🐰 Chapter 11


အမှန်တရားက သက်သေပြလိုက်သည်မှာ ယဲ့ချင်းလင်ပြောသကဲ့သို့ပင် နှစ်ကြိမ်သုံးကြိမ်ခန့် နှင်းများ အပြင်းအထန်ကျပြီးနောက် သက်ကယ်အိမ်လေးက ပြိုကျသွားလေသည်။ 

မော့ရှုလင်က ဤနေရာကို ခိုင်ခံ့အောင် မည်မျှပင် ကြိုးစားထိန်းသိမ်းခဲ့စေကာမူ ထိုညတွင် တိုက်ခတ်လာသော ပထမဆုံး လေပြင်းအောက်၌ သက်ကယ်အိမ်လေးက ပြိုကျပျက်စီးသွားခဲ့လေသည်။

ဓားကဲ့သို့ ထက်မြက်သော လေများက နှင်းများနှင့် ရောနှောနေပြီး လူကို အရှင်လတ်လတ် မြှုပ်ပစ်ရန်ပင် လုံလောက်လေသည်။ 

ဘုန်း...

မော့ရှုလင်မှာ တုံ့ပြန်ရန်အချိန်ပင် မရှိလိုက်ပေ။ 

အမိုးတစ်ခုလုံးက ဤကဲ့သို့ ပြိုကျသွားလေ၏။ 

ဝါးဘောင်က မော့ရှုလင်၏ခေါင်းကို ထိမှန်သွားပြီး သူ့အသက်ကို နှုတ်ယူလုနီးပါး ဖြစ်သွားလေသည်။

ပျက်စီးယိုယွင်းနေသော သက်ကယ်အိမ်အိုကြီးကိုပင် ကျေးဇူးတင်ရမည် ဖြစ်သည်။ မော့ရှုလင်၏ ခေါင်းပေါ်သို့ ကျလာသည့် ဝါးလုံးမှာ ပိုးထိုးနေသဖြင့် မော့ရှုလင်၏နဖူးထက် ပျော့နေသောကြောင့် သူ့အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

အမိုးမပြိုကျမီ တစ်ရက်တွင် ပိုင်ယွီမင်က သူ့အား ဆိုဆုံးမခဲ့လေသည်။
"ငါ့ရဲ့ စုတ်ပြတ်နေတဲ့ အိမ်လေးကိုပဲ မကြည့်နဲ့... ‘ရှောင်ရှီရဲ့ကမ္ပည်းစာများ’ ဆိုတာကို ကြားဖူးလား... နတ်ဘုရားရှိရင် တောင်ကမြင့်စရာမလိုဘူး... နဂါးရှိရင် ရေကနက်စရာမလိုပါဘူး... အိမ်က စုတ်ချင်စုတ်ပါစေ ငါကိုယ်တိုင်က မြင့်မြတ်တယ်... ဒါက ဘာကိုပြနေလဲဆိုရင် အိမ်က ဘယ်လိုပုံစံပဲဖြစ်ဖြစ် ပြန်ဆောက်ဖို့အတွက် ဘယ်လောက်ပဲကုန်ကျပါစေ မင်းမှာ ငါရှိနေရင်ရပြီ..."

ပိုင်ယွီမင်က အသံမြှင့်ပြီး ထပ်ပြောလိုက်၏။ 
"ငါရှိနေရင်ရပြီ... ပစ္စည်းဥစ္စာ လုံလုံလောက်လောက်ရှိတာက ကောင်းပေမဲ့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းဖို့အတွက် အဲ့ဒီလို ကြီးကြီးကျယ်ကျယ်ပစ္စည်းတွေ မလိုအပ်ပါဘူး..."

သူ့ရှစ်စွမ်း၏ စာပေပညာက ပြိုင်ဘက်ကင်းသကဲ့သို့ သူ့မျက်နှာကလည်း အလားတူ ပြိုင်ဘက်ကင်းလေသည်။ 

ထို့ကြောင့် မော့ရှုလင်က တပည့်တစ်ယောက်အနေဖြင့် ပိုင်ယွီမင်၏ ပြိုင်ဘက်ကင်း အလှတရားကိုကြည့်ပြီး သက်ပြင်းချကာ သူ့ရှစ်စွမ်းပြောသမျှ အဓိပ္ပာယ်မရှိသည့် စကားများကို မငြင်းနိုင်ဘဲ ခေါင်းညိတ်လက်ခံခဲ့ရလေသည်။

သို့ရာတွင် အိမ်ကကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မော့ရှုလင်က ဂရုမစိုက်ချေ။ 

သူက ဘဝနှစ်ခုတွင် ရှင်သန်ခဲ့ဖူးသူဖြစ်သဖြင့် ဤကဲ့သို့ ပစ္စည်းများကို ဂရုမစိုက်တော့သည်မှာ ကြာပြီဖြစ်သည်။ ပိုင်ယွီမင်က သူ့အား နေစရာပေးထားသည်ကိုပင် ကျေးဇူးတင်နေ၏။ 

ထို့အပြင် မည်မျှပင် ကောင်းမွန်သည့်အိမ်တွင် နေရစေကာမူ အိမ်က တစ်ဖက်လူ၏အိမ်ဖြစ်ပြီး သူ့အိတ်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးကသာ သူ့အပိုင်ဖြစ်သည်။ 

မော့ရှုလင်က ကလေးတစ်ယောက် မဟုတ်သဖြင့် ပိုက်ဆံမရှိဘဲ ခမ်းနားသော နေရာတွင် နေရသည်ထက် စိတ်ဝိညာဉ်ကျောက်တုံးများရှိပြီး သက်ကယ်အိမ်တွင် နေရသည်ကို ပိုမိုလိုလားလေသည်။

သို့ရာတွင် ပိုင်ယွီမင်က ဖြူစင်သော်လည်း သူ့ပါးစပ်ကမူ ကံဆိုးမည်ဟု မထင်ထားခဲ့ပေ။ သက်ကယ်အိမ်လေးက နှစ်ပေါင်းများစွာ တောင့်ခံလာခဲ့ပြီး မည်သည်မှ မဖြစ်ခဲ့သော်လည်း ယမန်နေ့က ပိုင်ယွီမင်ပြောပြီးသည်နှင့် နောက်တစ်နေ့တွင် ယိုယွင်းနေသည့်အိမ်က ပြိုကျသွားခဲ့လေသည်။

မော့ရှုလင်သတိပြန်ရလာပြီးနောက် အပျက်အစီးများကြားမှထွက်ကာ ပြိုကျနေသည့် ခေါင်မိုးကိုနင်းလျက် နှင်းများကြားတွင် ပိုင်ယွီမင်ကို အပြေးအလွှား လိုက်ရှာလေသည်။ 

ပိုင်ယွီမင်ကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။ အပျက်အစီးများအောက်သို့ အော်ခေါ်သော်လည်း ပိုင်ယွီမင်၏ အသံကို မကြားရပေ။ 

မော့ရှုလင်မှာ ထိုယုန်ကို အသံကျယ်ကျယ် မအော်ရဲသဖြင့် ဆောင့်ကြောင့်ထိုင်ကာ တိတ်တဆိတ် ကျိန်ဆဲလိုက်ပြီး သက်ပြင်းချလိုက်လေသည်။

မော့ရှုလင်က သူ့မှတ်ဉာဏ်ထဲရှိ မြက်အသိုက်ရှိမည့်နေရာတွင် ရပ်လိုက်ပြီး အပျက်အစီးများကို ဂရုတစိုက် ဖယ်ရှားလိုက်လေသည်။ 

တစ်ခဏအကြာတွင် မော့ရှုလင်က မထင်မှတ်ထားသည့် အရာတစ်ခုကို တွေ့လိုက်ရလေ၏။ 

အပျက်အစီးများအောက်တွင် ခြေလေးချောင်းဆန့်ပြီး အိပ်ပျော်နေသည့် ယုန်ဖြူကြီးတစ်ကောင် ရှိလေသည်။ 

၎င်းက အလွန်ပင် ဝဖြိုးနေသည့် ယုန်တစ်ကောင်ဖြစ်၏။ ဝဝတုတ်တုတ်နှင့် သူ့အမွေးများက နှင်းကဲ့သို့ဖြူဖွေးကာ ဝါဂွမ်းထက်ပင် နူးညံ့နေပြီး မြက်အသိုက်တစ်ခုလုံးတွင် သူ့ခန္ဓာကိုယ်က အပြည့်ဖြစ်နေလေသည်။ ထိုယုန်မှာ အလွန်ဝနေသဖြင့် ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိကာ ပြိုင်ဘက်ကင်းလှပသည့် မဟာယနအဆင့်ရှိသော သူ့ရှစ်စွမ်း ဟုတ်မဟုတ်ကို မော့ရှုလင် မသေချာပေ။ 

သို့ရာတွင် ယခုအချိန်မှာ မည်သည့်အတွက်ကြောင့် ရှစ်စွမ်းက အလွန်ဝနေသည်ကို တွေးရမည့်အချိန် မဟုတ်ပေ။

"ရှစ်စွမ်း... ရှစ်စွမ်း..."
မော့ရှုလင်က ခပ်တိုးတိုး ခေါ်လိုက်၏။ 

သူက ပိုင်ယွီမင်ကို အလွယ်တကူ မထိရဲပေ။ အကြောင်းမူကား ပိုင်ယွီမင်၏ တုံ့ပြန်မှုကြောင့် သူလွင့်ထွက်သွားပြီး ထိခိုက်မိမည်ကို ကြောက်သောကြောင့် ဖြစ်လေသည်။ 

ပိုင်ယွီမင်က အနိုင်ကျင့်ရလွယ်ပုံပေါ်သော်လည်း မဟာယနအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သဖြင့် အလွယ်တကူ အနိုင်မကျင့်နိုင်ပေ။ မဟုတ်လျှင် လူတိုင်းက ကျင့်ကြံကြမည် မဟုတ်ပေ။ လူများက ကျင့်ကြံရခြင်း၏ ရည်ရွယ်ချက်မှာ မည်သည့်မိစ္ဆာမှ မတိုက်ခိုက်နိုင်သည့် ကြီးမားသောအင်အားကို ရရှိရန် ဖြစ်လေသည်။

လေတိုက်သံများက အလွန်ကျယ်လောင်နေသဖြင့် မော့ရှုလင်၏ ခပ်တိုးတိုးခေါ်သံကို မကြားရပေ။ ပိုင်ယွီမင်က နိုးမလာရုံသာမက နားရွက်များပင် မလှုပ်ချေ။

"ရှစ်စွမ်း..."
မော့ရှုလင်က ကျယ်လောင်စွာဖြင့် အော်လိုက်၏။ 

ဤတစ်ကြိမ်တွင်မူ ပိုင်ယွီမင်က တုံ့ပြန်လာလေသည်။ 

ယုန်ဝတုတ်လေးက နှစ်ကြိမ်ခန့် ညည်းတွားလိုက်ပြီးနောက် ခြေထောက်များကို ကန်လိုက်လေသည်။ သူ့အိပ်မက်ကို နှောင့်ယှက်သည့်အသံအား ကန်ထုတ်ချင်နေသကဲ့သို့ ဖြစ်လေ၏။ 

မော့ရှုလင်မှာ ရင်းနှီးသောအသံကို ကြားလိုက်ရသဖြင့် ဤယုန်ဝတုတ်က သူ့ရှစ်စွမ်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။ အခြားယုန်တစ်ကောင်က တောင်ပေါ်သို့ ရောက်လာပြီး ရှစ်စွမ်း၏မြက်အသိုက်ကို လုယူထားခြင်းမဟုတ်ပေ။

"ရှစ်စွမ်း..."
မော့ရှုလင်က ထပ်ပြီးခေါ်လိုက်၏။ 

ဤတစ်ကြိမ်တွင် ပိုင်ယွီမင်က တစ်ဖက်သို့ လှည့်သွားပြီး သူ့ခန္ဓာကိုယ်ကို လုံးနေအောင် ကွေးလိုက်လေ၏။ နားရွက်တစ်စုံကိုလည်း ယုန်လက်များဖြင့် ခေါင်း၏ ဘေးတစ်ဖက်စီတွင် ဖိထားလေသည်။ ထိုကိုယ်ဟန်အနေအထားကြောင့် အမြီးတိုလေးက ထောင်တက်လာပြီး မော့ရှုလင်ဘက်သို့ ရောက်နေလေ၏။ 

မော့ရှုလင် “........”

ငါ ဒေါသထွက်နေတယ်ဆိုပေမဲ့ ရှစ်စွမ်းရဲ့အမြီးလေးကို တကယ်ထိကြည့်ချင်တယ်...

ပိုင်ယွီမင်က မအိပ်ဘဲ ဝတ္ထုများကို ဖတ်နေခဲ့သဖြင့် စားသောက်ပြီးနောက် အိပ်ပျော်သွားခြင်း ဖြစ်နိုင်လေသည်။ ယခုက သူအိပ်ပျော်နေချိန်ဖြစ်သဖြင့် မည်သူကမှ နှိုးနိုင်မည် မဟုတ်ပေ။

 á€™á€ąá€Źá€ˇá€›á€žá€Żá€œá€„်က လက်လျှော့လိုက်ပြီး ထိုင်ချကာ နှင်းဒဏ်ကို အံတုနိုင်သည့် စိတ်ဝိညာဉ်ထီးတစ်ချောင်းကို ထုတ်၍ ပိုင်ယွီမင်နိုးလာမည့်အချိန်ကို စောင့်နေလိုက်လေသည်။ 

သူက ထိုင်နေလျက် မန္တန်များနှင့် ဓားသိုင်းများကို စိတ်ထဲတွင် အကြိမ်ကြိမ် စဉ်းစားနေလေသည်။ သို့ရာတွင် သူက မျက်လုံးကို အကြိမ်ကြိမ်ဖွင့်ကြည့်ကာ ယုန်ဝတုတ်လေးကို ကြည့်နေမိလေ၏။

ရှစ်စွမ်းက လုံးလုံးလေး...

ခြေထောက်တွေကလည်း သေးသေးလေး... 

