဲဆောင်မှုရှိသော ပုံစံဖမ်းကာ မေးကိုမော့ပြီး မေးလေ၏။
"မင်းမှာရော ယုန်မွေးလှလှလေးတွေ ရှိလို့လား..."

ပိုင်ယွီမင်၏ ဦးနှောက်ထဲတွင် မည်သည့်အရာများ တွေးနေသည်ကို မသိသော်လည်း မော့ရှုလင်က မျက်တောင်ကို တဖျတ်ဖျတ်ခတ်ပြီး စိတ်ကိုထိန်းချုပ်ကာ ပြန်ဖြေလိုက်လေသည်။
"မရှိပါဘူး..."

ယုန်ဝတုတ်လေးက ကျေနပ်ဖွယ်အဖြေကို ရရှိသွားသဖြင့် ယုန်လက်နှစ်ဖက်ကို သူ၏ ဝဖြိုးနေသောခါးတွင် ထောက်လျက် နှာခေါင်းရှုံ့ကာ မေးလိုက်၏။
"ဒါဆို ဘယ်သူက လုပ်နိုင်စွမ်း မရှိတာလဲ..."

မော့ရှုလင်: "....."

မော့ရှုလင်မှာ လက်သီးကို တင်းတင်းဆုပ်လျက် စိတ်ကိုဖြေလျှော့ရန် ကြိုးစားနေရလေသည်။ သူ့လက်နှစ်ဖက်လုံးက အလွန်ပင် တောင့်တင်းနေလေ၏။

"ငါ့အမွေးတွေက တကယ့်ကို လုပ်နိုင်စွမ်းရှိတာ...”
ထို့နောက် ယုန်ဝတုတ်လေးက ခပ်တိုးတိုးရေရွတ်ကာ သူ့ခြေထောက်အောက်တွင် တိမ်တိုက်တစ်ခုကို ဖန်တီးလိုက်ပြီး ထိုတိမ်တိုက်ပေါ်တွင် ထိုင်လျက် အိပ်ခန်းသို့ ပြန်သွားလေသည်။ 

မန္တန်ဖြင့် မြှင့်ထားသော ခန်းစီးစက ပြန်ကျသွားချိန်မှသာ မော့ရှုလင်က သက်ပြင်းချနိုင်တော့လေသည်။

တော်သေးတာပေါ့...

ယုန်မိစ္ဆာလေးအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ချင်စိတ်ကို အလွန်အမင်း ထိန်းချုပ်ထားရလေသည်။ 
ငါ့ရှစ်စွမ်းက ဘာဖြစ်လို့ ဒီလောက်တောင် ချစ်စရာကောင်းနေတာလဲ...

မော့ရှုလင်က ပိကုဆေးလုံးရှိသဖြင့် အစားစားရန် မလိုသော်လည်း ငယ်ရွယ်သေးသဖြင့် နေ့လယ်ခင်း တစ်ရေးအိပ်ရန် လိုအပ်လေသည်။ ယခင်ဘဝတွင် မော့ရှုလင်က လျန်ကျီဂိုဏ်းသို့ ရောက်ရှိပြီးနောက် ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းလျှင် အရာအားလုံးကို ပြောင်းလဲနိုင်သည်ဟု ထင်သဖြင့် လူငယ်ဘဝတွင် အလွန်ကြိုးစားခဲ့လေသည်။ အရွယ်ရောက်လာချိန်မှသာ ခန္ဓာကိုယ်ကို လေ့ကျင့်ရုံဖြင့် မိမိလိုချင်သော ခန္ဓာကိုယ်ပုံစံကို ပုံဖော်၍မရသည်ကို နားလည်ခဲ့လေသည်။ 

ကျင့်ကြံပြီး ရောဂါဟောင်းများကို ကုသနိုင်ကာ အသားအရေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သော်လည်း အရပ်ကမူ ပြောင်းလဲမည်မဟုတ်ပေ။

ယခင်ဘဝ၌ မော့ရှုလင်က အရွယ်ရောက်လာချိန်တွင် သူ့ဖခင်ကဲ့သို့ အရပ်မရှည်သဖြင့် အလွန် စိတ်ပျက်ခဲ့ရလေသည်။

ထို့ကြောင့် ဤဘဝတွင်မူ ငယ်ရွယ်စဉ်ကတည်းက ယခင်ဘဝမှ သိရှိထားသော အရပ်ရှည်စေမည့် နည်းလမ်းများကို အသုံးပြုရန် ရည်ရွယ်ထားလေသည်။ အိပ်စက်ခြင်းက ထိုနည်းလမ်းများထဲမှ တစ်ခုဖြစ်၏။

သို့သော် ယနေ့တွင်မူ ထူးခြားနေလေသည်။

မော့ရှုလင် ခုတင်ပေါ်တွင် လဲလျောင်းနေစဉ်၌ ဘေးခန်းမှယုန်လေး၏ သက်ပြင်းချသံကို အကြိမ်ကြိမ် ကြားနေရလေသည်။ အသံက အလွန်တိုးသော်လည်း သူ ကြားနေရဆဲဖြစ်၏။

ပိုင်ယွီမင်က ငွေကိစ္စအတွက် စိတ်ပူနေသည်ကို သူသိသည်။

သို့သော် သူ နောင်တမရပေ။

ရှစ်စွမ်း၏အမွေးကို အရိတ်မခံရစေချင်ပေ။

တောင်တန်းကြီးက တိတ်ဆိတ်ငြိမ်သက်နေပြီး ဂူအတွင်း၌လည်း အလားတူ တိတ်ဆိတ်နေလေသည်။ 

အိပ်စက်ရန် အကောင်းဆုံးအချိန်ဖြစ်သော်လည်း မော့ရှုလင်မှာ အိပ်ချင်စိတ်လုံးဝမရှိဘဲ ဂူ၏အပေါ်ဘက်မှ အဝါရောင်ရွှံ့မြေများကို ကြည့်လျက် အတွေးထဲတွင် နစ်မျောနေတော့လေသည်။

🐰🐰🐰

🐰 Chapter 17


အခန်းလေးထဲတွင်...

ယုန်ဝတုတ်လေးက မြက်သိုက်ပေါ်တွင် လှဲနေပြီး ယုန်လက်ကလေးနှစ်ဖက်ကို နူးညံ့ပြီး အမွေးထူသော ဝမ်းဗိုက်ပေါ်တွင် တင်ထားလေသည်။ 

ပိုင်ယွီမင်က အကြိမ်ကြိမ် သက်ပြင်းချနေမိလေသည်။ နှင်းများအရည်မပျော်မီ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ ကို ရှာဖွေနိုင်မည့် နည်းလမ်းအား မစဉ်းစားနိုင်ပေ။

ယုန်ဝတုတ်လေးက အလွန်စိတ်ပူနေသဖြင့် အမွေးများပင် ကျွတ်ထွက်လုနီးပါး ခံစားနေရလေ၏။

အိမ်ဆောက်မည့်အကြောင်းကို ပြောခဲ့စဉ်က အလိုရှိသည့် အခန်းပုံစံအား စောစီးစွာ ပြောခဲ့မိသည်ကို စိုးရိမ်နေခြင်းဖြစ်လေသည်။

သူ့တပည့်ကလည်း အမွေးရောင်းရန် ခွင့်မပြုဘဲ သူ့အား အလွန်ဂရုစိုက်လေသည်။ 

သူ့အတွက်မူ အမွေးပြောင်သွားသည်က အရေးမကြီးပေ။ ခန္ဓာကိုယ်ပေါ်ရှိ အမွေးများကို ရောင်းလိုက်ရလျှင်ပင် အပေါ်ထပ်အင်္ကျီဖြင့် ဖုံးထားနိုင်လေသည်။ အမွေးပြောင်သည့် ပြဿနာအား ဖြေရှင်းရန် နည်းလမ်းရှိလေသည်။

သို့ရာတွင် မော့ရှုလင်က မူရင်းဇာတ်ကြောင်းထဲရှိ ဗီလိန်ဖြစ်ပြီး ကျင့်ကြံဆင့်မြင့်မားသည့် မိစ္ဆာတစ်ဦး ဖြစ်လာမည်ကို သတိရလိုက်လေသည်။ ထို့ကြောင့် သူကိုယ်တိုင်ကလည်း သိက္ခာရှိရှိနေပြရန် လိုအပ်သည်ဟု ခံစားရလေသည်။ 

ကလေးများကို စံနမူနာပြပြီး သင်ကြားပေးရန်မှာ အလွန်အရေးကြီးလေ၏။ 

မော့ရှုလင်၏ဖခင်က မော့ရှုလင်အား ကောင်းမွန်စွာ သင်ကြားပေးခဲ့လေသည်။ ထို့ကြောင့် မူရင်းဇာတ်ကြောင်းထဲတွင် မော့ရှုလင်က ပြင်ပလောက၌ မည်မျှပင်ခက်ခဲပင်ပန်းပြီး ဒုက္ခရောက်စေကာမူ စောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းကို ဆက်လက်ထိန်းသိမ်းလေသည်။

သူက ရှစ်စွမ်းတစ်ယောက်အနေဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ရတနာများကို မပေးနိုင်သလို မန္တန်နှင့်ဓားသိုင်းပညာများကိုလည်း မသင်ကြားပေးနိုင်ပေ။ သို့သော် သူ့တပည့်၏ ကိုယ်ကျင့်တရားပိုင်းတွင်မူ အနှောင့်အယှက် မဖြစ်စေသင့်ပေ။ 

ယုန်ဝတုတ်လေးက မြက်သိုက်ပေါ်တွင် တစ်ဖက်သို့စောင်းကာ လှဲနေသဖြင့် နားရွက်နှစ်ဖက်က ဦးခေါင်းဘေးတွင် တွဲလောင်းကျနေကာ ဆားနယ်ထားသော ယုန်တစ်ကောင်နှင့် တူနေလေသည်။

ပိုက်ဆံကို ဘယ်လိုမြန်မြန် ရှာရမှာလဲ...

နောက်တစ်နေ့မနက်တွင် လေ့ကျင့်ခန်းလုပ်ပြီး ပြန်လာသော မော့ရှုလင်မှာ ယုန်ဝတုတ်လေးက စားပွဲတွင်ထိုင်ကာ ငေးငိုင်နေသည်ကို မြင်လိုက်ရလေသည်။ 

သူ့ရှစ်စွမ်းက မနက်စောစော ထလေ့မရှိသဖြင့် ဤသည်မှာ အလွန်ရှားပါးသော မြင်ကွင်းဖြစ်လေသည်။

"ရှစ်စွမ်း..." 
မော့ရှုလင်က သူ့အနားသို့သွားကာ နှုတ်ဆက်လိုက်၏။

"ငါ့အမွေးတွေကို ဖြီးပေးဦး..." 
ယုန်ဝတုတ်လေးက သက်ပြင်းချကာ စားပွဲပေါ်တွင် မှောက်လျက် လှဲလိုက်လေသည်။

မော့ရှုလင်မှာ ယုန်ကလေးကို ဘီးဖြီးပေးရမည့် အခွင့်အရေးအား ဤမျှအမြန်ရမည်ဟု မမျှော်လင့်ထားသဖြင့် အလွန်စိတ်လှုပ်ရှားသွားကာ မလှုပ်မယှက် ဖြစ်နေလေသည်။

"ဘီးမရှိလို့လား..." 

ယုန်ဝတုတ်လေးက ထထိုင်လိုက်ပြီး သိုလှောင်အိတ်ထဲမှ အိမ်မွေးတိရစ္ဆာန်များအတွက် သီးသန့်လုပ်ထားသောဘီးနှင့် အိတ်လေးတစ်လုံးကို ထုတ်လိုက်သည်။

ထိုအိတ်ကို မြင်ချိန်တွင် မော့ရှုလင်က တစ်စုံတစ်ခုကို ရိပ်မိသွား၏။ 

ယုန်ဝတုတ်လေးက ချောင်းဟန့်ကာ ပြောလေသည်။ 
"တိရစ္ဆာန်အမွေးတွေက ခဏခဏ ကျွတ်တတ်တယ်ဆိုတာ မင်းလည်းသိတာပဲ... အဲ့ဒါကြောင့် ရှောင်ရှုရှု... မင်း ငါ့ကို နေ့တိုင်း ဘီးဖြီးပေးပြီး အမွေးတွေကို ဒီအိတ်ထဲ ထည့်ထားပေး... ဆောင်းကုန်တဲ့အချိန်ကျရင် အမွေးတွေအများကြီး ရလာလိမ့်မယ်... အဲ့ဒီအခါကျရင် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလို့ရတယ်... အဲ့ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ငါတို့အတွက် အိမ်ဝယ်လို့ရတာပေါ့..."

