🐰 Chapter 26


ယဲ့ချင်းလင်က ပိုင်ယွီမင်ရှိသည့် သီးသန့်ခန်းထဲသို့ ပြန်သွားပြီး ကျန်ရှိနေသော စိတ်သန့်စင်အဆောင်လက်ဖွဲ့အားလုံးကို စစ်ဆေးလိုက်သည်။ အများစုက ဟဲ့ရှန်းအဆင့် ကျင့်ကြံသူများ၏ နှောင့်ယှက်မှုကို တားဆီးနိုင်သော်လည်း အဆောင်လက်ဖွဲ့တစ်ခုချင်းစီ၏ အာနိသင်ကြာမြင့်ချိန်ပေါ်  á€™á€°á€á€Šá€şá€•ဟဎး ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ပေးလိုက်လေသည်။ ထို့ကြောင့် အနည်းဆုံး အဆောင်လက်ဖွဲ့တစ်ခုလျှင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးတုံး ရရှိခဲ့လေသည်။

အဆောင်လက်ဖွဲ့နှစ်ခုက တုန်းရွှီအဆင့်ရှိသဖြင့် ယဲ့ချင်းလင်က အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးရာအထိ ပေးခဲ့လေသည်။ 

တွက်ကြည့်လျှင် ပိုင်ယွီမင်က စိတ်သန့်စင်အဆောင်လက်ဖွဲ့ များကို ရောင်းချရုံနှင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၉၂၁ တုံးကို ရရှိခဲ့လေသည်။ 

ပိုင်ယွီမင်က သိုလှောင်အိတ်ထဲတွင် စုပုံနေသော စိတ်ဝိညာဉ်ကျောက်တုံးများကို ကြည့်ကာ သူ ဤမျှအထိ ငွေရှာနိုင်သည်ကို မယုံကြည်နိုင် ဖြစ်နေလေ၏။ မော့ရှုလင်က ပစ္စည်းများစွာကို လုပ်ဆောင်ခဲ့သော်လည်း အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၉၈ တုံးသာ ရရှိခဲ့လေသည်။ 

မော့ရှုလင်ကမူ မအံ့ဩပေ။ သူက ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးပြီး ဤလောက၏ အောက်ဆုံးအဆင့်တွင် ရှိနေသူ ဖြစ်သဖြင့် သူလုပ်သည့် ပစ္စည်းတိုင်းက ဈေးပေါလေသည်။ သို့သော် ပိုင်ယွီမင်ကမူ မတူပေ။ မဟာယနအဆင့်အထိ ကျင့်ကြံနိုင်သူက ဤလောကတွင် အလွန်ရှားပါးသော တည်ရှိမှုမျိုး ဖြစ်လေသည်။ ပိုင်ယွီမင်က မိစ္ဆာများအား မသတ်ဖြတ်လိုသည်မှာ နှမြောစရာ ဖြစ်လေသည်။ မဟုတ်လျှင် ဤငွေပမာဏထက် အဆပေါင်းများစွာ ပိုပြီး ရနိုင်လေ၏။ 

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးကိုးရာဟူသော ပမာဏမှာ မော့ရှုလင်၏ မျက်လုံးထဲတွင် အနည်းငယ်သာ ဖြစ်သည်ကို ပိုင်ယွီမင် မသိပေ။ သို့ရာတွင် ပိုင်ယွီမင်က ရင်ထဲတွင် ပန်းများပွင့်နေသကဲ့သို့ ပျော်ရွှင်နေလေသည်။

သူက ကျန်ရှိနေသော ပစ္စည်းများကိုလည်း စစ်ဆေးပေးရန် ယဲ့ချင်းလင်ထံသို့ အမြန်ထုတ်ပေးလိုက်၏။ 

တာဝန်တစ်ခုနှင့်တစ်ခု၏ ခက်ခဲမှုက မတူသည့်အပြင် ထည့်သွင်းရသော စိတ်ဝိညာဉ်စွမ်းအားများလည်း မတူကြပေ။ အခြားပစ္စည်းများက စိတ်သန့်စင်အဆောင်လက်ဖွဲ့များကဲ့သို့ ဈေးမကြီးသော်လည်း ပိုင်ယွီမင်က အားလုံးကို အပ်နှံပြီးချိန်တွင် စုစုပေါင်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၅၃၇ တုံးကို ရရှိခဲ့လေသည်။

တစ်လလျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးသာ ရရှိသော ပိုင်ယွီမင်အတွက်မူ ဤသည်မှာ မယုံနိုင်လောက်သည်အထိ များပြားသော ငွေပမာဏ ဖြစ်လေသည်။ ပိုင်ယွီမင်က စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံရရှိချိန်၌ မြေပေါ်သို့ ပြုတ်ကျပြီး နိုးလာကာ အိပ်မက် ဖြစ်နေမည်ကိုပင် စိုးရိမ်နေလေ၏။

ယဲ့ချင်းလင်ပြန်သွားပြီးနောက် ပိုင်ယွီမင်က စိတ်သန့်စင်အဆောင်လက်ဖွဲ့ ရေးသည့်တာဝန်ကို ရာနှင့်ချီ ထပ်ယူချင်နေလေသည်။ 

ဤတာဝန်က အလွန်ဝင်ငွေကောင်းလေသည်။ ယခင်လ၌ သူက တစ်နေ့လျှင် အဆောင်လက်ဖွဲ့သုံးလေးခုသာ ရေးခဲ့ပြီး ကြားထဲတွင် အနားယူသည့် ရက်များလည်း ရှိလေသည်။ သို့သော်လည်း တစ်လအတွင်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးကိုးရာကျော် ရရှိခဲ့လေသည်။ 

ထို့ကြောင့် ပိုင်ယွီမင်က ယခုအချိန်တွင် တာဝန်များစွာယူပြီး အဆောင်လက်ဖွဲ့ များစွာ ရေးမည်ဟု ကြံစည်လိုက်၏။ နောက်လတွင် စိတ်သန့်စင်အဆောင်လက်ဖွဲ့ရေးသည့် တာဝန်တစ်ခုတည်းနှင့်ပင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးပေါင်း သောင်းနှင့်ချီပြီး ရှာနိုင်လေသည်။ အိမ်ဝယ်ရန်မှာ လက်တစ်ကမ်းအလိုတွင်သာ ရှိနေတော့လေ၏။ 

သို့ရာတွင် ပိုင်ယွီမင်က တာဝန်များ မယူရသေးမီ၌ မော့ရှုလင်က သူ့အား တားလိုက်သည်။
"ရှစ်စွမ်း... အဆောင်လက်ဖွဲ့ရေးတဲ့ တာဝန်က ထပ်ယူလို့ရပါတယ်... ဒါပေမဲ့ ဘယ်လောက်ထိ များများယူချင်လို့လဲ..."

မော့ရှုလင်က ပိုင်ယွီမင်အတွက် လွယ်ကူသော တာဝန်များကိုသာ ရွေးချယ်ပေးခဲ့လေသည်။ 

ယခင်လက တာဝန်အတွက် တစ်နေ့လျှင် နာရီဝက်ခန့်သာ အချိန်ပေးရ၏။ ပိုင်ယွီမင်ကို သင်ကြားပေးရချိန်နှင့် အချိန်ညှိနှိုင်းမှုများအပါအဝင် အလုပ်လုပ်ချိန်က တစ်နေ့လျှင် လေးနာရီပင် မပြည့်ချေ။ ထိုမျှမကဘဲ သူက ပျင်းရိသော ပိုင်ယွီမင်အတွက် အနားယူချိန် (၄) ရက်ခွဲခန့် ပေးခဲ့ရသေးလေသည်။

မော့ရှုလင်က ပိုင်ယွီမင် တာဝန်များထပ်ယူသည်ကို မကန့်ကွက်သော်လည်း ပိုင်ယွီမင်စိတ်လောပြီး တာဝန်များစွာ ယူလာကာ မပြီးစီးလျှင် ဒဏ်ငွေဖြတ်ခံရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ 

လျန်ကျီဂိုဏ်းက အကြီးအကဲများကို အနည်းငယ်ပိုပြီး ကောင်းမွန်စွာ ဆက်ဆံလေသည်။ တန်ဖိုးနည်းသော ပစ္စည်းများအတွက် တာဝန်များကို လက်ခံရာတွင် အာမခံကြေးပေးသွင်းရန် မလိုသော်လည်း ပိုင်ယွီမင်က တာဝန်ကို အချိန်မီ မအပ်နှံနိုင်လျှင် ထိုအခြေအနေကို မှတ်တမ်းတင်ထားမည်ဖြစ်ပြီး ဒဏ်ငွေပေးဆောင်ပြီးမှသာ နောက်ထပ်တာဝန်အသစ်များကို လက်ခံခွင့်ရှိမည်ဖြစ်သည်။

ယခုအချိန်တွင် အိမ်တစ်လုံးအတွက် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး (၂) သိန်း၊ (၃) သိန်းခန့် အကြွေးတင်နေသဖြင့် ပိုက်ဆံကို အလွယ်တကူ အဆုံးရှုံးမခံရဲပေ။

ပိုင်ယွီမင်က တာဝန်ကို အချိန်မီ မပြီးစီးနိုင်လျှင် ဒဏ်ငွေပေးရမည်ကို သိလေသည်။ စိတ်ထားကျဉ်းမြောင်းသော အကြီးအကဲအချို့က အခြားလူများကို ယူခွင့်မပေးဘဲ တာဝန်များကို မကောင်းသောစိတ်ဖြင့် သိမ်းယူထားမည်ကို တားဆီးရန် လျန်ကျီဂိုဏ်းက ဤစည်းမျဉ်းကို ချမှတ်ထားခြင်း ဖြစ်လေသည်။

ပစ္စည်းတန်ဖိုး အနည်းငယ်ဆုံးရှုံးခြင်းက အကြီးအကဲများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော်လည်း တာဝန်ကို အမြဲတမ်း မပြီးမြောက်ဘဲ မှတ်တမ်းတင်ခံရလျှင် တာဝန်ခံများက လာရောက်မေးမြန်းမည်ဖြစ်သည်။ အမှန်တကယ် မလုပ်နိုင်သည်ဖြစ်စေ မလိုတမာစိတ်ဖြင့် တာဝန်ကို ယူထားသည်ဖြစ်စေ ၎င်းက ဂုဏ်သိက္ခာကို ထိခိုက်စေလေသည်။ 

ပိုင်ယွီမင်၏ မိစ္ဆာဟူသော အဆင့်အတန်းမှာ မူလကတည်းက နှိမ့်ချခံနေရသဖြင့် မော့ရှုလင်က ပိုင်ယွီမင်အရှက်ရမည်ကို စိုးရိမ်နေလေသည်။

"အဆောင်လက်ဖွဲ့ ရေးတဲ့တာဝန်ကို သုံးရာကနေ ငါးရာလောက်ထိ ထပ်ယူမလို့ပါ..."
ပိုင်ယွီမင်က ပြောလိုက်၏။ 

မော့ရှုလင်မှာမူ သူ့လက်ထဲရှိ အကြီးအကဲတံဆိပ်ပြားအား ဆွဲယူနေချင်လေသည်။

လာနောက်နေတာလား... သုံးရာကနေငါးရာတဲ့… ဒီယုန်ဝတုတ်ကတော့ မောပြီးသေတဲ့အထိ ရေးရတော့မှာပဲ...

ပိုင်ယွီမင်ကမူ မော့ရှုလင်က သူ့လက်ထဲမှ တံဆိပ်ပြားကို လုယူနိုင်မည်ဟု မတွေးမိပေ။ သူက လက်ချောင်းများကို ချိုးကာ တွက်ပြလေသည်။
"စဉ်းစားကြည့်လေ... အရင်က တစ်နေ့ကို သုံးခုလောက်ပဲ ရေးတာတောင် ပြီးခဲ့တဲ့လက စုစုပေါင်း အဆောင်လက်ဖွဲ့ ၈၇ ခုတောင် ပြီးခဲ့တာပဲ... ဒီလမှာ မနက်ရော ညနေရော အချိန်ပေးမယ်ဆိုရင် တစ်နေ့ကို ၇ ခုလောက် ရေးနိုင်လောက်တယ်... ၃၀နဲ့ ၇နဲ့ မြှောက်ရင် ၂၁၀... ဒါဆိုရင် တစ်လမှာ အဆောင်လက်ဖွဲ့ စုစုပေါင်း အဆောင် ၂၁၀ တောင် ရေးနိုင်မှာပေါ့..."

မော့ရှုလင်မှာ ထိုပမာဏက အကျိုးအကြောင်းသင့်သည်ဟု တွေးပြီး မေးလိုက်၏။ 
"ဒါဆို အဆောင်လက်ဖွဲ့ သုံးရာကနေ ငါးရာဆိုတာက ဘယ်ကရောက်လာတာလဲ..."

ပိုင်ယွီမင်၏ မျက်နှာက အနည်းငယ် နီမြန်းသွားလေသည်။ 
"ငါက မကျွမ်းကျင်သေးလို့ပါ... ကျွမ်းကျင်သွားရင် တစ်နေ့ကို အဆောင်လက်ဖွဲ့ ၁၀ ခုလောက် ရေးမယ်ဆို တစ်လမှာ သုံးရာလောက်ရမှာပေါ့... ပြီးတော့ ပျက်စီးတာတွေလည်း ရှိဦးမှာ... အဆောင်လက်ဖွဲ့ အခု ၂၀၀ ရေးဖို့ဆိုရင် စာရွက် ၂၀၀ တည်းနဲ့ မလောက်ဘူးလေ... အဲ့ဒါကြောင့် ပိုယူထားရမှာပေါ့.."

"ဒါပေမဲ့ သုံးရာကနေ ငါးရာဆိုတာက များလွန်းမနေဘူးလား..."

"ဒီတာဝန်က ၃ လအတွင်း အပ်ရတာလေ... ဒီလမပြီးရင် နောက်လမှ အပ်လို့ရတာပဲ... ပြီးတော့ ဟိုပြေးဒီပြေး လုပ်နေတာထက်စာရင် စာရေးနေတာက ပိုမကောင်းဘူးလား..."