အမြီးသေးသေးလေးလည်းရှိတယ်... 

ငါတကယ် ထိကြည့်ချင်လိုက်တာ... 

မဖြစ်ဘူး မဖြစ်ဘူး…

မော့ရှုလင်က မျက်လုံးကို အမြန်မှိတ်ကာ လမ်းမှားမရောက်အောင် ထိန်းချုပ်လိုက်၏။ 

သို့ရာတွင် မော့ရှုလင်က မကြည့်လိုက်ရမည်ကိုလည်း စိုးရိမ်နေလေသည်။ ယခုမြင်တွေ့နေရသည့် အခွင့်အရေးကို အသုံးမချလျှင် ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သည့်အချိန်မှ ထပ်ရနိုင်မည်ကို မသိပေ။ 

မော့ရှုလင်က ဝေခွဲမရဖြစ်နေပြီး မိုးလင်းသည်အထိ ရုန်းကန်နေခဲ့လေသည်။ ပိုင်ယွီမင်နိုးလာသည့်တိုင်အောင် တိကျသောအဖြေကို မရခဲ့ပေ။ 

နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ယုန်ဝတုတ်လေးက ခန္ဓာကိုယ်ကို တစ်ပတ်ပြီးတစ်ပတ် လှိမ့်နေသဖြင့် ယုန်ဝတုတ်လေးတွင် ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိသည်ကို သိလိုက်လေသည်။ ကြောင်များကသာ ပျော့ပျောင်းနိုင်သည် မဟုတ်ဘဲ မဟာယနအဆင့်ထိ ကျင့်ကြံထားသော ယုန်ဝတုတ်များကလည်း ပျော့ပျောင်းကာ လှုပ်ရှားမှုမျိုးစုံ လုပ်နိုင်သည်ကို တွေ့လိုက်ရလေသည်။

နေထွက်လာပြီ ဖြစ်လေသည်။ 

တစ်ညလုံး အပြင်းအထန် တိုက်ခိုက်နေသည့်လေက နောက်ဆုံးတွင် ပင်ပန်းသွားပုံရလေ၏။ 

ရှက်စရာကောင်းအောင် ပျက်စီးနေသည့် သက်ကယ်အိမ်ကလည်း နှင်းဖြူဖြူများအောက်တွင် ဖုံးလွှမ်းသွားခဲ့ပြီး ယွဲ့ရွှယ်တောင်ထိပ်တွင် တိတ်ဆိတ်ငြိမ်သက်မှုက ပြန်လည်စိုးမိုးလာခဲ့လေသည်။ ထိုအချိန်တွင် မြေခွေးဖြူလေးတစ်ကောင်က နှင်းများပေါ်တွင် ခုန်ပေါက်ပြေးလွှားနေသဖြင့် ယွဲ့ရွှယ်တောင်ထိပ်ကို သက်ဝင်လှုပ်ရှားစေလေသည်။

"တပည့်လေးက စောလှချည်လား..."
အိပ်ချင်မူးတူးဖြစ်နေသည့် ပိုင်ယွီမင်က မည်သည်ကိုမှ မစဉ်းစားချင်ပေ။ သူက မော့ရှုလင်ကို ဘေးတွင် မြင်လိုက်ရသဖြင့် အလိုအလျောက် နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

တစ်ညလုံးမအိပ်ရသေးသည့် မော့ရှုလင် “.........”

"ရှစ်စွမ်း... ကောင်းသောမနက်ခင်းပါ...” 

“ဒီနေ့လေက အရမ်းလတ်ဆတ်တာပဲ... လှလိုက်တာ"

ယုန်ဝတုတ်လေးက မြက်အသိုက်ပေါ်တွင် ပက်လက်လှန်နေကာ ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်၏။ 

မော့ရှုလင်မှာ ထိုအဖြူရောင်ဝတုတ်အလုံးလေးက ကိုယ်လက်ဆန့်ပြီးနောက် အလုံးလေးပုံစံသို့ ပြန်ရောက်သွားသည်ကို ကြည့်နေမိလေသည်။ 

ပိုင်ယွီမင်၏ ချစ်စရာကောင်းသောပုံစံကြောင့် မော့ရှုလင်၏ နှလုံးသားက လှုပ်ရှားလာသော်လည်း သူ့အမူအရာတွင် မည်သည်ကိုမှ ထုတ်ဖော်မပြနေပေ။ သို့ရာတွင် မျက်ဝန်းထဲ၌ မကျေနပ်သည့် အရိပ်အယောင်များက အနည်းငယ် ရှိနေလေ၏။
"ရှစ်စွမ်း... ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး..."

ယုန်ဝတုတ်လေးက သမ်းဝေလိုက်ကာ မျက်လုံးကို မှိတ်ထားဆဲဖြစ်ပြီး ပေါ့ပေါ့တန်တန်ဖြင့် ပြန်ဖြေလိုက်၏။ 
"အင်း... နှင်းတွေ အများကြီးပဲ... အရမ်းလှတယ်"

မော့ရှုလင် “.......”

ထားလိုက်တော့... မလိုတော့ဘူး... ဒေါသမထွက်နဲ့... ရှစ်စွမ်းကို လေးစားရမယ်.. စိတ်ကို တည်တည်ငြိမ်ငြိမ်ထား… 

မော့ရှုလင်က ကိုယ့်ကိုယ်ကိုယ် ဆုံးမသည့်စကားများကို စိတ်ထဲတွင် အသံတိတ် ရွတ်ဆိုနေလေသည်။
"ရှစ်စွမ်း... အိမ်ပြိုသွားပြီ..."

“ဟမ်... ဘာဖြစ်တယ်...”

ယုန်ဝတုတ်လေးက ထခုန်လိုက်ပြီး ဝဝကစ်ကစ် ခန္ဓာကိုယ်လေးကို ခြေလေးချောင်းဖြင့် ထောက်လိုက်လေသည်။ ထို့နောက် ခေါင်းလှည့်ပြီး ပတ်ဝန်းကျင်ကို အထပ်ထပ်အခါခါ ကြည့်လိုက်၏။
"ငါ့အိမ်လေးပြိုသွားပြီလား..."

ယုန်ဝတုတ်လေးက မယုံနိုင်သည့်ပုံစံဖြင့် သူ့မျက်နှာကို ယုန်လက်သည်းများဖြင့် အုပ်လိုက်လေသည်။

ငါ့အိမ်စုတ်လေး မရှိတော့ဘူး...

မော့ရှုလင်က ယုန်အမြီးလေးကို မျက်တောင်မခတ်ကြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တည်တည်ငြိမ်ငြိမ်ထားရန် သတိပေးနေလေသည်။ 

စိတ်ဝိညာဉ်ကျောက်တုံး... စိတ်ဝိညာဉ်ကျောက်တုံး... သွားမထိနဲ့... စိတ်ဝိညာဉ်ကျောက်တုံး... စိတ်ဝိညာဉ်ကျောက်တုံး... သွားမထိနဲ့…

ပိုင်ယွီမင်မှာ သူ့အိမ်စုတ်လေး ပြိုကျသွားသည်ကို ယုံကြည်သွားပြီးနောက် ယခင်က မရှိခဲ့ဖူးသည့် ရှစ်စွမ်းတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးစားလိုက်လေသည်။
"အဟမ်း…ကြည့်စမ်း... ဒီအိမ်က စိတ်ဓာတ်မခိုင်ခံ့ဘူး... အဲ့ဒါကြောင့် ငါချီးကျူးတာကို မခံနိုင်တာ... ရှောင်ရှုရှု... ဒါကို သင်ခန်းစာယူလို့ရတယ်..."

မော့ရှုလင် “..........”

ဤအိမ်အိုကြီးကို ကုန်ကျစရိတ် လုံးဝမရှိဘဲ ပြင်ထားခြင်းဖြစ်ရာ အကြိမ်တစ်သောင်းခန့် ချီးကျူးလျှင်လည်း အသုံးမဝင်ပေ။

🐰🐰🐰

🐰 Chapter 12


အိမ်က ပြိုကျသွားပြီဖြစ်သဖြင့် ပြန်လည်ပြင်ဆင်ရန် နည်းလမ်းရှာရတော့မည်ဖြစ်သည်။ 

ယုန်ဝတုတ်ကလေးမှာ ယခုအချိန်တွင် နှုတ်ခမ်းဆူနေသည့် ယုန်လေးတစ်ကောင် ဖြစ်နေလေ၏။ သူက အပျက်အစီးများအောက်မှ အဝတ်အစားများနှင့် သိုလှောင်အိတ်များကို ရှာဖွေယူလိုက်လေသည်။ စုဆောင်းထားသည့် စားစရာများက ညစ်ပတ်သွားသည့်အတွက် ပူဆွေးဝမ်းနည်းရန်လည်း မမေ့ခဲ့ပေ။ 

ပဲနက်စွပ်ပြုတ်က ယခုအချိန်တွင် ဖုန်များအပြည့်ဖြစ်နေသဖြင့် သောက်၍မရတော့ပေ။ သို့ရာတွင် ဂျုံမုန့်နှင့် နှမ်းကပ်မုန့်များကမူ ဖုန်ခါလိုက်လျှင် စား၍ရသေးလေသည်။

မော့ရှုလင်မှာ သူ၏ယုန်ဝတုတ်ရှစ်စွမ်းက ဖုန်ပေနေသည့် စားစရာများအား သိုလှောင်အိတ်ထဲသို့ ပြန်ထည့်နေသည်ကို ကြည့်နေမိတော့လေသည်။ 

ရှစ်စွမ်း၏ ဤကဲ့သို့ ဆင်းရဲနွမ်းပါးသည့် အခြေအနေကိုကြည့်ပြီး အိမ်ဆောက်မည့်လမ်းခရီးက ရှည်လျားခက်ခဲမည်ကို ခန့်မှန်းမိလိုက်လေသည်။ 

ယုန်ဝတုတ်လေးက သိုလှောင်အိတ်ထဲကို နှိုက်ကြည့်သော်လည်း မည်သို့ပင်ရှာစေကာမူ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် ရှာမတွေ့ပေ။ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် မရှိခြင်းမှာ အမှန်ပင် ရှက်စရာကောင်းလေသည်။

အကြောင်းမူကား ပိုင်ယွီမင်က ပုံမှန်အားဖြင့် အလုပ်မလုပ်သလို ဂိုဏ်းအတွက် အကျိုးပြုသည့် ကိစ္စများလည်းမရှိသဖြင့် လတိုင်း သူရရှိသည့် ပမာဏမှာ အခြေခံရရှိသည့် စိတ်ဝိညာဉ်ကျောက်တုံးများသာ ဖြစ်လေသည်။ ထိုပမာဏက တံခါးစောင့်တပည့်များရသည်ထက် အနည်းငယ်သာ ပိုလေ၏။ 

မော့ရှုလင်က လျန်ကျီဂိုဏ်း၏ တပည့်တစ်ယောက်အနေဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးရသော်လည်း ဂိုဏ်း၏ အပျင်းဆုံးအကြီးအကဲဖြစ်သည့် ပိုင်ယွီမင်မှာမူ အနိမ့်ဆုံးပမာဏဖြစ်သည့် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးသာ ရလေသည်။

စိတ်ဝိညာဉ်ကျောက်တုံးပမာဏက အလွန်မများသော်လည်း ဤသည်မှာ အခြေခံရရှိငွေ ဖြစ်လေသည်။ 

အမှန်တကယ် အလုပ်လုပ်ချင်လျှင် အကြီးအကဲများအနေဖြင့် တာဝန်အချို့ကို လက်ခံရုံဖြင့်ပင် အလွန်ချမ်းသာနိုင်လေ၏။ 

အလုပ်ကြိုးစားသော အကြီးအကဲများမှာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်ရရှိနိုင်လေသည်။ ပိုင်ယွီမင်၏ ကျင့်ကြံရေးအဆင့်အရ လတိုင်း အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာခန့်ရရန် အလွန်မခက်ခဲပေ။ 

အကယ်၍ လက်မှုပညာကျွမ်းကျင်လျှင်လည်း တောင်ပေါ်တွင်သာနေပြီး စီးပွားရှာနိုင်လေသည်။

စိတ်ဝိညာဉ်အပင်များ၊ ဆေးလုံးများ၊ မှော်လက်နက်များ၊ အဆောင်လက်ဖွဲ့များ စသည့် ရောင်းရနိုင်သည့် အရာများကို ဝင်ငွေအဖြစ် ပြောင်းလဲနိုင်ပြီး လျန်ကျီဂိုဏ်းထဲတွင်လည်း အရောင်းအဝယ်ကိစ္စများအတွက် တာဝန်ယူထားသည့် လူသီးသန့် ရှိလေသည်။ 

တစ်လတစ်ခါ အပြင်တပည့်များကို သင်ကြားပေးခြင်း သို့မဟုတ် ဂိုဏ်းလက်အောက်ရှိ ဆိုင်တစ်ဆိုင်တွင် ထိုင်ပေးခြင်း စသည့်ကိစ္စများကို လုပ်လျှင်ပင် ပိုင်ယွီမင်ကဲ့သို့ ဆင်းရဲမည်မဟုတ်ပေ။ 

ပိုင်ယွီမင် ဤကဲ့သို့ ဆင်းရဲရသည့် အကြောင်းရင်းမှာ အပျင်းကြီးပြီး အစားမက်ကာ ငွေမစုသောကြောင့် ဖြစ်လေသည်။ 

သို့ရာတွင် လူတိုင်း၌ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိကြ၏။ ပိုင်ယွီမင်က အလုပ်မလုပ်ချင်လျှင် လျန်ကျီဂိုဏ်းကလည်း ပိုင်ယွီမင်ကို အလုပ်လုပ်ရန် တွန်းအားပေးမည် မဟုတ်ပေ။ 

‘စစ်သည်များကို ရက်ပေါင်းတစ်ထောင် လေ့ကျင့်ပေးခြင်းက တစ်ခဏတာ အသုံးချရန်ဖြစ်သည်’ဟု ဆိုသကဲ့သို့ ပိုင်ယွီမင်က မိစ္ဆာအရှင်သခင်ကို တိုက်ခိုက်သည့် အချိန်မျိုးမှသာ အသုံးချရမည့် အင်အားမျိုးဖြစ်သဖြင့် ကျန်သည့်အချိန်များတွင် ပျင်းရိစွာ နေထိုင်သည်ကို ဂိုဏ်းချုပ်က ဂရုမစိုက်ပေ။ 

အမှန်တွင် အထုံပါရမီရှိသူအများစုက တောင်ပေါ်တွင်သာ နေထိုင်ပြီး တိတ်တဆိတ် ကျင့်ကြံကြသည်မှာ မသေမျိုးဖြစ်ရန်အတွက် ဖြစ်လေသည်။ သို့ရာတွင် ထိုပါရမီရှင်များ၌ မိသားစုနောက်ခံ အခိုင်အမာရှိသော်လည်း ပိုင်ယွီမင်ထံတွင်မူ မရှိချေ။

"ရှစ်စွမ်း... တောင်ပေါ်မှာ ကောင်းတဲ့ဂူတချို့ ရှိတယ်... ကျွန်တော်တို့ အိမ်ဆောက်စရာ မလိုပါဘူး...”