သူ့အကြောင်းပြချက်က အလွန်ပြည့်စုံသဖြင့် အသက်ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို လှည့်စားနိုင်မည်ဟု ယုံကြည်လေသည်။ 

မော့ရှုလင်က အိတ်လေးကို ဖွင့်ကြည့်လိုက်ချိန်တွင် အထဲ၌ နူးညံ့သော အမွေးအချောင်း ၂၀၊ ၃၀ ခန့် ရှိနေသည်ကို တွေ့လိုက်ရ၏။ အရည်အသွေးအရ ကျွတ်လာသော အမွေးများသာ ဖြစ်လေသည်။

မော့ရှုလင်က စိတ်အေးသွားပြီး အိတ်ကိုချည်လိုက်၏။ 

မော့ရှုလင်၏ တိတ်ဆိတ်နေမှုနှင့် စိတ်အေးသွားသည့် အမူအရာကို မြင်ချိန်တွင် ယုန်ဝတုတ်လေးက မော့ရှုလင်သဘောတူသည်ဟုထင်ပြီး အေးအေးဆေးဆေး ပြန်လှဲလိုက်၏။

မော့ရှုလင်က ဝဖြိုးနေသော ယုန်ကလေးကို လက်ဖြင့် အလွယ်တကူ မထိရဲပေ။ သူက လက်တစ်ဖက်ရှိ အင်္ကျီလက်ကို ခေါက်လိုက်ပြီး ကျန်လက်တစ်ဖက်က ဘီးကိုကိုင်လျက် ယုန်ဝတုတ်လေး၏ အမွေးများကို ဂရုတစိုက် ဖြီးသင်ပေးလေသည်။ ဘီးက ရှစ်စွမ်း၏နားရွက်များကို မခြစ်မိစေရန်နှင့် နေရာလွတ်များတွင် ညပ်မသွားစေရန် သေချာအာရုံစိုက်ထားလေသည်။ 

ဘီးဖြင့် အမွေးများကို ဖြီးပေးခြင်းက အလွန်သက်သောင့်သက်သာရှိသဖြင့် ယုန်ဝတုတ်လေးမှာ ခြေလက်များကို ဆန့်ထုတ်ကာ တပည့်ဖြစ်သူ၏ အလုပ်အကျွေးပြုမှုကို ခံယူနေလေသည်။

ထိုစဉ်တွင် သက်သောင့်သက်သာ ဘီးဖြီးခံနေရသော ယုန်ဝတုတ်လေးက မော့ရှုလင်၏မေးသံကို ကြားလိုက်ရလေသည်။ 
"ရှစ်စွမ်း... သက်သောင့်သက်သာ ရှိရဲ့လား..."

"ရှိတာပေါ့ အရမ်းရှိတယ်..." 
ယုန်ဝတုတ်လေးက ချက်ချင်း ပြန်ဖြေလိုက်၏။ 
ယခင်က မန္တန်ကိုသုံးပြီး ကိုယ်တိုင်ဖြီးခဲ့သော်လည်း ယခုအချိန်မှသာ သူ့အား အလုပ်အကျွေးပြုမည့် တပည့်တစ်ယောက်ရှိခြင်း၏ အရသာကို သိရှိသွားလေသည်။

မော့ရှုလင်က ထပ်ပြောလိုက်၏။ 
"ဒါဆိုရင် ဒီနေ့ကစပြီး ကျွန်တော် ရှစ်စွမ်းကို နေ့တိုင်း ဘီးဖြီးပေးမယ်လေ... ရမလား..."

"ရတယ် ရတယ်..." 
ယုန်ဝတုတ်လေးက ချက်ချင်း သဘောတူလိုက်၏။ 

သူ့တပည့်လေးက သူ့အား ပြုစုချင်စိတ်ရှိသဖြင့် အလွန်ပျော်ရွှင်နေလေသည်။

"ဒါဆိုရင် ရှစ်စွမ်းရဲ့ မြက်သိုက်ကိုလည်း ကျွန်တော် နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးမယ်လေ..."

"ကောင်းတာပေါ့..." 

ယုန်ဝတုတ်လေးက ကိုယ်တိုင် သန့်ရှင်းရေးမလုပ်ချင်သဖြင့် အလွန်ပျော်ရွှင်သွားပြီး ထပ်ပြောလိုက်လေ၏။ 
"နေ့တိုင်း ငါ့အသိုက်ထဲမှာ အမွေးတွေကျွတ်နေတတ်တယ်... ဒါပေမဲ့ ကိုယ်တိုင်လုပ်ဖို့ဆိုရင် နည်းနည်း အလုပ်ရှုပ်တယ်... မင်းက တကယ့်ကို နားလည်တတ်တဲ့ တပည့်လေးပဲ..."

"ရှစ်စွမ်း... အိမ်ဝယ်ဖို့အတွက် အမွေးတွေကို မရောင်းလို့ရမလား..."

"အင်း... ရတယ်လေ..." 
ယုန်ကလေးက ကြောင်အသွားလေသည်။ သူပြောလိုက်သည့်စကားကို နားလည်ရန် အချိန်အတော်ကြာ စဉ်းစားလိုက်ပြီးနောက် မော့ရှုလင်ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်၏။

မော့ရှုလင်၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး သူ့မျက်ဝန်းများက ဖြူစင်နေကာ အနည်းငယ် စိတ်ဆိုးဟန်ဖြင့် ပြောလိုက်၏။ 
"ရှစ်စွမ်း သဘောတူလိုက်ပါ... ဒီလို ရှုပ်ရှုပ်ရှက်ရှက် အကြံအစည်တွေကို မလုပ်ပါနဲ့တော့..."

ယုန်ဝတုတ်လေးက မျက်တောင်တဖျတ်ဖျတ်ခတ်လျက် ဤကလေးအကြောင်းကို စဉ်းစားနေလေသည်။ 

မော့ရှုလင်က ပိုင်ယွီမင် သံသယဝင်မည်ကို သိသဖြင့် ကလေးဆန်သော လေသံဖြင့် ဆက်ပြောလိုက်၏။ 
"ဒီအမွေးတွေကို စားစရာတွေဝယ်ဖို့ ဝတ္ထုစာအုပ်တွေဝယ်ဖို့ သုံးလို့ရတယ်... ဒါပေမဲ့ အိမ်ဝယ်ဖို့တော့ မသုံးချင်ဘူး... တကယ်လို့ ရှစ်စွမ်းက အိမ်ဝယ်ဖို့ပဲ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် အဲ့ဒီအိမ်မှာ မနေဘူး... ကျွန်တော့်အတွက်နဲ့ ရှစ်စွမ်းအမွေးပြောင်သွားတာကို မမြင်ချင်ဘူး..."

မော့ရှုလင်က ထိုသို့ပြောပြီးနောက် မည်သည့်စကား ဆက်ပြောရမည်ကို မသိသဖြင့် တစ်ခွန်းတည်းသာ ပြောလိုက်လေသည်။
 "ကျွန်တော် ခွင့်မပြုဘူး..."

ထို့နောက် စားပွဲပေါ်တွင် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သော ယုန်ဝတုတ်လေးကို လှည့်မကြည့်တော့ဘဲ သူ့အခန်းထဲသို့ လှည့်ပြန်သွားလေ၏။ 

ယုန်ဝတုတ်လေးက သူ့တပည့်ပြောသည့်စကားကို စဉ်းစားနေလေသည်။ အစပိုင်းတွင် သူက မော့ရှုလင်ကို သံသယဝင်နေသော်လည်း အခန်းထဲသို့ ပြေးဝင်သွားသည့် မော့ရှုလင်၏ အမူအရာက အလွန်ကလေးဆန်လွန်းသဖြင့် သူ့သံသယများအားလုံး ပျောက်ကွယ်သွားလေသည်။

အချို့လူများက မွေးရာပါ ဉာဏ်နီဉာဏ်နက်များသော်လည်း အချို့မှာမူ အသက်ကြီးသည်အထိ ဉာဏ်ရည်မပြည့်ဝပေ။ မော့ရှုလင်က မိစ္ဆာအရှင်သခင် ဖြစ်လာနိုင်ခြင်းမှာ ကြိုးကြိုးစားစား ကျင့်ကြံသည့်အပြင် ဉာဏ်ကောင်းသောကြောင့်လည်း ဖြစ်ရမည်ဖြစ်၏။ 

ထိုသို့တွေးကြည့်ပြီးနောက် အစောကကိစ္စက ကျိုးကြောင်းဆီလျော်သွားလေသည်။ 

ဆန့်ကျင်ဘက်အနေဖြင့် သူက မော့ရှုလင်ထံမှ ကောင်းမွန်သည့် အရည်အချင်းများကို သင်ယူသင့်လေသည်။ လူတစ်ယောက်က မိမိ၏လုပ်အားကိုသာ အားကိုးပြီး ရှင်သန်စားသောက်သင့်လေသည်။ သူတစ်ပါးကို အမြဲတမ်း အားကိုးနေလျှင် ရှင်သန်နိုင်စွမ်းကို အလွယ်တကူ ဆုံးရှုံးသွားနိုင်လေ၏။

မိစ္ဆာအရှင်သခင်တစ်ယောက် ဖြစ်လာမည့်လူက ဤမျှရိုးသားသော တပည့်တစ်ယောက် ဖြစ်နေသည်မှာ ကောင်းသောအချက်ဖြစ်သည်။ 

နောင်တွင် မော့ရှုလင်က မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားလျှင်ပင် လောကငြိမ်းချမ်းရေးအတွက် အကျိုးပြုနိုင်မည့် လူငယ်တစ်ဦး ဖြစ်လာနိုင်လေသည်။ ပိုင်ယွီမင်မှာ ဤမျှထူးချွန်သော မော့ရှုလင်ကို ဆွဲမချလိုပေ။ 

သူက ဂရုတစိုက်ဖြင့် မော့ရှုလင်အား ယုန်မွေးရောင်းပြီး ငွေရှာသည့်အလုပ်ကို လက်ခံလာအောင် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ သို့ရာတွင် မော့ရှုလင်က သူ့ထက်ပိုပြီး ဉာဏ်ကောင်း၏။ လက်မခံရုံသာမက သူ့ကိုပင် ပြန်လည်ထိန်းချုပ်လိုက်လေသည်။ 

ယုန်ဝတုတ်လေးက မော့ရှုလင်၏အမှားကို ရှာမတွေ့သဖြင့် ကိုယ့်ကိုယ်ကိုယ်သာ နားချလိုက်တော့လေသည်။ 

ပိုင်ယွီမင်က ပြန်လည်သုံးသပ်ပြီးနောက် မန္တန်တစ်ခုကို သုံးလိုက်ပြီး ခြေထောက်အောက်တွင် တိမ်တိုက်တစ်ခုကို ဖန်တီးလိုက်လေသည်။ သူ တောင်းပန်သင့်၏။

လိုက်ကာကို မ,တင်လိုက်ချိန်တွင် အလင်းရောင်က အခန်းထဲသို့ ဝင်လာလေသည်။ 

မော့ရှုလင်က ခုတင်ပေါ်တွင် ထိုင်နေပြီး ခေါင်းမော့လိုက်ချိန်တွင် လေထဲ၌ ပျံဝဲနေသော ယုန်ဝတုတ်လေးအား တွေ့လိုက်သော်လည်း စကားမပြောဘဲ ခေါင်းပြန်ငုံ့သွားလေသည်။ 

ထိုအပြုအမူက အလွန်ပင် ကလေးဆန်လေ၏။

ယုန်ဝတုတ်လေးက ချောင်းဟန့်ကာ စကားပြောရန် ပြင်လိုက်သော်လည်း မော့ရှုလင်က ဦးစွာပြောလိုက်လေသည်။
"ရှစ်စွမ်း... ရှစ်စွမ်း တံခါးမခေါက်ဘူးနော်..."

မော့ရှုလင်က ချောင်းဟန့်သံကို ကြားချိန်တွင် ပိုင်ယွီမင်က ရှစ်စွမ်းတစ်ယောက်၏ ဂုဏ်သိက္ခာကို လာရောက်တည်ဆောက်သည်ဟု ထင်သဖြင့် သူက ဦးအောင်ပြောလိုက်ခြင်း ဖြစ်လေသည်။ 

မော့ရှုလင်က ထိုသို့ပြောလိုက်ချိန်တွင် မူလက အပြစ်မကင်းသကဲ့သို့ ခံစားနေရသည့် ပိုင်ယွီမင်မှာ ပိုပြီးအပြစ်ရှိသကဲ့သို့ ခံစားသွားရလေသည်။ 

သူက လိုက်ကာကို အမြန်ပြန်ချလိုက်ပြီး တံခါးခေါက်ရန် ပြင်လိုက်သော်လည်း ယုန်လက်ကလေးကို မြှောက်လိုက်ချိန်မှသာ ဤသည်က လိုက်ကာဖြစ်ကြောင်း သတိရသွားလေသည်။

ဒါကို ငါ ဘယ်လိုခေါက်ရမှာလဲ...