ပိုင်ယွီမင်က အနည်းငယ် လောဘတက်နေခြင်း ဖြစ်သော်လည်း သူက အရေအတွက်များစွာကို အသုံးချကာ ကိုယ့်ကိုယ်ကိုယ် ကြိုးစားအောင် တွန်းအားပေးနေခြင်း ဖြစ်လေသည်။ 

ယခင်က ဤကဲ့သို့ ပိုက်ဆံရှာနိုင်သည်ကို မသိသဖြင့် ယုန်မွေးရောင်းရန်သာ တစ်နေ့တစ်နေ့ တွေးနေခဲ့လေသည်။ ယခုအချိန်တွင် သူကြိုးစားလျှင် အကျိုးအမြတ်များစွာ ပြန်ရနိုင်သည်ကို သိရှိသွားသဖြင့် အိမ်ကို မြန်မြန်ဝယ်နိုင်ရန် အလုပ်များများလုပ်ပြီး ပိုက်ဆံရှာချင်လေသည်။ 

ပိုင်ယွီမင်၏ အစီအစဉ်က အလွန်ချောမွေ့သော်လည်း တစ်ချိန်တည်းတွင် သူက ကြီးမားသောအမှားတစ်ခုကို လုပ်မိနေလေသည်။

မော့ရှုလင်က သက်ပြင်းချလိုက်၏။ 
"ကျွန်တော် ရှစ်စွမ်းအတွက် အစီအစဉ်ကို ပြန်ချပေးမယ်..."

ပိုင်ယွီမင်က ခေါင်းညိတ်ကာ ဂရုတစိုက် နားထောင်လိုက်လေသည်။

"နှင်းတွေ အရည်ပျော်သွားပြီးတော့ လက်နက်ပြုပြင်မယ့် အကြီးအကဲ ပြန်လာမယ့်အချိန်ကိုပါ ထည့်တွက်ရင် ကျွန်တော်တို့မှာ လေးလတောင် အချိန်မရှိတော့ဘူး..." 

မော့ရှုလင်က အချိန်ကို တွက်ချက်ပြီးနောက် ဆက်ပြောလေသည်။ 
"ပြီးခဲ့တဲ့လက စိတ်သန့်စင်အဆောင်လက်ဖွဲ့အတွက် စာရွက် ၁၀၀ ယူခဲ့ပြီးတော့ အဲ့ထဲက ၈၇ ခု ရောင်းခဲ့ရတယ်... အခုရတဲ့ငွေက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၉၂၁ တုံး... နောက်လမှာ အဆောင်လက်ဖွဲ့ ၂၀၀ လောက်ပြီးခဲ့ရင် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀၀ လောက် ရမယ်... အဆောင် ၃၀၀ ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ ပေါ့..."

"ဟုတ်တယ်... ဟုတ်တယ်" 
ပိုင်ယွီမင်က ထိုကဲ့သို့ တွေးထားခြင်းဖြစ်သည်။ ထို့အပြင် မျိုးစေ့စိုက်ပျိုးသည့် တာဝန်လည်းရှိသဖြင့် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ရာနှင့်ချီပြီး ထပ်တိုးလာမည်ဖြစ်သည်။

"ဒါပေမဲ့ ရှစ်စွမ်း စဉ်းစားကြည့်ပါဦး... ရှစ်စွမ်းရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ပြန်ပြည့်ဖို့အတွက် အနားယူရမယ်လေ... တကယ်လို့ ရှစ်စွမ်းပင်ပန်းနေရင် အဆောင်လက်ဖွဲ့ရဲ့ အရည်အသွေးကို အများကြီး ထိခိုက်နိုင်တယ်... အဲ့ဒီအချိန်ကျရင် အခုလို တုန်းရွှီအဆင့်မီတဲ့ အဆောင်လက်ဖွဲ့မျိုး ရာနဲ့ချီပြီး ရေးနိုင်မယ်လို့ ရှစ်စွမ်း အာမခံနိုင်လို့လား..."

မော့ရှုလင်က အလေးအနက်ဖြင့် သတိပေးလိုက်၏။ 
"တုန်းရွှီအဆင့် အဆောင်လက်ဖွဲ့က ကျင်းတန်းအဆင့် အဆောင်လက်ဖွဲ့ထက် အဆပေါင်း ရာနဲ့ချီပြီး ဈေးကြီးတယ်နော်..."

ပိုင်ယွီမင်မှာ တိတ်ဆိတ်သွားတော့၏။ နောက်ဆုံးတွင် သူ့အစီအစဉ်မှာ မည်သည့်နေရာတွင် မှားယွင်းနေသည်ကို သိသွားလေသည်။ 

တုန်းရွှီအဆင့် အဆောင်လက်ဖွဲ့များကို မရေးနိုင်လျှင် ပိုင်ယွီမင်က ကျင်းတန်းအဆင့် အဆောင်လက်ဖွဲ့များကိုသာ ရောင်းချရမည်ဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံး သုံးရာခန့်သာ ရရှိမည်ဖြစ်သည်။

ပိုင်ယွီမင်က ပိုက်ဆံရှာရန်အတွက် အလွန်ပင် စိတ်ကူးယဉ်ဆန်လွန်းနေခဲ့လေသည်။ ရုတ်တရက် အိမ်ဝယ်မည့်လမ်းခရီးက ပြန်ပြီး ဝေးကွာသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"ဒါဆိုရင် ငါတို့ အရင်လကလိုပဲ လုပ်ကြမလား..."

"အဆင်ပြေပါတယ်..."  
မော့ရှုလင်၏ စကားအဆုံးတွင် ပိုင်ယွီမင်က စိတ်ပျက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိလေသည်။

မော့ရှုလင်က ဆက်ပြော၏။
"ရှစ်စွမ်း... နှစ်သစ်ကူးမှာ အိမ်ပြန်သွားတဲ့တပည့်တွေ ပြန်ရောက်လာရင် ဈေးတန်းမှာ အရောင်းအဝယ်တွေ သွက်လာလိမ့်မယ်... ပြီးတော့ ရွှမ်ကျီလေလံပွဲကလည်း ဖွင့်တော့မယ်... အဲ့အချိန်ကျ ကျွန်တော်တို့ ပစ္စည်းကောင်းလေးတွေလုပ်ပြီး သွားရောင်းရင် အခုထက်ပိုပြီး ပိုက်ဆံရမှာ သေချာတယ်..."

တာဝန်များအတွက် ပစ္စည်းအများစုမှာ လျန်ကျီဂိုဏ်းမှ ပေးထားခြင်းဖြစ်သဖြင့် ဈေးနှုန်းကလည်း ပုံသေသာဖြစ်သည်။ သူတို့က တပည့်များ၏ငွေကို လိမ်ယူမည်မဟုတ်သော်လည်း အမြတ်မှာမူ အလွန်နည်းလေသည်။ ယဲ့ချင်းလင်က ပိုင်ယွီမင်ကို မည်မျှပင် ကူညီပေးစေကာမူ တာဝန်ပေးခန်းမဆောင်၏ စည်းမျဉ်းများကိုမူ မချိုးဖောက်နိုင်ပေ။ 

သို့သော် အပြင်ဘက်၌ ရောင်းချခြင်းက မတူပေ။ ဉာဏ်ကိုလွှာသုံးနိုင်လျှင် ပစ္စည်းကောင်းများကို ဈေးကြီးကြီးနှင့် ရောင်းရနိုင်လေသည်။

"အာ... နှစ်သစ်ကူးပြီးလို့ ပြန်လာမယ့် တပည့်တွေက သိုးဝတုတ်ကြီးတွေပဲပေါ့..."

ပိုင်ယွီမင်က ရုတ်တရက် သက်ပြင်းချလိုက်၏။ ဤကမ္ဘာတွင်လည်း စာအိတ်နီပေးသည့် ဓလေ့ထုံးတမ်းက ရှိနေသေးလေသည်။ 

မော့ရှုလင်က ခေါင်းခါလိုက်မိ၏။ 

ဆင်းရဲခြင်းဖြင့် ကန့်သတ်ခံထားရသော ပိုင်ယွီမင်၏ စိတ်ကူးယဉ်မှုများကို မြင်နေရလေသည်။ တပည့်တစ်ယောက်တွင် ငွေအနည်းငယ်ရှိနိုင်သော်လည်း လေလံပွဲများက ချမ်းသာကြွယ်ဝရန် သော့ချက်ဖြစ်၏။

ဒါပေမဲ့ ဒါက ငါ့ရှစ်စွမ်းလို့ ဘယ်သူပြောလိုက်တာလဲ...

🐰🐰🐰

🐰 Chapter 27


(၁၂) လပိုင်းအစသို့ ရောက်ရှိလာပြီ ဖြစ်လေသည်။ 

လျန်ကျီဂိုဏ်းရှိ တပည့် အများစုက နှစ်သစ်ကူးအတွက် အိမ်ပြန်ရန် ပြင်ဆင်နေကြလေသည်။ 

ဂိုဏ်း၏စည်းမျဉ်းအရ ဂိုဏ်းသို့ အသစ်ဝင်လာသော တပည့်များက ပထမဆုံးနှစ်တွင် ခွင့်ရက်ရှည် ရရှိကြလေသည်။ ထိုခွင့်ရက်မှာ (၁၂) လပိုင်းအစမှ နောက်နှစ် (၁) လပိုင်းကုန်အထိ နှစ်လတိတိ ဖြစ်သဖြင့် တပည့်များအနေဖြင့် အိမ်ပြန်ကာ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြလေသည်။

ချမ်းသာသော တပည့် အများစုကိုမူ သူတို့၏ မိသားစုများက လာကြိုသဖြင့် အလွန်အဆင်ပြေလေသည်။ 

အသင့်အတင့် ချမ်းသာသော တပည့်များကမူ လျန်ကျီဂိုဏ်းမှ ဝိညာဉ်သားရဲများကို ငှားရမ်းကာ အိမ်ပြန်ကြလေသည်။ ယဉ်ပါးသော ဝိညာဉ်သားရဲများက ကျိုးနွံနာခံတတ်ကာ စီးနင်းရသည်မှာလည်း ခမ်းနားလှလေသည်။ 

ဆင်းရဲသော တပည့်များကမူ သူတို့နေထိုင်သည့် ဒေသကို တင်ပြထားနိုင်ပြီး အကြီးအကဲတစ်ဦးက သူတို့အား အနီးဆုံးမြို့အထိ ပို့ဆောင်ပေးလေ၏။ ခွင့်ရက်ကုန်ဆုံးချိန်တွင်လည်း ထိုမြို့မှတစ်ဆင့် ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လေသည်။

ဤကဲ့သို့ ပို့ဆောင်ရေးစနစ်က တပည့်များအတွက် အဆင်ပြေစေရုံသာမက လျန်ကျီဂိုဏ်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက်လည်း နည်းလမ်းကောင်းတစ်ခု ဖြစ်လေသည်။ 

လျန်ကျီဂိုဏ်းက တိုက်ကြီး၏ အဓိကဂိုဏ်းကြီးသုံးခုအနက် တစ်ခုဖြစ်သဖြင့် သာမန်ဂိုဏ်းငယ်လေးများထက် အဖက်ဖက်မှ သာလွန်လေသည်။ 

မော့ရှုလင်က ယခင်ဘဝတွင် အနိုင်ကျင့်မခံရစေရန်နှင့် အသက်ရှင်ရန်အတွက် ဂိုဏ်းရှိစည်းမျဉ်းများကို အကြိမ်ကြိမ် အသုံးချခဲ့ဖူးလေသည်။ ၎င်းမှာ မော့ရှုလင်အနေဖြင့် လျန်ကျီဂိုဏ်းသို့ ပြန်လည်ဝင်ရောက်လိုခြင်း၏ အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

လျန်ကျီဂိုဏ်းက တပည့်များအား သူတို့၏မိသားစုများနှင့် အလွန်အကျွံ မပတ်သက်စေလိုသော်လည်း မိသားစုများက ပံ့ပိုးပေးသော အရင်းအမြစ်များက ကျင့်ကြံနှုန်းကို ပိုမိုမြန်ဆန်စေသည်ကို သိလေသည်။ မိသားစုများကလည်း သူတို့ကလေးများက ကျင့်ကြံဆင့် အမြန်တိုးတက်လာပြီး တစ်နေ့တွင် လျန်ကျီဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်လာကာ မိသားစုကို ပြန်လည်စောင့်ရှောက်ရန် မျှော်လင့်ကြလေသည်။ 

ဆွေမျိုးသားချင်းများ ရှိနေသမျှကာလပတ်လုံး ဂိုဏ်းအနေဖြင့် တပည့်များအား နှစ်သစ်တွင် အိမ်ပြန်ခွင့်ပေးထားလေသည်။ ဂိုဏ်းထဲသို့ဝင်လျှင် မိသားစုနှင့် အဆက်အသွယ် ဖြတ်ရမည်ဆိုပါက အရည်အချင်းရှိသော ကလေးများကို မည်သူကမှ ပို့ပေးကြမည် မဟုတ်တော့ပေ။

မော့ရှုလင်အတွက်မူ နှစ်သစ်ကူးတွင် မျှော်လင့်ရန် မည်သည်မှမရှိပေ။ ဖေးယွင်တောင်ကြားကလည်း ပျက်စီးသွားပြီဖြစ်သဖြင့် သူက အမြစ်မရှိသော ဗေဒါပင်ကဲ့သို့ ဖြစ်နေလေသည်။ 

ပိုင်ယွီမင်ကလည်း သူပြန်ရမည့် အိမ်ရှိမရှိကို မသိပေ။ မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်များက သူ့ထံတွင် မရှိပေ။ သူသိထားသည်မှာ ယုန်မွေးပဝါဖြစ်သွားသည့် မူရင်းဇာတ်ကြောင်း အစအဆုံးသာ ဖြစ်လေသည်။ သူက ရှန့်ကွမ်းကျူးချင်ကိုလည်း သူ့ထံတွင် ယုန်ဆွေမျိုးများ ရှိမရှိကို သွားမမေးနိုင်ပေ။ 