ပိုင်ယွီမင်က သိုလှောင်အိတ်ကို အချိန်အတော်ကြာ ရှာဖွေပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် ရှာမတွေ့သည်ကို မော့ရှုလင်မြင်ချိန်တွင် သူ့ရှစ်စွမ်းက ပိုက်ဆံမစုထားသည်ကို သိသွားလေသည်။ 

အိမ်ပြိုပြီးနောက် ဂူထဲသို့ ပြောင်းရွှေ့နေထိုင်မည်ဆိုလျှင် နေ့စဉ်သုံးပစ္စည်းများကိုသာ ရွှေ့ပြောင်းရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့နေလျှင် နေထိုင်မှုပြဿနာကို ဖြေရှင်းပြီးဖြစ်ကာ စိတ်ဝိညာဉ်ကျောက်တုံးကိစ္စကိုလည်း စိတ်ပူရန်မလိုတော့ပေ။

"ခဏတဖြုတ်နေဖို့ကတော့ အဆင်ပြေပါတယ်... ဒါပေမဲ့ ရေရှည်နေတာက မင်းအတွက်မကောင်းဘူး... ဂူက လေဝင်လေထွက် မကောင်းတဲ့အပြင် စိတ်ဝိညာဉ်စွမ်းအားလည်း မလုံလောက်ဘူး... ပြီးတော့ နေရောင်လည်းမရဘူး... ကြာကြာနေရင် ထိုင်းမှိုင်းလာလိမ့်မယ်..."
ယုန်ဝတုတ်လေးက မော့ရှုလင်၏ အကြံပြုချက်ကို ချက်ချင်းငြင်းပယ်လိုက်လေသည်။ 

မော့ရှုလင်မှာ ပိုင်ယွီမင်က သူ့အတွက် စဉ်းစားပေးမည်ဟု မထင်ထားခဲ့ပေ။ 

သို့ရာတွင် ၎င်းက အမှန်တရားဖြစ်၏။

ပိုင်ယွီမင်က တစ်နေ့လုံးတစ်ညလုံး ဝတ္ထုစာအုပ်ဖတ်နေသည့်အပြင် သူ၏မြင့်မားသော ကျင့်ကြံဆင့်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသဖြင့် မည်သည့်နေရာတွင် နေစေကာမူ မထူးခြားပေ။ အိမ်မရှိလျှင် ကောင်းကင်ကို အမိုးလုပ်ပြီး အိပ်နိုင်၏။ 

မိုးရွာသောကြောင့် မဖျားနိုင်သည့်အပြင် မိုးကြိုးကြောင့်လည်း ထိခိုက်မည်မဟုတ်ပေ။ ပိုင်ယွီမင်၏ ကျင့်ကြံဆင့်က သူ့အား ပြင်ပပစ္စည်းများမလိုအောင် ကူညီထောက်ပံ့ပေးထားလေသည်။

သို့ရာတွင် မော့ရှုလင်ကမူ မတူပေ။ သူက ချီသန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးလေသည်။ ယခုအချိန်တွင် ပိကုဆေးစားပြီး အသက်ဆက်နိုင်သော်လည်း နောက်ပိုင်းတွင် သူ့ခန္ဓာကိုယ်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်နှင့် ဆေးဝါးများရှာဖွေရန် လိုအပ်လာမည်ဖြစ်သည်။ ယွဲ့ရွှယ်တောင်ထိပ်တွင် သူ့အတွက် အကောင်းဆုံးနေရာမှာ သက်ကယ်အိမ်သာ ဖြစ်လေသည်။

ဂူက မှောင်ပြီး စိုစွတ်ကာ မိုးရာသီတွင် ရေများလည်း စိမ့်ဝင်နိုင်လေ၏။ 

အခြေအနေက မည်သို့ပင်ဖြစ်စေ မော့ရှုလင်က ပိုင်ယွီမင်အား မြွေများ၊ ပိုးကောင်များ၊ ကြွက်များ၊ ပုရွက်ဆိတ်များနှင့်အတူ ဂူထဲတွင် နေထိုင်မည့်အစား ခိုင်ခံ့သည့် အိမ်တစ်လုံးကို ပြန်ဆောက်စေချင်လေသည်။

ယုန်ဝတုတ်လေးက သက်ပြင်းချလိုက်၏။
"အရင်ဆုံး ပစ္စည်းတွေထားဖို့ တစ်ခုခုရှာကြစို့... မဟုတ်ရင် ဒီအမိုးစုတ်က နှင်းတွေကို ကာနိုင်မှာ မဟုတ်တော့ဘူး... ပြီးမှ အိမ်ဆောက်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး ရှာကြတာပေါ့..."

မော့ရှုလင်က ပိုင်ယွီမင်ထံမှ ဤကဲ့သို့ အမျှော်အမြင်ရှိသည့် စကားမျိုးကို ကြားရမည်ဟု မထင်ထားခဲ့သဖြင့် ယုန်ဝတုတ်လေးအား လေးစားသမှုဖြင့် ကြည့်လိုက်လေသည်။ 

သိုလှောင်အိတ်များရှိနေသဖြင့် ပစ္စည်းများကို သိမ်းဆည်းကာ တစ်နာရီအတွင်း၌ ယာယီရွှေ့ပြောင်းခြင်း ပြီးဆုံးသွားလေသည်။ ယာယီနေထိုင်ရန်သာ ဖြစ်သဖြင့် ဂူကို အကျယ်ချဲ့မနေဘဲ အသင့်အတင့် ကျယ်ဝန်းသော ဂူတစ်လုံးကိုသာ ရှာလိုက်လေသည်။

ဂူကို ပိတ်စအချို့နှင့် ပိုင်းခြားလိုက်ပြီး ဘယ်ဘက်က မော့ရှုလင်၏အိပ်ခန်းဖြစ်ကာ ညာဘက်က ပိုင်ယွီမင်၏ယုန်အသိုက် ဖြစ်လေသည်။ ဂူ၏အလယ်မှ ဝင်ပေါက်နားထိက ဧည့်ခန်းဖြစ်၏။ အထဲတွင် စားပွဲတစ်လုံး၊ ကုလားထိုင်နှစ်လုံးနှင့် ထိုင်ရန်နေရာတစ်ခု ရှိလေသည်။ ချက်ပြုတ်ရန်အတွက်မူ ဂူအပြင်သို့ ထွက်ရမည်ဖြစ်၏။ မီးမွှေးလျှင် နှင်းများအရည်ပျော်ပြီး မြေပြင်က စိုစွတ်သွားနိုင်သဖြင့် ဂူထဲတွင် ချက်ပြုတ်ရန်က အဆင်မပြေပေ။

မော့ရှုလင်၏ အိပ်ရာနှင့်ဗီရိုအတွက် နေရာပေးနိုင်ရန် ပိုင်ယွီမင်၏ အိပ်ခန်းကို နေရာအနည်းငယ်သာ ယူထားသဖြင့် သူ့အိပ်ခန်းမှာ မော့ရှုလင်၏ အိပ်ရာထက်ပင် သေးလေသည်။ မော့ရှုလင်က အလွန်အားနာနေပြီး ဗီရိုကို အပြင်တွင်ထားမည်ဟု အကြိမ်ကြိမ်ပြောသော်လည်း ပိုင်ယွီမင်က ဂရုမစိုက်ပေ။ 

သူက ယုန်တစ်ကောင်ဖြစ်သဖြင့် ကုတင်ပေါ်တွင် အိပ်လေ့မရှိချေ။ သူ့အတွက် နေရာဖြုန်းမည့်အစား တပည့်လေးအတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံအောင် လုပ်ပေးသည်က ပိုကောင်းလေသည်။
ပိုင်ယွီမင်က အဝတ်များနှင့်ကာထားသည့် အိပ်ခန်းထဲတွင် လူအသွင်ပြန်ပြောင်းပြီး အဝတ်အစားများကို ဝတ်လိုက်လေသည်။ ဂူထဲတွင် ကျောက်တုံးနှင့် မြေကြီးများ အပြည့်ဖြစ်နေသဖြင့် ပိုင်ယွီမင်က ဖိနပ်စီးရတော့မည်ဖြစ်၏။ 

မော့ရှုလင်က ထိုခြေဗလာများကို ထပ်မြင်ရန် မလိုတော့သဖြင့် စိတ်ရောကိုယ်ပါ သက်သာရာရသွားလေသည်။

ပိုင်ယွီမင်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ စဉ်းစားနေသည်ကို မြင်ချိန်တွင် မော့ရှုလင်က အရွယ်အစားမတူသည့် အိပ်ခန်းနှစ်ခန်းကိုကြည့်ပြီး အလွန်ပင် အားနာသွားလေ၏။ သူက သိုလှောင်အိတ်ကို ထုတ်ပေးရန် စိတ်ထဲတွင် ရုန်းကန်နေဆဲဖြစ်လေသည်။

"ရှစ်စွမ်း... တပည့်ဆီမှာ အဖိုးတန်ပစ္စည်းတွေ နည်းနည်းလောက် ရှိပါသေးတယ်.. အကြီးအကဲ ရှန့်ကွမ်းကျူးချင်ကလည်း ကျွန်တော့်ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ  á€•္းထဏးပဍတယ်... အိမ်အသစ်ဆောက်ဖို့ ဒီပစ္စည်းတွေအားလုံးကို ကျွန်တော်ပေးချင်ပါတယ်..."

မော့ရှုလင်က လက်နှစ်ဖက်နှင့် သိုလှောင်အိတ်ကိုယူကာ စားပွဲပေါ်တွင် တင်လိုက်လေသည်။ ပိုင်ယွီမင်မှာ သူ့တပည့်လေးက ဤမျှရက်ရောမည်ဟု မထင်ထားပေ။ သို့ရာတွင် သူက ငြင်းပယ်လိုက်၏။

"တကယ်တော့ ဆရာတစ်ယောက်ဖြစ်ရတာကလည်း တန်ဖိုးရှိပါတယ်... တပည့်တစ်ယောက်က ဆရာတစ်ယောက်ရဲ့ စိတ်ကို နားလည်ပေးသင့်တယ်..."

မည်မျှပင် ခက်ခဲနေစေကာမူ သူ့တပည့်လေး၏ ပစ္စည်းများကို မယူနိုင်ပေ။

ဖေးယွင်တောင်ကြားရှိ ပစ္စည်းများက အမှတ်တရပစ္စည်းများ ဖြစ်လေသည်။ ထို့အပြင် ရှန့်ကွမ်းကျူးချင်ပေးထားသည့် စိတ်ဝိညာဉ်ကျောက်တုံးများကလည်း အိမ်အသစ်ဆောက်ရန်အတွက် သမုဒ္ဒရာထဲမှ ရေတစ်စက်စာခန့်သာ ရှိသည်ဖြစ်သဖြင့် မလုံလောက်ပေ။

မော့ရှုလင်ကမူ မယုံကြည်နိုင် ဖြစ်နေလေသည်။ 

သို့ရာတွင် ‘ဆင်ပိန်ကျွဲလောက်’ ဟူသော ဆိုရိုးစကားကဲ့သို့ ပိုင်ယွီမင်က လျန်ကျီဂိုဏ်း၏ အကြီးအကဲ ဖြစ်လာနိုင်သဖြင့် မိသားစုနောက်ခံတစ်ခုခု ရှိနေနိုင်သည်ဟု ခန့်မှန်းလိုက်လေသည်။

ပိုင်ယွီမင်က ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်၏။
“အိမ်ဆောက်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုလဲဆိုတာ သွားကြည့်ကြရအောင်...” 

ပန်းတိုင်ရှိနေသဖြင့် မည်သည့်နေရာတွင် ကြိုးစားရမည်ကို သူသိလေသည်။

လျန်ကျီဂိုဏ်းတွင် လူတိုင်းက ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ကြပြီး ကိုယ့်နေရာတွင်ကိုယ် အခြေချကာ ကိုယ်လိုချင်သည်များကို ရယူကြလေသည်။ 

ချောင်ကုန်းခန်းမဆောင်ထဲတွင် မှော်လက်နက်အမျိုးမျိုး ရှိလေသည်။ အနုစိတ် ထွင်းထုထားသော ကျောက်တုံးများ တွန်တတ်သည့် သစ်သားကြက်ရုပ်များနှင့် လေထဲတွင် ကူးခတ်နေသော အမြီးကြီးကြီး သံရွှေငါးများ ရှိလေ၏။ 

စိတ်ကူးယဉ်ပစ္စည်းများနှင့် မထင်မှတ်ထားသည့် ပစ္စည်းများစွာကို ချောင်ကုန်းခန်းမဆောင်ထဲတွင် တွေ့နိုင်လေသည်။

ပိုင်ယွီမင်ကလည်း ချောင်ကုန်းခန်းမဆောင်ကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး အသက်ဝင်လှသော လက်မှုပစ္စည်းများကို ငေးကြည့်နေမိလေသည်။ 

တပည့်ဖြစ်သူ မော့ရှုလင်ကမူ ပိုင်ယွီမင်နောက်မှ ခေါင်းငုံ့ပြီး ယဉ်ကျေးစွာ လိုက်လာလေသည်။

လမ်းပြပေးနေသည့် တပည့်ငယ်လေးက ဤဆရာတပည့်နှစ်ယောက်ကို ကြည့်ပြီး အလွန်အံ့ဩသွားလေ၏။ ဆရာဖြစ်သူက လောကကြီးကို တစ်ခါမှ မမြင်ဖူးသည့် တပည့်သစ်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး တပည့်ဖြစ်သူကမူ တည်ငြိမ်နေကာ အရာရာကို သိနားလည်သော ဆရာတစ်ယောက်နှင့် တူနေသဖြင့် အမှန်ပင် ထူးဆန်းနေလေသည်။

သို့ရာတွင် သူတို့၏ပုံစံက မည်သို့ပင်ဖြစ်စေကာမူ ချောင်ကုန်းခန်းမဆောင်သခင်က လောကကြီးကို မမြင်ဖူးသေးသည့် ပိုင်ယွီမင်အား ယဉ်ကျေးစွာ ဂါရဝပြုလိုက်လေသည်။- 
“အကြီးအကဲပိုင်... ကျွန်တော် အကြီးအကဲကို လေးစားနေတာကြာပါပြီ...”