ထို့နောက် ယုန်ဝတုတ်လေးက ယုန်လက်ကလေးများဖြင့် လိုက်ကာကို ပုတ်ပြီး မေးလိုက်၏။ 
"ဒေါက် ဒေါက်... ရှောင်ရှုရှုရှိလား..."

မော့ရှုလင်မှာ ပိုင်ယွီမင်၏ တံခါးခေါက်သံကြောင့် အလွန်ရယ်ချင်သွားလေသည်။

"ရှစ်စွမ်း မှားသွားပါတယ်... ရှစ်စွမ်းတို့အတူတူ တာဝန်ပေးခန်းမဆောင်ကို သွားပြီး တာဝန်တစ်ခုခု ယူကြရအောင်... အတူတူငွေရှာပြီး အိမ်အသစ်မှာ နေကြမယ်လေ... ဟုတ်ပြီလား..."

မော့ရှုလင်က နှုတ်ခမ်းကို စေ့ထားသော်လည်း နှုတ်ခမ်းထောင့်များက မထိန်းချုပ်နိုင်ဘဲ ကွေးတက်သွားလေသည်။ 

ပိုင်ယွီမင်ဆိုတဲ့ ဒီယုန်လေးက ပျင်းလည်းပျင်းတယ် တုံးလည်းတုံးတယ် အစားလည်းမက်တယ် ငွေစုဖို့လည်း ဂရုမစိုက်ဘူး... ဘာဖြစ်လို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ...

"ဟုတ်ကဲ့..." 
မော့ရှုလင်က စိတ်မဆိုးတော့ပေ။ သူက မတ်တတ်ရပ်ပြီး လိုက်ကာကို ဖွင့်လိုက်၏။ 

"ဒါဆို သွားရအောင်..."
ယုန်ဝတုတ်လေးက တပည့်၏ သဘောတူညီမှုကို ရသွားသဖြင့် ပျော်ရွှင်သွားလေသည်။

"မလောပါနဲ့ဦး..." 
မော့ရှုလင်က ဘီးကိုထုတ်ပြီး ပြောလိုက်၏။ 
"ရှစ်စွမ်းဗိုက်ပေါ်က အမွေးတွေကို မဖြီးရသေးဘူး...”

ယုန်ဝတုတ် “............”

“ဒါက ပိုက်ဆံတွေချည်းပဲ... ရှစ်စွမ်းရဲ့အမွေးတွေကို ကောင်းကောင်း ထိန်းသိမ်းရမယ်..."

မော့ရှုလင်က အိတ်လေးကို ပုတ်ပြလိုက်၏။ 
"ဒီအိတ်ကို ကျွန်တော် သိမ်းထားပေးမယ်... အမွေးရောင်းလို့ရတဲ့ ငွေတွေကို ရှစ်စွမ်း ကြိုက်တာသုံးလို့ရတယ်... ဒါပေမဲ့ အိမ်ဆောက်မယ့် ငွေတွေနဲ့ သွားရောလို့မရဘူးနော်..."

ယုန်ဝတုတ် “............”

သူ့တပည့်က အမှန်ပင် ဉာဏ်နီဉာဏ်နက်များပြီး  á€žá€ąá€á€ťá€Źá€Ąá€œá€Żá€•်ဥကဝွ္း ပြုတတ်လေသည်။

🐰🐰🐰

🐰 Chapter 18


ယုန်ဝတုတ်လေးက မငြင်းဆန်နိုင်တော့သဖြင့် စားပွဲပေါ်တွင် လှဲကာ မော့ရှုလင်၏ ဘီးဖြီးပေးမှုကို ခံယူလိုက်ရတော့လေသည်။ 

မော့ရှုလင်က ယုန်ဝတုတ်လေးကို အကြိမ်ကြိမ်အခါခါ ဘီးဖြီးပေးချင်သော်လည်း အခြေအနေအရ အသင့်အတင့်သာ လုပ်ဆောင်ရမည်ဖြစ်ပြီး တစ်ဆင့်ချင်းစီ သွားရမည်ကို နားလည်လေသည်။

ယုန်ကလေး၏ဝမ်းဗိုက်ကို ဖြီးပေးနေစဉ်တွင် ဗိုက်ပေါ်၌ ခြင်ကိုက်ထားသည့် အဖုလေးများကို တွေ့သွားပြီး မော့ရှုလင်က အနည်းငယ် မနာလို ဖြစ်သွားလေ၏။ ခြင်များက ရှစ်စွမ်း၏ဗိုက်ကို ထိတွေ့နိုင်သော်လည်း သူကမူ ထိတွေ့လျှင် အပြစ်ကျူးလွန်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောက်နေရဆဲ ဖြစ်လေသည်။ 

မဟာယနအဆင့် အကြီးအကဲတစ်ယောက်၏ ဗိုက်ကိုပင် ထိုးဖောက်ကိုက်ခဲနိုင်သည့် ခြင်များက မည်မျှအစွမ်းထက်နေသည်ကို သူ မမေးရဲပေ။ မော့ရှုလင်က ယုန်ဝတုတ်လေး၏အရေပြားကို မထိခိုက်စေရန် ထိုအဖုလေးများကို ရှောင်ပြီး ဂရုတစိုက် ဖြီးပေးလိုက်လေသည်။

ယုန်ဝတုတ်လေးက တပည့်ဖြစ်သူ တွေးနေသည့်အရာများကို မသိဘဲ ဖြီးပေးသည်ကို ခံယူပြီးနောက် တပည့်လေးကိုခေါ်ကာ တာဝန်ပေးခန်းမဆောင်သို့ ထွက်လာခဲ့လေသည်။ 

တာဝန်ပေးခန်းမဆောင်က ချန်ဝူတောင်ထိပ်တွင်ရှိပြီး မော့ရှုလင် တပည့်အမှတ်အသား ခါးချိတ်တံဆိပ်ပြားကို လာယူစဉ်က ရှန့်ကွမ်းကျူးချင်နှင့် တွေ့ဖူးလေသည်။ တာဝန်ပေးခန်းမဆောင်က သတင်းအချက်အလက်များ လဲလှယ်သည့် အကောင်းဆုံးနေရာ ဖြစ်သဖြင့် ရှန့်ကွမ်းကျူးချင်က သူ၏အလုပ်ကိစ္စများကို ဤနေရာတွင်သာ လုပ်ကိုင်လေ့ရှိလေသည်။

ပိုင်ယွီမင်၏ အနီရောင်ဝတ်စုံက အလွန်တောက်ပသဖြင့် ဝိညာဉ်လှေပေါ်မှ မဆင်းမီကတည်းက တပည့်များစွာ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရလေသည်။ 

ရှန့်ကွမ်းကျူးချင်မှာ ပိုင်ယွီမင်ရောက်လာသည်ကို သိချိန်တွင် စိတ်လှုပ်ရှားသွားသော်လည်း အလုပ်များဖြင့် မအားမလပ် ဖြစ်နေသဖြင့် ကိုယ်တိုင်မလာနိုင်ဘဲ ယဲ့ချင်းလင်ကိုသာ ခရီးဦးကြိုပြုရန် စေလွှတ်လိုက်လေသည်။

ဘေးတွင်စောင့်ကြိုနေသော ယဲ့ချင်းလင်ကို မြင်ချိန်တွင် ပိုင်ယွီမင်က အနည်းငယ် အားနာသွားလေသည်။ သူက ဤနေရာသို့ မကြာခဏ မလာတတ်သည့်အပြင် လမ်းမှားတတ်သဖြင့် တစ်စုံတစ်ယောက်က လာကြိုသည်ကို ဝမ်းသာမိလေသည်။ ထို့အပြင် ရှန့်ကွမ်းကျူးချင်နှင့် တွေ့ဆုံခြင်းမှာ အများအားဖြင့် အရောင်းအဝယ် ကိစ္စအတွက်သာ ဖြစ်သဖြင့် ထိုအဖိုးကြီးအား လိုက်ရှာနေရမည့်အချိန်ကို သက်သာစေရန် တိုက်ရိုက်တွေ့ရသည်က ပိုကောင်းလေသည်။ 

သို့သော် ယခုအချိန်၌ ယုန်မွေးများကို မရောင်းသဖြင့် သူတစ်ပါး၏ အကူအညီကို လက်ခံရန် အနည်းငယ် ရှက်ရွံ့နေမိလေသည်။

"အကြီးအကဲရှန့်ကွမ်းက တကယ်ကို ကြင်နာတတ်တာပဲ... ဒီလောက်ထိ ယဉ်ကျေးဖို့ မလိုပါဘူး..." 
ပိုင်ယွီမင်က အားနာစွာဖြင့် ပြောလိုက်၏။ 
"ငါ ဒီနေရာကိုလာတာက တပည့်လေးအတွက် တာဝန်လာရွေးပေးတာပါ..."

ယဲ့ချင်းလင်က ဇဝေဇဝါဖြစ်သွားပြီး မယုံကြည်သော်လည်း ပိုင်ယွီမင်ကို သိသိသာသာ မချီးကျူးပေ။ မော့ရှုလင်က ရှစ်စွမ်းကောင်းတစ်ယောက်ကို ရသဖြင့် အလွန်ကံကောင်းလှကြောင်း ဘေးရှိတပည့်များ၏ မနာလိုစွာ ပြောသံများကို ကြားလိုက်ရလေသည်။

ပိုင်ယွီမင်က ယဲ့ချင်းလင်ကို နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ကောင်းကင်တွင် အနီရောင်တိမ်တိုက်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။ 

ထိုအနီရောင်တိမ်တိုက်က ချန်ဝူတောင်ထိပ်သို့ ဦးတည်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာလေ၏။ 

ထိုတိမ်တိုက်မှာ အလယ်အလတ်အဆင့်မှ အဆင့်မြင့်အထိ ရှိသော ပျံသန်းသည့် မှော်လက်နက်တစ်ခုသာ ဖြစ်လေသည်။ ထိုအနီရောင်တိမ်တိုက်က အလွန်မကျယ်ဝန်းသော်လည်း ပြင်းထန်သော ဆောင်းရာသီကြောင့် ပတ်ဝန်းကျင်က အုံ့မှိုင်းနေပြီး တပည့်ဝတ်စုံများကလည်း အဖြူရောင်နှင့် အမည်းရောင်များသာ ဖြစ်လေသည်။ ထို့ကြောင့် ဤကဲ့သို့ တောက်ပသည့်အရောင်မျိုး တောင်ပေါ်တွင် ပေါ်လာခြင်းမှာ အလွန်ပင် မျက်စိကျစဖွယ် ဖြစ်နေပြီး တပည့်များကလည်း ခေါင်းမော့ကြည့်နေကြလေသည်။

ထိုအနီရောင်တိမ်တိုက်က ချန်ဝူတောင်ထိပ်၏ သယ်ယူပို့ဆောင်ရေး မှော်လက်နက်များ ထားရှိသည့်နေရာသို့ ဆင်းသက်လာလေသည်။ 

ပျံသန်းသည့် လက်နက်များက အမျိုးမျိုးရှိပြီး ချန်ဝူတောင်ထိပ်တွင် လူအဝင်အထွက် များပြားသဖြင့် ဂိုဏ်းချုပ်ဖြစ်စေကာမူ ရပ်နားရန် သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာရမည်ဖြစ်သည်။ 

အနီရောင်တိမ်တိုက် ရပ်တန့်သွားသည်ကို မြင်ချိန်တွင် ဤကဲ့သို့သော မှော်လက်နက်မျိုးအား ပိုင်ဆိုင်သည့်လူကို သိချင်သဖြင့် တပည့်များက တိုးဝှေ့ကြည့်ရှုကြလေသည်။

ပိုင်ယွီမင်က မကြည့်ချင်သော်လည်း တပည့်များက ပြေးသွားကြပြီး လှပသည့် အမျိုးသမီးတစ်ယောက်က ဓားရှည်ချောင်းကိုင်ထားကာ လမ်းလျှောက်လာသည်ကို မြင်လိုက်ရလေသည်။