သို့ရာတွင် သူက မဟာယနအဆင့်သို့ ရောက်ရှိပြီဖြစ်နေသဖြင့် ယုန်ဆွေမျိုးများ ရှိနေလျှင်ပင် သွေးသားတော်စပ်မှုက အလွန်ပင် ဝေးကွာနေမည် ဖြစ်သည်။ ထို့အပြင် သူ၏အဆင့်အတန်းအရ သူက ဆွေမျိုးများကို သွားတွေ့ရန်မလိုဘဲ သူတို့ကသာ ယွဲ့ရွှယ်တောင်ထိပ်သို့ လက်ဆောင်များ ယူဆောင်လာကာ သူ့ကို လာရောက်တွေ့ဆုံသင့်လေသည်။ ထို့ကြောင့် ပိုင်ယွီမင်က ယွဲ့ရွှယ်တောင်ထိပ်ပေါ်တွင်သာ အေးအေးဆေးဆေးနေပြီး စိတ်သန့်စင်အဆောင်လက်ဖွဲ့ များကို ဆက်လက်ရေးနေရန် ဆုံးဖြတ်လိုက်လေသည်။ 

ယန်ချန်ချန်၏ လျှို့ဝှက်နယ်မြေသို့ ဝင်ရန်အတွက် ပြိုင်ပွဲကို နှစ်သစ်ကူးပြီးသည့်အထိ ဆိုင်းငံ့ထားပြီး နှစ်လပိုင်း (၁) ရက်နေ့မှ (၁၀) ရက်အတွင်း ကျင်းပရန် သတ်မှတ်ထားလေသည်။

လျန်ကျီဂိုဏ်းက မဆိုးပေ။ သူတို့က ဆေးပုလင်းနှစ်လုံးဝယ်ရန် ပိုက်ဆံသုံးသော်လည်း တပည့်များအား ဒဏ်ရာရရှိပြီး အိမ်ပြန်ခွင့်မပြုပေ။ ပါဝင်သည့်စာရင်း ထွက်လာလျှင် ပါဝင်သော တပည့်က အိမ်အပြန်လမ်းတွင် အသက်အန္တရာယ် ရှိနိုင်လေသည်။ 

ယခုတစ်ကြိမ်တွင် သူတို့က  á€›á€á€”ဏမဝဏးရသဏရန် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ကြမည်ဖြစ်သည်။ လူငယ်များသာမက အကြီးအကဲများပင်လျှင် သူတို့၏ တပည့်များကို ထိုစာရင်းထဲသို့ ထည့်နိုင်ရန် ကြိုးစားနေကြလေသည်။ 

ဤကဲ့သို့ လူတိုင်းလိုချင်သော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရမည့်စာရင်း ထွက်လာလျှင် ထိုထူးချွန်သော တပည့်များအား သေလမ်းရှာပေးလိုက်သကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။ 

ဂိုဏ်းအပြင်သို့ ထွက်သည်နှင့် သူတို့က တိုက်ခိုက်ခံရနိုင်လေ၏။

ဤသည်က ဂိုဏ်းအတွက် ကောင်းသောကိစ္စဖြစ်သော်လည်း မော့ရှုလင်အတွက်မူ စာရင်းထဲတွင် မပါဝင်သော်လည်း အလွန်ပင် စိတ်ရှုပ်ထွေးနေရလေသည်။ 

ဂိုဏ်းသားဦးရေ နည်းပါးလာသော်လည်း မော့ရှုလင်က လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်ခြေများသော တပည့်များ၏ စာရင်းကို ရှာဖွေနေလေသည်။ 

မော့ရှုလင်က ဓားစီးပြီး မပျံသန်းနိုင်သေးသဖြင့် ပိုင်ယွီမင်ကသာ သူ့ကိုလိုက်ပြီး ပို့ဆောင်ပေးရလေသည်။ ပိုင်ယွီမင်ကလည်း ဆယ်နှစ်အရွယ် သူ့တပည့်လေးကို လူဆိုးများက ဖမ်းပြီး အနိုင်ကျင့်မည်ကို စိုးရိမ်သဖြင့် တပည့်လေးနောက်မှ တစ်ဖဝါးမှမခွာဘဲ လိုက်လံစောင့်ရှောက်နေလေသည်။

မော့ရှုလင်မှာ ပိုင်ယွီမင်က ပိုက်ဆံရလျှင် စာရေးနေချင်သည်ကို သိသော်လည်း သူတို့ထံတွင် အချိန်များစွာ မကျန်တော့ပေ။

ကျင့်ကြံရန် အလျင်လိုနေသူများ သို့မဟုတ် ခရီးဝေးသွားမည့်သူများက ၁ လပိုင်း ၁၅ ရက်နေ့ နောက်ပိုင်းမှသာ အပြင်သို့ ထွက်လာကြမည်ဖြစ်သည်။  á€‚á€­á€Żá€á€şá€¸á€žá€­á€Żá€ˇ ပြန်လာမည့်ခရီးကို တွက်ကြည့်ပါက နှစ်သစ်ကူးအတွက် ပြန်သွားသော တပည့်များက ၁ လပိုင်းကုန်တွင် ဂိုဏ်းသို့ ပြန်ရောက်လာကြမည် ဖြစ်လေသည်။

၂ လပိုင်းက ဈေးတန်းထဲတွင် အရောင်းအသွက်ဆုံး အချိန်ဖြစ်၏။ 

လျှို့ဝှက်နယ်မြေက ၃လပိုင်း အစတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်ဘဝရှိ အတွေ့အကြုံများအရ လျန်ကျီဂိုဏ်းရှိ တပည့်များက ၂ လပိုင်း ၂၅ ရက်နေ့တွင် စတင်ထွက်ခွာကြမည်ဖြစ်သည်။ 

[T/ N - E tanက February တို့Marchတို့ ရေးထားပေမယ့် ရှန်းရှဝတ္ထုဆိုတော့ လတွေကို engအသံထွက်အတိုင်းပြန်ရေးရင် တစ်မျိုးဖြစ်မှာစိုးလို့ ၂ လပိုင်း၊ ၃ လပိုင်းလို့ပဲ သုံးလိုက်ပါတယ်နော် ]

မထွက်ခွာမီ ၁၅ ရက်အလိုတွင် စာရင်းထဲ၌ပါသော တပည့်များက အသက်ကယ်ပစ္စည်းများနှင့် ကောင်းမွန်သော ပစ္စည်းများကို ဈေးကြီးပေးပြီး ရှာဖွေဝယ်ယူကြမည်မှာ သေချာလေသည်။

ယခင်ဘဝ၌ မော့ရှုလင်က လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်မရခဲ့သဖြင့် ထိုနေရာအကြောင်းကို အနည်းငယ်သာ သိလေသည်။ ယခုအချိန်တွင်မူ သူက လျှို့ဝှက်နယ်မြေနှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းရန်နှင့် ထိုနေရာတွင် အသုံးဝင်မည့် လက်နက်များကို ဖန်တီးရန် လိုအပ်နေလေသည်။ 

ပိုင်ယွီမင်က အခြားအကြီးအကဲများကဲ့သို့ ခေါင်းမာသူမဟုတ်သဖြင့် ကျင်းတန်းအဆင့် ကျင့်ကြံသူများ သုံးနိုင်မည့် အဆင့်မြင့်ပစ္စည်းများကို ဖန်တီးပေးလိုစိတ် ရှိလေသည်။ 

အသက်အန္တရာယ်နှင့် ပတ်သက်သော ပစ္စည်းမှန်သမျှက အလွန်ဈေးကြီးလေ၏။ 

ထိုအချိန်၌ လေလံပွဲမှတစ်ဆင့် ရောင်းချလျှင် ဈေးနှုန်းအတွက် စိုးရိမ်ရန် မလိုတော့ပေ။

ယခင်ဘဝက ယန်ချန်ချန်၏ လျှို့ဝှက်နယ်မြေအား ဂရုမစိုက်ခဲ့မိသည်မှာ သူ့အမှားသာ ဖြစ်လေသည်။ မဟုတ်လျှင် ယခုကဲ့သို့ နေရာအနှံ့ သတင်းလိုက်စုံစမ်းနေရန် မလိုပေ။ 

စာရင်းထဲတွင် မည်သူပါနိုင်သည်ကို သိရန်မှာ လွယ်ကူလေသည်။ လောင်းကစားရုံများသို့ သွားပြီး မည်သူက အလေးသာနေသည်ကို မေးမြန်းကာ ယခင်ဘဝရှိ မှတ်ဉာဏ်များနှင့် ပေါင်းစပ်ပြီး လူအချို့ကို ခန့်မှန်းရွေးချယ်နိုင်လေသည်။ 

ချမ်းသာသူများက လူနည်းစုသာ ဖြစ်၏။ 

ဤချမ်းသာသော တပည့်များ၏ စာရင်းအရ ထိုတပည့်များ၏ ကျင့်ကြံဆင့်၊ ဝိညာဉ်ဇစ်မြစ်၊ နှစ်သက်သောလက်နက်များ အစရှိသည်တို့ကို စုံစမ်းပြီး သူတို့လိုအပ်မည့် လက်နက်များကို ဖန်တီးရောင်းချနိုင်လေသည်။ 

လျှို့ဝှက်နယ်မြေထဲတွင် ကြုံတွေ့နိုင်သည့် အန္တရာယ်များနှင့် ပေါင်းစပ်လိုက်ချိန်တွင် ပစ္စည်းများမရောင်းရမည်ကို စိုးရိမ်ရန် မလိုတော့ပေ။

ပိုင်ယွီမင်က မော့ရှုလင်နောက်မှ လိုက်နေသော်လည်း မော့ရှုလင်၏ မေးခွန်းများက အလွန်ပါးနပ်သဖြင့် မော့ရှုလင် လုပ်ချင်နေသည့်ကိစ္စကို သူ မသိပေ။ 

၁၂ လပိုင်း ၅ ရက်နေ့၌ မော့ရှုလင်စုံစမ်းနေသော လူအချို့၏ အမည်များကို ပိုင်ယွီမင် သိလိုက်ရလေသည်။ 

ယန်ချန်ချန်၊ ကုန်းစွင်းဟန်ဟန်၊ သွမ့်မုကျင်းယန်၊ ယွဲ့ကျစ်ဟန်၊ ချိုးချွမ်ရှန်း၊ ကျောင်းကျင်း...

ယန်ချန်ချန်က မီးဝိညာဉ်ဇစ်မြစ်ရှိသော ပါရမီရှင်ဖြစ်ကာ ရုပ်ရည်၊ နောက်ခံအင်အား၊ အရည်အချင်း အားလုံးနှင့် ပြည့်စုံသူ ဖြစ်လေသည်။ 

ကုန်းစွင်းဟန်ဟန်က ယန်ချန်ချန်၏ သူငယ်ချင်းဖြစ်ပြီး အနည်းငယ် နိမ့်ပါးသော်လည်း ချမ်းသာပြီး လှပသော မိန်းကလေးတစ်ယောက် ဖြစ်လေသည်။ 

သွမ့်မုကျင်းယန်က နေရာအနှံ့ ပြဿနာရှာတတ်သော အမျိုးသားဇာတ်လိုက်ဖြစ်၏။ 

ယွဲ့ကျစ်ဟန်က ဇာတ်လိုက်နှင့်အတူ လျန်ကျီဂိုဏ်းထဲသို့ ဝင်လာခဲ့သူဖြစ်ပြီး ဇာတ်လိုက်၏ မရှိမဖြစ် ငယ်သူငယ်ချင်း ဖြစ်လေသည်။ 

ချိုးချွမ်ရှန်းက ချိုးမိသားစု၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ဇာတ်လိုက်၏ သစ္စာရှိသော ညီအစ်ကိုဖြစ်သည်။ 

ကျောင်းကျင်းက ကျောင်းမိသားစု၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ဇာတ်လိုက်၏ လမ်းခရီးတွင် နှောင့်ယှက်သည့် ဗီလိန်လေးတစ်ယောက် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ ထိုလူခြောက်ယောက်က ပြဿနာကြီးများ ဖြစ်လေသည်။ 

ပိုင်ယွီမင်က ကံကြမ္မာအား မရှောင်လွှဲနိုင်သည်ကို သိသော်လည်း မော့ရှုလင်က မည်သည့်အတွက်ကြောင့် သူတို့အား စုံစမ်းနေသည်ကို နားမလည်ပေ။ 

ပိုင်ယွီမင်က အမျိုးသားဇာတ်လိုက်နှင့် ဆက်ဆံရေးကောင်းအောင်နေရန် မစဉ်းစားခဲ့ခြင်း မဟုတ်ပေ။ သို့ရာတွင် ဇာတ်လိုက်ဖခင်၏ မိသားစုဝင်များက မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသဖြင့် သူက မိစ္ဆာလောကကို မုန်းတီးပြီး လောကရှိ မိစ္ဆာများအားလုံးကို သုတ်သင်ရှင်းလင်းရန် သစ္စာဆိုထားသူ ဖြစ်လေသည်။ 

မော့ရှုလင်က မိစ္ဆာလမ်းစဉ်သို့ မဝင်လျှင် ချီသန့်စင်ခြင်းအဆင့်ထိသာ ရောက်ရှိပြီး အသက် (၁၀၀) အထိသာ နေနိုင်မည်ဖြစ်သည်။ မိစ္ဆာလမ်းစဉ်သို့ ဝင်လျှင်မူ အနည်းဆုံး အသက်ရှည်ရှည်နေနိုင်ပြီး မိသားစုအတွက် လက်စားချေနိုင်မည် ဖြစ်သည်။

ကွာခြားချက်က ကြီးမားနေသဖြင့် ရွေးချယ်စရာမရှိပေ။

ထိုညတွင် မော့ရှုလင်က ထိုပြဿနာကြီးများအကြောင်း စုံစမ်းပြီး ပြန်လာချိန်တွင် ပိုင်ယွီမင်က မော့ရှုလင်ကိုဆွဲပြီး ဂူထဲရှိ တစ်ခုတည်းသော ကုလားထိုင်အကျိုးပေါ်တွင် ထိုင်ခိုင်းကာ စကားပြောလေသည်။

"ရှောင်ရှုရှု... ငါ ညဘက်ကောင်းကင်ကို လေ့လာကြည့်တော့ သွမ့်မုကျင်းယန်က မင်းရဲ့ သဘာဝရန်သူ ဖြစ်နေတယ်ဆိုတာကို တွေ့လိုက်ရတယ်... သူက မင်းရဲ့ တစ်မိုင်ပတ်ပတ်လည်အတွင်းမှာရှိရင် ကံဆိုးမှုတွေပဲ ယူလာပေးမှာမို့ သူ့ကိုတွေ့ရင် ဝေးဝေးက ရှောင်ရမယ်နော်..."
ပိုင်ယွီမင်က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်၏။

မော့ရှုလင် “..........” 