🐰🐰🐰

🐰 Chapter 13


“အရမ်းယဉ်ကျေးနေပါပြီ... အင်း... ဒါနဲ့ ဒီကမိတ်ဆွေကို ကျွန်တော်ဘယ်လိုခေါ်ရမလဲ...” 
ပိုင်ယွီမင်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

ပိုင်ယွီမင်၏ အနီရောင်ဝတ်စုံက အလွန်မှတ်မိလွယ်ပြီး သူ၏နက်နဲသော စွမ်းအားများကြောင့် သူ့အား မည်သူကမှ မဆန့်ကျင်ရဲကြပေ။ ဂိုဏ်း၏ အဓိကတောင်ထိပ်သခင်များက အနိမ့်ဆုံး ဟဲ့ရှန်းအဆင့်တွင် ရှိကြပြီး အနီရောင်ဝတ်စုံဝတ်ကာ ဟဲ့ရှန်းအဆင့်ထက်မြင့်သူက အလွန်ရှားပါးလေသည်။ 

ထို့ကြောင့် ဂိုဏ်းသားများက ပိုင်ယွီမင်ကိုမြင်သည်နှင့် တန်းသိကြသော်လည်း ပိုင်ယွီမင်ကမူ ထိုသူမှာ မည်သူဖြစ်သည်ကို မသိပေ။

“ဒီမျိုးဆက်သစ်ရဲ့ မျိုးရိုးက နျဲ့ ပါ... နာမည်ကတော့ ရီဖုန်းပါ... ကျွန်တော်က ချောင်ကုန်းခန်းမဆောင်သခင်ပါ... ဒီခန်းမဆောင်ရဲ့ ကိစ္စရပ်အားလုံးက ကျွန်တော့်မှာ တာဝန်ရှိပါတယ်... အကြီးအကဲပိုင်လိုချင်တာရှိရင် တုံ့ဆိုင်းမနေဘဲ ကျွန်တော့်ကို ပြောလို့ရပါတယ်...”
နျဲ့ရီဖုန်းက ယဉ်ကျေးစွာ မိတ်ဆက်လေသည်။

ဤလောကတွင် ကျင့်ကြံသူများက စွမ်းအားကိုသာ လေးစားကြလေသည်။ 

ကျင့်ကြံဆင့်မြင့်မားသော ပိုင်ယွီမင်ရှေ့တွင် ကျင့်ကြံသူ အနည်းငယ်ကသာ ကိုယ့်ကိုယ်ကိုယ် ဝါကြီးသည်ဟု ပြောဆိုရဲကြလေသည်။ 

ရှန့်ကွမ်းကျူးချင်တစ်ယောက်သာလျှင် သီးသန့်တွေ့ဆုံချိန်၌ ပိုင်ယွီမင်နှင့် ရင်းနှီးသည့်အနေဖြင့် အဆင့်အတန်းကိုလျှော့ပြီး ပြောလေ့ရှိသည်။ အကြောင်းမူကား ပိုင်ယွီမင်မှာ တစ်ခါက မတော်တဆဖြင့် ရှန့်ကွမ်းကျူးချင်အား အစ်ကိုဟု ခေါ်ခဲ့မိသောကြောင့် ဖြစ်လေသည်။

ထိုအခါ ရှန့်ကွမ်းကျူးချင်က ပျော်ရွှင်သွားပြီး ဤယုန်ကလေးက လူသားဘဝတွင် သူ့အား အစ်ကိုဟု ခေါ်ရသည်အထိ သစ္စာရှိသည်ဟု တွေးခဲ့လေသည်။ 

ရှန့်ကွမ်းကျူးချင်၏ ကျင့်ကြံဆင့်က ပိုင်ယွီမင်ကဲ့သို့ မမြင့်သော်လည်း သူက ပိုင်ယွီမင်ထက် အသက်ပိုကြီးလေသည်။ 

လူများက ပိုင်ယွီမင် လူသားအသွင်ပြောင်းပြီးနောက်ပိုင်း အသက်ကိုသာ ရေတွက်ကြပြီး သူ ယုန်ဘဝဖြင့် နေခဲ့သည့် နှစ်များကို ထည့်မတွက်ကြပေ။ ဤသည်မှာ လူသားမျိုးနွယ်က မိစ္ဆာမျိုးနွယ်အပေါ် ခွဲခြားဆက်ဆံသည်ဟု ပိုင်ယွီမင်က ခံစားရလေသည်။ 

ရှန့်ကွမ်းကျူးချင်ကလည်း ကိုယ့်ကိုယ်ကိုယ် ထိုအခေါ်အဝေါ်နှင့် ထိုက်တန်သည်ဟု ယူဆလေ၏။ ဤလောကကြီး၏ သတ်မှတ်ချက်အရ လူသားမျိုးနွယ်က မိစ္ဆာမျိုးနွယ်ထက် အဆင့်အတန်းပိုမြင့်သည်ဟု သတ်မှတ်ထားကြလေသည်။

ထိုအချိန်တွင် ပိုင်ယွီမင်က အနည်းငယ် အရှက်ရသကဲ့သို့ ခံစားရသော်လည်း ရှန့်ကွမ်းကျူးချင်ထံမှ လတိုင်းပို့ပေးသည့် စားကောင်းသောက်ဖွယ်များကို စားပြီးနောက် ရှန့်ကွမ်းကျူးချင်အား အစ်ကိုဟု ခေါ်ရသည်က တန်သည်ဟု တွေးလိုက်လေသည်။ 

အခေါ်အဝေါ်က အပေါ်ယံသာ ဖြစ်သော်လည်း ဗိုက်ထဲရောက်သွားသည့် အစားအစာများက အစစ်အမှန် ဖြစ်လေသည်။

ပိုင်ယွီမင်က သူ့ကိုယ်သူ ယုန်မိစ္ဆာတစ်ကောင်ဟုသာ သတ်မှတ်ထားသဖြင့် အပေါ်ယံ ဂုဏ်ဒြပ်များအတွက် လက်တွေ့ရမည့် အကျိုးကျေးဇူးများကို စွန့်လွှတ်ရန် မလိုပေ။ 

သမိုင်းကို အင်အားကြီးသူများကသာ ရေးသားခြင်း ဖြစ်လေသည်။ 

ပိုင်ယွီမင်က သူ၏ မြင့်မားသည့် ကျင့်ကြံဆင့်ကိုသုံးပြီး အပေါ်စီးမှ မပြောဆိုဘဲ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်လေသည်။
"ခန်းမဆောင်သခင်နျဲ့နဲ့ သိကျွမ်းရတာ ဝမ်းသာပါတယ်...” 

“တပည့်မော့ရှုလင်က ခန်းမဆောင်သခင်ကို ဂါဝရပြုပါတယ်..."
မော့ရှုလင်ကလည်း အရိုအသေပေးလိုက်၏။ 

ပိုင်ယွီမင်က အပိုစကားပြောရသည်ကို မကြိုက်သဖြင့် သူပြောချင်သည့် အကြောင်းအရာကို တိုက်ရိုက်ပြောလိုက်လေသည်။
"ကျွန်တော် အိမ်ဆောက်မလို့ စျေးနှုန်းတွေအကြောင်း မေးချင်လို့ ဒီကို ရောက်လာတာပါ... ခန်းမဆောင်သခင်နျဲ့ ကျွန်တော့်ကို ပြနိုင်မလား..."

"အကြီးအကဲပိုင်က အိမ်အသစ်ဆောက်မလို့လား... ဝမ်းသာစရာပဲ... အကြီးအကဲပိုင်က ဘယ်လိုပုံစံမျိုးကို ကြိုက်ပါသလဲ..."

နျဲ့ရီဖုန်း၏ မျက်လုံးများက ချက်ချင်း တောက်ပသွားလေ၏။ ဤသည်က အရောင်းအဝယ်ကြီး ဖြစ်နိုင်လေသည်။

ပိုင်ယွီမင်က အနည်းငယ် တုံ့ဆိုင်းနေလေ၏။
"ကျွန်တော်က ယွဲ့ရွှယ်တောင်ထိပ်မှာ နေတာပါ... တောင်ပေါ်မှာ ကျွန်တော်နဲ့ ကျွန်တော့်တပည့်ပဲ ရှိပါတယ်... လေနဲ့နှင်းဒဏ်ကို ခံနိုင်ရမယ်... ကုတင်တစ်လုံးနဲ့ စားပွဲတစ်လုံး ပါရမယ်.. နေရတာ သက်တောင့်သက်သာရှိရင် ရပါပြီ... ရှုပ်ထွေးတာတွေ အများကြီးမလိုဘူး... အဲ့ဒါမှ ကျွန်တော့်တပည့်ရဲ့ အာရုံကို မနှောင့်ယှက်မိဘဲ ကျင့်ကြံရင် စိတ်တည်ငြိမ်နိုင်အောင်လို့ပါ..."

မော့ရှုလင် “..........”

နျဲ့ရီဖုန်း “...........”

ဆင်းရဲတာကို ဒီလောက် တစ်ခမ်းတစ်နားဖြစ်အောင် ပြောနိုင်တဲ့လူ ရှိသေးတာလား...

မော့ရှုလင်မှာမူ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေလေ၏။ 

ဤဆင်းရဲပြီး မျက်နှာသာရချင်သည့် ယုန်ဝတုတ်လေးက သူ့ကိုပင် ဆွဲထည့်ပြီး ဤမျှသိမ်နုတ်သည့် တောင်းဆိုချက်လေးကို သူ့အတွက်ဟုပင် ပြောနေလေသည်။ 

အားနေရင် ငါ့ကို အဓိပ္ပာယ်မရှိတဲ့ ဝတ္ထုစာအုပ်တွေ ပေးဖတ်နေတာ ဘယ်သူလဲ…

နျဲ့ရီဖုန်းက ချောင်ကုန်းခန်းမဆောင်သခင်တစ်ယောက်ဖြစ်သဖြင့် သူစကားပြောဖူးသည့် ‌‌ဈေးဝယ်သူများမှာ ပိုင်ယွီမင်ဘဝနှစ်ခုတွင် တွေ့ခဲ့သည့် လူများထက်ပင် ပိုများလေသည်။ ထို့ကြောင့် ပိုင်ယွီမင်ပြောသည့် စကား၏အဓိပ္ပာယ်ကို နားမလည်ဘဲ မနေပေ။

သို့ရာတွင် စီးပွားရေးလုပ်သည်က နွားကို ရေတိုက်ရန် ဆွဲခေါ်သကဲ့သို့ ဖြစ်လေ၏။ နွားက မသောက်ချင်လျှင် အတင်းတိုက်၍မရပေ။ နျဲ့ရီဖုန်းက ဤအရောင်းအဝယ်မှ ပိုက်ဆံများစွာ မရနိုင်သည်ကို သိသော်လည်း သူ့သဘောထားက ပြောင်းလဲမသွားပေ။
"နားလည်ပါပြီ... အကြီးအကဲပိုင်... ဒီဘက်ကို ကြွပါ..."

ပိုင်ယွီမင်နှင့် မော့ရှုလင်ကို သီးသန့်ခန်းအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။ 

ပိုင်ယွီမင်နှင့် နျဲ့ရီဖုန်းက အဓိကထိုင်ခုံတွင် ထိုင်လိုက်ကြ၏။ 

သန့်ရှင်းသပ်ရပ်သည့် ထိုင်ခုံများ၊ လက်ဖက်ရည်နှင့် စန္ဒကူးနံ့သာနံ့များကြောင့် ပိုင်ယွီမင်က စိတ်အပန်းပြေသွားလေသည်။ 

ပုံမှန်အားဖြင့် တပည့်များက ထိုင်ခွင့်မရှိသော်လည်း မော့ရှုလင်က ပိုင်ယွီမင်၏ အတွင်းတပည့်တစ်ယောက်ဖြစ်သဖြင့် နျဲ့ရီဖုန်းက မော့ရှုလင်ကိုပါ ထိုင်ရန် နေရာပေးလိုက်လေသည်။

နျဲ့ရီဖုန်းက လူကောင်းတစ်ယောက်ဟု ပိုင်ယွီမင်က တွေးမိသော်လည်း မော့ရှုလင်ကမူ နျဲ့ရီဖုန်းက သူ့ကိုသုံးပြီး သူ့ရှစ်စွမ်းအိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများကို ပိုရရန် ကြိုးစားနေသည်ကို နားလည်လိုက်လေသည်။

သူတို့သုံးယောက်ထိုင်ပြီးနောက် ချောင်ကုန်းခန်းမဆောင်ရှိ တပည့်များက အိမ်ပုံစံငယ်သုံးခုကို ယူဆောင်လာခဲ့လေသည်။

"ကျွန်တော်က ခန်းမဆောင်သခင်နျဲ့ရဲ့တပည့် ချင်းယန်ပါ... အကြီးအကဲပိုင်နဲ့ ရှစ်စွမ်းကို ဂါဝရပြုပါတယ်..."