ထိုအမျိုးသမီးက မီးတောက်ကဲ့သို့ နီရဲနေသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် တပည့်ဖြစ်ကြောင်း ဖော်ညွှန်းသည့် ခါးချိတ်တံဆိပ်ပြားကို ချိတ်ဆွဲထားလေသည်။ သူမ၏ ရှည်လျားသော အနက်ရောင် ဆံနွယ်များက အဖျားတွင် အနည်းငယ်ကွေးနေပြီး မီးတောက်များကြောင့် ကွေးသွားသကဲ့သို့ ထင်ရလေသည်။ သူမ၏ရုပ်ရည်မှာ ပြိုင်ဘက်ကင်းလောက်အောင် လှပလေသည်။

ထိုအနီရောင်ဝတ် အမျိုးသမီး၏နောက်တွင် အတွင်းတပည့် အမျိုးသမီးနှစ်ယောက် လိုက်ပါလာလေသည်။ သူတို့က သူမ၏အသွင်အပြင်နှင့် ဆင်တူသော်လည်း ထိုအနီရောင်ဝတ်အမျိုးသမီးကို တရိုတသေ ပြုမူနေကြသဖြင့် ထိုအမျိုးသမီးက မြင့်မြတ်သော အဆင့်အတန်းရှိသည့်အပြင် အရည်အချင်းလည်းရှိသည်မှာ သိသာလှလေသည်။

အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးက အနည်းငယ် မျက်မှောင်ကြုတ်ထားလျက် ခပ်မြန်မြန် လျှောက်လှမ်းလာပြီး ပိုင်ယွီမင်၏ရှေ့မှ ဖြတ်ကျော်ကာ တာဝန်ပေးခန်းမဆောင်အတွင်းသို့ ဝင်သွားလေသည်။ 

သို့ရာတွင် သူမ ဖြတ်သွားစဉ်၌ ပိုင်ယွီမင်၏ အနီရောင်ဝတ်စုံကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လျန်ကျီဂိုဏ်းတွင် သူမကဲ့သို့ အနီရောင်ဝတ်ပြီး အပြင်ထွက်ရဲသူ ရှိနေသည်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ခြင်း ဖြစ်လေ၏။

ထိုအနီရောင်ဝတ်အမျိုးသမီး ပျောက်ကွယ်သွားသည့်တိုင်အောင် ပတ်ဝန်းကျင်မှ စကားသံများက ဆက်လက် ဆူညံနေဆဲ ဖြစ်လေသည်။

"အဲဒါ ဘယ်သူလဲ..."
ပိုင်ယွီမင်က ထိုအနီရောင်ဝတ်အမျိုးသမီးက မူရင်းဇာတ်ကြောင်း၏ အရေးပါသော ဇာတ်ကောင်တစ်ခု ဖြစ်ရမည်ဟု တွေးလျက် အမှတ်မထင် မေးလိုက်မိသည်။

"အကြီးအကဲပိုင်ယွီကို ပြန်ဖြေပါတယ်... သူက ချောင်ကုန်းခန်းမဆောင်သခင် နျဲ့ရီဖုန်းရဲ့ တိုက်ရိုက်တပည့် ယန်ချန်ချန်ပါ..."
ယဲ့ချင်းလင်၏ အသံက အနည်းငယ် ပေါ့တန်တန်ဖြစ်နေလေသည်။ 

ပိုင်ယွီမင်မှာ အံ့ဩသွားသဖြင့် မျက်ခုံးပင့်လိုက်မိသော်လည်း အနည်းငယ် မသေမချာဖြစ်နေလေသည်။

သူ ဆက်မမေးရသေးမီတွင် ဘေးပတ်ဝန်းကျင်မှ တပည့်များက ယန်ချန်ချန်အကြောင်းကို စတင်ဆွေးနွေးကြတော့လေ၏။ သူမ၏ အချစ်ရေး၊ သူမ၏အမုန်းတရားနှင့် လွန်ခဲ့သောနှစ်ရက်က သူမ စားခဲ့သည့် စားစရာများအကြောင်းကိုပါ ပြောနေကြလေသည်။ ပိုင်ယွီမင်က သူတို့စကားများကို နားထောင်ပြီးနောက် အစောက အနီရောင်ဝတ်အမျိုးသမီးမှာ သူသိထားသော ယန်ချန်ချန်ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်လေသည်။ 

ပုံမှန်အချိန်ဖြစ်လျှင် ပိုင်ယွီမင်က ယန်ချန်ချန်အကြောင်းကို ယဲ့ချင်းလင်အား ပြောမည်မဟုတ်ပေ။ 

သို့သော် ယနေ့တွင်မူ ပိုင်ယွီမင်က ယန်ချန်ချန်အကြောင်းကို မေးမြန်းသဖြင့် ယဲ့ချင်းလင်က ထပ်မေးလိုက်လေသည်။
"အကြီးအကဲပိုင်ကို မေးပါရစေ... အကြီးအကဲကရော ယန်ရှစ်မေ့ကို ဘယ်လိုထင်ပါသလဲ..."

ယဲ့ချင်းလင်က စကားပြောပြီးနောက် ပိုင်ယွီမင်ကို တစ်ချက်ကြည့်လိုက်၏။ ကံကောင်းစွာဖြင့် ပိုင်ယွီမင်က စိတ်မဆိုးပေ။ 

မော့ရှုလင်မှာမူ မူလက ခေါင်းငုံ့ကာ လိမ္မာသည့်ပုံစံဖြင့် နေနေသော်လည်း ယဲ့ချင်းလင်၏စကားကို ကြားချိန်တွင် ခေါင်းမော့ပြီး ယဲ့ချင်းလင်ကို ကြည့်လိုက်၏။ 

ယဲ့ချင်းလင်က အနည်းငယ် ထူးခြားသည်ဟု အမြဲတမ်း ခံစားနေရလေသည်။ 

မော့ရှုလင်က ယဲ့ချင်းလင်ထံတွင် မကောင်းသည့် ရည်ရွယ်ချက်များရှိနေသည်ဟု မထင်သော်လည်း အနည်းငယ် သတိထားရန် လိုအပ်သည်ဟု ခံစားရလေသည်။

"အင်း... သူက တပည့်ဝတ်စုံမဝတ်တဲ့ တပည့်တစ်ယောက်လို့ ထင်တယ်..."
ပိုင်ယွီမင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"အကြီးအကဲပိုင်ကတော့ နောက်တတ်တာပဲ..."

ယဲ့ချင်းလင်က ထိုစကားကို မယုံကြည်သော်လည်း ထိုအဖြေက ကျိုးကြောင်းဆီလျော်သည်ဟု ထင်လေသည်။ 

လျန်ကျီဂိုဏ်းရှိ တပည့်အများစုက တပည့်ဝတ်စုံကို ဝတ်ဆင်ကြပြီး အထူးအခါသမယရှိသည့် နေ့ရက်များ သို့မဟုတ် တာဝန်ချိန်များမှလွဲပြီး ကျန်သည့်အချိန်များတွင် တပည့်ဝတ်စုံဝတ်ရန် အတင်းအကျပ် ကန့်သတ်မထားပေ။ 

နေ့တိုင်း တပည့်ဝတ်စုံဝတ်ထားသူများကို အများအပြား တွေ့နေရခြင်းမှာ တပည့်များက အလှည့်ကျ တာဝန်ဆောင်ရွက်နေခြင်းကြောင့် ဖြစ်လေ၏။ ယန်ချန်ချန်ကဲ့သို့ အရင်းအမြစ်များကို စိတ်ပူစရာမလိုဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်သူများက လူနည်းစုသာ ဖြစ်လေသည်။

ပိုင်ယွီမင်က ယဲ့ချင်းလင်၏ အကူအညီကို မလိုသော်လည်း ယဲ့ချင်းလင်က ပိုင်ယွီမင်ကို သီးသန့်ခန်းတစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ ပိုင်ယွီမင်က သာမာန်တပည့်များနှင့် တိုးဝှေ့နေရန်မလိုဘဲ ထိုင်ကာ တာဝန်များကို အေးအေးဆေးဆေး ရွေးချယ်နိုင်လေသည်။ 

ဤကဲ့သို့သော သီးသန့်ခန်းမျိုးက အကြီးအကဲအဆင့် ကျင့်ကြံသူများအတွက် အထူးသတ်မှတ်ထားခြင်း ဖြစ်လေသည်။ ပိုင်ယွီမင်က သူ့တပည့်နှင့်အတူ လာခြင်းဖြစ်သော်လည်း ပိုင်ယွီမင်ကို တာဝန်ပေးရန် မည်သူကမှ ခိုင်းစေရဲမည် မဟုတ်သဖြင့် ယဲ့ချင်းလင်အတွက် ပိုင်ယွီမင်ကို သီးသန့်ခန်းထဲသို့ ပေးဝင်ရန်မှာ မခက်ခဲပေ။

သူတို့နှစ်ယောက်ကို လက်ဖက်ရည် တည်ခင်းပေးပြီးနောက် ယဲ့ချင်းလင်က ထွက်သွားလေသည်။ 
ဆရာတပည့်နှစ်ယောက်က သီးသန့်ခန်းထဲတွင် သက်သောင့်သက်သာ ထိုင်နေကြလေ၏။ 

မော့ရှုလင်က တာဝန်တစ်ခုကို သေသေချာချာ ရွေးချယ်နေသော်လည်း ပိုင်ယွီမင်က အချိန်အတော်ကြာ ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့ရသဖြင့် မော့ရှုလင်က စိုးရိမ်စွာဖြင့် ခေါ်လိုက်လေသည်။
"ရှစ်စွမ်း..."

“အင်း…”
ပိုင်ယွီမင်က အခြားကိစ္စများကို စဉ်းစားနေလျက် ပြန်ထူးလိုက်၏။

"ရှစ်စွမ်းက သခင်မလေးယန်အကြောင်း စဉ်းစားနေတာလား..."

ပိုင်ယွီမင်က ယန်ချန်ချန်ကို မြင်ပြီးနောက် အတွေးများနေခြင်း ဖြစ်သဖြင့် သူမအကြောင်းကို တွေးနေသည်မှာ သေချာလေသည်။

ယန်ချန်ချန်က ယခုနှစ်တွင် အသက်သုံးရာကျော်ပြီ ဖြစ်လေသည်။ သူမက ကျင်းတန်းအဆင့်သာ ရှိသေးသဖြင့် ပိုင်ယွီမင်နောက်သို့ လိုက်ရန်မှာ မဖြစ်နိုင်သော်လည်း ပိုင်ယွီမင်က သူမကို ချစ်မိသွားလျှင်မူ ဖြစ်နိုင်လေသည်။ မည်သူကမှ ပုံသေမပြောနိုင်ပေ။ 

ပိုင်ယွီမင်က ယန်ချန်ချန်ကို ပထမဆုံးအကြိမ် မြင်လိုက်ရုံဖြင့် စိတ်ဝိညာဉ်ပါ လွင့်သွားပုံရလေသည်။

မော့ရှုလင်က ပိုပြီးစိတ်တိုလာကာ မနက်က ပိုင်ယွီမင်၏အမွေးများအား ပွတ်သပ်ခွင့်ရသည့် အခွင့်အရေးကို သေသေချာချာ မသုံးခဲ့သဖြင့် နောင်တရနေလေသည်။ 

ပိုင်ယွီမင်မှာ သူ့တပည့်လေးက သံပုရာသီးတစ်ပင်လုံး စားထားသကဲ့သို့ ချဉ်စူးနေသည်ကို မသိဘဲ ခေါင်းညိတ်လိုက်၏။
"အင်း..."

မော့ရှုလင်က အလွန်ဒေါသထွက်နေလေ၏။ 

ဒီယုန်ဝတုတ်က ဝန်ခံရဲသေးတာလား... မုန်လာဥကိုပဲ အင်းနေလိုက်... ဆင်းရဲလွန်းလို့ ဂူထဲမှာတောင် နေနေရတာကို ဇနီးရှာဖို့ စဉ်းစားနေသေးတယ်ပေါ့... 

မော့ရှုလင်က မည်သည့်အတွက်ကြောင့် သူ ဒေါသထွက်နေသည်ကို မသိပေ။ ဂူထဲတွင် နေရပြီး သူ့ရှစ်စွမ်းက အပျင်းကြီး ဆင်းရဲကာ လောဘကြီးပြီး တုံးအသော်လည်း အခြားတစ်ယောက်က ယွဲ့ရွှယ်တောင်ထိပ်တွင် လာနေပြီး ပိုင်ယွီမင်၏ အာရုံစိုက်မှုအား ခိုးယူသွားမည်ကို တွေ့မိသည်နှင့် မော့ရှုလင်မှာ အလွန်ပင် မကျေမနပ် ဖြစ်လာလေသည်။ 

သူက ပြန်လည်မွေးဖွားလာပြီး တပည့်တစ်ယောက်ဖြစ်လာသည်ကို သိသော်လည်း သူ့စကားထဲမှ မနာလိုမှုများကို မဖုံးကွယ်နိုင်တော့ပေ။
"ဟုတ်တယ်... သခင်မလေးယန်ရဲ့ အနီရောင်ဝတ်စုံက အရမ်းလှတာပဲ..."