မော့ရှုလင်မှာ ယခင်ဘဝ၌ သွမ့်မုကျင်းယန်နှင့် မတိုက်ခိုက်ခဲ့ဖူးလျှင် ပိုင်ယွီမင်၏ အဓိပ္ပာယ်မရှိသော စကားများကို ယုံကြည်မိမည်မှာ အမှန်ပင် ဖြစ်လေသည်။

🐰🐰🐰

🐰 Chapter 28


ပိုင်ယွီမင်မှာ မော့ရှုလင်၏ အမူအရာကို မြင်ချိန်တွင် သူတွေးနေသည့်အရာကို သိလိုက်လေသည်။ 

ပိုင်ယွီမင်က အလေးအနက် ပြောလိုက်၏။
"မင်း ငါပြောတာကို မယုံလောက်ဘူး... အဲ့ဒီသွမ့်မုကျင်းယန်က တကယ်ကို ဒုက္ခကြီးကြီး ပေးမယ့်လူပဲ... သူ့မှာ ဝိညာဉ်ဇစ်မြစ် လေးခုရှိတယ်... ရေ၊ မီး၊ မိုးကြိုးနဲ့ ရေခဲပဲ... သူက ကျင့်ကြံတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ပဲ... သူ့ရဲ့ကျင့်ကြံနှုန်းက ဝိညာဉ်ဇစ်မြစ်တစ်ခုတည်းရှိတဲ့ ကျင့်ကြံသူပြီးရင် ဒုတိယနေရာကပဲ...”

“အဲ့ဒီသွမ့်မုကျင်းယန်က စကားပြောလည်း ကောင်းတယ်... မင်း သူနဲ့ စကားပြောရင် နိုင်နိုင်ခြေမရှိဘူး... သူနဲ့ စကားပြောတဲ့သူတိုင်းက တွေဝေသွားကြပြီး သူပြောသမျှ စကားတွေအားလုံးကို မှန်တယ်လို့ ထင်သွားကြတယ်...”

“သူ ကျင့်ကြံတဲ့နေရာမှာသုံးတဲ့ မှော်လက်နက်တွေကလည်း အရမ်းအစွမ်းထက်တယ်... ကြည့်ရဆိုးပေမဲ့ အောင်မြင်ဖို့ ရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းခန့်ထိရှိတယ် တစ်ခါတလေဆိုရင် ပြိုင်ဘက်ကင်းတဲ့ ရတနာတွေတောင် ပေါ်လာတတ်သေးတယ်... ဒီလောကကြီးမှာ ဒီလိုပါရမီရှင်မျိုး ဘယ်လိုတောင်ရှိနိုင်လဲဆိုတာကို မင်းတွေးကြည့်လို့ရတယ်...”

“ကြောက်စရာအကောင်းဆုံးအချက်က သူ့ကို ဆန့်ကျင်တဲ့သူတိုင်းက အမှုန့်ဖြစ်တဲ့အထိ အကြိတ်ခံရတာပဲ..."
ပိုင်ယွီမင်က နောက်ဆုံးစကားကို အလေးအနက်ထားပြီး ပြောလိုက်၏။ 

မော့ရှုလင် “.........”

သူ့ရှစ်စွမ်းပြောသည့် စကားများက အကြောင်းပြချက် ခိုင်လုံနေသဖြင့် ငြင်းဆန်ရန် နည်းလမ်းမရှိပေ။ 

အကြောင်းပြချက်အချို့ကြောင့် ဤမိစ္ဆာဆန်သော နည်းလမ်းများက ပိုင်ယွီမင်နှင့် လိုက်ဖက်ညီနေသကဲ့သို့ ခံစားလိုက်ရလေသည်။ 

ပိုင်ယွီမင်က တစ်နေ့လုံး အိပ်လိုက်၊ စားလိုက်၊ ဝတ္ထုဖတ်လိုက် လုပ်နေသော်လည်း သန်မာသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်လေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများက မြောက်မြားစွာသော ဆေးလုံးများကို စားသုံးပြီး ကြိုးစားပမ်းစား ကျင့်ကြံထားသူများထက်ပင် ပိုပြီး သန့်စင်လေသည်။ အလွန်သန့်စင်လွန်းသဖြင့် မည်သည့်ပြုပြင်မှုမှ မလိုအပ်ဘဲ ဆေးအဖြစ် တိုက်ရိုက် သုံးစွဲနိုင်လေသည်။ 

သို့သော် အမွေးနှုတ်ခြင်းနှင့် အရေခွံနွှာခြင်းကိုမူ လိုအပ်လေသည်။ ယခင်ဘဝ၌ မော့ရှုလင်က ပိုင်ယွီမင်၏ ယုန်သားမွေးပဝါကို လိုချင်ခဲ့ဖူးလေသည်။ ယခုဘဝ၌ ရှစ်စွမ်းထံမှ ကျွတ်ကျလာသော အမွေးအမျှင်များဖြင့် ပြုလုပ်ထားသည့် အဝါရောင် ယုန်သားမွေးပဝါတစ်ထည်ရလျှင်ပင် မဆိုးပေ။ 

ပိုင်ယွီမင်က ကျိုးကြောင်းသင့်လျော်သည်ဟု ထင်ရသော်လည်း အမှန်တွင် ဖြီးဖြန်းပြောသည့် အဓိပ္ပာယ်မရှိသော စကားများကို ပြောလေ့ရှိလေသည်။ မော့ရှုလင်မှာ ယခင်က အနည်းဆုံး သွမ့်မုကျင်းယန်အား ပြန်ခံပြောနိုင်သော်လည်း ပိုင်ယွီမင်၏ ချောမွတ်နေသော စကားများနှင့် ကြုံရချိန်တွင်မူ ပြန်မငြင်းနိုင်တော့ပေ။

ပိုင်ယွီမင်ရေးဆွဲထားသည့် စိတ်သန့်စင်အဆောင်လက်ဖွဲ့ များမှာလည်း အလွန်ပင် ကြည့်ရဆိုးလေသည်။ အဆောင်စာရွက်အားလုံးထဲ၌ ပုံစံတူသည့် စာလုံးနှစ်လုံးပင် မပါပေ။ သို့ရာတွင် အမှားမရှိသရွေ့ အောင်မြင်သည်ဟု ဆိုလိုနိုင်ပြီး အဆောင်လက်ဖွဲ့အားလုံး ရောင်းထွက်ခဲ့လေသည်။ 

သွမ့်မုကျင်းယန်၏ အောင်မြင်နှုန်းက ၉၀ ရာခိုင်နှုန်းရှိလျှင် သူ၏ကန့်သတ်ချက်မှာ ၉၀ ရာခိုင်နှုန်းအထိသာ ဖြစ်လေ၏။ သို့ရာတွင် ပိုင်ယွီမင်က စာလုံးအမှားမပါအောင် ရေးနိုင်ခဲ့လျှင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်နိုင်လေသည်။

ကံဆိုးမှုက တစ်ခုပြီးတစ်ခု ရောက်လာနိုင်လေသည်။ သူက နှလုံးခုန်မြန်လာပြီး ကြောက်ရွံ့သဖြင့် ခွက်များလွတ်ကျကာ မူးဝေလာခဲ့လေသည်။ နှာခေါင်းသွေးများကို သုတ်နေလျက် တောင့်တင်းသော ကျောပြင်နှင့် ဝင်တိုက်မိပြီးနောက် အလွန်ကြည့်ရဆိုးသည့် ဦးထုပ်တစ်လုံးကို ရရှိကာ အပြင်လူများရှေ့တွင် အရှက်ကွဲခဲ့ဖူးလေသည်။ 

အစောက ပိုင်ယွီမင်ပြောလိုက်သော စကားများအရ ပိုင်ယွီမင်ကလည်း သူ့အတွက် သဘာဝရန်သူ ဖြစ်နေနိုင်သည်ဟု မော့ရှုလင် သံသယဝင်လာမိလေသည်။

မော့ရှုလင်၏ တိတ်ဆိတ်နေမှုကို ကြည့်လျက် ပိုင်ယွီမင်မှာ ခေါင်းကိုက်လာလေသည်။ 

ကလေးများက တစ်ခါတစ်ရံ ခေါင်းမာတတ်သည်ကို ပိုင်ယွီမင် သိလေ၏။ လူကြီးများက မလုပ်နှင့်ဟု တားလျှင် သူတို့က ပိုလုပ်ချင်နေတတ်သည်။ 

ပိုင်ယွီမင်က လေသံကို အနည်းငယ် လျှော့ပြီး ပြောလိုက်၏။
"ရှစ်စွမ်းက မင်းကို ဘာမှမလုပ်ဖို့ တားနေတာ မဟုတ်ပါဘူး... အခုလောလောဆယ် ကိုယ့်အင်အားကိုယ် ချွေတာသင့်တယ်... ပြီးတော့ ကြက်ဥနဲ့ ကျောက်တုံးကိုပေါက်နေတာမျိုး မဖြစ်သင့်ဘူး..."

မော့ရှုလင်က အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်၏။ 

ခဏလေး.... ဘယ်သူကကြက်ဥ ဘယ်သူကကျောက်တုံးလဲ...

လျန်ကျီဂိုဏ်းရဲ့ ဂုဏ်သရေရှိ ယွဲ့ဒယ်အကြီးအကဲ၊ မဟာယနအဆင့် ကျင့်ကြံသူတစ်ယောက်က ချီသန့်စင်ခြင်းအဆင့်ရဲ့ အလယ်အလတ်အဆင့်ပဲ ရှိသေးတဲ့ သွမ့်မုကျင်းယန်ကို ကျောက်တုံး... ငါတို့ကျတော့ ကြက်ဥတဲ့လား...

ဒီယုန်မိစ္ဆာက တစ်ခုခုတော့ လွဲနေပြီ...

သို့ရာတွင် ဇာတ်လိုက်၏အရှိန်အဝါ၊ ဇာတ်လိုက်၏ မသေနိုင်သော သဘောတရား၊ ဇာတ်လိုက်က ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားလျှင်ပင် လျှို့ဝှက်နယ်မြေကို ရှာတွေ့နိုင်သည့် ကံတရားများအကြောင်းကို ပိုင်ယွီမင်အနေဖြင့် မော့ရှုလင်အား ရှင်းပြရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ပိုင်ယွီမင်က သက်ပြင်းချကာ ပြောလိုက်၏။
"လိမ္မာပါတယ်... နောက်ကျရင် ငါတို့ သွမ့်မုကျင်းယန်ကို ရှောင်ကြတာပေါ့... သူ့နားက မိန်းကလေးတွေကိုလည်း စိတ်မဝင်စားနဲ့နော်... အဲ့မိန်းကလေးတွေက ရူးနေကြတာ... သူတို့က သွမ့်မုကျင်းယန်နဲ့ ညားမှာမဟုတ်ပေမဲ့ မင်း သူတို့ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လည်း သူတို့နှလုံးသားကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး... အတင်းအကျပ်ခူးတဲ့ ဖရဲသီးက မချိုဘူး..."

မော့ရှုလင်က မျက်လုံးပင့်ကြည့်လိုက်၏။
ငါက ၁၀ နှစ်ပဲ ရှိသေးတာ... ဘယ်သူ့ကို သွားပိုင်ဆိုင်ရမှာလဲ...

ဤပေါက်ကရစကားများက ယခင်က ပြောသည်ထက် ပိုပြီးအူကြောင်ကြောင်နိုင်သော်လည်း သတင်းအချက်အလက်များစွာ ပါဝင်နေလေသည်။ 

ယခင်ဘဝ၌ သွမ့်မုကျင်းယန်အနားရှိ မိန်းကလေးများမှာ အနည်းငယ် ထူးဆန်းပြီး သွမ့်မုကျင်းယန်အား ရူးမတတ် စွဲလန်းကြသည်ကို သူသိလေသည်။ အချစ်စစ်က ရှားပါးသည့် အရာဖြစ်ပြီး တစ်ယောက်၊ နှစ်ယောက် တွေ့ရရန်ပင် ခဲယဉ်းလှလေ၏။ သို့ရာတွင် သွမ့်မုကျင်းယန်ကမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် သူနှင့်ထိတွေ့ဖူးသမျှ မိန်းကလေးတိုင်းမှာ သူ့ကို ချစ်မိသွားကြလေသည်။

မော့ရှုလင်က သွမ့်မုကျင်းယန်ထံတွင် ထူးဆန်းသည့် မှော်လက်နက်တစ်ခုခု ရှိနေနိုင်သည်ဟု တွေးမိခဲ့ဖူးလေသည်။ 

သို့ရာတွင် ယခုဘဝ၌ သွမ့်မုကျင်းယန်က လျန်ကျီဂိုဏ်းထဲသို့ ရောက်စအချိန်ဖြစ်ပြီး ဖခင်ဆုံးပါးကာ မိခင်က ငြင်းပယ်ထားသည့် အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်သာ ရှိသေးလေသည်။ 

ဒီအချိန် သူ့နားမှာ ဘယ်လိုလုပ် အချစ်ကံတွေ ပွင့်လန်းနေနိုင်မှာလဲ... 

ပိုင်ယွီမင်က ညဘက်ကြယ်တာရာတွေကိုကြည့်ပြီး တကယ်ပဲ ဗေဒင်ဟောနိုင်တာလား...

"မင်း နားလည်ပြီလား..." 
ပိုင်ယွီမင်က စိတ်မချသေးသဖြင့် ထပ်မေးလိုက်၏။

မော့ရှုလင်က ခေါင်းညိတ်ပြလိုက်လေသည်။ 
"ကျွန်တော် နားလည်ပါပြီ..."