ထို့နောက် ချင်းယန်ကာ မော့ရှုလင်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်၏။ 
"မော့ရှစ်တိကိုလည်း မြင်ဖူးပါတယ်..."

ထို့နောက် မော့ရှုလင်ကလည်း အမြန်ထပြီး ပြန်လည်နှုတ်ဆက်လိုက်၏။ 

ချင်းယန်က သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အိမ်ပုံစံငယ်လေးအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ အိမ်က ကြီးလာပြီး လေထဲတွင် ပျံဝဲနေလေသည်။ မကြာမီတွင် ရိုးရှင်းသည်ဟု ထင်ရသော ထိုအိမ်၏ အတွင်းပိုင်းဖွဲ့စည်းပုံများကိုပါ မြင်လိုက်ရလေသည်။ ဤသည်က အမှန်ပင် မှော်ဆန်လှလေသည်။ 

ချင်းယန်က စတင်ရှင်းပြလေ၏။
"ဒီအိမ်ကို 'မင်္ဂလာအိမ်ငယ်' လို့ ခေါ်ပါတယ်။ ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်းတစ်ခန်း၊ စာကြည့်ခန်းတစ်ခန်းနဲ့ မီးဖိုချောင်တစ်ခန်း ပါပါတယ်... ပြီးတော့ စားပွဲ၊ ကုလားထိုင်၊ အိပ်ရာနဲ့ ဗီရိုကအစ ပါပါတယ်... ဒီအိမ်ကို သစ်သားနဲ့ ဆောက်လုပ်ထားတာမလို့ သစ်သားနံ့လေးကိုလည်း ရမှာပါ... ဒီအိမ်ကို ဆောက်ဖို့အတွက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးပဲ လိုအပ်ပါတယ်... အားနည်းချက်ကတော့ သစ်သားနဲ့ ဆောက်ထားတာမလို့ ရေရှည်တော့ မခံပါဘူး..."

ပိုင်ယွီမင်က ခေါင်းညိတ်လိုက်ပြီး ချင်းယန်အကြံပေးသည့်အိမ်က ကောင်းသည်ဟု တွေးလိုက်၏။ စျေးကလည်း အလွန်ချိုလေသည်။ 

အိမ်ဆောက်ရန်အတွက် တပည့် သုံးယောက်မှ ငါးယောက်ခန့်လိုပြီး မြက်ရှင်းခြင်း၊ အုတ်မြစ်ချခြင်း၊ အိမ်ဆောက်ခြင်းနှင့် ပရိဘောဂများလုပ်ရန်အတွက် အနည်းဆုံး ၇ရက်ခန့် ကြာမည်ဖြစ်သည်။ သစ်သားဖိုးကို ထည့်မတွက်ဘဲ လုပ်အားခပင်လျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးတုံးခန့် ကျသင့်မည်ဖြစ်သဖြင့် ဤအိမ်ကို အရင်းစျေးနီးပါး ရောင်းပေးခြင်း ဖြစ်လေသည်။

ပိုင်ယွီမင်က ဤအိမ်ကို သဘောကျသော်လည်း စိတ်ပူနေ၏။ သူ့ထံတွင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် မရှိချေ။ 

ပိုင်ယွီမင်မျက်မှောင်ကြုတ်သွားသည်ကို မြင်ချိန်တွင် ချင်းယန်က နောက်ထပ်အိမ်ပုံစံထဲသို့ စိတ်ဝိညာဉ်စွမ်းအားကို ထည့်ပြီး ဆက်လက်ရှင်းပြလေသည်။ 

ပိုင်ယွီမင်က ချင်းယန်စကားဆုံးသည်အထိ ထိုင်ခုံပေါ်တွင်ထိုင်ကာ စောင့်နေလေသည်။ မော့ရှုလင်က ပိုင်ယွီမင်ကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်နေလေ၏။

ပုံမှန်အားဖြင့် ပစ္စည်းရောင်းချိန်တွင် ရောင်းသူက ရွေးချယ်စရာသုံးခု ပေးလေ့ရှိသည်။ အနိမ့်စျေး၊ အလယ်စျေး၊ အမြင့်စျေး ဟူ၍ဖြစ်၏။ ဝယ်သူများမှာ အလယ်စျေးက အသင့်တော်ဆုံးဟု တွေးတတ်ကြလေသည်။ အမှန်တွင် ဤသည်မှာ ရောင်းသူများ၏ နည်းဗျူဟာတစ်ခု ဖြစ်လေသည်။

"ဒါကတော့ အပန်းဖြေလို့ရတဲ့ အိမ်လေးတစ်လုံးပါ..." 
ချင်းယန်က အပန်းဖြေရန်ဟူသည့် စကားလုံးကို အလေးပေးပြောလိုက်၏။ 

"အိမ်ရဲ့ ဖွဲ့စည်းပုံက အရှေ့ကအိမ်နဲ့ ဆင်တူပေမဲ့ ဒီအိမ်မှာက ရေပူစမ်းပါတဲ့ အနောက်ခြံဝင်းလေးတစ်ခု အပိုပါပါတယ်.."

ရေပူစမ်းဟူသည့် စကားလုံးကို ကြားသည်နှင့် ပိုင်ယွီမင်၏ မျက်လုံးများက ရုတ်တရက် ဝိုင်းစက်သွားလေသည်။ 

ချင်းယန်က ပိုင်ယွီမင်၏ပုံစံကို မြင်ချိန်တွင် သူ့အပြုံးများက ပိုမိုသိသာလာပြီး အသံကလည်း ပိုမိုယုံကြည်မှုရှိလာလေသည်။
"အနောက်ခြံဝင်းထဲမှာ အထူးပြုလုပ်ထားတဲ့ အစီအရင်တွေ ရှိပါတယ်... ဒါက မြေကြီးရဲ့အပူရှိန်ကို စုပ်ယူနိုင်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကိုလည်း စုပ်ယူနိုင်ပါတယ်... ဒီနှစ်ခုပေါင်းစပ်ပြီးတော့ ရေပူစမ်း ဖြစ်လာတာပါ... သူ့မှာ သန့်စင်ပေးနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်... သန့်ရှင်းရေးလုပ်ဖို့ မလိုသလို သစ်ရွက်ခြောက်တွေကိုလည်း လှဲစရာ မလိုပါဘူး..."

"ဒါ မဆိုးဘူး... ဒီအိမ်က စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ..."  
ပိုင်ယွီမင်က မေးလိုက်၏။

အိမ်ကိုကြည့်လေကြည့်လေ သူပိုပြီး သဘောကျလာလေလေ ဖြစ်လေသည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးပဲ ကျသင့်မှာပါ..." 
ချင်းယန်က ဖြေလိုက်၏။

ပိုင်ယွီမင်က ထပ်ပြီးမျက်မှောင်ကြုတ်သွားသည်ကို မြင်ချိန်တွင် နောက်ထပ်အိမ်တစ်လုံးကို ထုတ်ပြလိုက်လေသည်။ 
"ဒီအိမ်မှာလည်း အလားတူအစီအရင်တွေ ပါပါတယ်...  á€’ဍပ္မဲအ ရေပူစမ်းနေရာမှာ ရေချိုးကန်တစ်ခုပဲ ဖြစ်သွားပါမယ်... ဒီအိမ်ကတော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၈၀ ကျသင့်ပါတယ်..."

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးရာနှင့် ညီမျှလေသည်။ စျေးနှုန်းကွာခြားချက်က အလွန်ပင် ကြီးမား၏။ 

သို့ရာတွင် ရေချိုးကန်သည် ရေချိုးကန်သာဖြစ်ပြီး သူရေကူးနိုင်မည့် ရေပူစမ်းပါသော အနောက်ခြံဝင်းနှင့် ယှဉ်လျှင် ကွာခြားချက်က မသေးပေ။

ပိုင်ယွီမင်က မျက်မှောင်ကြုတ်ကာ စိတ်ထဲတွင် ရုန်းကန်နေလေသည်။ 

မော့ရှုလင်က စကားမပြောပေ။

နျဲ့ရီဖုန်းနှင့် ချင်းယန်ကလည်း တိတ်ဆိတ်နေလေ၏။

သူတို့သုံးယောက်အတွက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးဖြစ်စေ၊ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးဖြစ်စေ အလွန်စျေးပေါလေသည်။ 

မော့ရှုလင်က ယခင်ဘဝက မိစ္ဆာအရှင်သခင်ဖြစ်ခဲ့ချိန်တွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသန်းပေါင်းများစွာ အကုန်ခံပြီး နန်းတော်များကို ဆောက်လုပ်ခဲ့သူ ဖြစ်လေသည်။

နျဲ့ရီဖုန်းကလည်း ချောင်ကုန်းခန်းမဆောင်သခင်ဖြစ်သဖြင့် လက်ထဲတွင် အမြဲတမ်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သိန်းနှင့်ချီပြီး တန်ဖိုးရှိသော ရတနာများကို အရောင်းအဝယ် လုပ်နေရသူ ဖြစ်လေသည်။ 

တပည့်တစ်ယောက်ဖြစ်သော ချင်းယန်ပင်လျှင် ဤတန်ဖိုးနည်းသည့်အိမ်ကို ရောင်းချရန် ဤမျှကြိုးစားရသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ သူက နျဲ့ရီဖုန်း၏ တပည့်ဖြစ်သဖြင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးအောက် တန်ဖိုးရှိသည့် မည်သည့် အရောင်းအဝယ်ကိစ္စကိုမှ သူကိုယ်တိုင် ကိုင်တွယ်ရန် မလိုပေ။ ချောင်ကုန်းခန်းမဆောင်တွင် အရောင်းအဝယ်ကိစ္စအတွက် တာဝန်ယူသည့် အပြင်တပည့်များစွာ ရှိလေသည်။

သူတို့နှစ်ယောက်အနေဖြင့် ပိုင်ယွီမင်အား ဤကဲ့သို့ အချိန်ပေးနေရခြင်းမှာ ပိုင်ယွီမင်၏ မြင့်မားသော ကျင့်ကြံဆင့်ကြောင့် ဖြစ်လေသည်။ 

ထို့အပြင် ပိုင်ယွီမင်နှင့် ချန်ဝူတောင်ထိပ်သခင် ရှန့်ကွမ်းကျူးချင်၏ ခင်မင်မှုက ကြီးမားလေသည်။ ရှန့်ကွမ်းကျူးချင်က ဤယုန်မိစ္ဆာအပေါ်  á€™á€Šá€şá€žá€Šá€ˇá€şá€Ąá€á€˝á€€á€şá€€á€źá€ąá€Źá€„အ် ဤမျှ အခွင့်အရေး ပေးထားသည်ကို နျဲ့ရီဖုန်းမသိသော်လည်း ရှန့်ကွမ်းကျူးချင်က အရှုံးခံပြီး လုပ်မည့်လူ မဟုတ်ကြောင်း သူသိလေသည်။ ထို့ကြောင့် ရှန့်ကွမ်းကျူးချင် လုပ်သကဲ့သို့ လိုက်လုပ်ခြင်းက မမှားနိုင်ပေ။

ပိုင်ယွီမင်က နျဲ့ရီဖုန်း၏ နည်းဗျူဟာအတိုင်း အလယ်အလတ်စျေးရှိသောအိမ်ကို ရွေးချယ်မည်ဟု လူတိုင်းက ထင်နေကြစဉ်တွင် ပိုင်ယွီမင်က မေးလိုက်၏။
"ဒီထက်ပိုကောင်းတဲ့အိမ်မျိုး မရှိတော့ဘူးလား..."

🐰🐰🐰

🐰 Chapter 14


ဒီထက်ပိုကောင်းတာလား... 

ဒီယုန်ဝတုတ်က သူ့အမွေးတွေကို ထပ်ရောင်းဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား... 

ရှန့်ကွမ်းကျူးချင်က အမွေးလုံးများအား ပျော်ပျော်ရွှင်ရွှင် သိမ်းယူနေမည့် မြင်ကွင်းကို စဉ်းစားကြည့်ကာ မော့ရှုလင်က အနည်းငယ် မသက်မသာ ခံစားနေရလေသည်။ 

ချင်းယန်အံ့ဩနေသည်ကို မြင်ချိန်တွင် ပိုင်ယွီမင်က ထပ်ပြောလိုက်၏။
“တပည့်တစ်ယောက်အတွက် သင့်တော်မယ့် အိမ်မျိုးရောရှိလား... ကျင့်ကြံမယ့်အခန်းနဲ့ သိုင်းပညာလေ့ကျင့်မယ့်အခန်းတွေ ရှိတယ်လို့ ကြားဖူးတယ်... အိမ်ဆောက်မယ့်ဆောက်တော့ တစ်ခါတည်း အကောင်းဆုံးဖြစ်အောင် ဆောက်လိုက်တာက ပိုကောင်းတယ်...”

မော့ရှုလင်မှာ ပိုင်ယွီမင်က သူ့အတွက် စဉ်းစားပေးမည်ဟု မထင်ထားသဖြင့် စိတ်ထဲတွင် နွေးထွေးသွားရလေသည်။

ဤယုန်ဝတုတ်က လုံးဝဆိုးနေခြင်းမဟုတ်ဟု တစ်ခဏတာ ခံစားလိုက်ရလေသည်။ 

ချင်းယန်က နျဲ့ရီဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ ရှစ်စွမ်း၏ ခွင့်ပြုချက်ကိုရချိန်တွင် ပြောလိုက်လေသည်။
"ရှိပါတယ် အကြီးအကဲပိုင်... ခဏလောက် စောင့်ပေးပါ... ကျွန်တော် အိမ်ပုံစံနမူနာစာအုပ် သွားယူလိုက်ပါမယ်..."