"အနီရောင်လား... ဪ..."

ပိုင်ယွီမင်က အနည်းငယ် မိန်းမောတွေဝေနေဆဲဖြစ်ပြီး သတိလက်လွတ် ပြောလိုက်၏။
"သူက အနီရောင်တောက်တောက်နဲ့ တကယ်လိုက်ဖက်တယ်... မီးဝိညာဉ်ဇစ်မြစ်တစ်ခုတည်းရှိတဲ့သူမှပဲ ဒီအရောင်ကို ပေါ်လွင်အောင် ဝတ်နိုင်တာ..."

ထိုအကြောင်းကို မူရင်းဇာတ်လမ်းတွင်လည်း ထည့်သွင်းပြောထားလေသည်။

ပိုင်ယွီမင် မိန်းကလေးတစ်ယောက်ကို ချီးကျူးသည်အား ကြားရသည်မှာ မသက်မသာဖြစ်လှလေသည်။ မော့ရှုလင်က ပြုံးပြပြီး ပြောလိုက်သည်။
" ရှစ်စွမ်း… ရှစ်စွမ်းနဲ့ သခင်မလေးယန်က တကယ်တူကြတာပဲ… ဝတ်စုံတောင်မှ အရောင်တူတူပဲ…"

" ဒါက ဘယ်လိုလုပ်တူမှာလဲ…"
ပိုင်ယွီမင်က မျက်မှောင်ကြုတ်ပြီး မော့ရှုလင်ကို ကြည့်လိုက်သည်။
" ယန်စန်းက မီးတောက်နီရောင်… ငါ့ဟာက ဝိုင်နီရောင်… သူ့ဟာက လိမ္မော်ရောင်လိုင်း ငါ့ဟာက ခရမ်းရောင်လိုင်းဘက်သွားတာ… လိမ္မော်နီရောင်ကကျ ပိုမြူးကြွတယ်… ဝိုင်နီရောင်က တည်ငြိမ်ရင့်ကျက်တဲ့သဘောပဲ… ငါ့ရဲ့ ဝိုင်နီရောင်က ပိုလှတယ်…"

မော့ရှုလင်: “…”

သူ စိတ်အေးသွားလေသည်။

🐰🐰🐰

🐰 Chapter 19


“ပြီးတော့ ငါတစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောရမယ်...”
ပိုင်ယွီမင်က မျက်မှောင်ကြုတ်ကာ အလေးအနက် ပြောလိုက်၏။ 

ထိုသို့ အလေးအနက်ထားလိုက်သဖြင့် သူ့ကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားအနည်းငယ် ထွက်ပေါ်လာပြီး မော့ရှုလင်က ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။ ၎င်းက မပြင်းထန်သော်လည်း သူ့ရှေ့ရှိလူမှာ မဟာယနအဆင့် ကျင့်ကြံသူအကြီးအကဲဖြစ်ပြီး ပေါ့ပေါ့တန်တန် အနိုင်ကျင့်နိုင်သည့် သာမာန်လူမဟုတ်ကြောင်း သတိပြုမိသွားစေလေသည်။

မော့ရှုလင်က မသက်မသာဖြစ်စွာဖြင့် ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် အဝတ်များကို ဆုပ်ကိုင်ထားကာ အလွန်ပင် စိတ်လှုပ်ရှားနေပုံပေါ်လေသည်။ 

ပိုင်ယွီမင်က စားပွဲကို လက်ညှိုးဖြင့် ခေါက်လျက် မျက်နှာကို တည်ထားကာ ပြောလိုက်သည်။
"ငါက ဘယ်ဝတ်စုံဝတ်ဝတ် ကြည့်ကောင်းတယ်... သူကတော့ အနီရောင်ဝတ်မှ ကြည့်ကောင်းတာ..."

ထိုင်နေပြီး ထိုစကားကို ကြားလိုက်ရသည့် မော့ရှုလင် “.....”

ဟုတ်တယ်... ဒီယုန်မိစ္ဆာက သေချာပေါက်ကို တစ်ကိုယ်တည်းဖြစ်မှာ...  

သူ့ရှစ်စွမ်း၏စိတ်က ထိန်းရခက်သည်ကို သိသော်လည်း မော့ရှုလင်က လိမ်ညာချီးကျူးကာ ယုန်ဝတုတ်လေး ကျေနပ်သည့်အထိ နတ်ဘုရားကဲ့သို့ ခန့်ညားချောမောသော ရုပ်ရည်အကြောင်းကို မြှောက်ပင့်ပြောဆိုပေးလိုက်လေသည်။

ယခုတစ်ကြိမ်တွင် သူက အမှန်ပင် တဇွတ်ထိုးဖြစ်သွားခြင်း ဖြစ်လေသည်။ 

သူက တပည့်တစ်ယောက်သာဖြစ်ပြီး ပိုင်ယွီမင်နှင့် နီးနီးကပ်ကပ် ပတ်သက်မှု မရှိသေးပေ။ ပိုင်ယွီမင်စိတ်ဆိုးကာ သူ့အား လျန်ကျီဂိုဏ်းမှ မနှင်ထုတ်စေရန် အပြောအဆိုနှင့် အပြုအမူများကို အထူးသတိထားရမည်ဖြစ်သည်။

မော့ရှုလင် တာဝန်ရွေးချယ်နေစဉ်တွင် ပိုင်ယွီမင်က စိုးရိမ်နေလေသည်။ 

ယန်ချန်ချန်ကို မြင်လိုက်သည့် အချိန်ကတည်းက အမျိုးသားဇာတ်လိုက်၏ ရွှေလက်ချောင်း ရောက်လာတော့မည်ကို သိလိုက်လေသည်။ 

ယန်ချန်ချန်က အရေးပါသော ဇာတ်ကောင်မဟုတ်ဘဲ အမျိုးသားဇာတ်လိုက် တိုးတက်မည့် လမ်းကြောင်းအတွက် လက်နက်များ ပံ့ပိုးပေးရုံသာဖြစ်သည့် အဆင့်ရှစ် အမြောက်စာဇာတ်ကောင်မျှသာ ဖြစ်လေသည်။ 

ကိစ္စများက ယန်ချန်ချန်၏ ကျင့်ကြံခြင်းမှ အစပြုလေသည်။

ယန်ချန်ချန်က အသက်သုံးရာကျော်နေသော်လည်း ကျင်းတန်းအဆင့်သာရှိပြီး မီးဝိညာဉ်ဇစ်မြစ်တစ်ခုတည်းရှိသူ ဖြစ်လေသည်။ ဝိညာဉ်ဇစ်မြစ်တစ်ခုတည်းရှိသူများ၏ ကျင့်ကြံဆင့်တက်နှုန်းက လျင်မြန်လေ့ရှိသော်လည်း ယန်ချန်ချန်က ကျင်းတန်းအဆင့်သို့ ရောက်ပြီးနောက် အဆင့်တက်ရန် အတားအဆီးများကို မကျော်ဖြတ်တော့ပေ။ 

ဖိအားတစ်ခုအောက်တွင် ကျင့်ကြံခြင်းက ပုံမှန်ဖြစ်လေ၏။ ထိုသို့လုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါများက ပိုမိုသန့်စင်သိပ်သည်းလာမည်ဖြစ်ပြီး အဆင့်တက်လှမ်းချိန်တွင် ဒုက္ခနည်းပါးမည်ဖြစ်လေသည်။ 

ထို့အပြင် ယန်ချန်ချန်၏ ဓားသိုင်းပညာကလည်း သူမနှင့် ကျင့်ကြံဆင့်တူသူများထဲတွင် အကောင်းဆုံးဖြစ်လေသည်။ သူမ၏ရှစ်စွမ်းဖြစ်သူ နျဲ့ရီဖုန်းက ယန်ချန်ချန်၏စိတ်ထဲတွင် ရည်မှန်းချက်တစ်ခု ရှိနေသည်ကို သိသဖြင့် သူမ အဆင့်မတက်ဘဲ ထိန်းထားသည့်အပေါ် အလွန်စိတ်မပူဘဲ သူမထံမှပင် ပြန်လည်သင်ယူရသည်အထိ ဖြစ်ခဲ့လေသည်။ 

သို့ရာတွင် ယန်ချန်ချန်နှင့် ချစ်ကြိုက်ခဲ့သည့် ဆန်ကုန်မြေလေးကောင်က ရှက်ရွံ့လာခဲ့လေသည်။ ထိုလူယုတ်မာက ယန်ချန်ချန်မှာ ယခင်ကကဲ့သို့ ပါရမီရှင်တစ်ယောက် မဟုတ်တော့ကြောင်း ယူဆပြီးနောက် သူမက သူ့အတွက် မထိုက်တန်ဟု ခံစားလာရလေသည်။ ထို့နောက် လက်ဖက်စိမ်းရှစ်မေ့တစ်ဦး ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် ထိုလူယုတ်မာနှင့် လက်ဖက်စိမ်းရှစ်မေ့က တစ်ဦးနှင့်တစ်ဦး ခွဲမရနိုင်လောက်အောင် ချစ်ကြိုက်သွားကြလေသည်။ 

ယန်ချန်ချန်က ပါရမီရှင်တစ်ယောက် မဟုတ်တော့လျှင်ပင် သူမက ချောင်ကုန်းခန်းမဆောင်သခင် နျဲ့ရီဖုန်း၏ တိုက်ရိုက်တပည့်ဖြစ်ပြီး မိသားစုအခြေအနေမှာလည်း မဆိုးပေ။ ထိုလူယုတ်မာ၏ ကျင့်ကြံဆင့်က အလွန်ပင် သာမန်ဆန်သော်လည်း ယန်ချန်ချန်၏နောက်ကွယ်မှ အရင်းအမြစ်များကို မစွန့်လွှတ်နိုင်သဖြင့် လှေနံနှစ်ဖက်နင်းရန် ကြံစည်လေတော့သည်။

ကျင့်ကြံရေးလောကတွင် တစ်လင်တစ်မယားစနစ်ကို အတင်းအကျပ် မကန့်သတ်ထားသော်လည်း တစ်သက်တာတွင် အဖော်တစ်ဦးတည်းထားခြင်းကို အမြင့်မြတ်ဆုံးသော အချစ်စံနှုန်းအဖြစ် သတ်မှတ်ထားလေသည်။ 

ယန်ချန်ချန်၏ ရုပ်ရည်နှင့်ကျင့်ကြံဆင့်က ကောင်းမွန်ပြီး မိသားစုနောက်ခံမှာလည်း ပြည့်စုံသဖြင့် သူမ၏လက်တွဲဖော်က ဖောက်ပြန်နေသည့် အရှက်ရမှုကို ခံနိုင်ရည်မရှိပေ။ 

အထူးသဖြင့် ထိုလူယုတ်မာဖောက်ပြန်ခဲ့သူမှာ သူမကိုယ်တိုင် အကြိမ်ကြိမ် ဂရုစိုက်ပေးခဲ့ဖူးသော ရှစ်မေ့တစ်ယောက် ဖြစ်နေခြင်းမှာ နှစ်ထပ်ကွမ်း သစ္စာဖောက်ခံလိုက်ရခြင်း ဖြစ်လေသည်။

ဤသို့ဖြင့် အချစ်က အမုန်းဖြစ်သွားကာ ယန်ချန်ချန်က ထိုဆန်ကုန်မြေလေးနှင့် လက်ဖက်စိမ်းရှစ်မေ့ကို လိုက်လံတိုက်ခိုက်လေသည်။ 

ယန်ချန်ချန်က ပါရမီထူးခြားပြီး ဂိုဏ်းအတွင်း၌ နောက်ခံရှိသဖြင့် ကိစ္စတစ်ခုခုဖြစ်လျှင် အသေးအဖွဲအဖြစ် လျှော့ချနိုင်သေးသည်။ သို့ရာတွင် လူတိုင်းက ထိုဆန်ကုန်မြေလေးကောင်မှာ ကဏ္ဍပေါင်းစုံတွင် ယန်ချန်ချန်ကို မှီခိုနေခဲ့ပြီး လမ်းခွဲရန် ဝန်လေးနေသည်ဟု ထင်ကြလေသည်။ ယန်ချန်ချန်ကမူ အခြားရည်ရွယ်ချက်ရှိသဖြင့် သူမက ထိုဆန်ကုန်မြေလေးကောင်နှင့် လက်ဖက်စိမ်းရှစ်မေ့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်လေသည်။