မော့ရှုလင်၏ အဖြေကို ကြားချိန်မှသာ ပိုင်ယွီမင်က အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း မျက်မှောင်ကို ကြုတ်ထားဆဲပင် ဖြစ်လေသည်။ 

မော့ရှုလင်က ပိုင်ယွီမင်ကို စိတ်အေးစေချင်သော်လည်း မည်သည့်စကား ပြောရမည်ကို မသိပေ။ 

ယခင်ဘဝက သွမ့်မုကျင်းယန် နှင့် အကြိမ်ကြိမ် တိုက်ခိုက်ဖူးသဖြင့် ပိုင်ယွီမင်နှင့် ယှဉ်လျှင် သွမ့်မုကျင်းယန်အကြောင်းကို သူက ပိုသိလေသည်။ 

ပိုင်ယွီမင်ပြောသည့် ဒုက္ခကြီးကြီး ဆိုသည်မှာ အမှန်တွင် အလွန်ဒုက္ခမကြီးပေ။

သွမ့်မုကျင်းယန်၏ မိခင်က ဖီးနစ်မျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်လေသည်။ သွမ့်မုကျင်းယန်က သူ၏ မျိုးရိုးဇစ်မြစ်ကို သိသွားပုံရပြီးနောက် ကျင့်ကြံနှုန်းမှာ မိစ္ဆာများကဲ့သို့ မြန်ဆန်ရုံသာမက ငှက်များကို အမိန့်ပေးခိုင်းစေနိုင်သည့် ဖီးနစ်စွမ်းအားကိုပါ အမွေဆက်ခံခဲ့လေသည်။ 

သွမ့်မုကျင်းယန်က ‘ပြာမှပြန်လည်မွေးဖွားလာခြင်း’ ဟူသည့် ဖီးနစ်စွမ်းရည်ကိုလည်း သုံးနိုင်သည်ဟု ဆိုကြလေသည်။ မော့ရှုလင်က အမှန်တရားကို မသိသလို ယုံလည်းမယုံကြည်ပေ။

သွမ့်မုကျင်းယန်၏ စကားများက ယုံကြည်ဖွယ်ကောင်းနေခြင်းနှင့် ပစ္စည်းကိရိယာများကို သန့်စင်ပြုလုပ်ရာတွင် အောင်မြင်နှုန်း မြင့်မားနေခြင်းမှာ သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော မှော်လက်နက်တစ်ခုကြောင့်သာ ဖြစ်လေသည်။

ထိုလက်နက်ထဲ၌ ဝိညာဉ်အပိုင်းအစတစ်ခု ရှိနေ၏။ ထိုဝိညာဉ်အပိုင်းအစမှာ တစ်ချိန်က အတိဒုက္ခကို ကျော်ဖြတ်ဖူးသည့် 'ယန်ယောင်ဇီ' ဟု အမည်ရသော လက်နက်ပညာရှင် အကြီးအကဲတစ်ဦး ဖြစ်လေသည်။ 

ယန်ယောင်ဇီက ဆေးလုံးများကို သန့်စင်ပြုလုပ်ရာတွင် ကျွမ်းကျင်သော်လည်း ပါးစပ်ကြမ်းပြီး စိတ်သဘောထားသေးသိမ်ကာ အလွန်ဒေါသကြီးလေသည်။ သွမ့်မုကျင်းယန်၏ လွှမ်းမိုးမှုအောက်တွင် ယန်ယောင်ဇီက သွမ့်မုကျင်းယန်၏အရိပ် ဖြစ်လာခဲ့လေ၏။

ကံဆိုးမှုများဟူသည်က သွမ့်မုကျင်းယန်က ယန်ယောင်ဇီ၏ စကားများကို တုပပြီး ဗီလိန်များအား မနက်မှညအထိ လက်စားချေရန် ဖန်တီးလိုက်ခြင်း ဖြစ်လေသည်။ ခြေအိတ်ပေါက်သည့်ကိစ္စကဲ့သို့ သေးငယ်သည့် ကိစ္စမှစပြီး လျှို့ဝှက်နယ်မြေထဲတွင် အသက်ဆုံးရှုံးရသည်အထိ ကြီးမားသော ကိစ္စများအထိ သွမ့်မုကျင်းယန်က စိတ်အနှောင့်အယှက်ဖြစ်စေသည့် လူများအားလုံးကို ဒုက္ခပေးရန် အခွင့်အရေးတိုင်းကို အရယူတတ်လေသည်။ 

ယခုဘဝတွင် မော့ရှုလင်က သွမ့်မုကျင်းယန်ကို လက်စားမချေရသေးသဖြင့် ကံမဆိုးနိုင်ပေ။ ထို့ကြောင့် သူက ပိုင်ယွီမင်၏ စကားကို များစွာဂရုမစိုက်ပေ။

မော့ရှုလင်က ပေါ့တန်တန်ဖြစ်နေသည်ကို ခံစားရသဖြင့် ပိုင်ယွီမင်က ထပ်ပြောလေသည်။ 
"ရှောင်ရှုရှု... နောက်ကျရင် အပြင်သိပ်မထွက်နဲ့... အပြင်ထွက်ရင်တောင် သွမ့်မုကျင်းယန်နဲ့ ဝေးဝေးကနေ လျှောက်ကြမယ်..."

သွမ့်မုကျင်းယန်ထံတွင် ယန်ယောင်ဇီရှိနေပြီး ထိုယန်ယောင်ဇီက မိစ္ဆာအငွေ့အသက်အား အလွန်အာရုံခံနိုင်သည်ကို ပိုင်ယွီမင် သိလေသည်။

ယန်ယောင်ဇီက မိစ္ဆာကျင့်ကြံသူ၏ သွေးပါသော သွမ့်မုကျင်းယန်ကဲ့သို့ လူမျိုးကို အထင်မသေးသော်လည်း ယန်ယောင်ဇီကိုယ်တိုင်က ယခင်က မိစ္ဆာကျင့်ကြံသူများ၏ လက်ချက်ဖြင့် ဝိညာဉ်အပိုင်းအစသာ ကျန်သည်အထိ ဒုက္ခရောက်ခဲ့ဖူးသူ ဖြစ်လေသည်။ ထို့ကြောင့် မိစ္ဆာကျင့်ကြံသူများအပေါ်  á€‘ဏးရသိသ္ဏ သူ၏အမုန်းတရားက သွမ့်မုကျင်းယန်ထက်ပင် ပိုပြီးနက်ရှိုင်းလေသည်။ မော့ရှုလင်၏ခန္ဓာကိုယ်မှ မိစ္ဆာအငွေ့အသက်များကို ယန်ယောင်ဇီ ရှာတွေ့သွားလျှင် မော့ရှုလင် အမှုန့်ကြိတ်ခံရမည်ကို သူ စိုးရိမ်နေလေသည်။

"သူက အမွေးအတောင် မစုံသေးတဲ့ ၈ နှစ်သားပဲ ရှိသေးတာ... ကျွန်တော်တို့က ဘာဖြစ်လို့ သူ့ကို ရှောင်နေရမှာလဲ..."

မော့ရှုလင်မှာ ပိုင်ယွီမင်က မည်သည့်အတွက်ကြောင့် သွမ့်မုကျင်းယန်အား ဤမျှအထိ ကြောက်နေသည်ကို အမှန်တကယ်ပင် နားမလည်နိုင်တော့ပေ။ 

ယခင်ဘဝက လမ်းဘေးကြွက်တစ်ကောင်ကဲ့သို့ အနိုင်ကျင့်ခံခဲ့ဖူးသဖြင့် ယခုအချိန်တွင် အမွေးအတောင်အလက်စုံနေသည့် သွမ့်မုကျင်းယန်ကိုပင် မကြောက်ပေ။ ပြန်လည်မွေးဖွားလာသူတစ်ယောက်က အမွေးအတောင်မစုံသေးသည့် သွမ့်မုကျင်းယန်အား ကြောက်နေရန် အကြောင်းမရှိပေ။

"မင်းကရော အမွေးအတောင် မစုံသေးတဲ့ ၁၀ နှစ်သား မဟုတ်လို့လား..." 
ပိုင်ယွီမင်က မော့ရှုလင်၏ စကားကြောင့် ရယ်ချင်သွားလေသည်။ 

သူ့ရှေ့မှ နို့နံ့မစင်သေးသည့် ၁၀ နှစ်သားကလေးက ၈ နှစ်သားကလေးကို အမွေးအတောင် မစုံသေးဟု ပြောနေလေသည်။

“ကျွန်တော်....”
မော့ရှုလင်မှာ စိတ်ဆိုးသွားသော်လည်း မည်ကဲ့သို့ ပြန်ပြောရမည်ကို မသိတော့ပေ။ 

သူ့ခန္ဓာကိုယ်က ‌အမွေးအတောင် မစုံသေးသော်လည်း စိတ်ကမူ ဘဝ၏အနိမ့်အမြင့်များကို ကြုံခဲ့ဖူးသည့် လူကြီးတစ်ယောက် ဖြစ်လေသည်။ 

မော့ရှုလင်မှာ ပထမဆုံးအကြိမ်အဖြစ် ဤခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည်ကို အလွန်စိတ်ဓာတ်ကျသွားလေသည်။

************

စာရေးသူမှာ ပြောစရာရှိပါတယ်…

မော့ရှုလင် : “ကျွန်တော်စိတ်ဆိုးတယ်… မြန်မြန်အရွယ်ရောက်လာချင်ပြီ…”

ပိုင်ယွီမင် :  “အရွယ်ရောက်လာတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး… ဘာဖြစ်လို့လဲဆိုတော့ မင်းအရွယ်ရောက်လာရင် အလုပ်လုပ်ရတော့မှာ…”

မော့ရှုလင် :  “အရွယ်ရောက်မလာရင် ရှစ်စွမ်းကို လိမ်လို့မရဘူးလေ…” 

ပိုင်ယွီမင် :  “……….”

🐰🐰🐰

🐰 Chapter 29


မော့ရှုလင်မှာ သူ့ရှစ်စွမ်းကို အကျိုးအကြောင်းပြောမရသဖြင့် ပိုက်ဆံကိုသုံးပြီး မြှူဆွယ်ရန် ကြံစည်လိုက်လေသည်။

"ဒါပေမဲ့ ရှစ်စွမ်းစဉ်းစားကြည့်ပါဦး... သွမ့်မုကျင်းယန်ရဲ့အဖေက ဒီကျင့်ကြံရေးလောကမှာ အချမ်းသာဆုံး ကုန်သည်တစ်ယောက် ဖြစ်ခဲ့ဖူးတာလေ... လျှို့ဝှက်နယ်မြေထဲမှာ သူသုံးလို့ရမယ့် လက်နက်တွေ၊ ပစ္စည်းတွေကို ကျွန်တော်တို့ရောင်းလိုက်ရင် အိမ်ဝယ်ဖို့ ပိုက်ဆံရလာနိုင်တာပေါ့..."

မော့ရှုလင်၏ လေသံက နတ်ဆိုးတစ်ကောင် တီးတိုးပြောနေသကဲ့သို့ တိုးလျပေါ့ပါးနေသော်လည်း သူက ကလေးတစ်ယောက်၏ ခန္ဓာကိုယ်သာ ဖြစ်နေသဖြင့် သူ့အသံက နို့နံ့မစင်သေးသကဲ့သို့ ချွဲနွဲ့နေလေသည်။ 

မော့ရှုလင် ပြောသည့်အချက်က သွမ့်မုကျင်းယန်အား ပစ်မှတ်ထားရသည့် အဓိကအကြောင်းအရင်း ဖြစ်လေသည်။ 

သွမ့်မုကျင်းယန်၏ အဖေဘက်မှ ဆွေမျိုးများမှာ မိစ္ဆာကျင့်ကြံသူများ၏ လက်ချက်နှင့် ပျက်စီးသွားခဲ့ပြီး သွမ့်မုပင်မအိမ်တော်ရှိ အရင်းအမြစ် စည်းစိမ်ဥစ္စာများအားလုံးကို မိသားစုခွဲများက ခွဲဝေယူသွားကြလေသည်။ အပေါ်ယံကြည့်လျှင် သွမ့်မုကျင်းယန်က ဦးလေးများ၏ မနှစ်မြို့ခြင်းကို ခံရပြီး အနိုင်ကျင့်ခံရသော ဆင်းရဲသား မိဘမဲ့ကလေးတစ်ယောက်သာ ဖြစ်လေသည်။ 

သို့သော် အမှန်တွင် သွမ့်မုကျင်းယန်ထံ၌ လျှောက်စရာလမ်းများစွာရှိပြီး သုံးဖြုန်းနိုင်သည့် စိတ်ဝိညာဉ်ကျောက်တုံးများစွာလည်း ရှိနေသေးလေသည်။ 

အထီးကျန်ပြီး ခိုကိုးရာမဲ့နေသော ဗေဒါပင်ကဲ့သို့ မော့ရှုလင်နှင့် မတူသည်မှာ သွမ့်မုအိမ်တော်အား ပြန်လည် ခေါင်းမော့လာရန် မျှော်လင့်နေကြသည့် နောက်လိုက်တပည့်များက သွမ့်မုကျင်းယန်ထံသို့ သတင်းများ ပေးပို့နေခြင်း ဖြစ်သည်။ သူတို့က သွမ့်မုကျင်းယန်၏ ငယ်ရွယ်မှုနှင့် မသိနားမလည်မှုကို အသုံးချကာ သွမ့်မုအိမ်တော်၏ အရင်းအမြစ်များကို ပြန်လည် သိမ်းပိုက်ချင်ကြလေသည်။

သွမ့်မုမိသားစု၏ အိမ်တော်ခွဲများက သွမ့်မုကျင်းယန်ထံတွင် ထွက်ပေါက်ရှိနေသည်ကို မသိကြဘဲ ဝိညာဉ်ဇစ်မြစ်လေးခုကို ပိုင်ဆိုင်ထားသည့် သွမ့်မုကျင်းယန်ထံတွင် အနာဂတ်မရှိတော့ဟု ထင်ထားခဲ့ကြလေသည်။ 