ချင်းယန် စာအုပ်သွားယူရန် လှည့်လိုက်စဉ်တွင် တပည့်တစ်ယောက်က အလျင်စလို ပြေးဝင်လာသည်ကို မြင်လိုက်ရလေသည်။ 

ထိုတပည့်က နျဲ့ရီဖုန်းတွင် ဧည့်သည်ရှိနေသည်ကို မြင်ချိန်တွင် တစ်ခဏခန့် တုံ့ဆိုင်းသွားပြီး စကားပြောသင့် မပြောသင့်ကို ဝေခွဲမရ ဖြစ်သွားသော်လည်း သူ၏ စိုးရိမ်ပူပန်နေသော အမူအရာကို ကြည့်ခြင်းအားဖြင့် အရေးကြီးသည့် အကြောင်းအရာတစ်ခုကို သတင်းပို့ရန် ရောက်ရှိလာကြောင်း လူတိုင်းသိလိုက်လေသည်။

"ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေတာလဲ..." 
နျဲ့ရီဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ 

အရေးကြီးဧည့်သည် ရှိနေချိန်တွင် တပည့်ဖြစ်သူက ဤမျှပျာယာခတ်နေသည်မှာ သူ၏ ချောင်ကုန်းခန်းမဆောင်အတွက် အရှက်ရဖွယ် ကောင်းလှလေသည်။

"ခန်းမဆောင်သခင်ကို တင်ပြပါတယ်... ဒါက သခင်မလေးယန်စန်းရဲ့ ကိစ္စမို့လို့ပါ..." 
ထိုတပည့်က ဘေးတွင် ထိုင်နေသော ပိုင်ယွီမင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်မပြောတော့ပေ။

သခင်မလေးယန်စန်းဟူသော အမည်ကို ကြားချိန်တွင် နျဲ့ရီဖုန်းက ဆက်မထိုင်နိုင်တော့ပေ။ သခင်မလေးယန်စန်းကိစ္စကို သိချင်သော်လည်း ပိုင်ယွီမင်အား ထားခဲ့ရမည်ကို စိုးရိမ်နေလေသည်။

"ခန်းမဆောင်သခင်..." 
ပိုင်ယွီမင်က မတ်တတ်ရပ်လိုက်ပြီး နှုတ်ဆက်စကားပြောရန် ပြင်လိုက်သည်။

နျဲ့ရီဖုန်းက ပိုင်ယွီမင်၏အတွေးကို သိသဖြင့် အမြန်ထပြီး တားလိုက်၏။ 
"အကြီးအကဲပိုင်... တကယ်ကို တောင်းပန်ပါတယ်... ကျွန်တော့်တပည့်ကို ဒီမှာ ထားခဲ့ပေးပါ့မယ်... အဆင်ပြေရဲ့လား..."

သူက ခန်းမဆောင်သခင်တစ်ယောက်ဖြစ်သဖြင့် မဟာယနအဆင့်တွင်ရှိသော ပိုင်ယွီမင်ကို အလဟဿ လာခိုင်းသကဲ့သို့ မဖြစ်စေချင်ပေ။

"ရပါတယ်... ဒီလိုဆိုရင် ခန်းမဆောင်သခင်နျဲ့ကို ကျေးဇူးတင်ပါတယ်..." 

ပိုင်ယွီမင်ကလည်း ဤသည်ကို ပိုသဘောကျလေ၏။ သူ့တပည့်နှင့်ဆိုလျှင် ပိုပြီးသက်တောင့်သက်သာ ရှိနိုင်လေသည်။

နျဲ့ရီဖုန်းမှာ ပိုင်ယွီမင်က သူ့အား အပြစ်မတင်သည်ကို သိပြီးနောက် စိတ်သက်သာရာ ရသွားလေသည်။ ထို့နောက် ပိုင်ယွီမင်ကို နှုတ်ဆက်ကာ သူ့တပည့်နှင့်အတူ အမြန်ထွက်သွားလေသည်။

မော့ရှုလင်က ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ကာ ယခင်ဘဝက ကြားခဲ့ဖူးသည့် ကောလာဟလအချို့ကို ပြန်တွေးမိသွားလေသည်။ 

သခင်မလေးယန်စန်း၊ သူမ၏နာမည်အရင်းက ယန်ချန်ချန်ဖြစ်သည်။ 

ယန်ချန်ချန်က ချမ်းသာပြီး ရက်ရောသဖြင့် လူအများက သူမအတွက် အလုပ်လုပ်ပေးချင်ကြလေသည်။ 

ထိုစဉ်က မော့ရှုလင်၏ ကျင့်ကြံဆင့်မှာ အလွန်နိမ့်သဖြင့် ယန်ချန်ချန်နှင့် ပတ်သက်သည့် အလုပ်မျိုးကို မရရှိခဲ့ပေ။ သို့သော် ယခင်ဘဝက သတင်းအချက်အလက်များကို စုံစမ်းလေ့ရှိသဖြင့် ယန်ချန်ချန်နှင့် ပတ်သက်သည့် ကောလာဟလများစွာကို ကြားဖူးလေသည်။

ယန်ချန်ချန်က နျဲ့ရီဖုန်း၏ မိခင်ဘက်မှ မြစ်တော်စပ်သူ ဖြစ်လေသည်။ နျဲ့ရီဖုန်းက သူ၏ ကျင့်ကြံမှုကြောင့် အသက်ရှည်သဖြင့် ယန်ချန်ချန်နှင့်သူက အသက်နှစ်ထောင်ကျော် ကွာလေသည်။ သူတို့၏ မိသားစုဆက်ဆံရေးကလည်း ကျဲပါးလေ၏။ 

ယန်ချန်ချန်က မီးဒြပ်စင်ဝိညာဉ်ဇစ်မြစ်ရှိသော ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး အသက်သုံးရာတွင် ကျင်းတန်းအဆင့်သို့ ရောက်ရှိခဲ့သဖြင့် ပါရမီရှင်အဖြစ် သတ်မှတ်ခံရလေသည်။ နျဲ့ရီဖုန်းက မိသားစုအတွက် ယန်ချန်ချန်အား သူ့တပည့်အဖြစ် လက်ခံခဲ့လေသည်။

သို့ရာတွင် ထိုကဲ့သို့ ပါရမီရှင်တစ်ယောက်က လူယုတ်မာတစ်ယောက်ကို ချစ်မိသွားခဲ့လေသည်။ ထိုအမျိုးသားက အစောပိုင်းတွင် ယန်ချန်ချန်၏ အကျင့်စရိုက်ကို သဘောကျခဲ့သော်လည်း နောက်ပိုင်းတွင် ပိုနူးညံ့သော ရှစ်မေ့တစ်ယောက်ကို ချစ်မိသွားကာ ထိုရှစ်မေ့အား နောင်တွင် ကိုယ်လုပ်တော်အဖြစ် လက်ခံရန် ယန်ချန်ချန်ကို ဖြောင်းဖျခဲ့လေသည်။

ယန်ချန်ချန်က မီးဒြပ်စင်ဝိညာဉ်ဇစ်မြစ်ပိုင်ရှင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ စိတ်ကြီးလေသည်။ သူမက ထိုအမျိုးသား၏ နူးညံ့ညင်သာသောအချိန်ကို သဘောကျခဲ့ခြင်းဖြစ်လေသည်။ ယခုအချိန်တွင် ထိုအမျိုးသားက မိန်းမနှစ်ယောက်လိုချင်သည့် လောဘရှိသည်ကို သိလိုက်ရလေ၏။ ထို့ကြောင့် သူမက ထိုအမျိုးသားနှင့် စကားများခဲ့ပြီး သူတို့နှစ်ယောက်အား အတူတူတွေ့ရလျှင် ရိုက်နှက်မည်ဟု ချိန်းခြောက်ခဲ့လေသည်။

ဂိုဏ်းအတွင်းတွင် တပည့်များအချင်းချင်း တိုက်ခိုက်ခြင်းကို တားမြစ်ထားသဖြင့် ယန်ချန်‌ချန်က စစ်ဆေးမေးမြန်းရန် ခေါ်ယူခံရလေသည်။ 

နျဲ့ရီဖုန်းက ယန်ချန်ချန်၏ ဆရာတစ်ယောက်အနေဖြင့် ဥပဒေခန်းမဆောင်သို့ သွားရန်မလိုပေ။ သို့ရာတွင် နျဲ့ရီဖုန်းနှင့် ယန်ချန်ချန်က သွေးသားတော်စပ်မှုရှိနေပြီး ဆရာတပည့် ဆက်ဆံရေးကလည်း ဖြတ်တောက်ရန် ခက်ခဲလေသည်။

မော့ရှုလင်ကမူ ချစ်ခြင်းမုန်းခြင်းကို ပြတ်ပြတ်သားသား လုပ်ရဲသည့် ယန်ချန်ချန်အား လေးစားလေ၏။ ထို့ကြောင့် သူတို့နှစ်ယောက်က တစ်ခါမှ မဆုံဖူးသော်လည်း ယန်ချန်ချန်၏အမည်ကို မှတ်သားထားခဲ့လေသည်။

"ရှောင်ရှုရှု... ဒီအိမ်လေးက ကောင်းမယ်ထင်တယ်... မင်းရော ဘယ်လိုမြင်လဲ..." 
ပိုင်ယွီမင်က စာအုပ်ထဲရှိ အိမ်တစ်လုံးကို လက်ညှိုးထိုးပြကာ မော့ရှုလင်၏ အတွေးစများကို ဖြတ်တောက်လိုက်လေသည်။

မော့ရှုလင်က သူ့အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ပိုင်ယွီမင်ပြသော အိမ်ပုံစံကို ကြည့်လိုက်၏။ 

ဤသည်ကို အိမ်တစ်လုံးဟု မခေါ်ဘဲ မှော်လက်နက်တစ်ခုဟု ခေါ်ရမည်ဖြစ်လေသည်။ 

၎င်းကို သိုလှောင်အိတ်ထဲတွင် ထည့်ထားနိုင်ပြီး မည်သည့်အချိန်မဆို ပြန်ထုတ်နိုင်ကာ မဟာယနအဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို တစ်ကြိမ်ခံနိုင်ရည်ရှိလေသည်။ ထို့အပြင် စိတ်အေးချမ်းစေခြင်း၊ အာရုံစူးစိုက်မှု ကောင်းစေခြင်း၊ စိတ်ဝိညာဉ်စွမ်းအားများ စုစည်းပေးခြင်းနှင့် ကျင့်ကြံမှုနှုန်းကို မြှင့်တင်ပေးခြင်း စသည့် အကျိုးအာနိသင်များ ရှိလေသည်။ အိမ်က အလွန်မကြီးသော်လည်း ဧည့်ခန်း၊ အိပ်ခန်း၊ စာကြည့်ခန်း၊ လေ့ကျင့်ရေးခန်း၊ လက်နက်သွန်းလုပ်ခန်း၊ လျှို့ဝှက်ခန်း စသည်တို့ ပါဝင်လေသည်။ ဤသည်က လူနှစ်ယောက်နေနိုင်ရန်အတွက် အကောင်းဆုံး ရွေးချယ်မှုဟု ဆိုနိုင်လေ၏။ 

ပိုင်ယွီမင်က အိမ်ပုံစံကို သဘောကျရုံသာမကဘဲ ရေရှည်အတွက်လည်း အဆင်ပြေမည်ဟု ယူဆလေသည်။

“ကောင်းတာက ကောင်းပါတယ်...”

ပိုက်ဆံပဲ မရှိတာ...

မော့ရှုလင်က ဒုတိယတစ်ခွန်းကို တိတ်တဆိတ် မျိုချလိုက်လေသည်။

ပိုင်ယွီမင်က မော့ရှုလင်ဆိုလိုချင်သည်ကို သိသော်လည်း စိတ်ဆုံးဖြတ်ကာ ချင်းယန်ကို မေးလိုက်လေသည်။ 
"ဒီအိမ်က ဘယ်လောက်တောင် စျေးကြီးလဲ..."

‘ဘယ်လောက်တောင် စျေးကြီးလဲ’ ဟူသော စကားကြောင့် ပိုင်ယွီမင်၏ လေသံထဲရှိ နှိမ့်ချမှုကို ချင်းယန်နားလည်လေသည်။ 

သို့ရာတွင် ချင်းရန်က အထင်မသေးပေ။ ပိုင်ယွီမင်၏ ကျင့်ကြံဆင့်အရ ပိုက်ဆံရှာရန်မှာ အလွန်လွယ်ကူလေသည်။ မိစ္ဆာနှိမ်နင်းသည့် တာဝန်တစ်ခုကို လက်ခံရုံဖြင့် ဤအိမ်က သူ့လက်ထဲသို့ ရောက်ရှိနိုင်လေသည်။ 

ထို့ကြောင့် သူက အမှန်အတိုင်း ပြောလိုက်၏။
"ဒီအိမ်က အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးပေါင်း ၂၃၃၃၃ လုံး ကျသင့်ပါတယ်..."

ပိုင်ယွီမင်က အံ့ဩစရာကောင်းလှသော စျေးနှုန်းကြောင့် လန့်သွားရမည်လား သို့မဟုတ် ထူးဆန်းသော ကိန်းဂဏန်းကို အပြစ်တင်ရမည်လားကို တစ်ခဏခန့် ဝေခွဲမရ ဖြစ်သွားလေသည်။ 

မော့ရှုလင်ကမူ ယခင်ဘဝက ငွေကြေးပေါများသည့် မိစ္ဆာအရှင်သခင်ဖြစ်ခဲ့ဖူးကာ ဤဘဝတွင် ပြန်လည်မွေးဖွားချိန်၌ ဖေးယွင်တောင်ကြားရှိ သခင်လေး တစ်ယောက်ဖြစ်သဖြင့် ငွေကြေးကိစ္စကို စိုးရိမ်ရန် မလိုအပ်ပေ။ တစ်ခဏတာ ဆင်းရဲမှုကို ခံစားနေရသော်လည်း ချင်းယန်ပြောသည့် ငွေကြေးပမာဏအပေါ် သူက မည်သည်ကိုမှ မခံစားရပေ။

ချင်းယန်မှာ ဆရာတပည့် နှစ်ယောက်လုံးက တည်ငြိမ်နေသည်ကို မြင်ချိန်တွင် အံ့ဩသွားပြီး ပိုင်ယွီမင်က အမှန်တကယ်ပင် ပိုက်ဆံကို အလွယ်တကူ ရှာနိုင်သူဖြစ်မည်ဟု တွေးလိုက်လေသည်။ 

ပိုင်ယွီမင်မှာ သူ့ယုန်မွေးများကို ရောင်းလိုက်လျှင် ငွေမည်မျှရမည်ကို မသိသော်လည်း အမွေးအားလုံးကို ရိတ်ပြီးရောင်းလျှင် ဤအိမ်ကို ဝယ်နိုင်သင့်လေသည်။

ရှန့်ကွမ်းကျူးချင်က ပိုက်ဆံဘယ်လောက် ပေးနိုင်မလဲဆိုတာ မေးကြည့်ရဦးမယ်...