သို့ရာတွင် ဆန်ကုန်မြေလေးကောင်နှင့် လက်ဖက်စိမ်းရှစ်မေ့၏ဘဝက ရုတ်တရက် ခက်ခဲလာလေ၏။ 

သို့သော် ထိုငယ်ရွယ်သောရှစ်မေ့က ကျွမ်းကျင်သော လက်ဖက်စိမ်းတစ်ယောက် ဖြစ်လေသည်။ 

အနီးတဝိုက်ရှိ လူများအား ယန်ချန်ချန်၏ ခေါင်းမာမှုကို သိစေပြီး ဂိုဏ်းထဲတွင် ယန်ချန်ချန်၏လူကြိုက်များမှုကို စတင်လျှော့ချလေသည်။

လက်ဖက်စိမ်းရှစ်မေ့က အဖွဲ့လိုက်တာဝန်တစ်ခုကို တမင်တကာ ယူခဲ့ပြီးနောက် တာဝန်မှပြန်လာချိန်တွင် ယန်ချန်ချန်ကို တမင်တကာ ရန်စခဲ့ကာ တာဝန်မှ ယူဆောင်လာသော ပစ္စည်းများကို ယန်ချန်ချန်က ဖျက်ဆီးမိအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့လေသည်။ 

ထို့ကြောင့် တစ်ဦးတည်း၏အမုန်းတရားက အဖွဲ့လိုက်အမုန်းတရားအဖြစ် ပြောင်းလဲသွားလေ၏။

လက်ဖက်စိမ်းရှစ်မေ့၏ အသင်းဖော်များက သူတို့၏ ကြိုးစားမှုများအတွက် ပြန်လည်တိုက်ခိုက်ကြတော့လေသည်။ ယန်ချန်ချန်ကမူ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်မှန်ကန်သည်ဟုသာ တွေးပြီး အလျော်ပေးသည့်လေသံက အလွန်ဆိုးရွားနေခဲ့သဖြင့် ၎င်းက လက်ဖက်စိမ်းရှစ်မေ့၏ အသင်းဖော်များကို မကျေမနပ် ဖြစ်စေခဲ့လေသည်။ 

လက်ဖက်စိမ်းရှစ်မေ့က ၎င်းကို အခွင့်ကောင်းယူပြီး စကားအနည်းငယ်ဖြင့် ထပ်မံရန်စလိုက်ချိန်တွင် ယန်ချန်ချန်က ထိုအဖွဲ့အား တိုက်ခိုက်တော့လေ၏။

လက်ဖက်စိမ်းရှစ်မေ့နှင့်အတူ တာဝန်ယူသည့် အသင်းဖော်များ၏ ကျင့်ကြံဆင့်မှာ မမြင့်ပေ။ ယန်ချန်ချန်တစ်ယောက်တည်းနှင့် ထိုဆယ်ယောက်ကို ယှဉ်နိုင်ကာ တစ်ဖက်ရှိလူအားလုံးကို ဒဏ်ရာရစေခဲ့လေသည်။ 

ထိုအချိန်တွင် ယန်ချန်ချန်က ပျားအုံကို တုတ်နှင့်ထိုးသကဲ့သို့ ဖြစ်သွားလေ၏။ 

ထိုအသင်းဖော်များ၏ ကျင့်ကြံဆင့်မှာ မမြင့်သော်လည်း သူတို့အားလုံးမှာ လက်ဖက်စိမ်းရှစ်မေ့က တမင်ရွေးချယ်ထားသော နောက်ခံရှိသူများ ဖြစ်ကြလေသည်။ လူဦးရေက များပြားသည့်အပြင် ယန်ချန်ချန်က အချိန်အတော်ကြာ ပြဿနာရှာနေခဲ့သဖြင့် အပြင်မထွက်လိုသော အကြီးအကဲများပင်လျှင် ထွက်လာကာ ယန်ချန်ချန်ကို ဆူပူကြိမ်းမောင်းကြတော့လေသည်။ 

ချောင်ကုန်းခန်းမဆောင်သခင်နျဲ့ရီဖုန်းက ယန်ချန်ချန် အကြီးအကဲများ၏ ဆူပူခြင်းကို ခံရသည်ကို သိရှိသွားသဖြင့် ပြဿနာများကို ဖြေရှင်းရန် အလျင်အမြန် သွားခဲ့ရလေသည်။

ထို့ကြောင့် ပိုင်ယွီမင်အိမ်ဝယ်သည့်နေ့တွင် နျဲ့ရီဖုန်းက အလျင်စလို ထွက်သွားခြင်း ဖြစ်လေသည်။

ရှန့်ကွမ်းကျူးချင်၏ တပည့်ကလည်း ယန်ချန်ချန်ရိုက်သည်ကို ခံလိုက်ရသဖြင့် ရှန့်ကွမ်းကျူးချင်ကို တောင်ထိပ်တွင် ရှာမတွေ့ခဲ့ခြင်း ဖြစ်လေသည်။ 

လက်ဖက်စိမ်းရှစ်မေ့၏ အကြံအစည်က အလွန်ကြီးမားလေ၏။ ယန်ချန်ချန်က ပတ်သက်မှုမရှိသော်လည်း ပထမဆုံးလက်ပါခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် စစ်မေးရန်ပင် မလိုတော့ဘဲ  á€Ąá€€á€źá€Žá€¸á€Ąá€€á€˛á€™á€ťá€Źá€¸á€€ သူမကို မည်ကဲ့သို့ စီရင်မည်ကိုသာ ကြည့်ရမည်ဖြစ်သည်။

အကြီးအကဲဆယ်ယောက်ကျော်၏ ဖိနှိပ်မှုကို ရင်ဆိုင်ရချိန်တွင် ယန်ချန်ချန်က စတင် ဒေါသထွက်လာလေသည်။

သူမက အမှားကို ဝန်ခံကာ တာဝန်မှရသည့် ပစ္စည်းများပျက်စီးသွားမှုအတွက် ရိုးရိုးသားသား လျော်ကြေးပေးခဲ့သော်လည်း ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းက အကြီးအကဲအချို့ကို မကျေမနပ် ဖြစ်စေလေသည်။

လက်ဖက်စိမ်းရှစ်မေ့ဘက်မှ လူတစ်ယောက်က ယန်ချန်ချန်မှာ ယောက်ျားတစ်ယောက်၏ စွန့်ပစ်ခြင်းကို ခံရသူဖြစ်ကြောင်း၊ ထိုယောက်ျားက ယန်ချန်ချန်၏ ရိုင်းစိုင်းသော စရိုက်ကြောင့် ထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သဖြင့် သူမက အလွန်ဒေါသထွက်သွားပြီး ဂိုဏ်းချုပ်၏ ရှေ့တွင်ပင် ထိုသူကို ဒဏ်ရာရအောင် လုပ်လိုက်လေသည်။

တပည့်အချင်းချင်း လူပုံအလယ်တွင် ဒဏ်ရာရအောင် လုပ်ဆောင်ခြင်းက ကိစ္စကြီးဖြစ်သည်။ ချောင်ကုန်းခန်းမဆောင်သခင်ပင်လျှင် ယန်ချန်ချန်ကို ကာကွယ်မပေးနိုင်တော့ပေ။

လက်ဖက်စိမ်းရှစ်မေ့က ယန်ချန်ချန်ကို ဂိုဏ်းမှ သေချာပေါက် အနှင်ထုတ်ခံရတော့မည်ဟု တွေးနေချိန်တွင် ယန်ချန်ချန်က လျှို့ဝှက်နယ်မြေတစ်ခုအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။ သူမထံတွင် လူ ၃၅ ယောက် ဝင်ရောက်နိုင်မည့် ဝင်ခွင့်သော့တစ်ခုရှိကြောင်းနှင့် တပည့်သစ်များ ထိုနယ်မြေသို့ ဝင်ရောက်နိုင်ရန် နေရာ ၃၀ ကို စွန့်လွှတ်မည်ဖြစ်ကြောင်း ပြောလိုက်လေသည်။

ယန်ချန်ချန်က ထိုလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် သူမ၏ကျင့်ကြံဆင့်ကို ကျင်းတန်းအဆင့်၌သာ ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်လေသည်။

ထိုလျှို့ဝှက်နယ်မြေသည် သုံးလခန့်အကြာတွင် ပွင့်မည်ဖြစ်ပြီး ကျင်းတန်းအဆင့်အောက်ရှိသူများသာ ဝင်ရောက်နိုင်ကာ အဆင့်ပိုမိုမြင့်မားသော ကျင့်ကြံသူများက ဝင်ရောက်နိုင်ခြင်းမရှိပေ။ ၎င်းမှာ နတ်ဘုရားများက အမွေဆက်ခံသူများကို ရွေးချယ်ရန် ဖန်တီးထားသော နယ်မြေဖြစ်သည်ဟု ဆိုကြပြီး နယ်မြေအတွင်းရှိ အန္တရာယ်မှာ အလွန်နည်းပါးလေသည်။

လက်ဖက်စိမ်းရှစ်မေ့အပါအဝင် ဒဏ်ရာရခဲ့သော အသင်းဖော် ၈ ယောက်က ဝင်ခွင့်နေရာကို ရရှိသွားလေသည်။ ကျန်ရှိသော နေရာ ၂၁ နေရာကိုမူ မျှတစွာ ယှဉ်ပြိုင်ကြရမည် ဖြစ်၏။

ဤမျှကြီးမားသော အကျိုးအမြတ်ကို ပေးလိုက်သဖြင့် တပည့်အချင်းချင်း ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့သည့် အပြုအမူအတွက် ယန်ချန်ချန်က ဂိုဏ်းမှ အနှင်ထုတ်မခံရတော့ပေ။

ယန်ချန်ချန်က အဆင့်နိမ့်ကျင့်ကြံသူ အနည်းငယ်ကိုသာ သိပြီး သူမနှင့် သူမ၏ကျင်းတန်းအဆင့် သူငယ်ချင်းများအပြင် လစ်လပ်နေသော ဝင်ခွင့်နေရာ ၃ နေရာ ကျန်ရှိသေးသည်။ နျဲ့ရီဖုန်းတွင် ကျင်းတန်းအဆင့်အောက်ရှိ တိုက်ရိုက်တပည့် မရှိသဖြင့် သူက ထိုနေရာကို မလိုအပ်ပေ။

ထို့ကြောင့် ယန်ချန်ချန်မှာ နေရာသုံးနေရာအတွက် အစောက သူမကို ဆူပူခဲ့သော အကြီးအကဲများ၏ ဝိုင်းဝန်းမျက်နှာချိုသွေးခြင်းကို ခံနေရလေ၏။ သို့ရာတွင် သူမက တောင်ထိပ်တစ်ခုပြီးတစ်ခု သွားရောက်ကာ သူမ ရိုက်ခဲ့သော တပည့် ၈ ယောက်နှင့် သူတို့၏ရှစ်စွမ်းများကို တောင်းပန်နေရလေသည်။ ယန်ချန်ချန်မှာ စိတ်ကျဉ်းကျပ်နေသဖြင့် တစ်နေ့လုံး မျက်မှောင်ကြုတ်နေရလေသည်။

၎င်းက ကျိုးကြောင်းဆီလျော်မှုရှိမရှိကို အဓိကမထားဘဲ စာရေးဆရာက ဇာတ်လိုက်အဆင့်တက်ရန် ဖန်တီးထားသော အခွင့်အရေးတစ်ခုသာ ဖြစ်လေသည်။

ဇာတ်လမ်းအရ အမျိုးသားဇာတ်လိုက်က နေရာ( ၂၁ )နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သူငယ်ချင်း၏ သစ္စာဖောက်မှုကို ခံရကာ တိုက်ပွဲတွင် ရှုံးနိမ့်သွားမည်ဖြစ်သည်။ ထို့နောက် ဇာတ်လိုက်ရောင်ဝါဖြင့် ယန်ချန်ချန်နှင့် ဆုံတွေ့ကာ သူမထံ၌ ကျန်ရှိသော ဝင်ခွင့်နေရာကို အသုံးပြုပြီး လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်သွားမည် ဖြစ်လေသည်။