သွမ့်မုကျင်းယန်က လျန်ကျီဂိုဏ်းထဲသို့ ရောက်လာပြီး အတွင်းတပည့်အဖြစ် အခေါ်ခံရပြီးမှသာ သွမ့်မုကျင်းယန်လက်ထဲတွင် ဝှက်ဖဲကောင်းတစ်ခု ကျန်နေသေးသည်ကို မိသားစုခွဲများက သဘောပေါက်သွားကြ၏။ သွမ့်မုကျင်းယန်အပေါ်  á€‘ဏးရသိသညအ် သူတို့၏ သဘောထားများမှာ စာနာမှုမှ ဖြားယောင်းမှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ 

ယခုအချိန်တွင် သွမ့်မုကျင်းယန်က ဒုက္ခရောက်နေပုံပေါ်သော်လည်း သူ့လက်ထဲမှ ထွက်လာမည့် ပိုက်ဆံများက ပိုင်ယွီမင် လိုချင်နေသည့်အိမ်ကို ဝယ်ပေးနိုင်သည်မှာ သေချာလေသည်။ 

သွမ့်မုကျင်းယန်က ပစ္စည်းဝယ်မဝယ်ကို မော့ရှုလင်က မသေချာသေးသဖြင့် ကြက်ဥများကို ခြင်းတစ်ခြင်းတည်းထဲတွင် ထည့်ထားသကဲ့သို့ မဖြစ်စေရန် လူများစွာကို လိုက်လံစုံစမ်းထားခြင်း ဖြစ်လေသည်။

တပည့်ဖြစ်သူ၏ ချွဲနွဲ့သောအသံကို ကြားချိန်တွင် ပိုင်ယွီမင်က ချက်ချင်း စိတ်ပျော့သွားလေ၏။ 

သို့ရာတွင် အချို့ကိစ္စများမှာ စတင်လိုက်လျှင် နောက်ပြန်မလှည့်နိုင်တော့ပေ။ 

သွမ့်မုကျင်းယန်က အငြှိုးရှိလျှင် ပြန်ဆပ်တတ်သည့် လူမျိုးဖြစ်သဖြင့် မည်သည့်စကားက သူ့အား စိတ်ဆိုးစေမည်ကို မသိပေ။ သူ ဒေါသထွက်လာလျှင် သူတို့အနေဖြင့် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

"မရဘူး... ငါ ခွင့်မပြုနိုင်ဘူး..." 
ပိုင်ယွီမင်က ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားလေသည်။ သူ အရဲမစွန့်ရဲချေ။

“ဘာလို့လဲ..”

ပိုင်ယွီမင်၏ ဆုံးဖြတ်ချက်က ခိုင်မာနေသည်ကို မော့ရှုလင်မြင်ချိန်၌ သူ မည်ကဲ့သို့ပင် ပြောစေကာမူ ရှစ်စွမ်း၏စိတ်အား ပြောင်းလဲနိုင်မည် မဟုတ်သည်ကို သိလိုက်လေသည်။ 

ပိုင်ယွီမင်က စကားဆက်မပြောဘဲ တိတ်ဆိတ်နေ၏။ 

စိတ်ကောက်ချင်ယောင်ဆောင်ပြီး ထွက်သွားခြင်း၊ ငိုယိုအော်ဟစ်ပြီး လူးလှိမ့်ခြင်း စသည့် ကလေးဆန်သည့် အပြုအမူများကိုလုပ်ပြီး ဖြစ်လာနိုင်မည့် အကျိုးဆက်မှန်သမျှကို မော့ရှုလင်က အမြန်စဉ်းစားလိုက်၏။ သို့ရာတွင် ထိုသို့သော အပြုအမူများက ပိုင်ယွီမင်၏စိတ်ကို ပြောင်းလဲစေမည်မဟုတ်ဟု ခံစားလိုက်ရလေသည်။

သူ တစ်ခဏခန့် စဉ်းစားပြီးနောက် အကြံတစ်ခု ရသွားလေသည်။ 

မော့ရှုလင်က စိတ်ကိုလျှော့ပြီး လူကြီးတစ်ယောက်ကဲ့သို့ တည်တည်ငြိမ်ငြိမ် ထိုင်လိုက်၏။
"ရှစ်စွမ်း... ရှစ်စွမ်းက ကျွန်တော့်အပေါ် ကောင်းမှန်း သိပါတယ်... ဒါပေမဲ့ ကျွန်တော်က ဖေးယွင်တောင်ကြားရဲ့ သခင်လေးတစ်ယောက် မဟုတ်တော့ပါဘူး... ရှစ်စွမ်းရဲ့ ရှေ့ဆက်မယ့်ခရီးလမ်းမှာ ကျွန်တော်က အဖော်ပြုပေးရုံလောက်ပဲ တတ်နိုင်မှာပါ..."

မော့ရှုလင်က ပိုင်ယွီမင်၏အာရုံကို ဆွဲဆောင်ရန် ပထမဦးစွာ သူ၏ဘဝဇာတ်ကြောင်းကို ထုတ်သုံးလိုက်ပြီး သူနှင့် ပိုင်ယွီမင်၏ အထီးကျန်မှုနှင့် အကူအညီမဲ့မှုများကို ဖော်ပြလိုက်လေသည်။ 

ပိုင်ယွီမင်ကလည်း မော့ရှုလင်စကား၏ အဓိပ္ပာယ်ကို နားလည်ပြီး ချက်ချင်း စိတ်လှုပ်ရှားသွားလေသည်။

"ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်က ရှေ့ဆက်တိုးဖို့ ခက်ခဲပါတယ်... ဒီနှစ်တစ်ရာအတွင်း ရှစ်စွမ်းနားမှာပဲ ကျွန်တော် အဖော်ပြုပေးချင်ပါတယ်... နှစ်တစ်ရာပြည့်လို့ သေမင်းနဲ့ တွေ့ရမယ့်အချိန်ကို ရောက်လာရင်တောင် ကျွန်တော်က ရှစ်စွမ်းအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်ခဲ့ဘူးလို့တွေးပြီး စိတ်အေးအေးနဲ့ ထွက်သွားနိုင်မှာပါ..."

မော့ရှုလင်က မျက်ရည်ထွက်လာအောင် ကြိုးစားနေသော်လည်း လုံးဝထွက်မလာပေ။ 

သူ့အသံက ထိုင်းမှိုင်းပြီး စိတ်အားငယ်နေပုံ ပေါ်လေသည်။ သူ့စကားများက ကြေကွဲဖွယ်ကောင်းနေသော်လည်း ရင်ထဲတွင်မူ အနည်းငယ်မျှပင် မွန်းကျပ်ခြင်း မရှိပေ။ 

သူ့ရင်ထဲတွင် အပူမီးများသာ ရှိနေပြီး သူ့လမ်းခရီးတွင်ရှိသမျှ အတားအဆီးအားလုံးကို လောင်ကျွမ်းဖျက်ဆီးချင်နေလေသည်။ ရှစ်စွမ်းနားတွင် ကြာကြာနေချင်၏။ အရှက်တရားများဖြင့် နှစ်တစ်ရာခန့်သာ နေရသော တိုတောင်းသည့်ဘဝမျိုးတွင် မနေလိုပေ။

ပိုင်ယွီမင်က မော့ရှုလင်အား အလေးအနက် ကြည့်လိုက်၏။ 

ပိုင်ယွီမင်က ဝတ္ထုများစွာကို ဖတ်ဖူးသဖြင့် စကားလုံးတိုင်းတွင် အဓိပ္ပာယ်များစွာ ရှိနေသည်ကို သိလေသည်။ 

မော့ရှုလင်၏ စကားလုံးတိုင်းတွင် ရည်ရွယ်ချက်များရှိပြီး အမှားအချို့၊ အမှန်အချို့ ရောနေသည်ကို သိသော်လည်း မော့ရှုလင်က သူ့အား အမှန်တကယ် ဂရုစိုက်သည်ကို သိသဖြင့် မူရင်းဇာတ်ကြောင်းထဲကကဲ့သို့ သူ့အား မဆက်ဆံနိုင်ပေ။

"မင်းက ငါ့အတွက် ဝန်ထုတ်ဝန်ပိုး မဟုတ်ပါဘူး..." 
ပိုင်ယွီမင်က မော့ရှုလင်အား အားငယ်စိတ် မဝင်စေချင်ပေ။

"ကျွန်တော့်ကို အကြောင်းပြချက် တစ်ခုလောက်တော့ပေးပါ..." 
မော့ရှုလင်က မေးလိုက်၏။

ငါ ဘယ်လိုလုပ် သူ့ကို အမှန်အတိုင်း ပြောပြလို့ ရမှာလဲ...

“မင်း ပိုက်ဆံရှာလို့ရတယ်... ဒါပေမဲ့ သွမ့်မုကျင်းယန်နဲ့တော့ မပတ်သက်နဲ့... သူက ငါတို့ ပြစ်မှားလို့ရတဲ့ လူမျိုးမဟုတ်ဘူး...”

ထိုစကားကို ကြားချိန်တွင် မော့ရှုလင်က အနည်းငယ် ကြောင်အသွားပြီး ပိုင်ယွီမင်ကို မော့ကြည့်လိုက်၏။ 

ပိုင်ယွီမင်က သူသိထားသမျှကို သိနေသည်ဟု ခံစားရသော်လည်း ပိုင်ယွီမင်က သူ့ကဲ့သို့ ပြန်လည်မွေးဖွားလာသူဖြစ်မည်ဟု မထင်ပေ။ 

နှစ်ပေါင်းများစွာ ရှင်သန်ဖူးသူနှင့် ၁၀ နှစ်သာ ရှင်သန်ဖူးသူကြားတွင် ကြီးမားသော ကွာခြားချက်ရှိလေသည်။ 

အထူးသဖြင့် ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ရပြီးနောက် ဟန်ဆောင်နေလျှင်ပင် စရိုက်လက္ခဏာများက ပြောင်းလဲသွားမည် ဖြစ်သည်။ မော့ရှုလင်က ရံဖန်ရံခါတွင် ကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်တတ်သော်လည်း အများအားဖြင့် ပင်ကိုအတိုင်းသာ နေလေ့ရှိ၏။   

သူက ကြီးမားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ပြီးသဖြင့် ရံဖန်ရံခါတွင် ချစ်ရသူများအား သတိရမိသည်မှာ ပုံမှန်ဖြစ်သည်။ 

လွန်ခဲ့သောလများက ပိုင်ယွီမင်၏ အပြုအမူများကို ကြည့်ပြီးနောက် ပိုင်ယွီမင်က သက်ရှိတစ်ကောင်ကိုမှ မသတ်ဖူးဘဲ အခြားသူ၏အသိုက်ကို ဝင်လုပြီး နေထိုင်သည့် ပျင်းရိပြီး လောဘကြီးသော ချိုးငှက်တစ်ကောင်ကဲ့သို့သာ ဖြစ်နေသည်ကို မော့ရှုလင် မြင်နေရလေသည်။

ပိုင်ယွီမင်အစစ်က မိစ္ဆာထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် တိုက်ပွဲဝင်ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ပြီး ယုတ်မာကောက်ကျစ်မှု မရှိသည်မှာ မဖြစ်နိုင်ပေ။ 

သူက သူလျှိုတစ်ယောက် ဖြစ်လျှင်လည်း ပြင်ပလောကနှင့် ဆက်သွယ်ရသည်ကို မကြိုက်သည့် သူ၏အကျင့်စရိုက်ကို ရှင်းပြရန် ခက်ခဲလေသည်။ 

ပိုင်ယွီမင်က အခြားလူများအပေါ် အမုန်းတရားများ မရှိသဖြင့် ပြန်လည်မွေးဖွားလာသူနှင့် မတူပေ။ အတိတ်ဘဝရှိ ကောလာဟလများအရ ပိုင်ယွီမင် ဒုက္ခရောက်သွားချိန်တွင် လူများစွာ၏ ရှုတ်ချခြင်းကို ခံခဲ့ရလေသည်။ ထိုလူများအနက်မှ တစ်ယောက်က လွန်ခဲ့သောလ၌ မော့ရှုလင်အား တောင်ထိပ်သို့ ခေါ်လာပေးခဲ့သည့် ဖန်ကွမ်းရှစ်ပင် ဖြစ်လေသည်။ 

ပိုင်ယွီမင်က မည်သည်ကိုမှ နားမလည်ဘဲ ကံကောင်းပြီး ဤနေရာသို့ ရောက်လာကာ အကျိုးအမြတ်များကို ခံစားနေရသည်ဟု မော့ရှုလင် ထင်ခဲ့ဖူးလေသည်။ 

ယခုအချိန်မှသာ ပိုင်ယွီမင်က မည်သည်ကိုမှ နားမလည်သည့် ယုန်နုံယုန်အ မဟုတ်သည်ကို မော့ရှုလင် သဘောပေါက်သွားလေသည်။

ဒီကျင့်ကြံရေးလောကတစ်ခုလုံးမှာ ငါကလွဲရင် သွမ့်မုကျင်းယန်ဆီမှာ ကံကောင်းခြင်းတွေ ရှိနေတယ်ဆိုတာကို ဘယ်သူက အတိအကျ ပြောနိုင်မှာမလို့လဲ... 

ပိုင်ယွီမင်က ငါ့အနာဂတ်ကိုရော မြင်ရတာလား...
 