နောက်မှပြန်လာဝယ်မည်ဟု ပြောရန်မှာ အနည်းငယ် ရှက်ရွံ့ဖွယ်ကောင်းသဖြင့် ပိုင်ယွီမင်က အိမ်၏ အပြစ်အနာအဆာများကိုရှာရန် စဉ်းစားလိုက်ပြီး နောက်ရက်မှ ပြန်လာရန် ဆုံးဖြတ်လိုက်သည်။ 

ပိုင်ယွီမင်က တည်ငြိမ်ဟန်ဆောင်ကာ မေးလိုက်၏။
"ဒီအိမ်က ပုံမှန်အိမ်တွေနဲ့ တည်ဆောက်ပုံကွဲပြားမှာပေါ့..."

"ဟုတ်ပါတယ်... ဒီအိမ်ကို မှော်လက်နက်လို့ ပြောလို့ရပါတယ်... ကျွန်တော်တို့က အခြေခံအိမ်ဆောက်တာကို အရင်လုပ်ပြီးမှ လက်နက်ပြုလုပ်တဲ့ ပညာရှင်ကိုရှာပြီး အချောသတ်ရမှာပါ..." 
ချင်းယန်က ပြန်ဖြေလိုက်၏။

ပိုင်ယွီမင်၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားလေသည်။ 
"ဒါဆိုရင် ဒီအိမ်ရဲ့ ဖွဲ့စည်းပုံကို ပြောင်းပြီးတော့ ရေပူစမ်းဥယျာဉ်တစ်ခု ထည့်လို့ရတာပေါ့..."

ယုန်မိစ္ဆာဝတုတ်ပိုင်ယွီမင်က ရေပူစမ်းကို ဤမျှစွဲလန်းနေမည်ဟု မော့ရှုလင်က မထင်ထားခဲ့ပေ။ အကြောင်းမူကား တောင်ပေါ်တွင် အတူနေခဲ့သည့် အချိန်အတွင်း ပိုင်ယွီမင်ရေချိုးသည်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် ဖြစ်လေသည်။

"ရပါတယ်... ဒါပေမဲ့ ပြောင်းလဲမှုတွေအပေါ်  á€™á€°á€á€Šá€şá€•ဟဎး စျေးနှုန်းကတော့ နည်းနည်းကွာခြားနိုင်ပါတယ်..." 

ချင်းယန်က ဖုံးကွယ်မထားဘဲ ဆက်ပြောလေသည်။ 
"ပြီးတော့ အကြီးအကဲပိုင်ဆီမှာ ထူးခြားတဲ့ ကုန်ကြမ်းတွေရှိရင်လည်း အိမ်ထဲမှာထည့်ပြီး တည်ဆောက်လို့ ရပါတယ်..."

"ဒီအိမ်က ကောင်းလိုက်တာ... ကောင်းပြီ... ငါ ဒါပဲယူလိုက်မယ်..."

ပိုင်ယွီမင်က အိမ်ဆောက်မည့် အစီအစဉ်များကို စဉ်းစားနေလေသည်။

"စရန်ငွေကတော့..." 
ချင်းယန်က အနည်းငယ် စဉ်းစားဟန်ပြုလိုက်၏။

ပိုင်ယွီမင်က စရန်ငွေဟူသည့် စကားကိုကြားချိန်တွင် ဟောင်းနွမ်းပြီး ဗလာဖြစ်နေသော သိုလှောင်အိတ်ကို သတိရသွားကာ ချက်ချင်းပူပန်သွားလေ၏။ 

ချင်းယန်က ဆက်ပြောလေသည်။
"လက်နက်သွန်းလုပ်ပေးမယ့် ပညာရှင်က အခု လျှို့ဝှက်နယ်မြေတစ်ခုထဲကို ကျောက်တုံးတစ်မျိုးရှာဖို့ ဝင်သွားပါတယ်... သူ ဆောင်းအကုန်လောက်မှ ပြန်လာမှာပါ... အဲ့ဒါကြောင့် ကျွန်တော်တို့ ချောင်ကုန်းခန်းမဆောင်က စရန်ငွေကို လောလောဆယ် လက်မခံသေးပါဘူး... အားလုံးက အကြီးအကဲပိုင်အပေါ်မှာပဲ မူတည်ပါတယ်... အကြီးအကဲပိုင်က အိမ်ကိုပြုပြင်မယ့် ပညာရှင်တစ်ယောက် ရှာတွေ့မယ်ဆိုရင် ကျွန်တော်တို့ကို အကြောင်းကြားလို့ ရပါတယ်... အဆင်ပြေပါရဲ့လား..."

"ရတာပေါ့... အဆင်ပြေတယ်... ငါလိုချင်တာလည်းဒါပဲ..." 

ပိုင်ယွီမင်က ချင်းယန်၏စကားကို ကြားချိန်တွင် ပျော်ပျော်ရွှင်ရွှင် ပြုံးလိုက်လေ၏။ ဤသည်က သူ့အား ပိုက်ဆံရှာရန် အချိန်ပေးလိုက်သည်နှင့် တူလေသည်။ 

သူ့ဆင်းရဲမှုအား ချင်းယန်ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် ပိုင်ယွီမင်က ထပ်ပြောလိုက်၏။ 
"ငါလည်း ကုန်ကြမ်းတွေရှာဖို့ အချိန်နည်းနည်းလောက် ယူလိုက်ဦးမယ်..."

ပိုင်ယွီမင်၏ မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ရုံဖြင့် သူတွေးနေသည်များကို ချင်းယန်သိလေသည်။ သို့ရာတွင် ပိုင်ယွီမင်၏ ကျင့်ကြံဆင့်မှာ အတုအယောင် မဟုတ်သဖြင့် ဤမျှပိုက်ဆံလေးကို ခက်ခဲမည်ဟု မထင်ပေ။

"ဒါဆိုရင် အကြီးအကဲပိုင်လိုချင်တာကို ကျွန်တော် အရင်မှတ်ထားလိုက်ပါမယ်... ပြီးတော့ ကုန်ကြမ်းတွေ သိုလှောင်ထားဖို့အတွက် ပုံစံငယ်တွေကို အရင်ပြပေးပါမယ်... အဆင်ပြေပါသလား... " 
ချင်းယန်က ယဉ်ကျေးစွာ မေးလိုက်လေသည်။

"အဆင်ပြေတယ်..."

သူတို့နှစ်ယောက်က အမေးအဖြေလုပ်ကာ လိုအပ်သည်များကို မှတ်သားထားကြလေသည်။ ထိုအချိန်အတွင်းတွင် ပိုင်ယွီမင်က မော့ရှုလင်၏ သဘောထားကို အကြိမ်ကြိမ်မေးမြန်းပြီး မော့ရှုလင် လိုအပ်သည်များကိုပါ ချင်းယန်အား မှတ်သားထားခိုင်းလေသည်။

🐰🐰🐰

🐰 Chapter 15


ချောင်ကုန်းခန်းမဆောင်မှ ထွက်လာပြီးနောက် ပိုင်ယွီမင်က မော့ရှုလင်ကိုခေါ်ကာ ချန်ဝူတောင်ထိပ်သို့ သွားလိုက်သည်။ 

သူက ရှန့်ကွမ်းကျူးချင်ထံသို့သွားပြီး နောက်ထပ် ယုန်မွေးလုံးများကို လက်ခံနိုင်၊ မလက်ခံနိုင် သို့မဟုတ် ရောင်းရန်အတွက် လေလံခန်းမတစ်ခုကို ရှာပေးနိုင်၊ မရှာပေးနိုင်ကို မေးမြန်းလိုခြင်းဖြစ်သည်။ ဤသည်က ငွေအမြန်ဆုံးရမည့် နည်းလမ်းဖြစ်သည်ဟု ပိုင်ယွီမင်ထင်လေသည်။

ချန်ဝူတောင်ထိပ်တွင် အတွင်းတပည့်နှင့် အပြင်တပည့်များ လက်ခံဆောင်ရွက်နိုင်သည့် တာဝန်ပေးခန်းမဆောင်တစ်ခု ရှိသဖြင့် တစ်နှစ်ပတ်လုံး တပည့်များဖြင့် စည်ကားလျက်ရှိလေသည်။ 

ဝိညာဉ်လှေပေါ်မှ ဆင်းလာပြီးနောက် လူများက ယန်ချန်ချန်အကြောင်းအား ပြောဆိုနေကြသည်ကို မော့ရှုလင် ကြားလိုက်ရလေသည်။

ယခုတစ်ကြိမ်တွင် ကိစ္စက အလွန်ကြီးပုံရပြီး လူဆယ်ယောက်တွင် ကိုးယောက်က ထိုအကြောင်းကိုသာ ပြောနေကြလေသည်။ အတင်းအဖျင်းများက ပျံ့နှံ့သည်မှာ အလွန်မြန်သဖြင့် မော့ရှုလင်ပင်လျှင် အံ့အားသင့်သွားလေသည်။ လူများက သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသကဲ့သို့ ပြောဆိုနေကြလေ၏။

အခြားသူများ၏ မကောင်းသတင်းကို ဖြန့်တတ်သည့် ရှစ်မေ့အကြောင်းကို တွေးကြည့်ပြီးနောက် ထိုရှစ်မေ့က ဤနည်းလမ်းကို အသုံးပြုလိုက်ခြင်းဖြစ်ကြောင်း မော့ရှုလင် နားလည်သွားလေသည်။ 

မော့ရှုလင် မထင်ထားသည်မှာ ဝတ္ထုဇာတ်လမ်းများကို စွဲလန်းနေတတ်သည့် ပိုင်ယွီမင်က စပ်စုလိုစိတ်မရှိသည့်အပြင် သခင်မလေးယန်အကြောင်း စုံစမ်းရန် သူ့အား စေခိုင်းလိုသည့်ဆန္ဒ မရှိခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် မော့ရှုလင်က ပိုင်ယွီမင်ကို အကြိမ်အနည်းငယ် ခိုးကြည့်မိသွားလေသည်။ 

ယုန်မိစ္ဆာပိုင်ယွီမင်က ပျင်းရိဆင်းရဲကာ တုံးအပြီး အစားမက်သော်လည်း သူ၏အပြုအမူများမှာ လေးစားဖွယ်ကောင်းသော ကျင့်ကြံသူများထက်ပင် ပိုပြီး ဖြောင့်မတ်ကာ လေးစားဖွယ်ကောင်းလေသည်။

ပိုင်ယွီမင် မထင်ထားသည်မှာ ရှန့်ကွမ်းကျူးချင်က တောင်ထိပ်တွင် မရှိနေခြင်းပင် ဖြစ်လေသည်။ 

ရှန့်ကွမ်းကျူးချင်က လုပ်ငန်းခွင်ရှိ စံပြအလုပ်သမားတစ်ဦးနှင့် တူလေ၏။ သူက တစ်နှစ်လျှင် ၃၆၄ ရက်လုံး ချန်ဝူတောင်ထိပ်တွင် အလုပ်လုပ်နေတတ်ပြီး ကျန်သည့်တစ်ရက်ကို ရှောင်လွှဲမရသည့် ကိစ္စရပ်များတွင်သာ သုံးစွဲလေ့ရှိသည်။ 

ပိုင်ယွီမင်က ထိုတစ်ရက်နှင့် တည့်တည့်တိုးသွားခြင်းဖြစ်၏။

“အကြီးအကဲပိုင် အေးအေးဆေးဆေးနေပါ... ရှစ်စွမ်းပြန်ရောက်တာနဲ့ ဒီတပည့်က အကြောင်းကြားပေးပါမယ်..."
ယဲ့ချင်းလင်က ပြောလေသည်။

"မလိုပါဘူး.... ဒါက အရေးကြီးကိစ္စ မဟုတ်ပါဘူး... ပြီးတော့ ငါလည်း သေသေချာချာ မစဉ်းစားရသေးဘူး... သေချာစဉ်းစားပြီးမှ ပြန်လာခဲ့မယ်..." 

ထိုသို့ပြောပြီးနောက် ပိုင်ယွီမင်က ယွဲ့ရွှယ်တောင်ထိပ်သို့ အမြန်ပြန်သွားလေသည်။

သူ့အမွေးများကိုရိတ်ရန် စိတ်ကူးမှာ အလျင်စလို ဆုံးဖြတ်ချက်သာဖြစ်ပြီး နောက်ပိုင်းတွင် ပျောက်ကွယ်သွားနိုင်လေသည်။ 

အမွေးရိတ်ရန် ချက်ချင်း သဘောမတူသင့်သေးသည်ကို ပိုင်ယွီမင်ခံစားရသဖြင့် အခြားနည်းလမ်းများကို စဉ်းစားရန် ပြန်လာခဲ့လေသည်။ ငွေရှာရန် အခြားနည်းလမ်းရှာတွေ့ပါက သူ့အမွေးများကို ရိတ်ရန် မလိုတော့ပေ။

ယွဲ့ရွှယ်တောင်ထိပ်တွင် ပိုင်ယွီမင်နှင့် မော့ရှုလင်က ခုံပေါ်တွင် ထိုင်နေကြ၏။ 

ပိုင်ယွီမင်က မျက်မှောင်ကြုတ်ထားလျက် ပြောလိုက်၏။
“ငွေအမြန်ရနိုင်မယ့် အလုပ်မျိုးမရှိဘူးလား...”