ကျောက်ခဲတစ်လုံး ကောက်လိုက်လျှင်ပင် ရှားပါးရတနာဖြစ်သွားနိုင်သည့် လျှို့ဝှက်နယ်မြေအကြောင်းကို တွေးမိချိန်တွင် ပိုင်ယွီမင်မှာ သူ့သိုလှောင်အိတ်က ကြက်ဟင်းခါးသီးတစ်လုံး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ဓာတ်ကျသွားလေသည်။

သို့သော် သူက မဟာယနအဆင့် ကျင့်ကြံသူဖြစ်သဖြင့် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်မရပေ။ ပဲပင်ပေါက်ခုနစ်ပင်စာမျှသာရှိသော မော့ရှုလင်၏ကျင့်ကြံဆင့်ဖြင့်လည်း အကြိုစစ်ဆေးမှုကိုပင် အောင်မြင်မည်မဟုတ်ပေ။ သူက မော့ရှုလင်ကို အတင်းအကျပ် အထဲသို့ ပို့ပေးလိုက်လျှင် မော့ရှုလင်က အခြားလူများ၏ အနိုင်ကျင့်ခြင်းကိုသာ ခံရမည်ဖြစ်လေသည်။

မော့ရှုလင်က ဗီလိန်တစ်ယောက်ဆိုတော့ ဒါက မော့ရှုလင်ကို ဗီလိန်လမ်းစဉ်ပေါ် တွန်းပို့လိုက်သလို ဖြစ်မနေဘူးလား…

ငွေရနိုင်မည့် အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်လိုက်ရသဖြင့် ပိုင်ယွီမင်က မည်မျှပင် ဝမ်းနည်းနေစေကာမူ သူက မည်သည်ကိုမှ မသိသကဲ့သို့ ဟန်ဆောင်ကာ ကြီးမားသော စည်းစိမ်ဥစ္စာများကို သူ့လက်ထဲမှ လွတ်သွားခွင့် ပြုလိုက်ရမည်ဖြစ်လေသည်။

🐰🐰🐰

🐰 Chapter 20


မော့ရှုလင်က တောက်တိုမည်ရအလုပ်များနှင့် တံမြက်စည်းလှည်းသည့် အလုပ်များကိုလုပ်ရန် အစီအစဉ်မရှိပေ။ သူ့ကျင့်ကြံဆင့်က အလွန်နိမ့်သဖြင့် အပြင်ထွက်လျှင် အနိုင်ကျင့်ခံရနိုင်ခြေ ရှိလေသည်။ 

မည်သူမဆို လုပ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အလုပ်ကြမ်းများက ငွေကြေးများစွာ မရနိုင်ပေ။ အပြင်တပည့်များက ထိုအလုပ်များကို လုပ်နေကြခြင်းမှာ တောင်ထိပ်နှင့် နီးစပ်လိုခြင်း၊ တစ်နေ့တွင် အကြီးအကဲများ၏ မျက်စိထဲသို့ရောက်ကာ အားကိုးရမည့် ရှစ်စွမ်းတစ်ယောက် ရှာဖွေနိုင်ရန် မျှော်လင့်ခြင်းကြောင့်သာ ဖြစ်လေသည်။

ယခုအချိန်တွင် သူက ပိုင်ယွီမင်ကဲ့သို့ အားကိုးရမည့် ရှစ်စွမ်းရှိသဖြင့် ထိုကဲ့သို့ အလုပ်မျိုးကို တတ်နိုင်သမျှ ရှောင်ရှားလေသည်။ 

အတွေ့အများဆုံးတာဝန်က အပြင်ထွက်ပြီး ကုန်ကြမ်းများ ရှာဖွေခြင်းဖြစ်လေသည်။ ၎င်းက အချိန်အတော်ကြာ အပြင်ထွက်ရမည် ဖြစ်သော်လည်း တောင်တန်းများနှင့် လွင်ပြင်များတွင် အလကားရနိုင်သည့် ကုန်ကြမ်းများစွာ ရှိလေသည်။ ဂိုဏ်းသို့ ပြန်ရောက်လျှင် ထိုကုန်ကြမ်းများကို စိတ်ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်နိုင်၏။ ကံဆိုးစွာဖြင့် သူ၏ကျင့်ကြံဆင့်က အလွန်နိမ့်နေခြင်း ဖြစ်လေသည်။ 

ကံကောင်းသည်က ယခင်ဘဝ၌ အတတ်ပညာများစွာကို သင်ယူဖူးသဖြင့် သင်္ကေတများနှင့် အဆောင်လက်ဖွဲ့များရေးဆွဲသည့် တာဝန်များကိုယူကာ ငွေအနည်းငယ် ရှာနိုင်လေသည်။ 

မော့ရှုလင်က တာဝန်အချို့ကို ယူပြီးနောက် အတွင်းတပည့် ခါးချိတ်တံဆိပ်ပြားကိုသုံးပြီး အစီအရင်နှင့် ဆက်သွယ်ကာ ယူထားသော တာဝန်များကို မှတ်တမ်းတင်လိုက်သည်။ ထို့နောက် အမှားအယွင်းမရှိစေရန် စိတ်ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းပြီး အတည်ပြုလိုက်လေသည်။ 

လျန်ကျီဂိုဏ်းတွင် အတွင်းတပည့်နှင့် အပြင်တပည့် အရေအတွက်မှာ ထောင်ချီရှိသဖြင့် နေ့စဉ် တာဝန်ပေးခန်းမဆောင်သို့ လူများစွာ လာရောက်ကြလေသည်။ ထို့ကြောင့် တာဝန်များကို ယူရန်အတွက် တပည့်ဖြစ်ကြောင်း ခါးချိတ်တံဆိပ်ပြားဖြင့်သာ မှတ်တမ်းတင်ရန် လိုအပ်လေသည်။ တာဝန်ပြီးဆုံးပြီး ပစ္စည်းများကို လာရောက်အပ်နှံချိန်မှသာ ခိုးရာပါပစ္စည်းများ သို့မဟုတ် မသမာမှုများကို ကာကွယ်နိုင်ရန် အရည်အသွေးကို စစ်ဆေးရန် လိုအပ်လေသည်။ 

မော့ရှုလင်က တာဝန်များကို လက်ခံပြီးနောက် အတွေးများနေသည့် ပိုင်ယွီမင်ကိုကြည့်ကာ မေးလိုက်သည်။
“ရှစ်စွမ်း... တာဝန်မယူဘူးလား..."

"ယူ… ယူမှာပေါ့..." 
ပိုင်ယွီမင်က အမူအရာမပျက်စေဘဲ တည်ငြိမ်ယောင်ဆောင်ကာ ပြန်ဖြေလိုက်သည်။ သို့ရာတွင် သူ့မျက်လုံးကမူ မော့ရှုလင်ကို ခိုးကြည့်နေမိ၏။

"ရှစ်စွမ်း... အစီအရင်ထဲဝင်ဖို့ နတ်ဘုရားအာရုံကို မသုံးဘူးလား... ပုံမှန်ဆိုရင် တာဝန်တွေကို ဘယ်လိုစစ်ဆေးတာလဲ..." 
မော့ရှုလင်က မျက်မှောင်ကြုတ်လိုက်၏။ 

ဒီယုန်က အမွေးရောင်းဖို့ ကြံနေပြန်ပြီလား... 

ပိုင်ယွီမင်က ကိုးရိုးကားယားနိုင်စွာ ပြုံးပြပြီး မေးလိုက်လေသည်။
“ရှောင်ရှုရှုကရော ဘာတာဝန်ကို ယူလိုက်လဲ..."

"ပေါက်ကွဲစေတဲ့ အဆင့်နိမ့်အဆောင်လက်ဖွဲ့ အခု ၅၀၊ အဆင့်နိမ့် ကာကွယ်ရေးအဆောင်လက်ဖွဲ့ အခု ၈၀၊ လမ်းပြကြွက်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကို ပြုပြင်ပေးဖို့ အခု ၁၀၀..." 
မော့ရှုလင်က အမှန်အတိုင်း ပြောလိုက်၏။

သူက ယခုအချိန်တွင် အတွင်းတပည့်တစ်ယောက်ဖြစ်သဖြင့် တာဝန်( ၁၀ )ခုအထိ တစ်ပြိုင်နက် ယူနိုင်လေသည်။ ထို့ကြောင့် မော့ရှုလင်က တာဝန်( ၅ )ခုကို တစ်ခါတည်းယူရန် ဆုံးဖြတ်လိုက်လေသည်။

"ဝိုး… ဘာဖြစ်လို့ အများကြီး ယူထားတာလဲ... အလုပ်များနေမှာပေါ့..." 
ပိုင်ယွီမင်က အံ့သြသွား၏။

"ဒါတွေကို နေ့တိုင်းလုပ်မယ်ဆိုရင် တစ်လအတွင်း ပြီးမှာပါ..."

မော့ရှုလင်က တာဝန်များကို ယူနေချိန်တွင် အချိန်ကို တွက်ချက်ထားလေသည်။ သူက ပိုင်ယွီမင်ကို မြှောက်ပင့်ရန်လည်း မမေ့ပေ။
"ရှစ်စွမ်းက ကျွန်တော့်အပေါ် ကောင်းတာမို့ ဒီနေ့မှာ ကျွန်တော် ကောင်းကောင်းမွန်မွန် နေနိုင်တာပါ... ဒီတပည့်က အိမ်အသစ်အတွက် ပိုပြီးကြိုးစားချင်လို့ တာဝန်တွေ အများကြီး ယူလိုက်တာပါ..."

သူ့တပည့်လေး၏ အလုပ်အကျွေးပြုချင်စိတ်က ပြင်းပြနေသဖြင့် ပိုင်ယွီမင်မှာ ရှက်ရွံ့လာလေသည်။

အမှန်တွင် ပိုင်ယွီမင်က တာဝန်ကို လက်မခံလိုခြင်းမဟုတ်ဘဲ တာဝန်များအား မည်ကဲ့သို့ ယူရမည်ကို မသိသောကြောင့် ဖြစ်လေသည်။ သူ့ထံတွင် မူလပိုင်ယွီမင်၏ မှတ်ဉာဏ်များ မရှိသဖြင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် အသိပညာမျိုး မရှိပေ။ သူက မဟာယနအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ကြက်တစ်ကောင်ကိုပင် မသတ်ရဲပေ။

ပိုင်ယွီမင်၏အမူအရာကို မြင်ချိန်တွင် မော့ရှုလင်၏ သံသယများက ပိုမိုနက်ရှိုင်းလာလေသည်။ 

သူက စမ်းသပ်သည့်အနေဖြင့် မေးကြည့်လိုက်၏။
"ရှစ်စွမ်း... ရှစ်စွမ်းက အရင်တုန်းက တိုက်ခိုက်တဲ့နေရာမှာပဲ အာရုံစိုက်ခဲ့တာဆိုတော့ တခြားနေရာတွေမှာ သိပ်မကျွမ်းကျင်တာလား..."

"ဟုတ်တယ် ဟုတ်တယ်..." 
ပိုင်ယွီမင်က အမြန်ခေါင်းညိတ်လိုက်၏။ တပည့်ဖြစ်သူက သူ့အစား ဆင်ခြေရှာပေးလိုက်သဖြင့် အသက်ရှူချောင်သွားလေသည်။ 
"ငါ... ငါက တိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့ပဲသိတာ... တခြားအရာတွေကို တကယ်နားမလည်ဘူး... ငါဘာလုပ်နိုင်လဲဆိုတာတောင် မသိဘူး..."

မော့ရှုလင်က ရိုးသားဟန်ဆောင်လိုက်သည်။ 
"ဒါဆိုရင် ရှစ်စွမ်းလုပ်နိုင်မယ့် တာဝန်တချို့ကို ကျွန်တော် ရှာပေးမယ်လေ... ဘယ်လိုလဲ..."