မိစ္ဆာလမ်းစဉ်သို့ ဝင်သွားခြင်း၊ ညစ်ညမ်းသော သွေးများဖြင့် ရန်သူ့နေရာသို့ သွားခြင်း၊ ရန်သူ့စခန်းထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ရန်အတွက် အပြစ်မဲ့သူများ သေဆုံးသွားသည်ကို ရပ်ကြည့်နေခြင်း၊ ပိုင်ယွီမင်ကို အပြစ်ပုံချသည့် အပြုံးခေါင်းဖြူမိစ္ဆာကလည်း ရှိသေးလေသည်။ သိလျက်နှင့် မပြောဘဲနေခဲ့သည့် သူ့ကိုလည်း ကြံရာပါအဖြစ် ယူဆနိုင်လေ၏။ 

မော့ရှုလင်မှာ တစ်ချိန်က စိတ်ထဲတွင် ရှက်ရွံ့ခဲ့ဖူးသော်လည်း ယခုအချိန်တွင်မူ သူလုပ်ခဲ့သည့် မကောင်းသော ကိစ္စများအား ပိုင်ယွီမင်သိသွားမည်ကို ကြောက်ရွံ့မိလေသည်။

မော့ရှုလင် မျက်နှာပျက်နေသည်ကို မြင်ချိန်တွင် ပိုက်ဆံကိစ္စကို စိတ်ပူနေသည်ဟုထင်ကာ ပိုင်ယွီမင်က ပြောလိုက်လေသည်။
"ငါတို့ သူ့ကို တိုက်ရိုက်မဆက်သွယ်ဘဲ လေလံပွဲကနေ ရောင်းလို့ရတာပဲ... “

“သွမ့်မုကျင်းယန်နဲ့ သင့်တော်တဲ့ ပစ္စည်းမျိုးကို ငါတို့ဖန်တီးရင်တောင် ငါတို့က သူနဲ့ မတွေ့ဖူးတာမို့ ပစ္စည်းကို သူရချင်မှရမှာလေ..."

လေလံပွဲတွင် ကိုယ်ပိုင်နည်းစနစ်များ ရှိလေသည်။ 

သွမ့်မုကျင်းယန်ထံတွင် ပြိုင်ဘက်များစွာ ရှိသဖြင့် ပစ္စည်းများက သူ့လက်ထဲသို့ ရောက်မည်ဟု အာမမခံနိုင်ပေ။

"ရှစ်စွမ်းပြောတာ မှန်ပါတယ်... ဒီတပည့်က ရှစ်စွမ်းစကားကို နားထောင်ပါမယ်..." 
မော့ရှုလင်က ပိုင်ယွီမင်ကို အမြန်ထောက်ခံလိုက်၏။

ယခုအချိန်တွင် သူက စိတ်ဝိညာဉ်ကျောက်တုံးများကို ဂရုမစိုက်နိုင်တော့ပေ။ ပိုင်ယွီမင်က ညဘက် ကောင်းကင်ကိုကြည့်ပြီး အနာဂတ်ရှိ သူ၏ယုတ်မာမှုများကို မြင်သွားကာ ယွဲ့ရွှယ်တောင်ထိပ်မှ မောင်းထုတ်လိုက်မည်ကို စိုးရိမ်နေလေ၏။ 

သူ၏ လုံခြုံမှုနှင့်ယှဉ်လာလျှင် သွမ့်မုကျင်းယန်က အရေးမကြီးတော့ပေ။

ပိုင်ယွီမင်က ခေါင်းညိတ်လိုက်၏။ 

မော့ရှုလင် သတင်းစုံစမ်းသည့် အကြောင်းအရင်းကို သိလိုက်ရသဖြင့် ပိုင်ယွီမင်က မော့ရှုလင်နှင့်အတူ အပြင်ထွက်ရန် မလိုတော့ပေ။ 

မော့ရှုလင်မှာ ပိုင်ယွီမင်က သွမ့်မုကျင်းယန်၏ အဖွဲ့နှင့် မပတ်သက်ချင်ဘဲ ထိုလူများကို မေ့ထားချင်သည်ဟု ထင်ခဲ့လေသည်။ သို့ရာတွင် ပိုင်ယွီမင်က နေ့ရက်များကို အလဟဿ မဖြတ်သန်းချင်သဖြင့် ပစ္စည်းစာရင်းတစ်ခုကို ထုတ်လာလေ၏။

တိတိကျကျ ပြောရလျှင် စာရွက်၃၅ ရွက်ဖြစ်လေသည်။ 

အချို့နေရာတွင် ကွက်လပ်များဖြစ်နေပြီး လူတိုင်း၏ အသေးစိတ်အချက်အလက်များ မပါဝင်သော်လည်း ဤစာရင်းက မော့ရှုလင်ကို ထိတ်လန့်သွားစေလေသည်။ 

မော့ရှုလင်ကိုယ်တိုင် လိုက်လံရှာဖွေလျှင် ကောက်ရိုးပုံထဲ အပ်ရှာနေသကဲ့သို့ ရှုပ်ထွေးနေမည်မှာ သေချာသည်။ သို့ရာတွင် သူရှာနေသည့်အရာက သူ့ရှေ့တည့်တည့်သို့ ရောက်လာချိန်တွင် မော့ရှုလင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်က လျှို့ဝှက်နယ်မြေထဲသို့ ဝင်ခွင့်ရနိုင်သည့် တပည့်များ၏ စာရင်းဖြစ်သည်ကို သိလိုက်လေသည်။

ပြိုင်ပွဲတောင် မစရသေးဘဲနဲ့ ပိုင်ယွီမင်က အနာဂတ်ကို ဘယ်လိုလုပ် သိနေတာလဲ... 

ပိုင်ယွီမင်က တကယ်ပဲ ညဘက်ကောင်းကင်ကို ကြည့်ပြီး အနာဂတ်ကို ဟောနိုင်တဲ့ ပုရောဟိတ်တစ်ယောက် ဖြစ်နေတာလား...

🐰🐰🐰

🐰 Chapter 30


မော့ရှုလင်၏ ကြောက်ရွံ့မှုများက ပိုင်ယွီမင်၏ အလေးအနက်မရှိသော အမူအရာများအောက်တွင် ကူကယ်ရာမဲ့မှုအဖြစ် ပြောင်းလဲသွားလေသည်။ 

စာရင်းကိုရပြီဖြစ်သဖြင့် မှော်လက်နက်များနှင့် ပစ္စည်းများကို စတင်ဖန်တီးရတော့မည် ဖြစ်လေသည်။

သူ့သိုလှောင်အိတ်ထဲ၌ အလယ်အလတ်အဆင့်ရှိသည့် ပစ္စည်းအချို့ ကျန်ရှိနေသေးလေသည်။ သူ့အဖေက ဖေးယွင်တောင်ကြားရှိ ပိုင်ဆိုင်မှုအများစုကို လျန်ကျီဂိုဏ်းအား ကျေးဇူးဆပ်သည့်အနေဖြင့် ပေးအပ်ခဲ့၏။ ပစ္စည်းဥစ္စာအနည်းငယ်ကိုမူ သူ အသုံးစရိတ်ရစေရန် လွှဲပြောင်းပေးခဲ့လေသည်။ 

သူ့အဖေက သူ ပိုက်ဆံကို စည်းကမ်းမရှိ သုံးစွဲမည်ကို စိုးရိမ်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများစွာ ထုတ်ပြလျှင် အခြားသူများက မနာလိုဖြစ်မည်ကိုလည်း ကြောက်ရွံ့ခဲ့လေသည်။ ထို့ကြောင့် သိုလှောင်အိတ်ထဲ၌ ပစ္စည်းကိရိယာများနှင့် လက်နက်များကိုသာ ထည့်ပေးထားခဲ့လေသည်။ 

ဤကဲ့သို့ ပေးခဲ့သဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်လာလျှင် ပစ္စည်းအချို့ကို ပေါင်နှံနိုင်ပြီး အခြားသူများကလည်း သူ့အား အသက်ရှင်ရန် ပစ္စည်းပင်ပေါင်နှံရသည့် ဆင်းရဲသားတစ်ယောက်ဟု ထင်သွားကြမည် ဖြစ်သည်။ ထို့အပြင် ပစ္စည်းတစ်ခု ဆုံးရှုံးသွားသည်နှင့် သူက ပစ္စည်းများကို ရောင်းလိုက်ရသဖြင့် ဝန်လေးနေမည်ဖြစ်ပြီး ပစ္စည်းများကို ပေါင်နှံချိန်တိုင်း သတိရှိနေမည်ကို သူ့အဖေက သိလေသည်။ ဤကဲ့သို့ သွယ်ဝိုက်သောနည်းဖြင့် သူ သုံးဖြုန်းနေသည်ကို ထိန်းချုပ်နိုင်လေသည်။ 

ယခုအချိန်တွင် သူ၏ဝိညာဉ်ဇစ်မြစ်က ပျက်စီးသွားသဖြင့် ပိုင်ယွီမင် လက်စွမ်းပြရန် ပစ္စည်းများကို ထောက်ပံ့ပေးသည်က အကောင်းဆုံး အသုံးချခြင်းဟု ယူဆနိုင်လေသည်။ 

မော့ရှုလင်က သာမာန်သစ်သားတုံးများကို သုံးပြီး ထင်ထင်ရှားရှား သရုပ်ပြကာ ပိုင်ယွီမင်ကို သေသေချာချာ သင်ကြားပေးလေသည်။ 

ဤကဲ့သို့ အသေးစိတ် သင်ကြားပေးနေသော်လည်း ပိုင်ယွီမင်ထံတွင် ပစ္စည်းများကို ရှုပ်ထွေးအောင် လုပ်နိုင်သည့် ထူးခြားသော ပါရမီတစ်မျိုး ရှိနေပုံရလေသည်။

သူတို့က အကာအကွယ်လက်ကောက် လုပ်နေခြင်းဖြစ်ပြီး အစိမ်းရောင်ကျောက်ကို အဝိုင်းတစ်ခု ဖြစ်အောင် ပုံစံသွင်းနေစဉ်တွင် မန္တန်ရွတ်ရုံသာ ဖြစ်လေသည်။ သို့ရာတွင် ပိုင်ယွီမင်က တစ်ခါတစ်ရံ စိတ်ဝိညာဉ်စွမ်းအားကို များစွာသုံးပြီး တစ်ခါတစ်ရံ အနည်းငယ်သာ သုံးလေသည်။ ကျောက်တုံးကို သွေးပြီးသော်လည်း အဖုအထစ်များ ကျန်နေသေး၏။ 

မူရင်းကျောက်တုံးက အရွယ်အစား အမျိုးမျိုးရှိပြီး သွေးပြီးသွားသော ကျောက်တုံးများကလည်း အရွယ်အစား မတူကြပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ ပိုပြီးသေးသွားရုံသာ ဖြစ်သည်။

ပိုင်ယွီမင်၏ လက်မှုပညာအကြောင်းကိုမူ သူ မပြောတော့ပေ။ အမှန်တွင် လက်မှုပညာဟု ပြောရသည်အထိ မည်သည့်အရည်အချင်းမှမရှိချေ။

ပိုင်ယွီမင်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ကျော်ကို သွေးပစ်လိုက်လေသည်။

"ဒီမန္တန်က ငါ့ကို အာရုံစိုက်လို့မရအောင် လုပ်နေတာ... ငါ..." 

ပိုင်ယွီမင်မှာ တပည့်ဖြစ်သူဘေးတွင် ပုံကျနေသော သစ်သားပုတီးစေ့များကို မြင်ရချိန်တွင် သူ့ကိုယ်သူ ဆင်ခြေပေးနေသကဲ့သို့ ခံစားလိုက်ရလေသည်။ မော့ရှုလင်က လက်ကောက်ကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေသော ပိုင်ယွီမင်ကို ကြည့်လိုက်၏။

"ရှစ်စွမ်းက တကယ်ထူးခြားတာပဲ..." 
မော့ရှုလင်က စိတ်ထဲမှမပါဘဲ ချီးကျူးလိုက်လေသည်။ 

ကျင့်ကြံရေးလောကကို စိတ်ဝိညာဉ်စွမ်းအားက လွှမ်းမိုးထားပြီး ပိုပြီးများလေလေ ပိုကောင်းလေလေ ဖြစ်လေသည်။ ဤလက်ကောက်ကို ချိုးချွမ်ရှန်းအတွက် အထူးရည်ရွယ်ပြီး ပြုလုပ်နေခြင်းဖြစ်၏။ ချိုးချွမ်ရှန်းမှာ ငယ်စဉ်က အလွန်ပိန်ပြီး မိဘများက ကံဇာတာညံ့သည်ဟုဆိုကာ ဗုဒ္ဓဘာသာကို သင်ကြားရန် အချိန်ကြာမြင့်စွာ ပို့ခဲ့လေသည်။ 

သူ ဗုဒ္ဓဘာသာကို လေ့လာရန် ထွက်သွားချိန်တွင် ချိုးချွမ်ရှန်း၏ အကျင့်စရိုက်က စိတ်လိုက်မာန်ပါ ဖြစ်သော်လည်း သူ့ထံတွင် ပုတီးလက်ကောက်များလုပ်သည့် ဝါသနာတစ်ခု ရှိလေသည်။

ပိုင်ယွီမင်က ပုတီးများကို အမှုန့်ဖြစ်သည့်အထိ ကြိတ်နေသည်ကို မြင်ချိန်တွင် မော့ရှုလင်မှာ ချိုးချွမ်ရှန်းထံတွင် အထူးဝါသနာမရှိဟုသာ ဟန်ဆောင်လိုက်လေသည်။ 

ပိုင်ယွီမင်၏ လက်မှုပညာက ညံ့ဖျင်းသော်လည်း စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်မှုကမူ အလွန်ကောင်းမွန်လေသည်။ ကျောက်တုံး ၁၅ တုံးတွင် ၁၄ တုံးက အောင်မြင်ပြီး ပုတီးစေ့တစ်လုံးချင်းစီက ဟဲ့ရှန်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလေသည်။ အမြင်မလှသော်လည်း ကာကွယ်ရေးလက်နက်အဖြစ် အလွန်အသုံးဝင်လေ၏။ 

မော့ရှုလင်က ပုတီး ၁၃ လုံးကို လက်ကောက်အဖြစ် သီလိုက်ပြီး အနုစိပ်သော ကြိုးထုံးများဖြင့် ချည်နှောင်လိုက်လေသည်။ တစ်လုံးကိုမူ ခါးချိတ်ဆွဲသီးအဖြစ် ပြုလုပ်လိုက်၏။ 

မော့ရှုလင်က ကြိုးချည်သည့် နည်းစနစ်တစ်ခုကိုသုံးပြီး လက်ကောက်ကို ကြည့်ကောင်းအောင် ပြင်လိုက်သဖြင့် ကြည့်ရဆိုးနေရာမှ မျက်စိပသာဒ ဖြစ်သွားလေသည်။

ပြီးစီးသွားသည့် လက်ကောက်ကို မြင်ချိန်တွင် ပိုင်ယွီမင်က သက်ပြင်းချလိုက်၏။ 
"တကယ်ပဲ... ကြိုးထဲကို ထည့်လိုက်တော့ ကြည့်ကောင်းသွားတာပဲ..."