သူ အလုပ်များစွာကို စဉ်းစားနေသော်လည်း အလွယ်တကူ ငွေရနိုင်မည့်အလုပ်ကို ရှာမတွေ့ပေ။ လောကတွင် တူညီသောအမှန်တရားမှာ တည်ငြိမ်သောအလုပ်တစ်ခုရှိရုံဖြင့် မချမ်းသာနိုင်ခြင်း ဖြစ်လေသည်။

"ရှိပါတယ်... မိစ္ဆာနှိမ်နင်းတာအတွက် ဆုကြေးငွေပါ..." 
မော့ရှုလင်က ပိုင်ယွီမင်နှင့် အလွန်ကိုက်ညီသည့် အလုပ်တစ်ခုကို စဉ်းစားမိသွားလေသည်။ 

မိစ္ဆာများအား နှိမ်နင်းခြင်းအတွက် ဆုကြေးငွေမှာ ကျင့်ကြံရေးလောကရှိ ဂိုဏ်းကြီးသုံးခုမှ ပူးပေါင်းဖန်တီးထားခြင်း ဖြစ်လေသည်။ လုပ်ဆောင်သူက စာရင်းထဲရှိ မည်သည့်မိစ္ဆာကိုမဆို သတ်နိုင်ပါက မိမိ၏ဂိုဏ်းထဲတွင် ဆုလာဘ်များကို ထုတ်ယူနိုင်လေသည်။ ပိုင်ယွီမင်က လျန်ကျီဂိုဏ်းရှိ ဂိုဏ်းချုပ်ဟောင်း၏ ဇနီးထံမှ အနှစ်သက်ခံရသူအဖြစ် လူသိများလေသည်။ မိစ္ဆာများကို နှိမ်နင်းသည့်နေရာတွင် ပိုင်ယွီမင်နှင့် ယှဉ်နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။

"မိစ္ဆာလား... ဟင့်အင်း... မလုပ်ဘူး မလုပ်ဘူး..."
ပိုင်ယွီမင်က ခေါင်းကို ခါယမ်းလိုက်၏။ 

မူလပိုင်ယွီမင်အတွက်မူ မိစ္ဆာနှိမ်နင်းခြင်းက ပြဿနာမဟုတ်သော်လည်း သူက မူလပိုင်ယွီမင်မဟုတ်ပေ။ မိစ္ဆာများကို သူ မတိုက်ခိုက်ရဲပေ။ အပြင်ထွက်ပါက အဖမ်းခံရပြီးလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ခေါက်ဆွဲဆော့စ်များဖြင့် အိုးထဲတွင် အပြုတ်ခံရမည်ဖြစ်သည်။ 

ယုန်စွပ်ပြုတ်၊ ယုန်ခေါင်းဟင်းများ အလုပ်ခံရပြီး သူ့ယုန်မွေးများကိုလည်း ပဝါလုပ်ရန် အသုံးချခံရနိုင်လေသည်။ သူ့အရေပြားတစ်လက်မစီတိုင်းကို အလေအလွင့်မရှိ အသုံးချခံရမည်မှာ သေချာလေသည်။

ပိုင်ယွီမင်၏ အပြုအမူကို မြင်ချိန်တွင် မော့ရှုလင်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။

ပိုင်ယွီမင်က မိစ္ဆာနှိမ်နင်းခြင်းကို ဤမျှ ကြောက်မနေသင့်ပေ။ မဟာယနအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျင့်ကြံရေးလောကတွင် ဆုကြေးငွေနှစ်သိန်းတန် မိစ္ဆာကျင့်ကြံသူများကို ဖမ်းရန်မှာ လွယ်ကူလေသည်။ 

ယခုလက်ရှိ ပိုင်ယွီမင်နှင့် ကောလာဟလများထဲမှ ပိုင်ယွီမင်၏ ကွဲပြားနေသော စရိုက်များကို တွေးမိကာ မော့ရှုလင်ထံတွင် ရဲတင်းသော ခန့်မှန်းချက်တစ်ခု ရှိလေသည်။ 

နှမြောစရာကောင်းသည်မှာ သူက စပ်စုခွင့်မရှိခြင်း ဖြစ်လေ၏။ ထို့ကြောင့် သူက ထိုခန့်မှန်းချက်ကို အတည်မပြုနိုင်ဘဲ တပည့်ကောင်း တစ်ယောက်ဟန်ဆောင်ကာ လစဉ် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုသာ ထုတ်ယူနေရလေသည်။

"အန္တရာယ်ကင်းတဲ့ အလုပ်မျိုးရော မရှိဘူးလား..."  

ပိုင်ယွီမင်က အသံတိုးတိုးဖြင့် ထပ်ပြောလိုက်၏။ 
"ကျင့်ကြံဆင့်ကိုသုံးပြီး လူတွေကို အနိုင်ကျင့်လို့ရတဲ့ အလုပ်မျိုးလေ..."

မော့ရှုလင် “.......”

ထိုကဲ့သို့ အလုပ်မျိုးရှိသော်လည်း များစွာမရှိပေ။ သို့ရာတွင် ပိုင်ယွီမင်၏ပါးစပ်မှ ထွက်လာချိန်တွင် ရှစ်စွမ်းဟူသော ဂုဏ်သိက္ခာကို အမှန်ပင် ထိခိုက်လေ၏။ 

မော့ရှုလင်က လူများကို အနိုင်ကျင့်နိုင်မည့်အလုပ်ကိုသာ မပြောဘဲ သူစဉ်းစားမိသမျှ အလုပ်မျိုးစုံကို ပြောပြလိုက်သည်။ 
“ဆိုင်စောင့်ပေးတာ၊ ဝိညာဉ်သားရဲတောင်ထိပ်မှာ အဆင့်မြင့် ဝိညာဉ်သားရဲတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးတာ၊ လက်နက်တွေကို စိတ်ဝိညာဉ်စွမ်းအင် ထည့်သွင်းပေးတာ၊ တပည့်တွေကို ကိုယ်ခံပညာနဲ့ မန္တန်တွေ သင်ကြားပေးတာနဲ့ တပည့်တွေကို လျှို့ဝှက်နယ်မြေတွေမှာ လေ့ကျင့်ဖို့ လိုက်ပို့ပေးတာ..........”

မော့ရှုလင်က အလုပ်ပေါင်း ဒါဇင်နှင့်ချီပြီး ပြောနေသော်လည်း မပြီးသေးပေ။ 

ပိုင်ယွီမင်က သူလုပ်နိုင်သည့် အလုပ်များမှာ ဤမျှများပြားနေမည်ဟု မမျှော်လင့်ထားပေ။ 

မော့ရှုလင်ပြောနေစဉ်တွင် ပိုင်ယွီမင်က မည်မျှပျင်းရိကြောင်း သတိရသွားလေ၏။ မဟာယနအဆင့် အကြီးအကဲတစ်ယောက်က ဤကဲ့သို့ လွတ်လွတ်လပ်လပ် နေထိုင်သည်မှာ အံ့ဩစရာကောင်းလေသည်။

"အလုပ်တွေကတော့ အများကြီးပဲ... ဒါပေမဲ့ ငွေက အမြန်ရမယ့်ပုံ မပေါ်ဘူး..." 
ပိုင်ယွီမင်က စဉ်းစားပြီးနောက် မငြင်းခုံတော့ဘဲ ပြောလိုက်လေသည်။ 
"အရင်ဆုံး တာဝန်ပေးတဲ့ ခန်းမဆောင်ကို သွားရအောင်..."

နာရီဝက်မပြည့်မီတွင် ပိုင်ယွီမင်နှင့် မော့ရှုလင်က တာဝန်ပေးသည့်ခန်းမဆောင်သို့ တစ်ဖန် ရောက်လာပြန်လေသည်။ 

ယခုတစ်ကြိမ်တွင် ရှန့်ကွမ်းကျူးချင်သာမက ယဲ့ချင်းလင်နှင့် တပည့်အချို့ပါ ထွက်သွားကြသဖြင့် သခင်မလေးယန်၏ကိစ္စနှင့် ပတ်သက်မှုရှိ၊မရှိကို သူ မသိပေ။ 

ပိုင်ယွီမင်က ပိုက်ဆံကြောင့် အတွေးများနေသဖြင့် အတင်းအဖျင်းများကို အာရုံမစိုက်နိုင်ပေ။ ဂိုဏ်းအနီးအနားတွင် ငွေအမြန်ရနိုင်သည့် တာဝန် ရှိ၊ မရှိကိုသာ တာဝန်ပေးခန်းမဆောင်တွင် ရှာဖွေနေလေသည်။

တာဝန်များကို ရှာကြည့်ရာတွင် မော့ရှုလင် ပြောသကဲ့သို့ပင် ဖြစ်လေသည်။ 

အလုပ်အမျိုးအစားများစွာ ရှိသော်လည်း ငွေရရှိနှုန်းက မိစ္ဆာနှိမ်နင်းသည့် အလုပ်ကဲ့သို့ မမြန်ဆန်သလို ယုန်မွေးရောင်းသကဲ့သို့ လွယ်ကူပြီး ဘေးကင်းသည့် အလုပ်လည်း မရှိပေ။ 

ပိုင်ယွီမင်က စဉ်းစားကြည့်ပြီးနောက် တစ်ခုတည်းသော နည်းလမ်းမှာ အမွေးရိတ်ရန်သာ ဖြစ်လေသည်။

သူ့အနေဖြင့် တိုက်ပွဲသို့သွားပြီး မိစ္ဆာများကို မသတ်ဖြတ်နိုင်ပေ။

ပိုင်ယွီမင်က ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် ယွဲ့ရွှယ်တောင်ထိပ်သို့ ပြန်လာပြီးနောက် မော့ရှုလင်၏ လက်ထဲသို့ မုတ်ဆိတ်ရိတ်ဓားလေးတစ်ချောင်းကို ထည့်ပေးလိုက်လေသည်။ ထို့နောက် ပိုင်ယွီမင်က ယုန်အဖြစ်သို့ အသွင်ပြောင်းပြီး ခြေလက်များကို ဆန့်ထုတ်ကာ ယုန်ကိတ်မုန့်လေးတစ်ခုကဲ့သို့ မှောက်လျက် လှဲချလိုက်လေသည်။

ဝဝကစ်ကစ် ယုန်ကလေးက ပြတ်သားမှုအပြည့်ဖြင့် အော်လိုက်လေ၏။
"လာတော့... ငါ့အမွေးတွေကို လာရိတ်လိုက်တော့..."

မော့ရှုလင် “………..”

မစဉ်းစားသင့်သော်လည်း မှောက်လျက်လှဲနေသည့် ယုန်ဝတုတ်လေးက အလွန်ပင် ချစ်စရာကောင်းနေသည်ဟု မော့ရှုလင် တွေးမိသွားလေသည်။ 

သူ့လက်ကို ဆန့်ထုတ်လိုက်လျှင် လက်ချောင်းများက ဝဖြိုးပြီး အမွေးထူသော ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ သူ့လက်ချောင်းနှင့် ယုန်မွေးများကို ထိပြီးလျှင် နောင်တမရှိဘဲ သေနိုင်မည်ဟု ခံစားလိုက်ရလေသည်။

"ငါက မင်းရဲ့ ရှစ်စွမ်းဖြစ်နေလို့ အမွေးရိတ်ဖို့ မကြောက်နဲ့... လာစမ်းပါ..."

ယုန်ဝတုတ်လေးမှာ မော့ရှုလင်က သူ့အား အလွန်အမင်း ရိုသေနေသဖြင့် သူ့ကို မထိရဲဖြစ်နေသည်ဟု ထင်နေလေသည်။ မော့ရှုလင်က သူ့စိတ်ထဲမှ အမွေးများကို ပွတ်သပ်လိုသည့်ဆန္ဒကို ထိန်းချုပ်လိုက်ပြီး မုတ်ဆိတ်ရိတ်ဓားလေးကို ယုန်မွေးများပေါ်တင်လျက် မည်ကဲ့သို့ စတင်ရိတ်ရမည်ကို စဉ်းစားနေလေသည်။

"အရင်းနားထိ ကပ်ရိတ်... အပေါ်ယံလေးတင်ပဲ မရိတ်နဲ့... အဲ့ဒီလိုဆို အရည်အသွေး မကောင်းဘဲ နေလိမ့်မယ်..." 
ယုန်ဝတုတ်လေးက အံကြိတ်ကာ သတိပေးလိုက်လေသည်။ 

ယုန်မွေးက ခန္ဓာကိုယ်နှင့် နီးကပ်လေ စိတ်ဝိညာဉ်စွမ်းအင် ပိုမိုပြင်းထန်လေ ဖြစ်လေသည်။ မလွဲမသွေ ရိတ်ရမည်ဖြစ်သဖြင့် အကောင်းဆုံးရလဒ်ရအောင် ရိတ်ရမည်ဖြစ်၏။ သို့မှသာ စျေးပိုရနိုင်လေသည်။

မော့ရှုလင်က မလှုပ်မယှက် ရှိနေဆဲဖြစ်လေ၏။

ကြီးမားသောတူ သို့မဟုတ် ပျော့ပျောင်းသည့်နှင်တံ အစရှိသည့် မည်သည့်လက်နက်မဆို မော့ရှုလင်၏လက်ထဲတွင် အမြင့်ဆုံးစွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်လေသည်။ 

သို့ရာတွင် ဤမုတ်ဆိတ်ရိတ်ဓားလေးကို ကိုင်ထားချိန်၌ သူ့လက်များက စတင်အားနည်းလာလေသည်။

မော့ရှုလင်က တုံ့ဆိုင်းနေပြီး ဝမ်းနည်းစွာဖြင့် မေးလိုက်၏။ 
"ရှစ်စွမ်း... ဒီရိတ်လိုက်တဲ့နေရာက အမွေးတွေ ပြန်ပေါက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ..."

"တစ်နှစ်..." 
ယုန်ဝတုတ်လေး၏ လေသံထဲတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေလေ၏။ 

ဘာလို့ ဒီလောက်အတိအကျ သိနေလဲဆိုတာမမေးနဲ့... မနှစ်က ရိတ်ထားတဲ့ ယုန်မွေးတွေက ဒီနှစ်မှ အပြည့်အစုံ ပြန်ပေါက်လာတာ...

🐰🐰🐰

Search Novels