"ကောင်းတယ်... ရှောင်ရှုရှု ရှစ်စွမ်းကို ကူရွေးပေးပါဦး..." 
ပိုင်ယွီမင်က ချက်ချင်း သဘောတူလိုက်၏။ 

သူ့တပည့်လေးက တောင်ကြားကဲ့သို့နက်နဲသည့် အသိဉာဏ်ရှိသော ဆရာတစ်ယောက်ကဲ့သို့ ထက်မြက်လေသည်။

မော့ရှုလင်၏ စိတ်ဝိညာဉ်စွမ်းအားက အစီအရင်ထဲသို့ ဝင်နေသော်လည်း စိတ်ထဲတွင် ထိတ်လန့်နေလေသည်။ 

ယနေ့တွေ့ရသော ပိုင်ယွီမင်က ယခင်က ပိုင်ယွီမင် မဟုတ်ပေ။ 

လူအများမှာ ပိုင်ယွီမင်က တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကိုသာ လုပ်နိုင်သည်ဟု ထင်ကြသော်လည်း အမှန်မှာ ထိုသို့မဟုတ်ပေ။ ဂိုဏ်းချုပ်ဟောင်း၏ဇနီးက ပိုင်ယွီမင်ကို အလိုလိုက်ခဲ့သဖြင့် ပိုင်ယွီမင်အစစ်က တိုက်ခိုက်ရာတွင် အလွန်ညံ့လေသည်။

အကြောင်းပြချက်က ရိုးရှင်းလေသည်။ ပိုင်ယွီမင်က ယုန်မိစ္ဆာတစ်ကောင်ဖြစ်၏။ 

ယုန်မိစ္ဆာများက နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော အရွက်စားမိစ္ဆာများဖြစ်ကာ အများအားဖြင့် အသားစားမိစ္ဆာများ၏ အနိုင်ကျင့်ခြင်းကို ခံရတတ်လေသည်။ သူတို့က ကုသခြင်းဆိုင်ရာမန္တန်များနှင့် အပင်ကြီးထွားစေသည့် မန္တန်များကို အကျွမ်းကျင်ဆုံးဖြစ်ပြီး ရည်မှန်းချက်နှင့်လောဘများ မရှိကြပေ။

ဂိုဏ်းချုပ်ဟောင်း၏ဇနီးက အလွန်သန်မာသော အမျိုးသမီးတစ်ယောက်ဖြစ်ကာ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရလေ့ရှိသဖြင့် ဒဏ်ရာများကို ကုသပေးနိုင်ရန် နူးညံ့သော ယုန်မိစ္ဆာတစ်ကောင်အား တိုက်ခိုက်ရေးအဖော်အဖြစ် စာချုပ်ချုပ်ခဲ့ခြင်းဖြစ်လေသည်။ တစ်နေ့၌ သခင်ဖြစ်သူက အသတ်ခံရလျှင်ပင် ယုန်မိစ္ဆာက သစ္စာမဖောက်ဘဲ သခင်ဖြစ်သူကို ငြိမ်းချမ်းစွာ ထွက်သွားနိုင်အောင် ကူညီပေးနိုင်လေသည်။

ယခင်က ပိုင်ယွီမင်မှာ စစ်မြေပြင်သို့ အတင်းအကြပ် စေလွှတ်ခံရပြီးမှ နာမည်ရလာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူ၏ကျင့်ကြံဆင့်က မြင့်လာသဖြင့် ကျင့်ကြံဆင့်နိမ့်သူများကို ဖိနှိပ်နိုင်ခဲ့ရာမှ ယခုကဲ့သို့ ကျော်ကြားလာခြင်း ဖြစ်လေသည်။ ထို့အပြင် ဂိုဏ်းချုပ်ဟောင်းဇနီး၏ ခက်ထန်သော အကျင့်စရိုက်များက ပိုင်ယွီမင်ထံ ကူးစက်လာသဖြင့် ယခုကဲ့သို့ အရှိန်အဝါမျိုး ရလာခြင်းဖြစ်လေသည်။

ပိုင်ယွီမင်၏ အရည်အချင်းအစစ်အမှန်က စိတ်ဝိညာဉ်အပင်များကို စိုက်ပျိုးခြင်းနှင့် ဆေးဖက်ဝင် အစားအစာများကို ချက်ပြုတ်ခြင်းဖြစ်လေသည်။ 

ပိုင်ယွီမင်၏ ကူညီမှုမရှိလျှင် ဂိုဏ်းချုပ်ဟောင်း၏ဇနီးက မဟာယနအဆင့်ထိ ရှင်သန်နိုင်မည် မဟုတ်ပေ။ မော့ရှုလင်ကလည်း ပိုင်ယွီမင်၏ ထိုပါရမီကို သိထားသဖြင့် ပိုင်ယွီမင်၏တောင်ထိပ်သို့ လာခဲ့ခြင်းဖြစ်၏။ 

စိတ်ဝိညာဉ်အပင်များကို အခြေခံပြီး ဟင်းလျာများ ချက်ပြုတ်နိုင်သည့် ပိုင်ယွီမင်၏စွမ်းရည်မှာ နတ်ဘုရားက ချီးမြှင့်ထားသည့် ရတနာသာဖြစ်ပြီး ရေသောက်ခြင်းနှင့် အစားစားခြင်းကဲ့သို့ ပင်ကိုဗီဇအရ တတ်မြောက်နေခြင်းမဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ပိုင်ယွီမင်က မည်သည့်စွမ်းရည်ကိုမှ မတတ်မြောက်ကြောင်း ပြောဆိုနေလေသည်။ မော့ရှုလင်က သူတို့နှစ်ယောက် အတူနေထိုင်သည့် အချိန်များကို ပြန်စဉ်းစားကြည့်ပြီးနောက် ပိုင်ယွီမင်ထံတွင် ပြဿနာတစ်ခု ရှိနေသည်ဟု ခံစားလိုက်ရလေသည်။ 

ရုတ်တရက် မော့ရှုလင်က ဇဝေဇဝါ ဖြစ်သွားလေသည်။

ငါ့ရှေ့မှာရှိနေတဲ့ ပိုင်ယွီမင်က အတုဆိုရင် အရင်ဘဝက တွေ့ခဲ့တဲ့ ပိုင်ယွီမင်ကရော အတုလား အစစ်လား…

တစ်နည်းအားဖြင့်ဆိုလျှင် ဂိုဏ်းချုပ်ဟောင်း၏ဇနီးက စာချုပ်ကို လုံးဝမဖျက်သိမ်းခဲ့ဘဲ ပိုင်ယွီမင်အစစ်မှာ သူမနှင့်အတူ သေဆုံးသွားခြင်း ဖြစ်နိုင်လေသည်။ ထိုသို့ဖြစ်လျှင် ယခု ရှေ့တွင်ရှိနေသော ပိုင်ယွီမင်နှင့် ယခင်ဘဝမှ ပိုင်ယွီမင်က အတုအယောင် ဖြစ်နိုင်လေသည်။ ပိုင်ယွီမင်က အပြုံးခေါင်းဖြူမိစ္ဆာ စေလွှတ်လိုက်သော သူလျှိုတစ်ယောက်ပင် ဖြစ်နေနိုင်လေ၏။ 

စဉ်းစားလေလေ ပိုပြီးရှုပ်ထွေးလေလေ ဖြစ်သဖြင့် မော့ရှုလင်က အတွေးများကို ရပ်တန့်လိုက်လေသည်။

သူ့မျက်လုံးထောင့်မှ ကြည့်လိုက်ချိန်တွင် ပိုင်ယွီမင်က ‘မိစ္ဆာကိုယ်လုပ်တော်က ဗိုက်ကြီးပြီး ထွက်ပြေးသွားတယ်’ ဟူသော ဝတ္ထုစာအုပ်အား ဖတ်နေသည်ကို မြင်ချိန်တွင် မော့ရှုလင်၏ မျက်ဝန်းများက လှုပ်ခတ်သွားလေသည်။ 

ဒီယုန်မိစ္ဆာရဲ့ ဉာဏ်ရည်နဲ့ လောကသုံးပါးကို ဖျက်ဆီးမယ့် တာဝန်ကို ဘယ်လိုများယူနိုင်မှာလဲ…

သို့ရာတွင် သူ ဂရုစိုက်နေရန် မလိုပေ။ သူ့ပန်းတိုင်မှာ စိတ်ဝိညာဉ်ကျောက်တုံးများစွာရှာရန်နှင့် အပြုံးခေါင်းဖြူမိစ္ဆာ၏ သတင်းကို စုံစမ်းရန် ဖြစ်လေသည်။ လက်စားချေနိုင်လျှင် လက်စားချေမည်ဖြစ်သည်။ စိတ်ဝိညာဉ်ကျောက်တုံးများရှိလျှင် မိစ္ဆာ၏သတင်းကို ရနိုင်သဖြင့် မည်သည်ကိုမှ မလုပ်နိုင်သည့် အခြေအနေမျိုးကို ရှောင်ရှားရမည်ဖြစ်သည်။ 

သူက အပြုံးခေါင်းဖြူမိစ္ဆာ၏ ဝိညာဉ်ဖမ်းမှော်လက်နက်အား ခိုးယူနိုင်မည့် အခွင့်အရေးကိုလည်း ရှာဖွေချင်လေသည်။ သူ့မိဘနှင့် မိတ်ဆွေများအား လူပြန်ဝင်စားအောင် မလုပ်နိုင်လျှင်ပင် အနည်းဆုံး သူ့မိသားစုများကို မိစ္ဆာ၏လက်နက်အဖြစ် အသုံးချခံနေရသည်ကို မမြင်ချင်တော့ပေ။

မော့ရှုလင်က ပိုင်ယွီမင်လုပ်နိုင်မည့် တာဝန်အချို့ကို ရှာဖွေပေးပြီးနောက် ပစ္စည်းအချို့ကိုယူကာ ယွဲ့ရွှယ်တောင်ထိပ်သို့ ပြန်လာကြလေသည်။

သို့ရာတွင် ပိုင်ယွီမင်က စာကို ကောင်းကောင်းမရေးတတ်ရုံသာမက စုတ်တံကိုင်ပုံပင် မှားယွင်းနေမည်ဟု သူ မထင်ထားခဲ့ပေ။

"ရှစ်စွမ်း... ရှစ်စွမ်းက နေ့တိုင်း ဝတ္ထုတွေဖတ်နေတာ မဟုတ်ဘူးလား..." 

မော့ရှုလင်က စာရွက်ပေါ်ရှိ ကောက်ကောက်ကွေးကွေးနှင့် မစုံမလင်ဖြစ်နေသော စာလုံးများကို မြင်ချိန်တွင် မျက်မှောင်ကြုတ်လိုက်လေ၏။

ဤတာဝန်က အလွန်ရိုးရှင်းလေသည်။ စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့များကို ကူးယူပြီး စာလုံးများအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းပေးရုံသာ ဖြစ်လေသည်။ ဤအဆောင်လက်ဖွဲ့ကို အသုံးပြုခြင်းဖြင့် တပည့်များမှာ မသိနားမလည်သော မန္တန်များ၏ လှည့်စားမှုကို မခံရအောင် ကာကွယ်ပေးနိုင်လေသည်။ ကူးရေးသူ၏ ကျင့်ကြံဆင့်က မြင့်လေလေ အာနိသင်က ပိုပြီးထက်မြက်လေလေ ဖြစ်လေသည်။

ပိုင်ယွီမင်က ရှက်ရွံ့စွာဖြင့် ချောင်းဟန့်ကာ ပြောလိုက်၏။ 
"ငါ... ဒါက ငါ့ရဲ့ ကိုယ်ပိုင်လက်ရေးမူလေ..."

မော့ရှုလင် “...........”

မော့ရှုလင်က တူသယောင်ရှိသော်လည်း လုံးဝကွဲပြားနေသည့် စာလုံးများကို ငုံ့ကြည့်ပြီးနောက် အလွန်မျက်နှာပြောင်သော သူ့ရှစ်စွမ်းကို မော့ကြည့်ကာ ပြောလိုက်လေသည်။ 
"ရှစ်စွမ်းရဲ့ လက်ရေးက တကယ်ကို ထူးခြားတာပဲ..."

"အင်း... ဒီလိုကူးရေးရင်ရော ရပါ့မလား..." 
ပိုင်ယွီမင်က ရှက်ရွံ့စွာဖြင့် မေးလိုက်၏။ 

ပစ္စည်းကုန်ကြမ်းများ၏ ကုန်ကျစရိတ်များကို တာဝန်ဆုကြေးထဲတွင် ထည့်တွက်ပြီး ပေးသဖြင့် ပစ္စည်းများ ပြန်မအပ်နိုင်လျှင် ပိုက်ဆံဆုံးမည် ဖြစ်လေသည်။

"ရပါတယ်..."
ထို့ကြောင့် မော့ရှုလင်က စိတ်ပျက်နေခြင်းဖြစ်၏။ 

ကြည့်ရဆိုးသော စာလုံးများဖြစ်သော်လည်း စိတ်သန့်စင်သည့် အဆောင်လက်ဖွဲ့က အကျိုးအာနိသင်ရှိနေဆဲ ဖြစ်လေသည်။ သို့ရာတွင် ထိုအဆောင်လက်ဖွဲ့ကို အသုံးပြုမည့်တပည့်၏ ခံစားချက်ကိုမူ မတွေးရဲတော့ပေ။

🐰🐰🐰

Search Novels