မော့ရှုလင် “.........”

ပိုင်ယွီမင်က အလွန်အကောင်းမြင်တတ်သည်ကို သူ သိလိုက်လေသည်။

ဒီယုန်မိစ္ဆာ မဟာယနအဆင့်ထိ ရောက်လာနိုင်တာ သူရဲ့ ပုံမှန်မဟုတ်တဲ့ ဦးနှောက်ကြောင့် ဖြစ်နိုင်တယ်...

ပိုင်ယွီမင်က သူ့တပည့်လေးကို ချီးကျူးရန်လည်း မမေ့ပေ။
"ငါ့ရဲ့ ရှောင်ရှုရှုလေးက တော်လိုက်တာ... အကုန်လုပ်တတ်နေတာပဲ... အနာဂတ်မှာ မင်းကို လက်ထပ်ချင်တဲ့ မိန်းကလေးက မျိုးဆက် ၈ ဆက်စာလောက် ကုသိုလ်ကံပါနေမှရမှာ..."

မော့ရှုလင် “............”

ကျင့်ကြံဆင့်မတက်နိုင်ဘဲ မိစ္ဆာလမ်းကြောင်းကို ဝင်ရမယ့် ငါ့လိုလူမျိုးကို လက်ထပ်ရမယ့် မိန်းကလေးက မျိုးဆက် ၈ ဆက်စာလောက် ကံဆိုးနေတဲ့လူ ဖြစ်မှာမဟုတ်ဘူးလား... 

မော့ရှုလင်မှာ ရှက်သွေးမဖြာသလို ရင်လည်းမခုန်ပေ။ သူက ပိုင်ယွီမင်၏ စကားများကို အလေးအနက် မထားပေ။ 

အရင်ဘဝတုန်းကတောင် နှစ်ထောင်ချီပြီး တစ်ယောက်တည်း နေလာခဲ့တာ... ဘယ်သူနဲ့မှ မပတ်သက်ခဲ့ဘူး... ဒီဘဝမှာလည်း အိမ်ထောင်ပြုဖြစ်မယ်လို့ မထင်ပါဘူး... 

မော့ရှုလင်က မျိုးဆက်အတွက် ကလေးလိုချင်သည့် အတွေးလည်း မရှိပေ။ သူ့ဝမ်းကွဲများထံတွင် သားသမီးမြေးမြစ်များစွာ ရှိလေသည်။ သူ့အမေဘက်မှ ဆွေမျိုးများက အလွန်မချမ်းသာ၊ အလွန်ဂုဏ်မကြီးသော်လည်း မျိုးဆက်များစွာကို ချောချောမွေ့မွေ့ ဆက်ခံခဲ့ကြလေသည်။ 

သူ့မိဘများက ဆိုးဝါးစွာ သေဆုံးသွားခဲ့ရသဖြင့် ကျန်သည့်ဆွေမျိုးများက ကံကောင်းခြင်းများကို ရရှိနေသည်ဟု မော့ရှုလင် ယုံကြည်ထားလေသည်။ 

ယခင်ဘဝ၌ သူက သွယ်ဝိုက်သောနည်းဖြင့် အမှားများစွာ လုပ်ခဲ့ဖူးလေသည်။ သူ အိမ်ထောင်ပြုပြီး ကလေးယူလိုက်လျှင် သူ့မိသားစုကို ထိခိုက်မည်မှာ သေချာလေသည်။ ထို့ကြောင့် သူတစ်ယောက်တည်းနေသည်က ပိုကောင်း၏။ ဝဋ်ပြန်လည်မည်ကို စိုးရိမ်ရန် မလိုတော့ပေ။ 

၁၂ လပိုင်း ၂၃ ရက်နေ့ကို နှစ်သစ်ကူးနေ့ဟု ခေါ်ကြလေသည်။ 

ပိုင်ယွီမင်က လဝက်ခန့် ပျင်းရိနေပြီးနောက်  á‚၃ ရက်နေ့တွင် နှစ်သစ်ကူးပစ္စည်းများဝယ်ရန် သွားမည်ဟု အလျင်စလို ပြောလာလေသည်။ 

ပိုင်ယွီမင်မပြောလျှင် မော့ရှုလင်က နှစ်သစ်ကူးနေ့အကြောင်းကို မေ့လုနီးပါး ဖြစ်နေလေ၏။ 

ရက်စွဲကို မမှတ်မိခြင်းမဟုတ်ဘဲ ယခုအချိန်တွင် နှစ်သစ်ကူးပွဲကို ကျင်းပလေ့မရှိသောကြောင့် ဖြစ်လေသည်။

ဖေးယွင်တောင်ကြားတွင် နှစ်သစ်ကူးပွဲကို စည်စည်ကားကား ကျင်းပလေ့ရှိခဲ့လေသည်။ သို့ရာတွင် အသက် ၁၀ နှစ်အရွယ်၌ လျန်ကျီဂိုဏ်းထဲသို့ ရောက်လာပြီးနောက် နှစ်သစ်ကူးနှင့် ပတ်သက်သည့် အမှတ်တရများ မရှိပေ။ လျန်ကျီဂိုဏ်းက နှစ်သစ်ကူးပွဲကို မကျင်းပတတ်ကြပေ။ ထို့ကြောင့် ယခုအချိန်တွင် ဂိုဏ်းက ခြောက်ကပ်နေတတ်လေ၏။

မိစ္ဆာလောကတွင် နှစ်သစ်ကူးပွဲကို ကျင်းပလေ့ရှိသော်လည်း မော့ရှုလင်က မိစ္ဆာကျင့်ကြံသူများကို မုန်းတီးပြီး မိစ္ဆာလောကရှိ အရာအားလုံးကို ရွံရှာလေသည်။ ထို့ကြောင့် သူက ပျော်ပွဲရွှင်ပွဲများတွင် မည်သည့်အခါမှ ပါဝင်ဆင်နွှဲခဲ့ခြင်းမရှိချေ။

သို့ရာတွင် ယခုအချိန်၌ သူက ပိုင်ယွီမင်နှင့်အတူ နေနေလေသည်။ ပိုင်ယွီမင်က နှစ်သစ်ကူးပွဲတော်ကို စိတ်အားထက်သန်စွာ ကျင်းပလိုသဖြင့် သူ ငြင်းပယ်ရန် အကြောင်းမရှိပေ။

ဒါပေမဲ့... 

“ရှစ်စွမ်း... ကျွန်တော်တို့မှာ နှစ်သစ်ကူးပွဲလုပ်ဖို့ ပိုက်ဆံရှိလို့လား..." 
မော့ရှုလင်က ခေါင်းမော့ကာ ရိုးသားသည့် မျက်နှာပေးဖြင့် ပြောလိုက်၏။

ပိုင်ယွီမင် “.........”

ပိုင်ယွီမင်မှာ သူ့တပည့်လေးက ရိုးသားဖြူစင်သော မျက်နှာလေးဖြင့် ဤကဲ့သို့ နာကျင်ရသော စကားလုံးကို ပြောထွက်လာမည်ဟု မထင်ထားခဲ့ပေ။

ဟုတ်သားပဲ... 

ငါ့မှာ နှစ်သစ်ကူးပွဲလုပ်ဖို့ ဘယ်လိုလုပ် ပိုက်ဆံရှိမှာလဲ...

အခုချိန် ငါ့မှာရှိနေတာဆိုလို့ တပည့်လေးပေးထားတဲ့ ပစ္စည်းတွေပဲရှိတာ…

သူက ချောင်ကုန်းခန်းမဆောင်ကိုလည်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်သိန်းကျော် အကြွေးတင်နေသေးလေသည်။

"နှစ်သစ်ကူးပွဲအတွက် ပိုက်ဆံမရှိဘူး..." 
ပိုင်ယွီမင်က ခေါင်းငုံ့ကာ ဆင်းရဲကြောင်း ဝန်ခံလိုက်လေသည်။

မော့ရှုလင်မှာ ပိုင်ယွီမင်က ရိုးရိုးသားသား ဝန်ခံသဖြင့် ကျေနပ်သွားလေ၏။
"ရှစ်စွမ်း... ပိုက်ဆံမရှိပေမဲ့ ကျွန်တော့်မှာ အနီရောင်စက္ကူရယ်၊ မှင်ရယ်၊ စုတ်တံရယ် ရှိပါတယ်... ကျွန်တော်တို့ ကိုယ့်ဘာသာ စာလုံးတွေရေး၊ ပန်းပုံတွေညှပ်လို့ ရတာပဲ... အဲ့ဒါဆိုလည်း ပွဲတော်ရဲ့ အငွေ့အသက်ကို ရနိုင်ပါတယ်..."

ပိုင်ယွီမင်၏ ရှုပ်ထွေးသော အပြုအမူများအနက် မော့ရှုလင်ဝင်မစွက်ဖက်သည့် တစ်ခုတည်းသောအရာမှာ ဝတ္ထုစာအုပ်ဖတ်ခြင်း ဖြစ်လေသည်။ ဝတ္ထုဖတ်ခြင်းက ပိုင်ယွီမင် အမှန်တကယ် နှစ်သက်သည့်အရာဖြစ်သဖြင့် မော့ရှုလင်က မတားမြစ်ပေ။

စားစရာများကို ရှန့်ကွမ်းကျူးချင်က လာပို့ပေးသည့်အတွက် ပိုက်ဆံမကုန်ပေ။ 

သို့ရာတွင် အခြားမလိုအပ်သည့် အသုံးစရိတ်များ၊ အထူးသဖြင့် ပိုင်ယွီမင်စိတ်ကူးပေါက်ပြီး ဝယ်လိုက်သည့် အမွှေးတိုင်ကဲ့သို့ပစ္စည်းများ၊ ဝယ်ပြီး ခဏသာ ဆော့ကစားကာ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည့် ပစ္စည်းများကိုမူ မဝယ်ရန် မော့ရှုလင်က တတ်နိုင်သမျှ တားမြစ်လေသည်။ 

မော့ရှုလင်က ပိုင်ယွီမင်အား ပိုက်ဆံကို အလဟဿမသုံးရန် အမြဲတမ်း သတိပေးလေ့ရှိ၏။

"ရှစ်စွမ်းရဲ့ သိုလှောင်အိတ်ထဲမှာ စားစရာတွေ အများကြီး ရှိသေးတယ်လေ... ဒီလတောင် မကုန်သေးဘူး... နောက်လကျရင်လည်း ထပ်ရောက်လာဦးမှာ... အကြီးအကဲရှန့်ကွမ်း ပေးထားတာတွေကိုပဲ နှစ်သစ်ကူးအတွက် သုံးလိုက်မယ်လေ...”

အလှဆင်ခြင်းနှင့် အစားအသောက် ပြဿနာနှစ်ခုကို ဖြေရှင်းပြီးသွားသဖြင့် ပိုင်ယွီမင်ထံတွင် ပိုက်ဆံသုံးရန် ကိစ္စမရှိတော့ပေ။

"အင်း... ငါတို့ နှစ်သစ်ကူးမှာ ပျော်ပျော်ပါးပါး နေကြတာပေါ့... ပိုက်ဆံမကုန်ဘဲနဲ့လည်း နှစ်သစ်ကူးပွဲ လုပ်လို့ရတာပဲလေ..."

ပိုင်ယွီမင်မှာ သူ့တပည့်လေးပြောသည်က အမြဲတမ်း မှန်နေသည်ဟု ခံစားမိလာလေသည်။

အခြားလူများက နှစ်သစ်ကူးတွင် ဆွေမျိုးများထံ သွားလည်ရန် ပိုက်ဆံသုံးကြသော်လည်း သူတို့နှစ်ယောက်ထံတွင် ဤတောင်ပေါ်၌ သွားစရာနေရာမရှိဘဲ ကောင်းမွန်သော လေထုရရှိရန် အနီရောင်စက္ကူလေးများသာ ကပ်ထားလိုက်မည် ဖြစ်သည်။ 

၁ လပိုင်း ၁ ရက်နေ့တွင် ယဲ့ချင်းလင်က စားစရာများလာပို့မည်ဟု ပိုင်ယွီမင်တွေးနေစဉ်တွင် မော့ရှုလင်က ယုန်မွေးများထည့်ထားသည့် အိတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလာသည်ကို တွေ့လိုက်ရလေသည်။

မော့ရှုလင်က ပြော၏။
"ရှစ်စွမ်း... အထဲက ယုန်မွေးတချို့ယူပြီး စာအိတ်နီထဲ ထည့်ပေးလိုက်ပါ... ဒါကို အကြီးအကဲရှန့်ကွမ်းရရင် ဝမ်းသာသွားမှာပဲ..."

လက်ဆောင်ပြန်ဝယ်ပေးမည့်အစား ရှန့်ကွမ်းကျူးချင်လိုချင်သည့် ယုန်မွေးများ ပေးလိုက်သည်က ပိုကောင်းလေသည်။ 

ယခုအချိန်တွင် လက်ဆောင်ပေးရမည့် ကိစ္စကိုပါ ဖြေရှင်းပြီးဖြစ်လေသည်။

ပိုင်ယွီမင်က အိတ်ကိုယူကာ သက်ပြင်းချလိုက်မိ၏။ 

သူ့တပည့်လေးက အမှန်ပင် အိမ်မှုကိစ္စ နိုင်နင်းလေသည်။ ဤကောင်လေးက ပိုက်ဆံရှာသည့် နည်းလမ်းမျိုးစုံကို သိရုံသာမကဘဲ နေထိုင်မှုဘဝကိုပါ သေသေချာချာ စီမံခန့်ခွဲတတ်လေသည်။

အနာဂတ်တွင် ဤမျှကောင်းမွန်သော တပည့်လေးအား ဈေးပေါပေါဖြင့် အခြားလူ၏လက်ထဲသို့ ထည့်ပေးလိုက်ရလျှင် မည်ကဲ့သို့ဖြစ်မည်ကို မသိတော့ပေ။

တကယ် နှမြောစရာကောင်းမှာပဲ…

🐰🐰🐰

Search Novels